လို၍ မရသောဆင်းရဲ (ဒေါက်တာကျော်စိန်)
လို၍ မရသောဆင်းရဲ
(၁)
စာသမားတစ်ဦး မျက်စိနာစဉ်က ဖြစ်၏။ သူသည် စာသမားပီပီ ဆရာတိုက်စိုး ရေးသကဲ့သို့ စာအုပ်နှင့်ကင်း၍ မနေတတ်။ တွေ့သမျှစာအုပ်ကို ဖတ်၍ အချိန်နှင့်အမျှ စာအုပ်နှင့်မျက်နှာ တပ်ထားသူဖြစ်၏။ ထိုသို့သောသူမှာ ကာလပေါ် မျက်စိနာရောဂါနှင့် ကြုံကြိုက်ရတော့သည်။ နီရဲသောမျက်စိကို မျက်မှန်နက် ဖုံးကွယ်ကာ တဖျစ်တောက်တောက် ညည်းညူနေ၏။ အိပ်ရာပေါ် လှဲလိုက်၊ ပက်လက်ကုလားထိုင်တွင် ထိုင်လိုက်၊ ရေဒီယို ထဖွင့်လိုက် ဂနာမငြိမ် ဖြစ်နေ၏။ တကယ်စင်စစ် သူလုပ်ချင်သည်က သတင်းစာဖတ်ခြင်း၊ လဆန်းဖြစ်၍ ထွက်ပေါ်စ မဂ္ဂဇင်း၊ စာစောင်များကို ဖတ်ရှုလိုခြင်း ဖြစ်၏။ သို့သော် ယင်းအလုပ်မျိုး သူ မလုပ်နိုင်။ နီရဲ၍ မျက်ရည်တွေ ကျနေသော မျက်စိက ထိုအလုပ်မျိုးကို အားမပေး။ သို့နှင့် သူ့အဖို့ စာဖတ်လို၍ စာဖတ်မရသော ဆင်းရဲနှင့် ကြုံကြိုက်ရလေသည်။
စိတ်ပညာအဘိဓာန်တွင် လိုဘမပြည့်ခြင်း (frustration) ဟူသော ဝေါဟာရသည် ဤကဲ့သို့ လို၍မရသည့် ဆင်းရဲမျိုးကို ရည်ညွှန်းပေသည်။ မိမိအလိုရှိရာ ပန်းတိုင်သို့ မရောက်နိုင်အောင် တစ်စုံတစ်ခုသော အခြေအနေက ဟန့်တားခြင်းမျိုး ဖြစ်၏။ ဟန့်တားသည့် အခြေအနေတို့သည် ရုပ်ပိုင်း ပတ်ဝန်းကျင်တွင်လည်းကောင်း၊ ဆက်ဆံရေးပိုင်း ပတ်ဝန်းကျင်တွင် လည်းကောင်း ရှိတတ်ပေသည်။ နံနက် ၉ နာရီ ရုံးတက်ရန်အသွား မိမိရှေ့မှ ကားတန်းရှည်ကြီး ရှိနေခြင်းသည် လည်းကောင်း၊ အချိန်လု၍ ဘဏ်တိုက်မှ ငွေထုတ်ရန် အသွားတွင် မိမိရှေ့မှ လူ ၂၀ ကျော် တန်းစီနေခြင်းသည် လည်းကောင်း၊ အရေးပါသည့် အစီခံစာတစ်စောင် ရေးနေချိန်တွင် သမာဓိ မရလောက်အောင် ဆူညံခြင်းသည် လည်းကောင်း လိုဘမပြည့်မှုကို ဖြစ်ပေါ်စေသည့် ရုပ်ပိုင်းအခြေအနေများ ဖြစ်၏။ အခြားသူများက ဟန့်တားမှုကား လိုဘမပြည့်ခြင်းကို ဖြစ်စေသည့် ဆက်ဆံရေးပိုင်း အခြေအနေဖြစ်၏။ ဥပမာ- မိန်းကလေးတစ်ဦးအား ညဥ့်နက်ခံ၍ ပျော်ပွဲရွှင်ပွဲသို့ မသွားရန် မိဘများက တားမြစ်သည့်အခါ ဖြစ်ပေါ်သော လိုဘမပြည့်ခြင်းမှာ ဆက်ဆံရေး အဟန့်အတားဟု ဆိုနိုင်၏။
တစ်ခါတစ်ရံတွင်မူ တစ်စုံတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့မှု တစ်ခုခုကြောင့်လည်း လိုဘမပြည့်ခြင်း ဖြစ်ပေါ်စေနိုင်၏။ မျက်စိမှုန်ခြင်း၊ နားထိုင်းခြင်း၊ ကိုယ်လက်အင်္ဂါ တစ်ခုခု ပျက်စီးချွတ်ယွင်းခြင်းတို့သည် လည်းကောင်း၊ စွမ်းရည်တစ်ခုခု မရှိခြင်းသည် လည်းကောင်း လိုဘမပြည့်ခြင်းကို ဖြစ်ပေါ်စေသည့် ပုဂ္ဂလိက ရုပ်ပိုင်းအခြေအနေများ ဖြစ်ပေသည်။
(၂)
လိုဘမပြည့်ခြင်းကို ဖြစ်ပေါ်စသည့် အဓိကအချက်ကား ဆန့်ကျင်သည့် စေ့ဆော်မှုနှစ်ခုတို့ ပဋိပက္ခဖြစ်ခြင်း (Conflict Between two Opposing Motives) ပင်တည်း။ စေ့ဆော်မှုနှစ်ခုတို့ ပဋိပက္ခဖြစ်သောအခါ စေ့ဆော်မှုတစ်ခုကို ဖြည့်ဆည်းခြင်းသည် အခြားစေ့ဆော်မှုအတွက် လိုဘမပြည့်ခြင်းကို ဖြစ်စေ၏။ ဥပမာပြရသော် တက္ကသိုလ်ကျောင်းသားတစ်ဦးအဖို့ "အားကစားထူးချွန်ခြင်း" နှင့် "ကျောင်းစာထူးချွန်ခြင်း" တို့ တစ်ပြိုင်တည်း ဖြစ်ပေါ်ရန် မလွယ်ကူလှပေ။ အားကစား ထူးချွန်နိုင်ရန်အတွက် မှန်မှန်စား၊ မှန်မှန်အိပ်၊ မှန်မှန်လေ့ကျင့်မှုများ ပြုလုပ်ရမည် ဖြစ်၏။ ကျောင်းစာထူးချွန်ရန်အတွက်မူ ညဥ့်နက်သန်းခေါင် စာကျက်ရန်လို၏။ အချိန်ရှိသမျှ စာကြည့်တိုက်တွင် ရှိနေရန် လို၏။ တနည်းဆိုရသော် စေ့ဆော်မှု တစ်ခုအတွက် လုပ်ဆောင်ရမည့်အလုပ်များသည် အခြားစေ့ဆော်မှု တစ်ခုအတွက် လုပ်ဆောင်ရမည့် အလုပ်များနှင့် ယေဘုယျအားဖြင့် ဆန့်ကျင်သည့်သဘော ရှိ၏။
တစ်ခါတစ်ရံတွင်မူ စေ့ဆော်မှု တစ်ခုတည်းအတွက် ဖြစ်တန်ရာသော သို့တည်းမဟုတ် အချင်းချင်း အားပြိုင်၍နေသော နည်းလမ်းနှစ်သွယ် သုံးသွယ် ရှိနေတတ်သောကြောင့်လည်း စိတ်ပဋိပက္ခနှင့် လိုဘမပြည့်ခြင်းတို့ ဖြစ်ပေါ်တတ်၏။ ဥပမာ- အခြေခံပညာအထက်တန်း အောင်ပြီးသူ ကျောင်းသားတစ်ဦးအဖို့ ဆရာအတတ်သင်သိပ္ပံ သွားရမည်လော၊ စက်မှုလက်မှုသိပ္ပံ တက်ရမည်လော၊ တက္ကသိုလ် ကောလိပ် တက်ရမည်လော စသည်ဖြင့် ရွေးချယ်စရာ နည်းလမ်းသုံးသွယ်နှင့် ရင်ဆိုင်ရသောအခါ နည်းလမ်းတစ်ခုကို ယတိပြတ် မရွေးမချင်း စိတ်ပဋိပက္ခ ဖြစ်နေတတ်ပေ၏။
တစ်ခါတစ်ရံတွင်မူ ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်ပိုင်စံထားမှု (Internal Standard) နှင့် စေ့ဆော်မှုတို့ ပဋိပက္ခဖြစ်ခြင်းကြောင့်လည်း စိတ်ပဋိပက္ခ ဖြစ်ပေါ်တတ်၏။ ယဉ်ကျေးမှု အဆင့်မြင့်သူတို့အဖို့ လိင်စေ့ဆော်မှုသည် ထိန်းချုပ်ရန် လိုအပ်သည် ဖြစ်ရာ စိတ်ပဋိပက္ခနှင့်အတူ လိုဘမပြည့်ခြင်းကိုပါ ဖြစ်ပေါ်စေတတ်၏။ ထမြောက်လိုအင် စေ့ဆော်မှုမြင့်မားသော အမျိုးသမီးတစ်ဦးအဖို့ အချို့သော လူ့အဖွဲ့အစည်းတွင် အမျိုးသမီးတို့၏ အခန်းကဏ္ဍသည် ပဋိပက္ခဖြစ်စရာ အခြေအနေတစ်မျိုးပင် ဖြစ်၏။ ယောက်ျားတို့နည်းတူ ထမြောက်အောင်မြင်လိုသော အမျိုးသမီးတစ်ဦးသည် တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား ဟောဟောဒိုင်းဒိုင်း ပြုမူပြောဆို လုပ်ကိုင်ရန် လို၏။ သို့သော် ယဉ်ကျေးမှု သတ်မှတ်စံက လက်ခံထားသော အမျိုးသမီးတစ်ဦးတို့၏ အခန်းကဏ္ဍကမူ သိမ်မွေ့ခြင်း၊ နူးညံ့ခြင်း၊ ဖြည်းနှေးခြင်း၊ ပျော့ပျောင်းခြင်း၊ ဆိတ်ငြိမ်ခြင်း စသည့် ခြင်းရာလက္ခဏာတို့ ရှိသည်ဖြစ်ရာ စေ့ဆော်မှုနှင့် စံထားမှုတို့ ပဋိပက္ခဖြစ်တော့၏။
ယေဘုယျအားဖြင့်မူ လိုချင်သောပန်းတိုင်နှင့် မလိုချင်သောပန်းတိုင်တို့ အားပြိုင်မှုကြောင့်လည်း စိတ်ပဋိပက္ခဖြစ်ပေါ်တတ်၏။ လိုချင်သည်ကို မရခြင်းနှင့် မလိုချင်သည်ကို ရခြင်း၊ ချစ်သူနှင့်လွဲ၍ မုန်းသူနှင့် တွဲရခြင်းမျိုး ဖြစ်၏။ သကြားလုံးသည် ချို၏။ ကောင်း၏။ သို့သော် လူကို ဝဖြိုးစေတတ်၏။ ထို့ကြောင့် ငါးရံ့ကိုယ်လိုဖြစ်လိုသော အပျိုမလေးအဖို့ သကြားလုံး စားချင်ခြင်းသည် စိတ်ပဋိပက္ခကို ဖြစ်စေ၏။
အထူးသဖြင့် ပျိုဖော်ဝင်အရွယ် လူငယ်များတွင် ဒွန်တွဲဆန့်ကျင့်သော သဘောထားများ ရှိတတ်ရာ ယင်းသဘောထားများသည်ပင် စိတ်ပဋိပက္ခကို ဖြစ်စေတတ်၏။ ပျိုဖော်ဝင်အရွယ်တို့သည် လွတ်လွတ်လပ်လပ် ပြုမူလိုတတ်ကြသကဲ့သို့ ခက်ခဲသည့် ကိစ္စရပ်များတွင် လူကြီးမိဘတို့၏ အကူအညီကို ရယူလိုတတ်ကြ၏။ ဤတွင် "လွတ်လပ်လိုခြင်း" နှင့် "မှီခိုလိုခြင်း" တည်းဟူသော ဆန့်ကျင့်သည့် စေ့ဆော်မှုနှစ်ရပ် အားပြိုင်၍ စိတ်ပဋိပက္ခ ဖြစ်တတ်ပေသည်။
(၃)
ဤစာတမ်းငယ် ခေါင်းစဉ်ကို "လို၍မရသောဆင်းရဲ" ဟု အမည်တပ်ခဲ့၏။ ဤတွင် ဆင်းရဲခြင်းမှာ စိတ်ဆင်းရဲခြင်းကို ရည်ညွှန်းပေသည်။ စိတ်ပညာရှုထောင့်မှသော် မိမိအလိုရှိအပ်၊ တောင့်တအပ်သော ပန်းတိုင်ကို အဟန့်အတားပြုသောကြောင့် "လိုဘမပြည့်ခြင်း" ဖြစ်ပေါ်ကာ စိတ်ဆင်းရဲရပေသည်။ ထို့ကြောင့် လို၍မရသောဆင်းရဲ ရှိသကဲ့သို့ မလိုချင်သည်ကို ရသောဆင်းရဲ ရှိနိုင်၏။ လိုချင်သည့်အရာက နှစ်ခုဖြစ်နေပြီး ရမှာက တစ်ခုတည်းဖြစ်သောကြောင့် အရွေးရခက်ခဲကာ စိတ်ပဋိပက္ခ ဖြစ်နိုင်၏။ တစ်ခါတစ်ရံ လိုချင်သည့် ပန်းတိုင်နှင့် မိမိ၏ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တို့ ပဋိပက္ခဖြစ်သောကြောင့်လည်း စိတ်ဆင်းရဲတတ်၏။ ထိုသို့သော စိတ်ဆင်းရဲမှု အပေါင်းမှ လွတ်မြောက်ရေးကား "ယောနိသော မနသီကာရ" အသင့်အတင့် နှလုံးသွင်းကာ အခြေအနေမှန်ကို ရင်ဆိုင် လက်ခံကျင့်သုံးခြင်းပင် ဖြစ်ပေသတည်း။
ဒေါက်တာကျော်စိန် (စိတ်ပညာဆောင်းပါးပေါင်းချုပ်မှ)
Comments
Post a Comment