သင်တကယ်ရင့်ကျက်ပြီလား; ထက်ဇော်ထူး(SUOE)



သင်တကယ်ရင့်ကျက်ပြီလား




ကျွန်တော်ငယ်ငယ်တုန်းက ကိုင်ဇာ၏ သီချင်းတစ်ပုဒ် ကြားဖူးသည်။ မှတ်မိသလောက် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုဖို့ မဲထည့်ရသည့်အချိန်က ဖြစ်မည်ထင်ပါသည်။ ရေဒီယိုများတွင် ကိုင်ဇာ၏ "မင်း...ဆယ့်ရှစ်နှစ်ပြည့်ပြီလား" ဆိုသည့် သီချင်းကို ရေဒီယို၊ FM တွေမှာ အတော်ကြားခဲ့ရပါသည်။ ဆရာကြီးဒေါက်တာကျော်စိန်၏ သင့်အတွက် အသုံးချစိတ်ပညာစာအုပ်မှ ဘဝနှင့် ပက်သက်သော စစ်မှန်သော ခံယူချက်ဆိုသည့် ခေါင်းစဉ်ခွဲလေး ဖတ်ပြီးကတည်းက မိမိကိုယ်ကို "မင်း...တကယ်ရင့်ကျက်ပြီလား" ဟု မေးခွန်းထုတ်နေမိပါသည်။ မေးခွန်းထုတ်သည်ဟု ဆိုသည်ထက် ဆန်းစစ်သည်ဟု ပြောလျှင် ပိုမှန်မည် ထင်သည်။ ဆရာကြီး ရေးသားတင်ပြထားသော ရင့်ကျက်သောလူတစ်ယောက်ကို တိုင်းတာသည့် အချက် (၅) ချက် မိမိတွင် ရှိ၊  မရှိ ဆန်းစစ်နေမိပါသည်။
ယေဘုယျအားဖြင့် ကျွန်ုပ်တို့သည် လူတစ်ယောက် ရင့်ကျက်မှု ရှိ၊ မရှိကို ၎င်း၏ အပြုအမူများကို ကြည့်၍ မှန်းဆနိုင်ပါသည်။ လူတစ်ယောက်တွင် ဇာတာသက် (Chronological age) နှင့် စိတ်သက် (Mental age) ဟူ၍ ရှိရာ ပုံမှန်ဥာဏ်ရည်ဖွံ့ဖြိုးသူတစ်ဦးသည် ၎င်း၏ အသက်အရွယ်အလိုက်ရှိရမည့် အတွေးအခေါ်၊ အပြုအမူစသည်တို့ ရှိလျက် စိတ်သက် (Mental age) နှင့် ကိုက်ညီကြပါသည်။ ထိုကဲ့သို့ မဟုတ်ဘဲ မိမိ၏ ဇာတာသက် နှင့် မကိုက်ညီသော အပြုအမူ၊ အတွေးအခေါ်များ ရှိပါမူ ထိုသူအား ရင့်ကျက်သူဟု မခေါ်ထိုက်ပေ။ ဥပမာပြရသော် မိမိလိုချင်သည်ကို မရ၍  (၂) နှစ်အရွယ် ကလေးတစ်ယောက်သည် လူးလှိမ့်ငိုယိုနေပါက ပြဿနာမဟုတ်သော်လည်း အသက် (၂၀) အရွယ် ယောက်ျားလေး (သို့) မိန်းကလေးတစ်ယောက်သည် မိမိလိုချင်သည်ကို မရ၍ ထိုကဲ့သို့ ပြုမူနေပါမူ ၎င်းသည် အသက်အရွယ်အလိုက် ကိုက်ညီသော အတွေးအခေါ်၊ အပြုအမူမရှိ၍ ရင့်ကျက်သူ မဟုတ်ဟု အလွယ်တကူသိနိုင်ပါသည်။ တစ်နည်းအားဖြင့် ဇာတာသက်အောက် စိတ်သက်ငယ်နေသူဟု မှတ်ယူအပ်ပေသည်။ ဆရာကြီးကမူ လူတစ်ယောက် ရင့်ကျက်ခြင်း၊ မရင့်ကျက်ခြင်းကို အချက် (၅) ချက်နှင့် တိုင်းတာနိုင်သည်ဟု တင်ပြထားပါသည်။ တစ်အချက်မှာ "အချိန်ကို စနစ်တကျ နားလည်အသုံးချတတ်ခြင်း" ဖြစ်ပါသည်။ ကလေးသူငယ်များသည် အချိန်ဟူသည် အဆုံးမရှိ ဆွဲဆန့်နိုင်သောအရာဟု ယုံကြည်တတ်ကြပါသည်။ တနည်းအားဖြင့် ၎င်းတို့သည် အချိန်၏ တန်ဖိုးကို ကောင်းစွာနားမလည်တတ်ကြသေးချေ။ ကလေးငယ်တစ်ယောက်သည် သူကစားချင်သည့် အချိန်တွင် ကစား၍ သူအိပ်ချင်သည့် အချိန်တွင် အိပ်လိုက်မည်။ သူကစားချင်သလောက် ကစားနိုင်သလို၊ အိပ်ချင်သလောက်လည်း အိပ်နိုင်သည်။ အချိန်၏ တန်ဖိုးကိုနားမလည်သကဲ့သို့ သူ့အသက်အရွယ်တွင် နားလည်စရာလည်း မလိုပေ။ သို့သော် အရွယ်ရောက်ပြီးသောသူများအတွက်မူ မိမိ၏အချိန်ကို စနစ်တကျစီမံခန့်ခွဲ၍ အသုံးချတတ်ရန် လိုပါသည်။ မိမိလုပ်ရမည့်လုပ်ငန်းတစ်ခုကို အောင်မြင်ရန် အချိန်မည်ရွေ့မည်မျှ သုံးမည် စသဖြင့် ခန့်ခွဲတတ်ရန် လိုပေသည်။ ဥပမာပြရလျှင် စာမေးပွဲဖြေဖို့ ပြင်ဆင်ရန် အချိန် (၁၀) ရက်သည် ဆိုပါစို့။ ထို (၁၀) ရက်အတွင်း မိမိသည် မည်သည့်အချိန်တွင် မည်မျှရအောင် ကျက်မည်၊ နားချိန်အတွက် မည်မျှသုံးမည်၊ တခြားကိစ္စများ ဥပမာ ဖုန်းကို မည်မျှသုံးမည် စသဖြင့် စီမံခန့်ခွဲ၍ လိုက်နာလုပ်ဆောင်သင့်ပါသည်။ ကလေးငယ်တစ်ယောက်ကဲ့သို့ပင် အချိန်၏ တန်ဖိုးကို နားမလည်ဘဲ ရသည့် (၁၀) ရက်အတွင်း အိပ်ချင်သလောက်အိပ်မည်၊ ဖုန်းကိုဆော့ချင်သလောက်ဆော့မည် စသဖြင့်ပြုမူပါမူ ၎င်းကို စိတ်ပိုင်းဆိုင်ရာအရ ရင့်ကျက်သည်ဟု မခေါ်ဆိုနိုင်ပါ။
နံပါတ်နှစ်အချက်မှာ ကြောင်းကျိုးဆက်နွယ်မှုတို့ကို သိနားလည်ခြင်း ဖြစ်ပါသည်။ ဆရာကြီး၏ အဆိုအရ ကလေးသူငယ်များသည် သဘာဝဖြစ်ရပ်များ၏ ကြောင်းကျိုးဆက်နွယ်မှုကို နားလည်နိုင်စွမ်း မရှိကြချေ။ တစ်နည်းအားဖြင့် မိမိ၏ ဆန္ဒကိုသာ ရှေးရှု၍ သာယာမှုမူ (pleasure principle) ဖြင့်သာ ပြုမူတတ်ကြ၏။ ကလေးတစ်ယောက်အနေဖြင့် မုန့်ပဲသရေစာက ထမင်းလောက် အာဟာရဖြစ်သည်၊ မဖြစ်သည်ကို အကြောင်းအကျိုး ဆက်စပ်စဉ်းစားနေမည် မဟုတ်ဘဲ သူစားချင်သည့် မုန့်ပဲသရေစာကိုသာ စားမည်ဖြစ်ပါသည်။ ကျွန်ုပ်ဆက်စပ်စဉ်းစားမိသည်မှာ  စိတ်စိစစ်နည်း (Psychoanalysis) ကို တီထွင်ခဲ့သော စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက် (Sigmund Freud) ဆိုခဲ့သည့် ကိုယ်ရည်ကိုယ်သွေး၏ အဓိကအခြေခံစနစ်ကြီး (၃) ခုဖြစ်သော အစ်(id)၊ အီဂို (ego) နှင့် ဆူပါအီဂို (superego) တို့ ဟန်ချက်ညီညီ ညှိယူလုပ်ဆောင်နိုင်စွမ်းသည် ကလေးသူငယ်များတွင် အားနည်းသောကြောင့် ဖြစ်သည်ဟုထင်ပါသည်။ အစ်စိတ် သည် လူတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးတွင် အခြေခံအကျဆုံးဖြစ်၍ နာကျင်မှုကို ရှောင်ခွာ၍ မိမိသာယာမှုရရေးကိုသာ ရှေးရှု၏။ အီဂို ကား အစစ်အမှန်၊ ပကတိအခြေအနေနှင့် ဆက်စပ်စဉ်းစား၍ အစ် ၏ အလိုဆန္ဒများကို မည်သို့မည်ပုံ ဖြည့်ဆည်းပေးမည်၊ တားဆီးမည်စသည်တို့ကို ဆုံးဖြတ်ပေး၏။ ဆူပါအီဂို ကား အစ်စိတ်၏ သာယာမှု ရှာဖွေခြင်းကို အီဂို ၏ ပကတိအခြေအနေနှင့် ဆက်စပ်သည့် ဆုံးဖြတ်ချက်များအပေါ် လူ့အဖွဲ့အစည်းကချမှတ်ထားသော စံတန်ဖိုးများ၊ စာရိတ္တပိုင်းဆိုင်ရာအချက်များနှင့် ဆက်စပ်လျက်   အကောင်းဆုံး၊အသင့်တော်ဆုံးဖြစ်ရန် လမ်းညွှန်ပေးသည့် သဘောရှိပါသည်။ ကလေးသူငယ်များတွင် ဤကဲ့သို့ အစ်၊ အီဂို နှင့် ဆူပါအီဂိုတို့ ဟန်ချက်ညီညီ ချိတ်ဆက်လုပ်ဆောင်နိုင်မှု အားနည်းခြင်းကြောင့် ၎င်းတို့သည် မိမိ၏အလိုဆန္ဒကိုသာ ရှေးရှုလျက် အကြောင်း၊ အကျိုးဆက်စပ်စဉ်းစားနိုင်မှု အားနည်းသည်ဟု ဆိုနိုင်ပါသည်။ သိုသော် အရွယ်ရောက်ပြီးလူတစ်ယောက်က ပကတိအခြေအနေ၊ လူ့အဖွဲ့အစည်း၏ စည်းကမ်း၊ စနစ်များကို မစဉ်းစားဘဲ မိမိ၏ ဆန္ဒကိုသာ ရှေးရှု၍  ပြုမူပါမူ ထိုသူအား အကြောင်းအကျိုးဆက်နွယ်ခြင်းကို နားလည်ခြင်းမရှိ၍ ရင့်ကျက်သည်ဟု မဆိုထိုက်ပေ။ ဥပမာပြရသော် ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့်အတူ  ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ (Smoking Free Area) ဟု တပ်ထားသည့် အခန်းတွင်း လူတစ်ယောက်သည် မိမိ၏ အလိုဆန္ဒကိုသာ ရှေးရှု၍ ဆေးလိပ်သောက်ခဲ့သော် ထိုအပြုအမူသည် ရင့်ကျက်သောသူတစ်ယောက်၏ အပြုအမူလုံးဝမဟုတ်ပေ။ ဆရာကြီး၏ အလိုအရ မြီးကောင်ပေါက်စ ဆယ်ကျော်သက်အရွယ်တွင်လည်း ကြောင်းကျိုးဆက်စပ်နားလည်မှုကို သတိလစ်တတ်ကြသည်ဟု ဆိုပါသည်။ ဆရာ၊ မိဘများက ကောင်းစေလို၍ ဆိုဆုံးမသည်ကို ချုပ်ချယ်သည်၊ စည်းကမ်းတင်းကျပ်သည်ဟု တွေးတတ်ကြပါသည်။ သို့သော် အသက်အရွယ်ကြီးလာသည်နှင့် အမျှ  အခြေအနေနှင့် အချိန်အခါကို လိုက်ကာ မိမိ၏ဆန္ဒကို ချုပ်ထိန်း၍ အကြောင်းနှင့်အကျိုးကို နားလည်သဘောပေါက်ပြီး ဆက်စပ်စဉ်းစားတတ်ရန် လိုပါသည်။ 
နံပါတ်သုံးအချက်မှာမူ စစ်မှန်သောပန်းတိုင် ရှိခြင်းဖြစ်ပါသည်။ ကလေးဘဝတွင်မူ စိတ်ကူးထဲတွင်လိုရာ ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့ ငယ်စဉ်က ဘုရင်လုပ်တမ်း၊ စစ်ဗိုလ်လုပ်တမ်း စသည်ဖြင့် ကစားခဲ့ဖူးကြပါသည်။ ကလေးဘဝတွင် လက်တွေ့မကျသော စိတ်ကူးယဉ်မှုများ ရှိခဲ့ကြပေသည်။  အရွယ်ရောက်၍ ရင့်ကျက်သောသူများတွင်မူ မိမိတို့၏ ကိုယ်ပိုင်စွမ်းရည်နှင့်ကိုက်ညီမှုရှိသော လက်တွေ့အကောင်အထည်ဖော်နိုင်သော ပန်းတိုင်မျိုးကို ချမှတ်တတ်လာကြသည်။ မဖြစ်နိုင်သည်ကို စိတ်ကူးဖြင့်ရူး၍ အချိန်ကုန်နေစေမည်မဟုတ်ဘဲ မိမိဖြစ်နိုင်မည်ကိုသာ ရှေးရှု၍ ကြိုးစားလုပ်ဆောင်မည် ဖြစ်ပါသည်။ စိတ်ဓာတ်ရင့်ကျက်သူတစ်ဦးသည် မိမိကိုယ်ပိုင်အရည်အချင်းများ၊ စွမ်းရည်ထူးများ၊ ကျွမ်းကျင်မှုများအပေါ် အခြေတည်၍ မည်သည့်ပန်းတိုင်သည် မိမိအတွက် အသင့်တော်ဆုံးနည်းဟု ဆင်ခြင်နိုင်ပါသည်။ မိမိ၏ အထုံဝါသနာ စွမ်းရည်တို့နှင့် ကိုက်ညီသော လုပ်ငန်းများကို ဆောင်ရွက်မှသာ ပေါက်မြောက်အောင်မြင်ရုံမျှမက ဘဝတစ်သက်တာ ပျော်ရွှင်မှုသုခကိုပါ ရရှိနိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့သော ပန်းတိုင်မျိုးသည် စိတ်ကူးယဉ်မဆန်ဘဲ ရင့်ကျက်သူတစ်ဦး၏ အရည်အသွေးဖြစ်ပါသည်။ နံပါတ်လေးအချက်မှာ စိတ်ကူးဆန္ဒဖြင့် မပြီးဘဲ လက်တွေ့အကောင်အထည်ဖော်တတ်ခြင်း ဖြစ်ပါသည်။ ကလေးဘဝတွင် မိမိတို့၏ စိတ်ကူးစိတ်သန်းများသည် ထိုအဆင့်မှာပင် ပြီးဆုံးသွားလေ့ရှိသည်။ ကလေးဘဝတွင် စိတ်ကူးများကို လက်တွေ့အကောင်အထည်ဖော်ရန် ကြိုးစားလေ့မရှိသကဲ့သို့ ထိုအသက်အရွယ်တွင် မဖြစ်မနေ အကောင်အထည်ဖော်ရန် မလိုသေးချေ။အရွယ်ရောက်၍ ရင့်ကျက်သောသူတစ်ယောက်အတွက်မူ မိမိ၏ စိတ်ကူးများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုးစားရပေမည်။  ဥပမာဆိုရသော် ရေကူးတတ်ချင်သောလူတစ်ယောက်သည် မြစ်ကမ်းစပ်တွင် ထိုင်လျက် စိတ်ကူးယဉ်နေမည်မဟုတ်ဘဲ ရေထဲသို့ဆင်း၍ ရေကူးတတ်ရန် အားထုတ်မည်ဖြစ်ပါသည်။ မိမိ၏စိတ်ကူးများ ရည်ရွယ်ထားသည့်အတိုင်း ပေါက်မြောက်အောင်မြင်ရန် လက်တွေ့အကောင်အထည်ဖော်ရမည်ကို သဘောပေါက်ရန် လိုပါသည်။ နံပါတ်ငါးအချက်မှာမူ ဘဝအတွက်ဆီလျော်သောရွေးချယ်မှုတို့ ပြုလုပ်နိုင်စွမ်းရှိခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဘဝတလျှောက် စိတ်ဒွိဟဖြစ်စရာ ရွေးချယ်မှုတို့ကို မကြာခဏရွေးချယ်ရတတ်ပါသည်။ နှစ်ခုထဲက တစ်ခုရွေးရသည့် အခြေအနေမျိုးများတွင် စိတ်ဓာတ်ရင့်ကျက်မှုအားနည်းသူသည် မဖြစ်နိုင်မှန်းသိလျက် နှစ်ခုလုံးကို ရချင်သည်၊ ရရန်လည်း ကြိုးစားတတ်ကြပါသည်။ ထို့ပြင် နှစ်ခုထဲမှ တစ်ခုရွေးချယ်ပြီးလျှင်လည်း မိမိ မရွေးချယ်လိုက်ရသည့်အရာကို ရွေးချယ်လိုက်ရလျှင် အကောင်းသားဟု မကြာခဏ နောင်တရ စိတ်ဆင်းရဲတတ်ကြပေသည်။ ဥပမာပြရလျှင် လူတစ်ယောက်ကို အလည်အပတ်ခရီးတစ်ခုကို လိုက်မလား၊ နေခဲ့မလားဟု ဆုံးဖြတ်ခိုင်းသော် ထိုသူသည် ခရီအားလိုက်လာပြီးမှ မိမိနေခဲ့လျှင် အကောင်းသားဟု နောင်တရနေတတ်ပါသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ရွေးချယ်စဉ်အခါက မည်သည့်အရာသည် မိမိအတွက် ပို၍ဆီလျော်ကိုက်ညီမှုရှိမည်ကို ကောင်းစွာ မစဉ်းစားတတ်ခြင်းကြောင့် ဖြစ်ပါသည်။ ဟိုအရာကောင်းနိုးနိုး၊ ဒီအရာကောင်းနိုးနိုးဖြင့် စိတ်အတွင်းဒွိဟဖြစ်လျက် မိမိရွေးချယ်မိသည့်အရာအပေါ်တွင်လည်း စိတ်မကျေနပ်နိုင်ဘဲ နောင်တရနေတတ်ပါသည်။ စိတ်ဓာတ်ရင့်ကျက်သူတစ်ဦးကမူ ရွေးချယ်စဉ်ကတည်းက မိမိအတွက် ဆီလျော်ကောင်းမွန်မည့်အရာကို ကောင်းစွာရွေးချယ်တတ်၍ စိတ်ကျေနပ်မှုရှိကာ အဆုံးစွန်ဆုံး အောင်မြင်အောင် လုပ်တတ်ကြပါသည်။
ဆရာကြီးတင်ပြထားသည့် နောက်ဆုံးအချက်မှာ ဓမ္မဓိဌာန်ကျခြင်း ဖြစ်ပါသည်။ ကလေးဘဝတွင် ကျွန်ုပ်တို့သည် အရာရာကို မိမိတို့ ရှုထောင့်မှသာ ကြည့်တတ်၏။ လောကတွင် ကောင်းခြင်းဆိုးခြင်းအားလုံးသည် မိမိတစ်ဦးတည်းနှင့် ပက်သက်သည့် ကောင်းခြင်း၊ ဆိုးခြင်း ဖြစ်၏။ မိမိကိုယ်သာ အခြေခံဦးစားပေးစဉ်းစား၍ မိမိကြိုက်လျှင် အများလည်းကြိုက်မည်၊ မိမိမကြိုက်လျှင် အများလည်း ကြိုက်မည်မဟုတ် စသဖြင့် စဉ်းစားတတ်၏။ မိမိအပြင် အခြားသူများလည်း ရှိသေးသည်ဆိုသော ခံစားမှုအသိသည် ကလေးငယ်များတွင် ကောင်းစွာ မဖွံ့ဖြိုးသေးချေ။ မရင့်ကျက်သော အရွယ်ရောက်ပြီးသူများသည်လည်း ကလေးငယ်များကဲ့သို့ပင် အရာရာကို သူနှင့် ဆက်စပ်ပြီး စဉ်းစားတတ်၏။ မိမိတစ်ဦးတည်းသာ အခြေခံစဉ်းစား၍ မိမိ၏ အလိုဆန္ဒကိုသာ ရှေးရှုဦးစားပေးလေ့ ရှိပါသည်။ ဥပမာပြရသော် မရင့်ကျက်သော ခေါင်းဆောင်တစ်ဦးသည် မိမိလက်အောက်ငယ်သားများ၏ ဆန္ဒ သို့မဟုတ် အကြုံပြုချက်များကို လက်ခံစဉ်းစားမည် မဟုတ်ဘဲ သူ၏ ဆုံးဖြတ်ချက်များကို သူတစ်ဦး၏ဆန္ဒဖြင့်သာ ဆုံးဖြတ်အတည်ပြုတတ်ပေသည်။ ကျွန်ုပ်တို့သည် အသက်အရွယ်နှင့်မျှသော ရင့်ကျက်သောစိတ်ရှိရန်မှာ မိမိသာမဟုတ် အခြားသူများလည်းရှိသေးသည်၊ သူတို့၏ ဆန္ဒ၊ အမြင်များကိုလည်း ထည့်သွင်းစဉ်းစားပေးရမည် စသဖြင့် ဓမ္မဓိဌာန်ကျရန် လိုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းအတွင်း လူပီသစွာ နေထိုင်ရှင်သန်ရန် မိမိ၏ ဇာတာသက် (Chronological age) နှင့် ကိုက်ညီသော အတွေးအခေါ်၊ အပြုအမူများ ရှိရန်လိုအပ်ပေသည်။ လူ့အဖွဲ့အစည်း၏ စံစနစ်များ၊ စာရိတ္တတန်ဖိုးများကို ထိန်းသိမ်းနားလည်လျက် အထက်တွင် ဖော်ပြခဲ့ပြီးသော အချက်ငါးချက်နှင့် တိုင်းတာကြည့်၍ ရင့်ကျက်သောသူတစ်ယောက်အဖြစ် နေထိုင်ရန် ကြိုးစားသင့်ပါသည်။ မိမိ၏ အသက်အရွယ်နှင့် မမျှသော အပြောအဆိုအပြုအမူများသည် မိမိအား လူအဖွဲ့အစည်းအတွင်း အများ၏ နှာခေါင်းရှုံ့ကဲ့ရဲ့ခြင်းကို ခံရတတ်ပေသည်။ ကလေးဆန်၍ချစ်စရာကောင်းခြင်း (childlike) သည် တခါတရံအဆင်ပြေနိုင်သော်လည်း အရွယ်ရောက်၍ ရင့်ကျက်သူတစ်ဦးအနေဖြင့် လုံးဝမလုပ်သင့်၊ မပြောသင့်သည်ကို လုပ်ပါ ပြောပါများလာလျှင် ကလေးဆန်ခြင်း (childish) တနည်းအားဖြင့်  ရင့်ကျက်မှုမရှိခြင်းဟု သတ်မှတ်ခြင်းခံရပေလိမ့်မည်။ထို့ကြောင့် ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းအတွင်း ရင့်ကျက်သောလူသားတစ်ယောက်အနေဖြင့် အောင်အောင်မြင်မြင် နေထိုင်ရှင်သန်ရန် အထက်တွင် ဖော်ပြခဲ့သည့် အချက် (၅)ချက်နှင့် ယှဉ်ထိုးတိုင်းတာ၍ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည် ။         ။

ထက်ဇော်ထူး (SUOE)

Comments