ကူးတို့ဆိပ်တွင် မှို့ဖောက်ကြည့်ခြင်း(တင်ညွန့်)

ကူးတို့ဆိပ်တွင် မှို့ဖောက်ကြည့်ခြင်း

------------------------------------
“မှို့တွေဝယ်တယ် … မွေ့ရာအဟောင်းတွေ ဝယ်တယ် … ခေါင်းအုံး အဟောင်းတွေ ဝယ်တယ်”

ခင်မြင့်သည် မှို့လိုက်ဝယ်သူဖြစ်သည်။ ရပ်ကွက်ကြို ရပ်ကွက်ကြား သူ့အသံကို နေ့တိုင်းကြားရမည်။

မှို့ဆိုသည်မှာ အစွပ်တစ်ခုထဲ ထည့်ထားလိုက်လျှင် ခေါင်းပဲခုခု၊ ဖင်ပဲခုခု၊ ကျောပဲခုခု တစ်ခုခုတော့ အရသာကို ပေးမည်။ ခေတ်သစ်တွင် မည်သူမျှ သစ်သားတုံးကို ခေါင်းမအုံး။

သို့သော် ခေတ်ကပြောင်းလဲလာသည်။ စပရင်တွေနှင့် ဖော့တွေကို သုံးလာကြသည်။ ဖော့ခေါင်းအုံး၊ ဖော့မွေ့ရာ၊ ဖော့ဖက်လုံးတွေ ခေတ်စားလာသည်။ မှို့တွေ ရှားလာသဖြင့် အဝတ်စခေါင်းအုံးနှင့် မွေ့ရာတွေ ပေါ်လာသည်။ ခင်မြင့်တို့က မွေ့ရာအဟောင်း၊ ခေါင်းအုံးအဟောင်းတွေ လိုက်ဝယ်ပြီး မှို့ထုတ်ကာ ပြန်ဖွပြီး ရောင်းသည့် ဈေးကွက်တစ်ခုကို ကောင်းကောင်းမိထားသည်။

ဖော့တွေ ရေမြှုပ်တွေခေတ်စားလာသဖြင့် လူတွေက လိုင်းပြောင်းလာကြသည်။ မှို့တွေက တောလောက်သာ သုံးလာသည်။ သို့သော် မြို့ပြတွင် ရှေးကျကျအိမ်များ၌ မှို့ခေါင်းအုံး၊ မှို့မွေ့ရာတွေ ရှိနေသေးသည်။

မှို့ကို လူတိုင်းသုံးဖူးပါသည်။ မှို့က ဝယ်လိုက်စဉ်ကသာ ဖောင်းတောင်းတောင်းနှင့် ကောင်းသည်။ ကြာလာလျှင် ပိပြားလာပြီး ပြားချပ်ချပ် မာတောင့်တောင့်ဖြစ်လာတတ်သည်။

မှို့ဆိုသည်မှာ ထည့်စဉ်ကကောင်း … ကြာလျှင် ပြောင်းသွားသည်။

ဦးသန်းနှင့် ဒေါ်စိန်တို့ မင်္ဂလာဦးအဖြစ် ရထားသည့် မွေ့ရာ၊ ခေါင်းအုံး၊ ဖက်လုံး အားလုံးသည် မှို့ဖြင့်ပြုလုပ်ထား သော ခန်းဝင်ပစ္စည်းများဖြစ်သည်။ ယခုဆိုလျှင် နှစ်ပေါင်း ၅၀ ကျော်လောက်ပင်ရှိတော့မည်။ သူတို့လင်မယား ကျွန်းကုတင်၊ မှို့မွေ့ရာနှင့်နေလာကြသည်မှာ အသားကျနေပြီ။

ဤမွေ့ရာပေါ်တွင် မွေးခဲ့သောကလေး ၇ ယောက်စလုံးကို သိပ်ခဲ့သည်။ ကလေးတွေ ပါချခဲ့သောချေး၊ ပေါက်ချခဲ့သောသေးတွေကြောင့် မွေ့ရာက အကွက်အကွက်တွေနှင့် ညစ်ပတ်နေသည်။ တစ်နှစ်တစ်ကြိမ်ပင် နေပူထဲ ထုတ်ပြီး မလှမ်းခဲ့မိသော မွေ့ရာဖြစ်သည်။ ထို့အတူပင် ခေါင်းအုံးတွေကလည်း ဆီချေးတွေအထပ်ထပ် ဖြစ်နေသည်။

“မှို့တွေဝယ်တယ် … မွေ့ရာအဟောင်းတွေ ဝယ်တယ် … ခေါင်းအုံး အဟောင်းတွေ ဝယ်တယ်”

ရပ်ကွက်ထဲတွင် ခင်မြင့်အသံကြားရပြန်သည်။

ဦးသန်း၏ သားကြီးက

“အဖေ မွေ့ရာတွေ ရောင်းလိုက်ပါတော့”

“ဘာဖြစ်လို့ ရောင်းမှာလဲ … ဒါမင်္ဂလာဦးပစ္စည်း”

“မင်္ဂလာဦးပစ္စည်းပေမယ့် အမေသေကတည်းက အဖေခင်းမှ မအိပ်တော့တာ”

ဒေါ်စိန်သေစဉ်က အတော်လေး အခြေအနေဆိုးသည်။ သားအိမ်ကင်ဆာဖြစ်သည်။ အရေပြားတွေက အကွက်တွေထပြီး အနာတွေပေါက်သည်။ မသေမီ ၉ ရက်လောက် အနာတွေက အရည်တွေ ယိုစီးကျသည်။ မွေ့ရာထဲတွင် ပြည်တွေ၊ အရည်တွေစီးကျထားသည်။
ဒေါ်စိန်၏ မသေမီကတည်းက ပုပ်နေသော အရည်တွေ နစ်ဝင်နေသော မွေ့ရာကို နေမည်မျှလှမ်းသည်ဆိုစေ အနံ့ကပမပျောက်။ ထို့ကြောင့် ဒေါ်စိန်သေပြီးနောက် မွေ့ရာကို အထပ်ခိုးတွင်တင်ထားခဲ့သည်။

“မှို့တွေဝယ်တယ် … မွေ့ရာအဟောင်းတွေ ဝယ်တယ် … ခေါင်းအုံး အဟောင်းတွေ ဝယ်တယ်”

ခင်မြင့်က အိမ်ရှေ့တွင်ရပ်ပြီး အော်နေသည်။

“အေးပါကွယ် … မသုံးမယ့်အတူတူ ရောင်းလိုက်တော့”

အဖေဖြစ်သူထံမှ ခွင့်ပြုချက်ရသဖြင့် သားက လှမ်းခေါ်လိုက်သည်

“မွေ့ရာနဲ့ ခေါင်းအုံး ရောင်းမယ်”

သူတို့ အိမ်ပေါ်က မွေ့ရာနှင့်ခေါင်းအုံးထုတ်လာကြသည်။

ခင်မြင့်ကတစ်ချက်ကြည့်လိုက်သည်။ လိပ်ထားသည့်အတိုင်း မဖြေဘဲကြည့်နေခြင်းဖြစ်သည်။ ထို့နောက် လက်နှင့် ဖိကြည့်သည်။ ထိုးကြည့်သည်။

“ဘယ်လောက်ပေးမလဲ”

“ခေါင်းအုံးရော ရောင်းမှာလား”

“ဟုတ်တယ်”

“မွေ့ရာနဲ့ခေါင်းအုံး နှစ်မျိုးပေါင်း ၂၀၀၀ ပေးမယ်”

“ဟာ … မင်းကလည်း”

“အေးလေ … မရောင်းလည်းနေပေါ့”

“၃၀၀၀ တော့ပေးကွာ”

“၂၅၀၀ ရမယ်”

“ယူသွား”

ခင်မြင့်ပျော်သွားသည်။ သူမှန်းထားသည့်ဈေးထက်ပင် လျှော့ရလိုက်သည်။ သူက မွေ့ရာကို လက်နှင့် ဆကြည့်သည်။ မှို့အချိန်မည်မျှထွက်မည်ကို မှန်းပြီး ပျော်နေသည်။

မွေ့ရာကို ကြိုးနှင့်တုပ်သည်။ ခေါင်းအုံးကိုကိုင်လာပြီး သူပြန်တော့မည်။ ယနေ့ဆက်သွားစရာမလိုတော့။

ကူးတို့ဆိပ်ကိုဆင်းလာပြီး ရန်ကုန်ဘက်ကိုကူးမည်။ သင်္ဘောပေါ်သို့ ခက်ခဲစွာ မွေ့ရာကိုတင်သည်။ အနံ့ အသက်က ယခုမှ ပိုထွက်လာသလိုပင်။ သင်္ဘောစီး ခရီးသည်တွေက နှာခေါင်းရှုံ့ကြသည်။

“ဟ ဘာနံ့ကြီးလဲ”

ခင်မြင့်က ယနေ့မှ နှာခေါင်းပိတ်နေသည်။ လူတွေက အော်နေပြီ

“နံတယ် … မွေ့ရာက နံတယ်”

ခင်မြင့် မွေ့ရာပေါ်ထိုင်နေရာက ပြန်ထလိုက်သည်။ သူပြန်ထလိုက်ချိန်တွင် ကြိုးကပြတ်သွားပြီး မွေ့ရာက ဖြန့်ထွက်သွားသည်။

မွေ့ရာအလယ်တွင် အကွက်ကြီးတစ်ကွက်ဖြစ်နေသည်။ အကွက်က ချောက်နေပြီ။ ခင်မြင့်က အကွက်ကို ကိုင်ကြည့်သည်။
သင်္ဘောက ကူးတို့ဆိပ်ကိုရောက်ပြီ။ လူတွေက ကမ်းပေါ်အမြန်ဆင်းကြသည်။

ခင်မြင့်က မွေ့ရာပေါ်မှ အကွက်ကို ဆွဲခွါလိုက်သည်။ အချပ်လိုက် ကွာထွက်သွားသည်

“ဟာ … သွားပြီ”

သူထင်ထားသည်မှာ မွေ့ရာထဲက မှို့တွေ လွင့်သွားမည်ထင်သည်။

မွေ့ရာထဲတွင် မှို့တွေက အပုပ်ရည်တွေဝပြီး ခြောက်နေသည်။

မွေ့ရာတစ်ခုလုံးကို ဖြဲထုတ်လိုက်သည့်တိုင် မှို့တွေက လေအတိုက်တွင် ဝေ့ဝဲလွင့်ထွက်သွားစရာ အကြောင်း မရှိ။

အဘယ်ကြောင့်ဆိုသော် မွေ့ရာထဲက မှို့တွေက အပုပ်ရည်တွေပြည့်နေသောကြောင့်ဖြစ်သည်။

တင်ညွန့်

၂၅.၃.၂၀၁၉

Comments