လူငယ်တွေကို လုံးဝလျှော့မတွက်နဲ့ (သုမောင်)


လူငယ်တွေကို လုံးဝလျှော့မတွက်နဲ့ 


 သြော်… ဒါနဲ့စကားမစပ်၊ အဲ လူဆိုတာကလေ၊ ဦးသုမောင်ကြီးတို့လို မိုက်ကရိုဖုန်းဖက်ပြီး မွေးလာတဲ့တိုင်အောင် မိုက်ကရိုဖုန်းရှေ့ ရောက်တာနဲ့ စကားက များချင်ကြတယ်။ ဥပမာပေါ့၊ လမ်းဘေးမှာ အလှူခံ၊ မိုက်ကရိုဖုန်းတစ်လုံးနဲ့၊ သေသေချာချာ သတိထားကြည့်၊ နောက်ကလူက ပြောမယ်၊ ရှေ့လူက ပြောမယ်နဲ့ မိုက်ကရိုဖုန်းကို လုတာဗျာ။ လင်မယားနှစ်ယောက်၊ လင်ကပြောမယ်၊ မယားကပြောမယ်နဲ့ လုနေကြတာဗျား။ ထမင်း ထ,မစားရဲဘူး။ မိုက်ကရိုဖုန်း သူများလက် ပါသွားမှာစိုးလို့။ အဲသလိုဖြစ်တတ်တာ။ သုမောင်ကြီးလည်း အဲဒီလို ဖြစ်တာပဲ။ ဘယ်မှာ သွားတွေ့သလဲဆိုတော့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တဲ့စကားတွေမှာ ကိုယ်တစ်ဦးတည်း လုပြောတဲ့အကြောင်းတွေ၊ အသံတွေ သွားတွေ့တယ်။ အမှန်က သောတရှင် ပရိသတ်အများကြီးကို ဒီ ၁၅ မိနစ်လောက် အချိန်ကလေးအတွင်းမှာ လိုရင်းရောက်အောင် ပြောရမှာ။ ပြောချင်တာတွေ များနေတယ်။ စကားတွေက ဟိုရောက်ဒီရောက်နဲ့၊ လူလည်ကျတယ် အပြောခံရတာပေါ့။  သြော်… ဒါနဲ့စကားမစပ် စကားတွေက ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ပေါ့။ နောက်နောင်ဆက်ပြောရင် အကြောင်းအရာတစ်ခုကို ကျစ်ကျစ်လျစ်လျစ်နဲ့ သိပ်သိပ်သည်းသည်းပြောဖို့ ကြိုးစားပါမယ်။ ဒါကို ကြိုတင်ပြီးတော့ ဝန်ခံပါတယ်။ အခု ပထမဦးဆုံးအကြိမ်မှာတော့ မိုက်ကရိုဖုန်းရှေ့ရောက်ရင် ပြောချင်တာတွေက များသွားတာလည်းပါတယ်။ မိုက်ကရိုဖုန်းရှေ့ ရောက်သွားတဲ့အတွက်ကြောင့် ပရိသတ်ကို ထိတ်လန့်တာ၊ မိုက်ကရိုဖုန်း ကြောက်လန့်တာပေါ့။ အဲဒါလည်းပါတယ်။  နောက်တစ်ချက်က ပထမဦးဆုံး စပြောတဲ့ကဏ္ဍဆိုတော့ နိဒါန်းသွယ်ရမယ်။ ရှေ့လျှောက် ဘာလေးပြောရင် ကောင်းမလဲဆိုတာ နိဒါန်းသွယ်ရမယ်။ ပြန်နားထောင်တဲ့အခါကျတော့ ဘာနဲ့ သွားတူသလဲဆိုရင် လူငယ်တွေနဲ့ ပရိသတ်ကို ပြောချင်လွန်းအားကြီးတယ်ဆိုတဲ့ အချက်ကို သွားတွေ့တယ်။  ကျွန်တော်က ပြီးခဲ့တဲ့အပတ်က ပြောခဲ့တယ်။ လူငယ်တွေကို ချစ်တယ်၊ ကြောက်တယ်။ ဒါပေမဲ့ ယဉ်ကျေးမှုအရ ရိုသေလို့မရဘူး။ ဒါပေမဲ့ လူငယ်တွေကို လေးစားရမယ်။ ဒီနေရာမှာ လူကြီးသူမတစ်ယောက်လုပ်နေတဲ့ ဦးသုမောင် လူငယ်ကို ဘာလို့ကြောက်ရတာလဲ၊ ဒါကို ပြန်စဉ်းစားလို့ရှိရင် အသားလွတ်ကြောက်တာ မဟုတ်ဘူး။ လူငယ်တွေရဲ့ ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာတဲ့ လူငယ်တွေရဲ့ စရိုက်သဘာဝကို လူကြီးတွေအဖို့ တော်တော် ထိတ်လန့် ကြောက်ရွံ့စရာကောင်းတဲ့ အချက်ရှိတယ်။  ဥပမာ- ရှင်းရှင်းလေးတစ်ခု ပြောပြမယ်။ ကိုယ်ကသာ လူငယ်တွေ ကောင်းပါစေ၊ လူငယ်တွေအတွက် ဆိုပြီးတော့ မသိမသာ ဆရာလုပ်တာပေါ့လေ။ ဆရာလုပ်တာရှိပေမယ်လို့ လူငယ်တွေ တစ်ချက်တစ်ချက် ပြန်ထောက်တဲ့ကိစ္စ၊ သိပ်ကောင်းတယ်ဗျ။  ဥပမာ ရှင်းရှင်းလေးတစ်ခုပဲ ပြောပြမယ်။ ဟိုးတစ်လောက နာဂစ်ဖြစ်တဲ့ ကျွန်တော်တို့အိမ်က အိမ်အမိုး ကျောက်ပြားတွေ သစ်ကိုင်း ကျိုးကျပြီး ပဲ့ကြွေကုန်တယ်။ သွပ်ပြားတွေက လွင့်စဉ် ထွက်ကုန်ပေမယ့် ပြီးတော့ ပြန်ကောက်လို့ရတယ်၊ ပြန်မိုးလို့ရတယ်ဆိုပေမယ့် ကျောက်ပြားအမိုးတွေက မရတော့ဘူးလေ။  နောက်တစ်ခါ အိမ်ရှေ့က လက်တစ်ဖက်သာသာရှိတဲ့ မန်ကျည်းပင်ကြီးက ကျွတ်ထွက်ပြီးတော့ ခြံစည်းရိုးပေါ် လဲကျတယ်။ လဲကျပြီးတော့ အိမ်ကကားလည်း အပြင်ထွက်လို့မရ၊ ကားတင်မကပါဘူး၊ လူတွေလည်း အပြင်ထွက်လို့ မရတော့ပါဘူး။ နောက် တစ်ဖက်ရပ်ကွက်က ကားတွေလည်း ထွက်လို့မရတော့ဘူး။ ပိတ်ဆို့ကုန်တယ်။ အဲဒီတော့ ဘာလုပ်ရသလဲဆိုရင် ဒီမန်ကျည်းပင်ပိုင်ရှင်က ကိုသုမောင်ကိုး၊ တာဝန်အရှိဆုံးပေါ့။ သူဘာသာသူ လေတိုက်လို့ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သစ်ပင်ပိုင်ရှင် ကိုသုမောင်မှာ တာဝန်ရှိနေတယ်။ အိမ်မှာကလည်း ယောက်ျားသားဆိုလို့ ကိုသုမောင်တစ်ယောက်ပဲ ရှိတာ။ သားတွေကလည်း အလုပ်နဲ့အကိုင်နဲ့ အပြင်သွားနေကြတဲ့အချိန်ဆိုတော့ ရပ်ကွက်ကို အရပ်ကူပါ လူဝိုင်းပါ ဆိုပြီး အကူအညီတောင်းရတယ်။ အကူအညီတောင်းတော့ ရပ်ကွက်က လူငယ် အများစု ထွက်လာတယ်။ ဝိုင်းကူကြတယ်။ ချက်ချင်းပဲ သစ်ပင်ကို ဖြတ်တောက်၊ လမ်းကို ရှင်းကြ၊ ဖယ်ကြနဲ့ လူကြီးတွေလည်း ပါကြတယ်။ လူငယ်တွေကတော့ ဉာဏ်စွမ်းအားရော၊ ကိုယ်စွမ်းအားရော ရှိတယ်ဆိုတော့ သူတို့ ဝိုင်းကူတဲ့အတွက် အကျိုးရှိတယ်ပေါ့။ အဲဒီလို ဖြစ်တဲ့အခါမှာ သြော်… ဒီလူငယ်လေးတွေဟာ အရင်တွေ့နေကျ လက်ဖက်ရည်ဆိုင်မှာ တွေ့တယ်၊ ဘီယာဆိုင်မှာ တွေ့တယ်ပေါ့။ ပေါ့ပေါ့ပဲ သဘောထားလိုက်မိတယ်။ ဒီလို နာဂစ်ဖြစ်လိုက်တဲ့အခါကျတော့ ဒီလူငယ်တွေရဲ့ စိတ်ဓာတ်ဟာ တကယ့်မြန်မာ့စိတ်ဓာတ် ပေါ်လာတယ်။ ဝိုင်းကူကြတယ်။ ဒါလေးကို ကျွန်တော်က ဆောင်းပါးတစ်ပုဒ်ရေးပြီး ဂုဏ်ပြုတယ်။ ကျွန်တော်မှ မဟုတ်ပါဘူး။ စာရေးဆရာတွေ တော်တော်များများ နာဂစ်နဲ့ပတ်သက်ပြီး ရေးကြတဲ့အခါ လူငယ်တွေအကြောင်း ရေးကြတာများတယ်။ လူငယ်တွေ တော်လိုက်ကြတာ၊ ဒီလိုချီးကျူးတာ။ အခု ကျွန်တော်ပြန်ပြောပြနေတဲ့ အခြေအနေနဲ့တင် လူငယ်တွေ တော်ကြတယ်။ မုန်တိုင်းကျပြီ၊ အရေးကြုံပြီဆိုတော့ လူငယ်တွေ ဝိုင်းဝန်းကြတယ်။ ကျွန်တော်တို့က ဆောင်းပါးနဲ့ ဂုဏ်ပြုရတယ်။ မှန်ပါတယ်၊ ဒါ ဂုဏ်ပြုရမယ့်ကိစ္စ၊ လူငယ်တွေဘက်က လုပ်တာမှန်သလို လူကြီးတွေက ဂုဏ်ပြုရတာလည်း မှန်ပါတယ်။  သို့သော် လောကကြီးမှာ တွေးထောင့်၊ တွေးတဲ့ထောင့် သိပ်အရေးကြီးတယ်။ အဲ… ခုနကပြောတဲ့ ဥပမာနဲ့ပြောရရင် ကျွန်တော့်ခြံ သစ်ပင်ရှင်းတာ၊ ကျောက်ပြားအမိုးတွေ ဝိုင်းဝန်းဖာထေးပေးတာ စသဖြင့် လူငယ်တွေက ကူညီကြလို့ ကျွန်တော်က ချီးမွမ်းတဲ့ဆောင်းပါးတစ်ပုဒ် ရေးလိုက်တယ်။ ရေးလိုက်တော့ နံပါတ်တစ် ရက်စပွန်း (Respond) တုံ့ပြန်မှုက ဘာလဲဆိုရင် သူတို့အနေနဲ့ ဝမ်းသာကြတယ်။ သူတို့အကြောင်းလေး ကောင်းတာရေးလို့တဲ့၊ ဒီဂျာနယ်လေး တကိုင်ကိုင်နဲ့ လျှောက်ကြွားတယ်။ ‘တို့အကြောင်းပါတယ်၊ တို့အကြောင်းပါတယ်’။ ဒါက သမားရိုးကျတွေးတဲ့ အတွေးထောင့်က တွေးတဲ့လူငယ်။  နောက်တစ်မျိုးကျတော့ သနားစရာလည်း ကောင်းတယ်၊ အဲ ဦးသုမောင်ကြီးကလေတဲ့ အဲဒီသစ်ပင်ကြီးဖြတ်ဖို့ လွှစက်မှ နိုင်မယ်ဆိုလို့ လွှစက်သွားငှားတာ သမီးသူငယ်ချင်းကားနဲ့ သွားငှားတာတဲ့၊ သူ့အကြောင်းတော့ ဘာလို့ ထည့်မရေးတာတုံးတဲ့။ ဟောကြည့်၊ ဘယ်လောက် ချစ်စရာကောင်းလဲလို့။ ဒီဆောင်းပါးထဲမှာ သူလည်း ပါချင်တာကိုး။  နောက်တစ်ယောက်ကတော့ မျက်စိထဲမြင်အောင် ပြောရဦးမယ်ဗျ။ အဲဒီတစ်ယောက်က နားသန်သီးနဲ့၊ အင်္ကျီမှာလည်း ချိန်းကြိုးနဲ့၊ လက်မှာလည်း လက်ကောက်နဲ့ဗျ။ ဟန်းဖုန်း တိုးလိုးတန်းလန်းနဲ့။ အဲဒီလူငယ်လေးတစ်ယောက်က အဲဒီဆောင်းပါး ပါပြီးတဲ့ရက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ဆုံတယ်။ ဆုံတော့ သူက-  “ဘဘ၊ စကားနည်းနည်း ပြောလို့ရမလား”တဲ့။  “ရပါတယ်ကွာ၊ ပြောပါကွာ”လို့ဆိုတော့-  “ဘဘဆောင်းပါးလေး ဖတ်ပြီးပြီ၊ ကောင်းတယ်”တဲ့။  “အေး၊ ကောင်းတယ်ဆိုတော့ ဝမ်းသာတာပေါ့ကွာ”လို့။ သူက ဘာထောက်ပြန်သလဲဆိုတော့-  “ဘဘရယ်”တဲ့။  “ဘဘ သတိမထားမိလို့ပါ၊ နာဂစ်မုန်တိုင်းကျမှ ကျွန်တော် ကူညီတာမဟုတ်ပါဘူး။ နာဂစ်ရယ် ဘာရယ် မရှိခင်ကတည်းက ဘဘတိုခြံမှာ အကူအညီလိုအပ်ရင် ကျွန်တော် ကူညီနေကျပါ”တဲ့။  ဟာ၊ ထိတယ်။ ကျွန်တော် မစဉ်းစားတဲ့ထောင့်ကနေ သူ ပြောသွားတာ။ ဟုတ်တယ်၊ သူ့ကို သတိထားကြည့်လိုက်တော့ အဖိတ်နေ့လို နေ့မျိုးဆိုရင် ဝတ်ဖြူစင်ကြယ်နဲ့ ဒီနားသန်သီးတွေဖြုတ်ပြီး ဆွမ်းဆန်စိမ်း အလှူခံလိုက်ခံနေတဲ့ သူငယ်ကိုးဗျ။ ကြည့်နော် သူ့မှာ လူမှုရေးစိတ်ဓာတ် အမြဲတမ်းရှိတယ်။ နာဂစ်ပေါ်လာမှ ရှိတာမဟုတ်ဘူး။ ဒီတွေးထောင့်လေးကို ကျွန်တော် မတွေးမိဘူး။ အမှန်တော့ ဒါဟာ ကတ်သီးကတ်သတ် ဂုဏ်ယူတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ စိတ်ရင်းကတော့ ဒီအတိုင်းပါပဲ။ လူငယ်တိုင်း အားလုံး ဒီလို ဖြစ်ချင်မှ ဖြစ်မယ်လေ။ အဲ ဒီလူငယ်တွေလည်း ရှိပါလားဆိုတာ ကျွန်တော်တို့ စာရေးဆရာတွေဟာ သတိထားရမယ်ဆိုတာ ကျွန်တော် သိသွားတယ်။ ဒါလေး ပြောချင်တာပါ၊ ဒါကြောင့် လူငယ်တွေကို ကြောက်တယ်လို့ ပြောတာ။  နောက်တစ်ချက်က ဒီနေ့ ပြောပြောနေတဲ့ ဂျင်နရေးရှင်းဂက်ပ် (Generation Gap) မျိုးဆက်ကွာဟမှု၊ အဲဒါ လူငယ်နဲ့ လူကြီးပြဿနာလို့ ကမ္ဘာမှာ ခေါင်းပေါ်တင်ထားရတဲ့ကိစ္စ။ ဟုတ်လည်း ဟုတ်တယ်၊ ဒုတိယ ကမ္ဘာစစ်အပြီးမှာ X Generation ပေါ်လာဖူးတယ်။ နောက်အနှစ် ၂၀-၃၀ မှာ Y Generation ပေါ်လာတယ်။ Y Generation နဲ့ ကပ်ပြီးတော့ Z Generation ဆိုတာ ထပ်ပေါ်လာတယ်။ Generation ကွာဟချက်၊ အဓိက ကတော့လေ အသက်ပေါ့။ အသက်ကွာဟချက်ကြောင့် လူငယ်နဲ့ လူကြီးဟာ တဖြည်းဖြည်း အဟ ကွာလာတယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ လူငယ်တွေကို ချစ်တဲ့သူ၊ လူငယ်တွေကို ကြောက်တဲ့သူဆိုတော့ အဲဒီကွာဟချက် သိပ်မရှိဘူးလို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါကဗျ၊ ကျွန်တော် မြို့ထဲသွားတယ်။ မီးပွိုင့်မှာ မီးနီပြီး ကားတွေ ရပ်စောင့်ရတယ်။ အဲဒီအချိန်မှာ ဘေးက ဆလွန်းကားလေးတစ်စီးမှာ တရုတ်ကပြားတွေပဲ၊ လင်မယားနှစ်ယောက် ကလေးလေးနဲ့။ ကလေးလေးက တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ပဲ ရှိဦးမယ်။ အဲဒါ သူလေးက ကားထဲကနေလှမ်းပြီးတော့ ‘အေအေအီး၊ အေအေအီး’ဆိုပြီး အော်နေတယ်။ ကျွန်တော်က ဖျတ်ဆိုကြည့်လိုက်ပြီး ကလေးလေးက ကျွန်တော့်ကို လက်ညှိုးထိုးပြီး ‘အေအေအီး၊ အေအေအီး’ဆိုပြီး မပီကလာပီကလာနဲ့ ပြောတယ်။ ကျွန်တော်က ဟေ့… ဘာတုံးဆိုပြီး မေးတော့။ ‘သြော် တဲ့ မဟုတ်ဘူး။ ဖေဖေကြီး၊ ဖေဖေကြီး’ဆိုပြီး သီချင်းလုပ်ဆိုနေတာလို့ သူတို့က ပြောတယ်။ အဲဒီမှာ ကျွန်တော် သွားတွေးမိတယ်။ ဒီကလေးနဲ့ ကျွန်တော်ဟာ X Generation ကနေ Y Generation အထိ တန်းကူးသွားပါလားလို့ တွေးမိတယ်။ အဘိုးအရွယ်နဲ့ မြေးအရွယ် ဆက်သွယ်မှုပေါ့လေ။ ကျွန်တော်က ချိုပြုံးနဲ့ ‘ဖေဖေ မေမေ ချစ်လား’ဆိုတဲ့ ဗီစီဒီ တစ်ခွေထုတ်ဖူးတော့ ဒီကလေး ညအိပ်ရာဝင်ခါနီး ‘ဖေဖေကြီးကို ချစ်တယ်’ဆိုတဲ့ သီချင်း နားထောင်ပြီးမှ အိပ်ပုံရတယ်။ ဒီမှာ အခွေထဲက ကျွန်တော့်ပုံကို ဒီကလေး မြင်ဖူးထားပုံရတယ်။ ဒီတော့ ကျွန်တော့်ကိုမြင်ပြီး ‘အေအေအီး အေအေအီး’ဆိုပြီး သီချင်းဆိုတာ ဖြစ်လိမ့်မယ်။ သြော် ဒါကြောင့်မို့လို့ ဒီအဘိုးအရွယ်နဲ့ မြေးအရွယ် Generation သိပ်မကွာလှပါလားဆိုတာ သွားတွေ့ရတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးက တော်တော်ခက်တယ်ဗျ။ အသက် ၅၀-ကျော်လာတာနဲ့ သူ့ကိုယ်သူ အသုံးမကျတော့တဲ့ အဘိုးကြီးဖြစ်ပြီ၊ အဘွားကြီးဖြစ်ပြီဆိုပြီး သဘောထားနေကြတာ။ အနောက်နိုင်ငံတွေမှာ အသက် ၆၀-လောက်အထိ ဟာ Happy ပဲ။ လူငယ်တွေနဲ့ ပေါင်းပြီး သူတို့အသက်ကို သူတို့ သိပ်ဂရုစိုက်ကြတာ မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးကတော့ ၅၀-ကျော်တာနဲ့ ဘုရားရိပ်၊ တရားရိပ်ဆိုပြီး လုပ်ချင်ကြတာ။ စကားပုံတောင်ရှိတာပဲ၊ မြန်မာအို မြန်မာအို မြန်မာအို ကျောင်းကြို ကျောင်းကြို ကျောင်းကြို ကျောင်းကြား၊ ကျောင်းကြား၊ ကျောင်းကြား၊ ကရင်အို ကရင်အို ကရင်အို ချောင်းကြို ချောင်းကြိုချောင်းကြား ချောင်းကြား ချောင်းကြား တဲ့။ ကိုယ့်ကိုယ်ကိုယ် တစ်ခါတည်း သိမ်ငယ်ပစ်လိုက်တယ်။ ကြည့်နော်၊ ကျွန်တော် စောစောကပြောသလို ကိုယ့်မြေးအရွယ် ကလေးက ကျွန်တော့်ကိုမြင်ပြီး အေအေအီး အေအေအီးဆိုပြီး နှုတ်ဆက်သွားတာ၊ ကျွန်တော်တော့ အားတက်သွားတယ်။ သဘောရိုးရိုး ပြောရရင် ငါ့ ပရိသတ် ရှိသေးတယ်ဟ ဆိုပြီးပေါ့။ ငါ့မြေးအရွယ် ပရိသတ်တွေ ဖေဖေကြီး သီချင်းကြိုက်တုန်းကွ၊ ဒီလိုလေး ဖြစ်မိတယ်။ ဖြစ်မိတော့ ပိုပြီး လှပတယ်။ လှပတဲ့အချက်ကလေးက ဘာလဲဆိုတော့ ကျွန်တော်က စောစောက မြေးအရွယ်သားကလေးကို ဒီဘက် ကားပေါ်က လှမ်းပြီးတော့ ဖလိုင်းကစ် (fly kiss) လုပ်တယ်။ ဖလိုင်းကစ် ပြွတ်ခနဲလုပ်လိုက်တော့ ဒီမြေးအရွယ်ကလေးက ဘာပြန်လုပ်တယ် ထင်သလဲ။ ဖလိုင်းကစ် ပြန်မလုပ်ဘူးဗျား၊ လက်ကလေး နှစ်ဘက်ယှက်ပြီးတော့ ဦးတော် လုပ်တယ်။ ကြည့်နော်၊ ဦးတော်ဆိုတော့ ရှိခိုးတာပေါ့။ ရှိခိုးတယ်ဆိုတာ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှု။ ဘာသာရေး အဆုံးအမတွေမှာ အရေးအကြီးဆုံးအချက်။ ဒီဦးတော်ဆိုတာ လူကြီးသူမတွေ လုပ်ရတဲ့ ဘုရားရှိခိုးတဲ့အလုပ်၊ နော်… ဒီအလုပ်ကို ကျွန်တော့်မြေးအရွယ် ဖေဖေကြီးကို ချစ်တယ်ဆိုတဲ့ ပရိသတ် မြေးကလေးက ဦးတော် လှမ်းလုပ်တယ်။ ကျွန်တော် အဘိုးကြီးက ဖလိုင်းကစ်လုပ်တယ်။ ဒီနေရာမှာ အဘိုးကြီးကျွန်တော်သည် ကလေးတစ်ယောက်ရဲ့ စိတ်နဲ့ ဖလိုင်းကစ်လုပ်တယ်။ ကလေးလေးသည် လူကြီးတစ်ယောက်ရဲ့ စိတ်နဲ့ ဦးတော်လုပ်တယ်။ စိတ်ချင်း crossing ဆက်နွှယ်သွားတယ်။ ဒါဟာ Generation Gap ကို ဖျောက်ဖျက်ပစ်တာ။ ဒါကြောင့်မို့လို့ လူငယ်တွေကို ကြောက်တယ်လို့ ပြောရတာပါ။ ၂၀-ဝန်းကျင် လူငယ်တွေကို ပြောတာ မဟုတ်ဘူး။ ဟိုး…ကျွန်တော့်မြေးအရွယ် ကလေးတွေကို ကျွန်တော်က လူငယ်လို့သတ်မှတ်ပြီး ကြောက်တယ်လို့ ပြောတာ။ 

ကဲ... စကားမစပ် ပြောရဦးမယ်၊ လူငယ်တွေဟာ ဒီနေ့ သိပ်သိချင်တတ်ချင်ကြတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်က ဂလိုဘယ်လိုက်ဇေးရှင်းကို ချက်ချင်းသိဆိုပြီး ဘာသာပြန်တာ။ သိချင်ကြတယ်၊ လူငယ်တစ်ယောက် လက်ဖက်ရည်ဆိုင်ကိုလာပြီး ကျွန်တော့်ကို လာမေးတယ်။ ဦးဗလတဲ့၊ ဦးဗလဆိုတာ ကျွန်တော့်ကို ချစ်စနိုးခေါ်တာ။  "စကြာမင်းဆိုတာ ဘာလဲ"တဲ့။  "စကြာမင်းဆိုတာ ရှင်ဘုရင်တွေအားလုံးထက် ရှင်ဘုရင်ပေါ့ကွာ"လို့ အလွယ်ဖြေလိုက်တယ်။ "စကြာမင်း ရှိသလား" "အေး... အရင်တုန်းကတော့ ရှိတယ်လို့ ကြားတာပဲ၊ တို့ ဘိုးဘွားတွေလက်ထက်ကပြောတာ ကြားဖူးတာပေါ့"လို့။ "စကြာမင်းက တစ်ကမ္ဘာလုံးကို ပိုင်တာပေါ့နော်"တဲ့၊ "အေး... ဟုတ်တယ်"လို့။ "ဒါဆိုရင် ဟစ်တလာက စကြာမင်းလား"တဲ့။ ဟော... သူ့မေးခွန်းက တော်တော်ကြောက်စရာကောင်းတယ်။ ဟစ်တလာက စကြာမင်းလား တဲ့။ သူကတော့ တစ်ကမ္ဘာလုံးကို အုပ်စိုးဖို့ ကြိုးစားတာပဲ၊ မင်းက ဘာကို ကြည့်ပြောတာလဲဆိုတော့ သူ့ရဲ့အလံ၊ နာဇီစကြာအလံကို ကြည့်ပြီး မေးတာပါ။ သူမေးတာ ပေါ့ပေါ့လေး မဟုတ်တော့ဘူး၊ ခက်လာပြီ။ ဒီစကြာ ဆိုတဲ့ ပါဠိ စကြာ။ မြန်မာလို သုံးတဲ့ စကြာဆိုတဲ့စကားနဲ့ ဂျာမနီ နာဇီအလံ စကြာနဲ့ ထပ်တူပြုပြီး မေးတဲ့ကိစ္စ။ အဲဒီမှာ ကျွန်တော် တော်တော် ရှင်းလိုက်ရတယ်။ တကယ်တမ်း ပြောရရင် ကျွန်တော်လည်း မရှင်းတတ်ဘူး။ ကျွန်တော်က ဘာလုပ်ရလဲဆိုရင် ပြီးခဲ့တဲ့အပတ်က ပြောခဲ့တဲ့ ပါဠိဟာ အင်္ဂလိပ်တို့၊ ဂျာမန်တို့၊ ပြင်သစ်၊ လက်တင်တို့နဲ့ ဆက်နွှယ်နေတဲ့အကြောင်း ဒါလေး ပြန်ကိုင်ရတယ်။ ဘာလဲဆိုတော့ ပါဠိရဲ့ စကြာစကားနဲ့ ဂျာမန်ရဲ့ စကြာတံဆိပ် သွားတူနေသလား မသိဘူးဆိုပြီး ဒီလူငယ်ကို ရှင်းရတယ်။ ဖြစ်နိုင်ခြေ ရှိတယ်။ ပါဠိရဲ့စကြာကို ဂျာမန်တွေက စကြာတံဆိပ်တပ်တာ ဖြစ်နိုင်တယ်လို့ ရှင်းရတယ်။ တကယ်က ဒါ ပညာရှင်တွေ ရှင်းရမယ့်ကိစ္စ။ နောက်တစ်ချက်၊ ဒါကတော့ ကျွန်တော် အမေရိကားမှာ ကြုံလာတာဗျ။ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တဲ့အထဲမှာပါတဲ့ စာရေးဆရာတက္ကသိုလ် တက်နေတဲ့ လူငယ်လေး ဂျင်မ်ဆိုတာ။ သူက ကျွန်တော့်ကို သူ့အိမ် ခေါ်သွားတယ်။ "လမ်းလျှောက်ရအောင် ဆရာ"တဲ့။ "အေးကွာ လျှောက်ရအောင်" ဆိုပြီး ၄၅ မိနစ်လောက် လျှောက်လိုက်တာ သူ့အိမ်ရောက်သွားတယ်။ သူ့အိမ်လေးက ကျောက်တုံး၊ ကျောက်ခဲတွေ၊ သံတိုသံစတွေနဲ့ လူငယ်ဆိုတော့ဗျာ တွေ့ကရာပစ္စည်းတွေနဲ့ သူ့အိမ်ကို ကားဂိုဒေါင်လို ဆောက်ထားတာ။ အာ အေး... ကြိုက်တယ်ကွာလို့၊ ကောင်းသားပဲ မင်းအိမ်လေးက လို့၊ ကိုယ့်ဟာကိုယ် လုပ်တာဆိုတော့ ကောင်းတာပေါ့လို့။ အဲဒါဆိုရင် ဆရာရယ်တဲ့၊ ကျွန်တော့်အိမ်လေးအကြောင်းကို မြန်မာစာနဲ့ တစ်မျက်နှာလောက် ရေးပေးစမ်းပါတဲ့။ အေးပါကွာလို့၊ မင်း မြန်မာစာ တတ်လို့လား ဆိုတော့၊ မတတ်ဘူးတဲ့၊ ကျွန်တော် အမှတ်တရ သိမ်းထားချင်လို့တဲ့။  ကျွန်တော်က ဗလာစာရွက်နဲ့ ဘောလ်ပင်ယူပြီး သူ့အိမ်လေးအကြောင်းကို စာစီစာကုံး ရေးပေးတယ်။ ရေးတဲ့အခါမှာ ဒီကောင် မတ်တတ်ရပ်ပြီး ဘေးက လာကြည့်နေတယ်။ သူ ဘာမှမသိဘူးနော်။ မြန်မာစာ မတတ်ဘူး။ က,လည်း မသိဘူး၊ ဝ,လုံးလည်း မသိဘူး။ ဒီမှာ လူငယ်တွေအပြင် လူကြီးတွေလည်း ပါပါတယ်လေ။ သတိထားဖို့ ပေါ်လာတယ်။ သူတို့လူမျိုးသည် ပညာရပ်တစ်ခုကို ရေဆုံးရေဖျား လိုက်တယ်ဆိုတဲ့ အချက် သွားတွေ့တယ်။ ဘာလဲဆိုတော့ ကျွန်တော်ကတော့ ရေးရိုးရေးစဉ်ပဲလေ။ မြန်မာစာ မြန်မာအက္ခရာတွေနဲ့ အိမ်လေးအကြောင်း သီကုံးဖွဲ့နွဲ့ ရေးသားတာပေါ့။ သူကတော့ ဘာမှ အဓိပ္ပါယ်မသိဘူးနော်။ ဘေးက မတ်တတ်ရပ်ကြည့်နေခဲ့တာ။ ပြီးတော့ သိုင်းကျူးဆိုပြီး ကျွန်တော့်စာရွက်ကလေးကို လေးလေးစားစားယူပြီး၊ သေသေသပ်သပ်ခေါက်ပြီးတော့ သူ့ခုတင် ခေါင်းရင်းမှာ ထားတယ်။ ပြီးတော့ ကျွန်တော်တို့ လက်ဖက်ရည်သောက်ပြီး ကျွန်တော်တို့ တည်းတဲ့ ဧည့်ရိပ်သာအဆောင်ကို ပြန်ကြတာပေါ့လေ။ ဒီကောင်လေးက ကျွန်တော်နဲ့ အတူအိပ်တယ်။ တကယ့်ကို သိပ်ယဉ်ကျေးတဲ့ကလေးဗျာ။ အမေရိကန်သာဆိုတယ်၊ အရှေ့တိုင်းသားလေး ကျနေတာပဲ။ ပျော့ပျော့နွဲ့နွဲ့လေး။ အဲဒါ အားရင် မေးတော့တာပဲ။ စာပေနဲ့ ပတ်သက်တာ၊ ဝတ္ထုတိုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးတော့တာပဲ။ အဲဒီတစ်ညကတော့ ကျွန်တော် တီဗွီထိုင်ကြည့်အပြီး တီဗွီပိတ်ပြီလည်းဆိုရော သူက ဘာမေးလဲဆိုတော့-  "ဆရာ မြန်မာအက္ခရာဟာ ဘာကြောင့် အဝိုင်းတွေချည်းပဲ ဖြစ်နေတာလဲ"တဲ့။ ကြည့်နော်၊ ကျွန်တော်တို့ စာရေးဆရာကိုယ်တိုင် ဒီကစ္စ သေသေချာချာ မစဉ်းစားခဲ့ဘူး။ ဖတ်တဲ့သူဆို ဝေးရော။ ကျွန်တော် မေးမယ်၊ လူကြီးရော လူငယ်ရောကိုပါ။ အဲဒီ မြန်မာအက္ခရာတွေဟာ ဘာကြောင့် အဝိုင်းချည်းပဲ ဖြစ်နေတာလဲလို့ တစ်ခါတလေများ စဉ်းစားမိဖူးသလားဗျာ။ ကျွန်တော်ထင်တယ်၊ အများက စဉ်းစားမိဖူးမှာ မဟုတ်ဘူးဗျ။ ကြည့်နော် သူမေးတာ၊ သူက အမေရိကန်ကျောင်းသား၊ မြန်မာစာကို တစ်လုံးမှ မသိဘူး။ ကျွန်တော်ရေးတဲ့ လက်ရေးကိုကြည့်ပြီး မေးတာ၊ တရုတ်စာမှာလည်း အချောင်းတွေ၊ တုတ်တွေ ပါတာပဲ၊ ကုလားစာမှာလည်း အချောင်းတွေပါတာပဲ၊ အင်္ဂလိပ်မှာဆို O အို တစ်လုံးတည်း အဝိုင်းပါတယ်။ မြန်မာစာ အကုန်လုံး အဝိုင်းနော်တဲ့။ ဟုတ်ပါ့ဗျာ၊ ဗျည်း ၃၃လုံးကို ကြည့်ကြည့်ပါ၊ အကုန်အဝိုင်းချည်းပါပဲ။ အဲဒါ ဘကြောင့်လဲလို့ မေးတယ်ဗျာ။ ကျွန်တော်လည်း ဘာသာဗေဒပညာရှင် မဟုတ်ဘူးဗျ။ ဘယ်လိုဖြေကြမတုံး၊ ကျွန်တော်က ပညာရှင်မဟုတ်တော့ မရှင်းနိုင်ဘူး။ သို့သော် ကိုယ်က ဆရာဆိုတော့လည်း ရိုးရိုးသားသား ဝန်ခံရရင် ဖြီးရတာပေါ့။ ပေထက်အက္ခရာတင်တဲ့ ကိစ္စလည်း မဟုတ်တော့ ဘယ်လိုဖြေရတုံးဆိုရင် အေး... မင်း နေနဲ့လ တွေ့ဖူးသလား၊ တွေ့ဖူးပါတယ်။ ဒီတော့ နေက ဘာလဲကွ၊ အဝိုင်း၊ လကကော ဘာလဲကွ၊ အဝိုင်း၊ တို့ကမ္ဘာကြီးကကော ဘာလဲကွ၊ အဝိုင်း၊ အေး အဲဒါကြောင့် တို့စာလုံးတွေဟာ အဝိုင်းချည်းပဲကွလို့ ဖြီးရတာပေါ့။ ကိုယ်က ဆရာဆိုပြီး သူက တပည့်ခံနေတော့ အပေါ်စီးကနေ ဖြီးရတာ။ အမှန်တော့ ဟုတ်သလား၊ မဟုတ်သလား ကျွန်တော်လည်း မသိဘူးဗျ။ ပညာရှင်တွေမှ သိမယ့်ကိစ္စ၊ ဒီထက်အကျပ်ရိုက်တဲ့ကိစ္စ ရှိသေးတယ်။ ဘာလဲဆိုတော့-  "ကောင်းပြီ၊ အဝိုင်းက နေနဲ့လကိုယူပြီး ရေးတာဆိုရင် ဘာကြောင့် လက်ယာရစ်ချည်း ရေးရတာလဲ။ အဲဒါကျတော့ ဘာလို့လဲ"တဲ့။ သေပြီ၊ အဲဒါကျတော့ ဖြေကို မဖြေနိုင်တော့ဘူး။ အဲဒါနဲ့- "တို့က ကွာလို့၊ နာရီရှိတယ်မဟုတ်လား နာရီ၊ နာရီက လက်ယာရစ်သွားတာပဲလို့ အဲဒီတော့ တို့စာလုံးတွေလည်း လက်ယာရစ်ရေးတာပေါ့ကွာ" လို့ ပေါ့ပေါ့လေး ပြန်ဖြေလိုက်တယ်။ အဲဒါမှာ ဂျင်မ်က ထပ်ပြီး ရစ်ပြန်ရော။  "အာ... ဆရာပြောတော့ နေနဲ့လနဲ့ ကမ္ဘာနဲ့ယှဉ်ပြီးတော့ ပြောတယ်။ အဲဒါတွေက ကမ္ဘာကြီးက လက်ဝဲရစ် လည်နေကြတာလေ၊ ဆရာတို့ စာကျတော့ ဘာဖြစ်လို့ လက်ယာရစ်ရေးကြတာလဲ"တဲ့။ သေရောဗျာ၊ ဟာကွာ... မင်းကလည်း စကြဝဠာကြီးက ပြောင်းပြန်လည်နေတာပဲ၊ ဘာညာနဲ့ လုပ်ရတာပေါ့၊ ဟုတ်တယ် မဟုတ်တယ် ကျွန်တော်တို့လည်း မသိဘူးလေ။ ဆိုလိုတာက လူငယ်တွေကို ချဉ်းကပ်ရတာ ခက်တယ်လို့ ဆိုချင်တာပါ။ နောက်တစ်ခု၊ လူငယ်တွေနဲ့ ပတ်သက်လို့ စင်ကာပူလူမျိုး၊ ပြင်သစ်နိုင်ငံသား ခံယူထားတဲ့ ပန်းချီပညာရှင်ကောင်မလေး ရင်န်ကာတဲ့။ အသက် ၂၆ နှစ်ပဲ ရှိသေးတယ်။ ကျွန်တော့ဆီလာတယ်။ လာတဲ့ အကြောင်းက ဘာလဲဆိုတော့ ပန်းချီအောင်စိုးရဲ့ ပန်းချီကားတွေနဲ့ ပန်းချီအောင်စိုးရဲ့ ဘဝကို ကျမ်းပြုဖို့။ အသက် ၂၆ နှစ်နော်၊ ၂၆ နှစ်၊ သူကိုင်လိုက်တာက သေးသေးမွှားမွှား မဟုတ်ဘူး။ ပန်းချီအောင်စိုး။ ပန်းချီအောင်စိုးဆိုတာ ရိုးရာကနေ မော်ဒန်အထိ ကူးလူးဆက်ဆံ ဆက်သွယ်ပြီး ရေးခဲ့တဲ့ ပန်းချီဆရာကြီး။ အဲဒီ ဆရာကြီးရဲ့ ဘဝနဲ့ပန်းချီကို ကျမ်းပြုဖို့၊ တော်ရုံတန်ရုံကိစ္စ မဟုတ်ဘူး။ ကျွန်တော့်ဆီကို ရောက်လာတော့ မြန်မာပြည်မှာ ဒီကိစ္စအတွက်ကို လုပ်နေတာ လေးနှစ်ရှိသွားပြီတဲ့။ ဆိုလိုတာက သူဟာ အကြီးကြီးကို လုပ်နေပေမယ့် အသေးလေးတွေကို မေ့မထားဘူးဆိုတာ ပြောချင်လို့ပါ။ သူက ပန်းချီအောင်စိုးအကြောင်း မေးဖို့ ပန်းချီအောင်စိုးရဲ့ဇနီး အန်တီမာ့ဆီသွားတယ်။ အန်တီမာက ပန်းချီအောင်စိုးအကြောင်းကို သုမောင်တို့က ပိုသိတယ်။ သူတို့က ပူးကပ်ပေါင်းနေကြတာ။ သူတို့ဆီ သွားမေးဆိုပြီး ပန်းချီအောင်စိုးမိန်းမက လိုက်ပို့တော့ ကျွန်တော့်ဆီ ရောက်လာတယ်။ သူက ကျွန်တော့်ကို ပန်းချီအောင်စိုး ငယ်ငယ်တုန်းက အကြောင်းတွေ လျှောက်မေးရင်း-  "ရှင် ပန်းချီဆွဲတယ်ဆို"တဲ့။ "အေး... ပန်းချီဆွဲတယ်တော့ မဟုတ်ပါဘူးလို့၊ အရုပ်ကလေးတွေ ရေးတာပါ။ ငါ ပန်းချီဆရာ မဟုတ်ပါဘူး"လို့။ "ကြည့်ချင်တယ်"တဲ့။ ကြည့်ချင်တော့ ထုတ်ပြလိုက်တယ်။ ဖြစ်ချင်တော့ ကျွန်တော်ဆွဲထားတဲ့ ပန်းချီဆိုပါတော့လေ။ အရုပ်တွေက တစ်ပုံက မိန်းမရဲ့အပေါ်ပိုင်း၊ တစ်ပုံက မိန်းမရဲ့ ခါးအလယ်ပိုင်း၊ နောက်တစ်ပုံက မိန်းမရဲ့ အောက်ပိုင်း။ အဲဒီပုံလေ၊ မော်ဒန်ပုံပေါ့လေ။ ဒါနဲ့ ကောင်မလေးက တအံ့တသြကြည့်ပြီး- "ဟား... အောင်စိုး လက်ကျ၊ တွေ့ပြီ အောင်စိုးလက်ကျပဲ"တဲ့။ အေး... အောင်စိုးလက်ကျ မဟုတ်ပါဘူးကွာ။ အောင်စိုးလက်ကျ ဖြစ်ဖို့နေနေသာသာ ငါက ရိုးရိုးပန်းချီဆရာတောင် မဟုတ်ပါဘူးလို့ ပြောရတယ်။ သူက ကျွန်တော့်ပုံတွေ ကြည့်ပြောတာနော်။ ကျွန်တော့်ပန်းချီကား သုံးချပ်။ သူက လက်နဲ့ထောက်ပြီးပြတာ။ ပထမပုံမှာ အပေါ်ပိုင်း မိန်းမပုံမှာ ချိုင်းကြားမှာ မှဲ့ထည့်ထားတာ ဟောဒီမှာ မှဲ့တဲ့။ နောက်တစ်ပုံက အလယ်ပိုင်း ဗိုက်သားမှာ မှဲ့ထည့်ထားတာ ဟောဒီမှာ မှဲ့တဲ့။  နောက်တစ်ပုံက ပန်းသည်မလေးခြေထောက်မှာ ခြေသလုံးမှာ မှဲ့လေးနဲ့ ဟောဒီမှာ မှဲ့တဲ့။ ကိုယ့်ဟာကိုယ်တောင် ဘာကြောင့် မှဲ့ထည့်မိမှန်းတောင် မသိပါဘူး။ မှဲ့ဝါသနာပါလို့ ထည့်လိုက်တာ။ သူက ဟောဒါ အောင်စိုး၊ ဟောဒါ အောင်စိုး ဆိုပြီး လုပ်တယ်။  "အောင်စိုးနဲ့ မှဲ့နဲ့ ဘာဆိုင်လို့တုန်း ရင်န်ကာရဲ့" လို့ဆိုတော့ သူက ဘာလုပ်တယ်ထင်သလဲ။ ဆတ်ဆို ပန်းချီအောင်စိုးရဲ့ဇနီး အန်တီမာရဲ့ အင်္ကျီအပေါ်ဆုံး ကြယ်သီးနှစ်လုံးကို ဆွဲဖြုတ်လိုက်တယ်။ ဖွင့်တော့ ရင်ဘတ်လေး ဟောင်းလောင်းပွင့်သွားတာပေါ့။ ဟောဒီမှာ တွေ့သလားလို့ သူကပြတော့မှ ဟုတ်ပါ့ဗျား၊ အန်တီမာရဲ့ ရင်ညွန့်မှာ မှဲ့နဲ့ဗျ။ သြော်... ကြည့်စမ်း၊ လူငယ်နော်၊ အသက် ၂၆ နှစ်အရွယ် ဒီကောင်မလေးက အောင်စိုး ပန်းချီကားတွေမှာ မှဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ အောင်စိုးရဲ့မိန်းမမှာလည်း မှဲ့ပါရမယ်ဆိုပြီး တွက်ထားပုံရတယ်။ ပြီးတော့- "ကိုသုမောင် ဇနီးမှာကော မှဲ့ရှိလား"တဲ့။ "အေး... အရင်တုန်းက ကျောကုန်းမှာ ရှိတယ်။ ခုတော့ ခွဲစိတ်လိုက်လို့ မရှိတော့ဘူး"လို့၊ "အဲဒါကြောင့် ဒီကားတွေမှာ မှဲ့ပါနေတာ၊ ဒါ အောင်စိုး လက်ကျပဲ"တဲ့။ ပြောချင်တာက မှဲ့လေးတစ်လုံးတောင် အလွတ်မပေးဘဲ အောင်စိုးရဲ့ဘဝမှာ ဆွဲထည့်ပြီး လေ့လာတယ်ဆိုတာ ပြောချင်တာပါ။ ရယ်စရာပြောပြဦးမယ်၊ အဲဒါမှာ လင်းဝဏ္ဏဆိုတဲ့ ပန်းချီဆရာတစ်ယောက်လည်း ပါတယ်။ ပန်းချီအောင်စိုး လက်ရာမျိုးရေးတဲ့ တပည့်တစ်ဦးပေါ့။ သူက ဝင်ဝင်ပြီး ပြောတယ်။ ပန်းချီအောင်စိုးက အိန္ဒိယကို သွားပြီး ပညာသင်တော့ ဟိုမှာ ကုလားမလေးတစ်ယောက်နဲ့ ကြိုက်ခဲ့ဖူးတယ်တဲ့။ ပန်းချီအောင်စိုး မိန်းမ ရှေ့တင် သူက ရယ်မောကာ ပြောတာကိုး။ အဲဒီ ကုလားမလေးနေတဲ့ အိမ်ကိုတဲ့ ပန်းချီအောင်စိုးက စကတ်ခ်ျ (sketch) ပုံကြမ်းခြစ်ထားတဲ့ ပန်းချီကားလေး ငါ့မှာရှိတယ်။ သူမသေခင် ငါ့ကို လက်ဆောင်ပေးထားတာ ရှိတယ်တဲ့။ အဲဒါ နင်ကြည့်မလားတဲ့။ ဆိုတော့ကာ အဲဒီကောင်မလေးက ဟားဟားဟားဆိုပြီး ထရယ်တယ်။ ရယ်ပြီးတော့- ကိုလင်းဝဏ္ဏ ကျွန်မပြောပြမယ်၊ အဲဒီ ပန်းချီကားကို ကြည့်စရာမလိုဘူး၊ ကျွန်မ အိန္ဒိယကိုသွားပြီးပြီ၊ အဲဒီအိမ်ကိုလည်း လိုက်ရှာပြီးတော့ ကြည့်ခဲ့ပြီးပြီ၊ ကုလားမကြီးကိုလည်း တွေ့ခဲ့ပြီးပြီ။ အဘွားကြီးက ခုထိ ချောတုန်းပဲ"တဲ့။ ဟောဗျာ၊ ရယ်စရာလေးဆိုပေမယ့် ဘယ်လောက်အထိ ရောက်သလဲ။ အောင်စိုးအကြောင်းသိဖို့ အောင်စိုးရည်းစားရှိတဲ့ အိန္ဒိယအထိသွားပြီး ကြည့်တာ၊ ဒီအိမ်ကိုလည်း ဓာတ်ပုံရိုက်ခဲ့တယ်။ အောင်စိုးရည်းစား ခုတော့ အဘွားကြီး၊ ကုလားမကြီးကိုလည်း တွေ့ပြီးတော့ စကားတွေပြောခဲ့တယ်။ အောင်စိုးအကြောင်း ကျမ်းပြုဖို့ ဘယ်လောက် လေ့လာခဲ့သလဲ။ ကျွန်တော်က ယှဉ်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာလူငယ်တွေလည်း မော်ဒယ်လ်သင်တန်းတက်ပြီး မော်ဒယ်လုပ်စားဖို့ပဲ ဖြစ်ဖြစ်ပေါ့။  နောက်ဆုံး ပြောဦးမယ်၊ စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်တာပဲ ဖြစ်ဖြစ်ပေါ့။ အန္တရာယ် ရှိပါတယ်ဆိုတဲ့ စီးကရက်ပရိုမိုးရှင်း လိုက်လုပ်နေတဲ့ မိန်းကလေးပဲ ဖြစ်ပါစေ။ အောက်ဆုံးအလွှာက မိန်းကလေးပဲ ဖြစ်ပါစေ။ ကိုယ် လုပ်ရမယ့်အလုပ်ကို ထောင့်စေ့အောင်၊ အကွက်စေ့အောင် ကြည့်တတ်ဖို့၊ မြင်တတ်ဖို့ ကြိုးစားကြပါ။ ဒါကို ကျွန်တော်က မရဲတရဲ တိုက်တွန်းတာပါ။ မရဲတရဲဆိုလို့ ဘာကြောင့် ဒီစကားကို ပြောရသလဲဆိုရင် ခုနကပြောသလို လူငယ်တွေကို ကြောက်လို့။ ကဲ... ဒီအပတ်လည်း နည်းနည်းပါးပါးတော့ ရောရောယှက်ယှက်ကလေး ပါဦးမှာပဲနော်။ ရှေ့အပတ်ကျရင်တော့ အခန်းကဏ္ဍလေးတွေ သီးသန့်ထုတ်ပြီးတော့ တစ်ပတ်ကိုတစ်ကြိမ် အကြောင်းအရာတစ်ခု ဦးတည်ပြီးတော့ ပြောနိုင်အောင် ကြိုးစားပါ့မယ်။

အားလုံး ကျန်းမာချမ်းသာကြပါစေ။ 
                             
                                 သုမောင်

Comments