ဖျားတဲ့ကောင်လေး (တင်ညွန့်)

ဖျားတဲ့ကောင်လေး

--------------------
ဦးဇင်းတာတေကြီးနှင့် မတွေ့ခဲ့သော်လည်း ကောင်လေး ပျော်သွားသည်။ သူ့ထံတွင် ဂရမ်မာစာအုပ်တစ်အုပ် ရလာပြီ။ သူတို့ စာရွက်ပေါ်တွင် ရေးဆွဲခဲ့သည့် လမ်းညွှန်အတိုင်း လျှောက်သွားရင်း ပန်းဆိုးတန်း ကုန်သွယ်ရေး ရုံးကြီးအောက်က စာအုပ်တန်းကို ရောက်လာသည်။ အဟောင်းပုံထဲတွင် စာအုပ်တွေ တောင်ပုံရာပုံကို တွေ့ရသည်။ သို့သော် သူ့ထံတွင် ပိုက်ဆံများများစားစားမပါသောကြောင့် စိတ်ပျက်ပြီး လျှောက်ကြည့်ကာ ပဲခူး ပြန်လာရသည်။ မည်သို့ဆိုစေ လမ်းစတစ်ခုတော့ ပေါ်ခဲ့ပြီ။

ပဲခူးပြန်ရောက်ပြီးနောက် တစ်နေ့တွင် ကျောင်းသွားရန် ဈေးကြီးထဲကဖြတ်လာပြီး အမေ့ထံ မုန့်ဖိုးဝင်တောင်း သည်။ အမေက သူ့ကို မုန့်စားတန်းခေါ်သွားပြီး မုန့်ဟင်းခါးကျွေးသည်။ မုန့်စားတန်းကို ဖြတ်သွားစဉ် သတင်းစာ စက္ကူအဟောင်းများရောင်းသည့် ဆိုင်ရှေ့တွင် ကုလားတစ်ယောက်က ခြင်းထဲမှ စက္ကူတွေ၊ သတင်းစာတွေ၊ စာအုပ်တွေ မှောက်သွန်လိုက်သည်ကိုတွေ့လိုက်ရသည်။

စာအုပ်တွေက အင်္ဂလိပ်စာအုပ်တွေဖြစ်သည်။ သူက ရပ်ပြီး ငေးကြည့်နေသဖြင့် အမေက

“ကောင်လေး လာလေ” ဟု လက်ဆွဲခေါ်သည်

“အမေ … အဲဒီ စာအုပ်တွေက ရောင်းတာလား မသိဘူး”

“အေးလေ … အချိန်နဲ့ ပြန်ရောင်းတာနေမှာပေါ့”

“အင်္ဂလိပ်စာအုပ်တွေအမေ”

“အေးလေ … နေဦး အမေ မေးပေးမယ် … ဒီစာအုပ်တွေ ရောင်းဖို့လား”

“ဟုတ်တယ် … ယူလေ … တစ်ပိသာ …”

ကောင်လေးက အင်္ဂလိပ်စာအုပ်တွေကို ရွေးထုတ်လိုက်ရာ ၆ အုပ်ရသည်။

“အဲဒါ ဘယ်လောက်သားလောက်ရှိမလဲ”

အမေက ပျော်နေသည်။ သူ့သားက အင်္ဂလိပ်စာအုပ်တွေ ဝယ်နေသောကြောင့် ဖြစ်သည်။ အင်္ဂလိပ် စာအုပ်တွေက ဝတ္ထုတွေဖြစ်သည်။

“ဘာစာအုပ်တွေလဲသား”

“ဝတ္ထုတွေအမေ”

“သားဖတ်တတ်လို့လား”

“နည်းနည်းပါးပါးပေါ့”

ထိုနေ့ကစပြီး အဟောင်းတန်းတွင် စာအုပ်တွေရတတ်မှန်း သူသိလာသည်။ ဈေးလည်းသက်သာသည်။ တစ်အုပ်မှ ငါးမူး၊ ထူလွန်းမှ တစ်ကျပ်လောက်သာကျသည်။ သူ့အတွက် တန်ဖိုးမဖြတ်နိုင်သည့် စာကြည့်တိုက်ကြီး တစ်ခုကို ဈေးထဲရှိ စက္ကူအဟောင်းတန်းတွင် တွေ့ရပြီ။ သို့သော် ကောင်လေးက အမေ့ထံက ပိုက်ဆံမတောင်းချင်တော့။ သူတစ်ခုခု ကြံစည်ရတော့သည်။

သူတို့လမ်းထိပ်တွင် အဝီစိတွင်းတူးသည်။ လမ်းထဲတွင် ရေရှားသည်။ အစိုးရပေးသည့် ရေဘုံဘိုင်နှင့် ရေကန်က တန်းစီရသည်။ အဝီစိတွင်းတူးပြီး ထိုအိမ်က ရေရောင်းသဖြင့် လူတွေ အဆင်ပြေသည်။ ကောင်လေးက သူ့အိမ်အတွက် သူရေထမ်းသည်။ ထိုခေတ်က ဘာလီပုံးနှစ်ပုံးနှင့် တစ်ထမ်းမှ ၁၅ ပြားပေးရ သည်။

ရပ်ကွက်ထဲက လူတွေက ရေတစ်ထမ်း ငါးမူးပေးပြီး ဝယ်ကြသည်။ ရေစက်ကို ၁၅ ပြားပေးလျှင် သူ့အတွက် ၃၅ ပြားကျန်မည်။ ကျောင်းမသွားမီရေထမ်းမည်။ ညနေကျောင်းပြန်လာလျှင် ရေထမ်းမည်။ မနက် ၁၀ ထမ်း ပို့ပြီးလျှင် သူ့အတွက် ၃ ကျပ်ခွဲကျန်သည်။ ညနေ ၁၀ ထမ်းပို့လျှင် သူ့အတွက် ၃ ကျပ်ခွဲကျန်သည်။ ထို့ကြောင့် ကောင်လေး တစ်နေ့ဝင်ငွေက အနည်းဆုံး ၇ ကျပ်ခန့်ရှိသည်။

ကောင်လေးက ရေထမ်းပြီး ရသည့်ငွေထဲက အမေ့ကို ငါးကျပ်ပြန်ပေးပြီး တစ်ရက် ၂ ကျပ်စုသည်။ အမေက မျက်ရည်တွေကြားက

“သားရယ် အမေ စိတ်မကောင်းလိုက်တာကွယ်” ဟုပြောသည်

“အမေရယ် ယောက်ျားပဲဗျာ … နေရာတိုင်း အမေ့ကိုချည်း အားကိုးနေလို့ ဘယ်ဖြစ်မလဲ။ သားလည်း တတ်နိုင် သလောက်ရှာချင်တာပေါ့”

“ကောင်လေးရယ် အမေမချိဘူးကွယ်။ သားပင်ပန်းထားတဲ့ငွေကို အမေ မယူချင်ဘူး”

“အမေရယ် … အမေက တစ်သက်လုံး ပင်ပန်းခဲ့တာပါ”

ကောင်လေးသည် ၈ တန်းဆိုသော်လည်း ထောင်ထောင်မောင်းမောင်းနှင့် ဗလတောင့်သူဖြစ်သည်။ သူတို့ လမ်းထဲတွင် သူအားကျသည့် အစ်ကိုကြီးတစ်ယောက်ရှိသည်။ သူ့အမည်က ကိုမောင်ဝင်းဖြစ်သည်။ ကိုမောင်ဝင်းက စပို့ရှပ်ကို လက်ပင့်ပြီး ကြွက်သားတွေဖော်ကာ ဝတ်တတ်သည်။ သူက ဆံပင်ညှပ်သည်။

တစ်နေ့တွင် ကောင်လေးက သူ့ထံတွင် ဆံပင်ညှပ်ရာသူက

“ကောင်လေး မင်းကတောင့်သားကွ … ဒါပေမဲ့ ခါးကိုင်းကိုင်းနဲ့ သိပ်ပြီး စမတ်မကျဘူး”

“ကိုင်းတော့ ဘာဖြစ်သလဲကိုမောင်ဝင်း”

“ယောက်ျားဆိုတာ ဗလရှိရတယ်ကွ။ ဒီမှာ ငါ့ကိုကြည့်”

သူက ကောင်လေးကို ဗလတွေ ထုတ်ပြသည်။

“ဗလရှိတော့ ဘာဖြစ်သလဲ ကိုမောင်ဝင်း”

“ကောင်လေး ဗလရှိအောင်လုပ်တာ အလကား လုပ်နေတာ မဟုတ်ဘူးကွ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်နေတာ။ ငါသန်မာတယ်။ ကြံ့ခိုင်တယ်လို့ ကိုယ့်ဘာသာကိုယ် တည်ဆောက်နေတာ။ ကိုယ်ခန္ဓာချည်းသက်သက်ကို တည်ဆောက်နေတာမဟုတ်ဘူးကွ။ စိတ်ဓာတ်ကိုလည်း တည်ဆောက်နေတာ။ ကြွက်သားတွေ၊ အရိုးတွေ ကျန်းမာလာမှ မင်းတစ်သက်လုံး ယောက်ျားပီပီသသနဲ့ အလုပ်တွေ ပိုလုပ်နိုင်မှာပေါ့”

“ကျွန်တော် ကိုမောင်ဝင်းလို ဗလတွေတောင့်လာအောင် ဘာလုပ်ရမလဲ”

“ဝိတ်မပေါ့ကွ”

“ဘယ်မှာ မရမှာလဲဗျ”

“၅ လမ်းထဲမှာ ဝိတ်ရုံရှိတယ်လေကွာ။ လာမပေါ့။ တစ်လမှ ဝင်ကြေး ငါးမူးပဲပေးရမှာ”

“ဒါဆို ကျွန်တော်မမယ်ဗျာ”

ဤသို့ဖြင့် ကောင်လေးသည် ညနေတိုင်း ကျောင်းပြန်လွှတ်လျှင် ဝိတ်မတော့သည်။ ရေထမ်းလျှင် ယခင်လို အင်္ကျီမဝတ်တော့။ အင်္ကျီချွတ်ပြီး ထမ်းရသည်ကို ဂုဏ်ယူစပြုလာသည်။

ထိုနှစ်တွင် ကောင်လေး ၈ တန်းကိုဖြေရသည်။ ထင်ထားသည့်အတိုင်း သင်္ချာမဖြေနိုင်။ စာမေးပွဲ အောင်စာရင်း ထွက်လာသည့် အခါတွင် ဝိဇ္ဇာဖြင့်သာအောင်သည်။ သူ့လို့ပင် တရုတ်လေးကလည်း ဝိဇ္ဇာဖြင့်သာအောင်သည်။ ထိုစဉ်က သူတို့ကျောင်းတွင် ဝိဇ္ဇာတွဲဖြင့် ၉ တန်းတွင် သင်သော်လည်း သူက နှိမ်လွန်းသည်ထင်သဖြင့် ဤကျောင်းတွင် ဆက်မနေချင်တော့။ တရုတ်လေးကလည်း ဝိဇ္ဇာသီးသန့်သင်သည့် သူ့အစ်ကိုတက်နေသော အမှတ် ၅ ကျောင်းကို ပြောင်းချင်နေသည်။ သူတို့နှစ်ယောက် အမှတ် ၅ ကျောင်းကို ပြောင်းကြသည်။

အမေကတော့ ပညာရေးအကြောင်း သိသည်မဟုတ်။ ဝိဇ္ဇာဖြင့် အောင်သောကြောင့် မြန်မာစာနှင့် ဘောဂဗေဒ အသင်ကောင်းသည့် အမှတ် ၅ ကျောင်းသို့ပြောင်းချင်သည် ဆိုသော အကြောင်းပြချက်ကို လက်ခံသည်။ ဘာပြောပြော အမေကတော့ ကျောင်းမထွက်ဘူးဆိုလျှင် ကျေနပ်နေမည်သာဖြစ်သည်။

အမှတ် ၅ ကျောင်းသို့ရောက်လာသည့်အခါတွင် သူထင်ထားသည်နှင့် တခြားစီဖြစ်သည်။ ဆရာမ ဒေါ်ပက်စီ၊ ဒေါ်ခင်ဆွေဦး၊ ဒေါ်သန်းနွဲ့၊ ဦးအောင်ဉာဏ်၊ ဦးထွန်းညွန့်ဆိုသည့် ဆရာများကို တွေ့ရသည်။ အသင်အပြ အလွန်ကောင်းသလို တပည့်တွေအပေါ်တွင်လည်း သားသမီးလို ရင်အုပ်မကွာ စောင့်ရှောက်ထိန်းကျောင်းပြီး ပြောဆိုဆုံးမ သင်ပြတတ်သည်။

ကောင်လေးက ယခင်ကျောင်းတွင် လူညံ့ဖြစ်နေသော်လည်း ကျောင်းသစ်တွင် အင်္ဂလိပ်စာ၌ လူတော်ဖြစ်နေ သည်။ မြန်မာစာကလည်း ဆရာကြီး ဦးအောင်ဉာဏ်သင်ပြမှုကို အလွန်ကြိုက်သဖြင့် တစ်နေ့တွင် ငါသည် ဤဆရာကြီးကဲ့သို့ စာသင်ပြမည်ဟုပင် စိတ်ထဲတွင် မှတ်ယူထားမိသည်။

တရုတ်လေးနှင့် အပေါင်းအသင်းဖြစ်ရသည်မှာ သူ့အတွက် အလွန်ပင် ကျေးဇူးများသည်။ သူ့အပေါ် ညီရင်းအစ်ကိုလို အနွံအတာခံရုံမက သူ့ထံမှ ပညာများလည်းရသည်။ သူက ဂန္ထဝင်စာပေများနှင့် နိုင်ငံရေး စာပေတွေ အဖတ်များပြီး ကဗျာလည်းရူးသည်။ သူ၏ ဘာမှန်းမသိသော ကဗျာများကို ကောင်လေးအား ပေးဖတ်နေချိန်တွင် ကောင်လေးက အချိန်နှင့် အဟောင်းတန်းက ရထားသည့် အင်္ဂလိပ်စာအုပ် တစ်အုပ်အား သတိရမိသည်။

“ငါ အဟောင်းဆိုင်က ကဗျာ စာအုပ်တွေ ရထားတယ်ကွ”

“ကဗျာ … ဟုတ်လား။ ငါစိတ်ဝင်စားတယ်”

ကောင်လေးက နောက်တစ်နေ့တွင် သူ့ကို ထိုကဗျာစာအုပ်တစ်အုပ်ပြသည်။ ဝီလျံဘလိတ်၏ ကဗျာစာအုပ် ဖြစ်သည်။

“ငါမှ မဖတ်တတ်တာ … မင်းဖတ်တတ်လို့လား”

“ငါလည်း ဖတ်ကြည့်ဖူးတယ်။ ဒါပေမဲ့ နားမလည်ဘူးကွ”

ဤသို့ဖြင့် ကောင်လေး တစ်ယောက် အင်္ဂလိပ်ကဗျာများကို ဖတ်ကြည့်ချင်စိတ်တွေ ပေါ်လာသလို ကဗျာတွေကို စမ်းပြီး ဘာသာပြန်ကြည့်နေချိန်တွင် ဆရာ မောင်သာနိုး၏ ထင်းရူးပင်ရိပ်ဆိုသည့် ကဗျာဘာသာပြန် စာအုပ်ကြီးက ပေါ်ထွက်လာသည်။

ကောင်လေးတစ်ယောက် လေ့လာရသည့် နယ်ပယ်က ပိုပြီး ကျယ်သွားသည်။ အဟောင်းတန်းက သူအင်္ဂလိပ် ကဗျာစာအုပ်တွေ အစုံလိုက်ရထားသည်။ အားလုံး ခန့်ချုပ်အဖုံးများနှင့်ဖြစ်သည်။ ဆရာ မောင်သာနိုး၏ ဘာသာပြန်ထားသည့် ကဗျာများကို အင်္ဂလိပ်မူရင်း ဘာသာပြန်ချက်များနှင့် တိုက်ဖတ်ရုံမက ဝီလျှံဘလိတ်၏ ကဗျာလေးကို ကြိုက်လွန်းသောကြောင့် အလွတ်ကျက်ထားသည်မှာ ယနေ့တိုင်ရနေသည်။

The Sick Rose

By William Blake

O Rose thou art sick.

The invisible worm,

That flies in the night

In the howling storm:

Has found out thy bed

Of crimson joy:

And his dark secret love

Does thy life destroy.

ဆရာမောင်သာနိုးက “ဖျားတဲ့နှင်းဆီ” ဟု ဘာသာပြန်ထားသည်။

ဖျားတဲ့နှင်းဆီ

ဝီလျံဘလိတ်

အို … နှင်းဆီ မင်းဖျားနေပါကလား

ညည်းညူညူ နဲ့မုန်တိုင်းထန်စဉ်

ညအခါမှာပျံသန်းလာသူ

မမြင်ရတဲ့ပိုးကောင်ဟာ

နီတျာတျာပျော်ရွှင်မှုနဲ့ပြီးတဲ့

မင့်စက်ရာကိုတွေ့သွားလေတော့

သူ့ရဲ့မည်းမှောင်လှျှို့ဝှက်တဲ့အချစ်က

မင်းဘဝကိုဖျက်စီးခဲ့လေပေါ့ ။

ဖျားနေတဲ့ နှင်းဆီပန်းလေးကို စိတ်ထဲတွင် စွဲလမ်းနေရင်းက တစ်နေ့တွင် ကျောင်းသို့အလာ လမ်းပေါ်တွင် ကျနေသည့် နှင်းဆီပန်းလေးတစ်ပွင့်ကို တွေ့လိုက်မိသည်။ ပန်းလေးက အနီရောင်။ လတ်လတ်ဆတ်ဆတ်နှင့် ရေလေးတွေပင် စိုနေသေးသည်။ ရေစိုနေလျှင် ဖျားသည့် နှင်းဆီမဖြစ်နိုင်။ လန်းတဲ့နှင်းဆီလေးဖြစ်သည်။

ကောင်လေးက နှင်းဆီပန်းလေးကို ကောက်ကိုင်လိုက်ပြီး မွှေးကြည့်ရန် ပြင်လိုက်ချိန်တွင်

“ဟေ့ … သူများပန်းကို အခွင့်မရဘဲ ဘာကြောင့်နမ်းချင်ရတာလဲ” ဟု အော်သံကြားလိုက်ရသဖြင့် တုန်သွား မိသည်။

သူက မော့ကြည့်လိုက်သည့်အခါတွင် ကောင်မလေးတစ်ယောက် လွယ်အိတ်လေးကို နောက်ပစ်လိုက်ပြီး ခိုးခိုး ခစ်ခစ်ရယ်လိုက်သည်။

နှင်းဆီပန်းလေးကို ကောက်ကိုင်လိုက်မိသည့် ကောင်လေး ကျိန်စာမိသွားသည်။

သူဖျားပြီ။

တင်ညွန့်

၂၉.၆.၂၀၁၈

Comments