စိန်ပန်းနီနီ(တင်ညွန့်)

စိန်ပန်းနီနီ


မနှင်းအေးကို ကျွန်တော် ဆရာအတတ်သင်ကျောင်းတွင် စတင်သိခဲ့ခြင်းဖြစ်သည်။ သူနှင့် ကျွန်တော်က တစ်မြို့ တည်းသားတွေဖြစ်နေသည်။ ကျွန်တော်က မိုးလင်းလျှင် လက်ဖက်ရည်ဆိုင်ထိုင်သည်။ လက်ဖက်ရည် ဆိုင်တွင် စာဖတ်သည်။ ရေးချင်ရာရေးသည်။


“ဆရာ မနက် ပီတီမဆင်းဘူးလား”


ကျွန်တော့်ဘေးနားကခုံတွင် ဆရာမအုပ်စု တစ်စုဝင်ထိုင်လိုက်ကြသည်။ ကျွန်တော်နှင့်သိသည့် ဆရာမ တစ်ဦးက မေးလိုက်ခြင်းဖြစ်သည်။ သူတို့က ဘောင်းဘီရှည်အဖြူတွေနှင့် ပီတီဆင်းလာပြီး လာထိုင်ကြခြင်း ဖြစ်ဟန်တူသည်။


“ဟုတ်တယ် … ဒီမနက် မဆင်းဖြစ်ဘူး”


“ဆရာ့ကိုကြည့်ရတာ နေ့တိုင်းလည်း မဆင်းပါဘူး။ ဒီမှာချည်းတွေ့နေတာ”


“ဟုတ်ကဲ့”


ကျွန်တော်က စကားဖြတ်လိုက်ပြီး ကိုယ့်စာကို ကိုယ်ဆက်ဖတ်နေမိသည်။


“ဆရာ” ခေါ်ပြန်ပြီ ဘာမှန်းမသိ။


“ဟုတ်ကဲ့”


“သူ့ကို သိလား”


“ဟင့်အင်း”


“ဆရာတို့မြို့ကပဲလေ”


“ဟုတ်လား …”


“မိနှင်းက ဆရာ့ကို သိတယ်တဲ့”


“ဟုတ်ကဲ့”


“ဟဲ့ … မိနှင်း ပြောလိုက်လေ”


“ဘာလဲဗျ”


“ကျွန်မ ကျောက်ပုံတန်းတွဲဖက်ကျောင်းကပါဆရာ။ ဆရာ့ကို နွေရာသီ သင်တန်းမှာတုန်းက အထက ၁ မှာ တွေ့ဖူးတယ်လေ။ အဲဒီတုန်းက ဆရာနဲ့ ဆရာမကြီး ရန်တွေဖြစ်နေတာ ကျွန်မတို့ကြောက်လိုက်တာ”


ထိုစဉ်က သင်တန်းဆရာမကြီးနှင့်ကျွန်တော် စကားတွေများကြသည်။ ကျွန်တော်က သင်ကြားရေးတွင် ပုံသေ သတ်မှတ်၍မရနိုင်ကြောင်း ပြောသည်။ ဆရာမကြီးက ပုံသေနည်းတွေပြောသည်။ ကျွန်တော်က ကျေးလက် တွင် ကလေးတွေကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သင်မှရသည်။ ကိုယ်သင်သည့်နည်းမှာ ကိုယ့် method ဖြစ်သည်။ ပုံသေနည်းဖြင့် ချပေးလိုက်သည့်အတိုင်းသင်ခြင်းက အလုပ်မဖြစ်။ ကျောင်းဆရာဆိုသည်မှာ ကိုယ့် method နှင့်ကိုယ် သင်နိုင်ရမည်ဟုပြောသည်။ ဆရာမကြီးက ကျွန်တော့်ကို


“ဒါဆို မင်း ကျောင်းမှာ ဘာ method တွေနဲ့ သင်သလဲ” ဟု မျက်နှာကြီး နီပြီးမေးသည်။


ကျွန်တော်က


“မိုင်မက်သတ်” ဟုပြောလိုက်ရာ အားလုံး ဝိုင်းရယ်ကြသည်။


ကျွန်တော်က ပညာရေးတက္ကသိုလ်မှ လေးစားရသည့် ဆရာကြီးတစ်ယောက်၏ စကားအတိုင်း ယူသုံးလိုက်ခြင်း ဖြစ်သည်။


“ဩော် … ဟုတ်လား … ဆရာမကို တွေ့ဖူးသလိုလိုရှိတယ်တော့ ထင်သား”


“ဆရာ”


“ဟုတ်ကဲ့”


“ကျွန်မ အင်္ဂလိပ်စာအတွက် စာတမ်းတင်ဖို့ ကူညီပါလား”


“ဘာကူညီရမှာလဲ”


“စာတမ်းက အင်္ဂလိပ်လိုတင်ရမှာဆိုတော့ မရေးတတ်ဘူး။ ဆရာကူညီပါလား”


“အင်း … စာကြည့်တိုက်လာခဲ့လေ။ Reference တွေပြပေးမယ်”


“ကျေးဇူးပဲဆရာ … ဒီနေ့ပဲလား”


“၁၁ နာရီနောက်ပိုင်း စာကြည့်တိုက်မှာပဲရှိမယ်”


“ဆရာ အတန်းမတက်တော့ဘူးလား”


“စာကြည့်တိုက်ဆိုတာ ကျွန်တော့်အတန်းပဲလေ”


နေ့လယ် ၁၁ နာရီတွင် မနှင်းအေး ရောက်လာသည်။ ကျောင်းစိမ်းဝတ်စုံလေးနှင့် ကျက်သရေရှိလှသည်။


“ဆရာမ ကျတဲ့ခေါင်းစဉ်ကိုပြလေ”


သူက စာအုပ်လေးကို ဖွင့်ပြသည်။


“Grammar ပိုင်းနဲ့ဆိုင်တာတွေက ဒီဘက်မှာရှိတယ်။ ဒီဗီရိုထဲမှာ အကုန်ပဲ။ ဆရာမကြိုက်တာ ယူကြည့်။ ကျွန်တော်ကတော့ ဒီစာအုပ်က ပိုပြီးတော့ အဆင်ပြေမယ်ထင်တယ်။ Introduction အပိုင်းကို အရင်ဆုံး ဖတ်သင့်တယ်။ အဲဒီအထဲမှာ ဆရာမရေးရမယ့် အချက် အတော်များများပါလိမ့်မယ်”


“ဆရာ”


“ဘာလဲဗျ”


“ဆရာ့ကို တစ်ခုပြောရဦးမယ် … ကျွန်မက အင်္ဂလိပ်စာ ဆရာ့လောက် မကျွမ်းဘူး။ ပြီးတော့ ဒါတွေကို ဖတ်နိုင်မယ် မထင်ဘူး”


“အဲဒီတော့”


“ဆရာပဲ အကူအညီပေးရင် ပိုကောင်းမယ်ထင်တယ်”


“ခင်ဗျားက ကျွန်တော့်ကို ရေးခိုင်းနေတာလား”


“ဟုတ်ကဲ့”


ကျွန်တော်နှင့် မနှင်းအေးတွေ့ခဲ့ပုံက ဤသို့ ဤနှယ်ဖြစ်ခဲ့ပါသည်။

မိန်းကလေးတစ်ယောက်နှင့် ယောက်ျားလေးတစ်ယောက် တွေ့ကြပြီဆိုလျှင် ကာယကံရှင်များထက် ဘေးလူ တွေကပိုပြီး သတိထားကြသည်။ သူတို့ တွဲသွားတွဲလာ လုပ်နေကြလျှင် ဘာလိုလိုပြောကြမည်။ မနှင်းအေးနှင့် ကျွန်တော် အပြင်တွင် မတွဲပါ။ သို့သော် စာကြည့်တိုက်ထဲတွင် နေ့ဝက်လောက် အချိန်တွေ ကုန်ကြသည်။


ကျောင်းစာကိစ္စလည်း ဆွေးနွေးကြသည်။ သူရေးသင့်သည့် အပိုဒ်လေးတွေကို ဘာသာပြန်ပြသည်။ ရေးထည့် သင့်သည့် အကြောင်းအရာတွေကို ကျမ်းကိုးတွေထဲက ထုတ်ပေးသည်။ သူမလာသေးလျှင် ကြိုဖတ်ထားတာ လေးတွေကို စာရွက်လေးတွေနှင့် မှတ်ပေးထားသည်။ ဤသို့ဖြင့် သူရေးရသည့် စာတမ်းပြီးသွားသည်။


“ဆရာ”


မနှင်းအေးက ကျွန်တော့်ရှေ့ကို အပြာရောင် ဒိုင်ယာရီလေးတစ်အုပ်ထိုးပေးသည်။ ဒိုင်ယာရီကအသစ်။ အထဲတွင် မို့မို့ဖောင်းဖောင်း။ ဘာလဲဟု ဖွင့်ကြည့်လိုက်ရာ လက်ကိုင်ပဝါ အနီလေးတစ်ထည်။


“ဘာတွေလဲ မနှင်းအေး”


“ဆရာ့အတွက်”


“ဘာဖြစ်လို့လဲ”


“ဆရာကူညီလို့ စာတမ်းက ပြီးသွားတာလေ ကျေးဇူးတင်လို့”


“မနှင်းအေး”


“ရှင်”


“ဒိုင်ယာရီလောက်ဆိုရင် တော်ပါပြီ”


“လက်ကိုင်ပဝါကဘာဖြစ်လို့လဲဆရာ”


“ဘယ်လိုပြောရမလဲ … လက်ကိုင်ပဝါအနီပေးတာ နိမိတ်မကောင်းဘူး”


“ဘာနိမိတ်မကောင်းတာလဲဆရာ”


“ချစ်သူတွေ အချင်းချင်း ကွဲရမယ့် နိမိတ်လို့ပြောတာ”


“အို …ဆရာကလည်း ဘာမှန်းမသိဘူး”


မနှင်းအေးက ကျွန်တော့်ဘေးမှ အပြေးလေးထွက်သွားသည်။ သို့သော် သူက လက်ကိုင်ပဝါအနီလေးကို ပြန်ယူ သွားသည်။


ထိုနေ့က သင်တန်းနားရက်ဖြစ်သည်။ ကျွန်တော်က ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင်ကို စောစောလေးရောက် လာသည်။ လက်ထဲတွင် မနှင်းအေး ပေးထားသည့် ဒိုင်ယာရီလေးကို ကိုင်လာသည်။ ထိုနေ့က နှင်းတွေ ဝေနေသည်။ နှင်းတွေကြားထဲမှ သူရောက်လာသည်။


“ဆရာ တစ်ယောက်တည်းလား”


“အင်း … ဆရာမရော … ဘယ်သူတွေ ပါသေးလဲ”


“သူငယ်ချင်းတွေက ဈေးဘက်ကို သွားတယ်။ ကျွန်မက မလိုက်ချင်လို့ ဒီဘက်ထွက်ခဲ့တာ”


“ဒီမှာ ထိုင်မှာလား … လက်ဖက်ရည်သောက်မှာလား”


“ထိုင်မယ် … လက်ဖက်ရည်တော့ မသောက်ချင်ဘူး။ ဆရာ ဘာတွေ ရေးနေတာလဲ”


“ဘာမှ မဟုတ်ပါဘူး။ တောင်ရေး မြောက်ရေးပါ”


“ကျွန်မ ဖတ်လို့ရမလား”


“ရတယ်လေ ဖတ်ပေါ့”


ကျွန်တော်က ရေးလက်စ စာလေးကို ပြလိုက်သည်။


From time to time I dream about not knowing you because I cannot sleep at night, thinking about you!


“အလယ် … တယ်ဟုတ်ပါလား တစ်ယောက်ယောက်ကိုများ ရည်စူးထားတာလား”


“ဆိုပါတော့”


“မသိရဘူးလား”


“မသိချင်ပါနဲ့”


ကျွန်တော်က ကားလမ်းပေါ်က ကားတွေ ဖြတ်သွားသည်ကို ငေးနေမိသည်။


“ဆရာ စာတွေအတော် ဖတ်ပြီးပြီလား”


“ဘာစာတွေကို ပြောတာလဲ”


“စာမေးပွဲအတွက်လေ”


“အင်း ... ကျောင်းတွေ ပိတ်တော့မယ်နော် … ပြန်ရတော့မယ်ပေါ့”


“အင်းနော်”


“ကျွန်တော် မနှင်းအေးကို တစ်ခုလောက်ပြောချင်တယ်”


“ပြောလေ”


ထိုစဉ် စိန်ပန်းပင်ကြီးပေါ်မှ နီနီရဲရဲ စိန်ပန်းပွင့်တစ်ပွင့်က ကျွန်တော်တို့ ထိုင်နေသည့် ခုံတည့်တည့်ကို ကျလာသည်။ မနှင်းအေးက ကောက်ယူလိုက်ပြီး လက်ဝါးပေါ်တင်ကာ


“လှလိုက်တာ ဆရာရယ်”


“မနှင်းအေးက အနီရောင် အတော်လေးကြိုက်တယ်နော်”


“ဟုတ်တယ်။ ကျွန်မ အနီရောင်ကို အရမ်းသဘောကျတယ်”


“မနှင်းအေး”


“ရှင်”


ထိုစဉ် မနှင်းအေး၏ သူငယ်ချင်းတွေကို အထုပ်တွေဆွဲပြီး ဆိုင်ထဲဝင်လာကြသည်။


“အောင်မယ် ဒီနှစ်ယောက် အကြည်ဆိုက်နေကြသလား” ဟု တစ်ယောက်က အော်သည်


“ဟဲ့ … နင်တို့က … ဘာတွေ အော်နေတာလဲ”


“လာ ပြန်ကြမယ် … ကောင်မ … ဈေးမလိုက်ချင်ဘူးဆိုတာ ခုမှသိတယ်”


“ဆရာ … ကျွန်မ သွားတော့မယ်”


ကျွန်တော်တို့ သင်တန်းတွေ ပြီးသွားကြသည်။ ကိုယ့်မြို့ကို အသီးသီးပြန်ကြသည်။ ကျွန်တော်လည်း ရာထူး တိုးဖြင့် နယ်ပြောင်းရသည်။


နှစ်တွေကြာသွားပါပြီ။ အဟောင်းတွေ အသစ် ပြန်မဖြစ်ချင်တော့ပါ။ အကြိမ်ကြိမ် လွဲခဲ့ရသဖြင့် နောက်ထပ် လည်း အရဲမစွန့်ဝံ့တော့ပါ။


တစ်နေ့ ကျွန်တော် ကွန်ပျူတာသင်ပေးနေသည့် ဦးဇင်းက ကျောက်ပုံတန်းရွာကို သွားမည်ဟုဆိုသည်။ ထိုရွာ ကထိန်ပွဲအားဖိတ်ထားသည်။ ကျွန်တော့်ကို ဦးဇင်းက ထိုရွာကို အတင်းခေါ်သည်။ ဦးဇင်းကလည်း သူ့ဇာတိရွာ ဖြစ်နေသဖြင့် အတင်းခေါ်နေရာ အားနာသောကြောင့် လိုက်ခဲ့သည်။


ကထိန်ပွဲပြီးသည့်အခါတွင် ဦးဇင်းက


“ဒကာကြီး ဦးဇင်း ရွာထဲကို ခဏသွားဦးမယ်။ ကျောင်းမှာပဲ အေးအေးဆေးဆေးနေခဲ့”


“တပည့်တော်က ဘယ်သူနဲ့မှလည်း မသိဘူးဘုရား။ ကြောင်တောင်တောင်နဲ့”


“ဒါဆိုလည်း လိုက်ခဲ့လေ။ ညီမတစ်ယောက် နေမကောင်းလို့ သွားကြည့်မှာ”


ရွာလယ်ရှိ နှစ်ထပ်အိမ်ကြီးတစ်လုံးကို ကျွန်တော်တို့ ရောက်လာကြသည်။ အိမ်အောက်က အိမ်ဆိုင်ဖွင့်ထား သည်။ ဦးဇင်းက အပေါ်ထပ်ကို အိမ်ဘေးလှေကားကတစ်ဆင့် တက်သွားသည်။ ကျွန်တော်လည်း လိုက်သွား မိသည်။


ဦးဇင်းကို အိမ်ဦးခန်းတွင် ဖျာတွေခင်းပြီး ကန်တော့ကြသည်။ ကျွန်တော်က ပြတင်းပေါက် သံတိုင်အနီးတွင် ထိုင်ပြီး အပြင်ကို ငေးကြည့်နေမိသည်။


“နှင်းအေး နေကောင်းပြီလား”


“မကောင်းဘူးဦးဇင်း … အခြေအနေက ပိုဆိုးလာတယ်”


“ခေါ်ခဲ့ပါဦး”


အဘွားကြီးက အခန်းထဲဝင်သွားပြီး အမျိုးသမီးတစ်ယောက်ကို တွဲကာ ထွက်လာသည်။ ထိုအမျိုးသမီးက ခေါင်းတွင် ပန်းတွေကို ဝေနေအောင်ပန်ထားသည်။ ပန်းတွေက အနီရောင် စိန်ပန်းပွင့်တွေ


“မိနှင်း … လာဦး … ငါ့ကို မှတ်မိလား”


“အလို ဘာတဲ့ … ပစ္စေကဗုဒ္ဓါလား။ အင်း … ငါ့ရှင် … တောထွက်လာသလား”


“ဟဲ့ သမီး … ဦးဇင်းကြီးလေ … နင့်အစ်ကိုဟဲ့”


“ဩော် … တောထွက်သွားတဲ့ ကိုယ်တော် … ဘာလို့ ခုမှ ပြန်လာရသလဲ။ အလာကောင်းပေမယ့် အခါနှောင်းပြီ တော့”


“မိနှင်း ဘာတွေ လျှောက်ပြောနေတာလဲ … နင့်စိတ်ကို ထိန်းစမ်း”


“ထိန်း … ထိန်း … ထိန်း … ဒိန်း … ဒိန်း … ဒိန်း … သေဟ … သေလိုက်ကြ”


ကျွန်တော် သူ့ကိုသေသေချာချာကြည့်နေမိသည်။ အတော်လေး ပိန်သွားသည်။ အသားတွေကလည်း ဖြူဖပ် ဖြူရော်ဖြစ်နေသည်။ မျက်ကွင်းတွေညိုပြီး ပါးရိုးတွေက ချောင်ကျနေသည်။ ဟုတ်မှာပါ။ သူဖြစ်မှာပါ။


မနှင်းအေးက ကျွန်တော့်ရှေ့ရောက်လာသည်။ ထဘီကို ပြင်ဝတ်လိုက်ပြီး သေသေချာချာ စိုက်ကြည့်နေသည်။ ကျွန်တော်က


“မနှင်းအေး” ဟုခေါ်လိုက်သည်


“ဘာလဲ … ခုမှ လူကို သတိရတာလား။ ရှင် … သိပ်ရက်စက်တာပဲ။ အရမ်းရက်စက်တာပဲ။ ကျွန်မ လွမ်းလို့ သေတော့မယ်။ ရှင် ကျွန်မကို အဆက်အသွယ် မလုပ်ဘဲ နေနိုင်သလား။ ရက်စက်တယ် … အရမ်း ရက်စက်တယ် …”


မနှင်းအေးက ပြောလည်းပြော ကျွန်တော့်ရှေ့တွင် ထိုင်ချလိုက်ပြီး ကျွန်တော့် ပခုံးတွေကို ဆွဲလှုပ်သည်။


တစ်အိမ်လုံးက မနှင်းအေးကို ဝိုင်းချုပ်သည်။


“လွှတ် … လွှတ် … ငါ့လင် … အဲဒါ ငါ့လင် … သူပြန်လာပြီ … သူပြန်လာပြီ … ပျော်လိုက်တာ … ဟေး … ပျော် လိုက်တာ”


မနှင်းအေးကို ချုပ်ပြီး အခန်းထဲ ခေါ်သွားကြသည်။ အခန်းတံခါးကို အပြင်က ပိတ်လိုက်သည်။ အခန်းထဲတွင် ဝုန်းဒိုင်းဖြစ်ပြီး သောင်းကျန်းနေသည်။


ဦးဇင်းက ကျွန်တော့်ကို


“ဒကာကြီး အားနာလိုက်တာ။ ဦးဇင်းနှမက သိပ်ပြီး စိတ်မနှံ့ဘူး”


“ကြာပြီလား”


“ကြာပြီ … ဆရာအတတ်သင် သွားတက်သေးတယ်။ ပြန်လာပြီး မကြာဘူး ဖောက်တော့တာပဲ”


“မကုကြဘူးလား”


“စိတ္တဇဆေးရုံက ပြန်လာတာ သုံးခါရှိပြီ”


“ကောင်းအောင်ကုပေးကြပါ … စိတ်မကောင်းလိုက်တာ … နှမြောစရာပဲ”


“သဗ္ဗေသတ္တာ ကမ္မသကာ ပေါ့ဒကာကြီး”


တင်ညွန့်


၈.၈.၂၀၁၈

Comments