ရှာပုံတော်(တင်ညွန့်)

ရှာပုံတော်

-----------
ကျွန်တော်နဲ့ ကိုရွှေမိုး ဘုန်းကြီးကျောင်းဘက်ကို လမ်းလျှောက်ထွက်လာကြတယ်။

“ရွာလယ်လမ်းက မသွားချင်ဘူး။ တခြားလမ်းမရှိဘူးလားဆရာ”

“ရှိတယ်လေ … ထွန်စက်လမ်းကြောင်းအတိုင်းသွားပြီး လယ်ကွင်းထဲဖြတ်လိုက်ရင်ရတယ်”

“အဲဒီအတိုင်း သွားကြတာပေါ့။ ဒါနဲ့ ဆရာ … နာနာဘာဝဆိုတာတွေကို ယုံကြည်သလား”

“အင်း တစ်ကြိမ်မှတော့ မကြုံဖူးပါဘူး။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ လိုမယ်မထင်ဘူး။ ကျွန်တော် မပြောချင်ဆုံး ကိစ္စပေါ့”

“ဆရာအိပ်မက်ကိုရော ယုံသလား”

“ဘာကို ပြောတာလဲ ကိုရွှေမိုး”

“ဥပမာဗျာ ညက အိပ်မက်ထဲမှာ ဆရာ့ကို အဝတ်နက်ကြီးတွေ ဝတ်ထားတဲ့ နာနာဘာဝတွေ လိုက်သလိုမျိုး”

“ဟာ … ကိုရွှေမိုး ဆန်းလိုက်တာ … ခင်ဗျား ကျွန်တော့်အိပ်မက်ကို ဘာဖြစ်လို့ သိနေသလဲ”

“မဆန်းပါဘူးဆရာ … လူတိုင်းမှာ မျက်လုံးတွေဟာ စိတ်ရဲ့ ပြတင်းပေါက်တွေပါ။ ဆရာ မျက်လုံးတွေကို ညာလို့ မရပါဘူး။ မျက်လုံးတွေကို ဖတ်တတ်တဲ့ပညာ ကျွန်တော်တတ်ထားတယ်။ ဆရာ ဘာပြောချင်နေသလဲဆို တာကအစ ဆရာ့မျက်လုံးကိုကြည့်လိုက်ရင် ကျွန်တော် သိနေတယ်ဆိုရင် ယုံမလား”

“ပြောရခက်တယ်။ ခင်ဗျားနဲ့ ဆုံလိုက်မှ ကျွန်တော့်ဘဝမှာ အဆန်းတွေချည်း ကြုံနေရတယ်။ မထင်မှတ် ထားတာတွေပေါ့။ ကဲ ရောက်ပါပြီ။ ဒါက ရွာဦးရေကန်ကြီးပဲ”

“အကျယ်ကြီးပဲ”

“ဟုတ်တယ် … ကျွန်တော့်စိတ်ထင် ဘောလုံးကွင်းတစ်ဝက်လောက်ရှိမယ်ထင်တယ်။ ရေတစ်ခါမှ မခမ်းဘူးဗျ။ တစ်ဆောင်းလုံး တစ်နွေလုံး ဒီ ရေကန်ထဲက ရေပဲ သုံးနေကြတာ”

“တစ်ကန်လုံး ကြာပင်တွေ ကြာရိုးတွေ ကြာရွက်တွေ ပြည့်နေတာပဲ။ ဆရာ ထူးခြားတာ ဘာသတိထားမိသလဲ”

“ကျွန်တော်တော့ မတွေ့မိပါဘူး”

“ဟိုး ကန်လယ်ကိုကြည့်လိုက်ဆရာ။ တွေ့လား …တစ်ကိုက်ပတ်လည်လောက်မှာ ဘာပင်မှရှိမနေတာ မထူးဆန်းဘူးလား”

“အေး ဟုတ်သား … ခင်ဗျားပြောမှ သတိထားမိတယ်”

“ဒါနဲ့ မနေ့က ဒေါ်ငြိမ်းပြောတဲ့အထဲမှာ ဆရာတော်ကြီးဆိုတာ ကြားလိုက်တယ်။ အသက်အတော်ကြီးပြီလား”

“ဆရာတော်ကြီးဆိုတာ ယခင်ဆရာတော်ကြီးကို ပြောတာဖြစ်မယ်။ ပျံလွန်တော်မူသွားပြီ။ ခုကျောင်းထိုင်က ဆရာတော်ကြီးရဲ့ တူတော်တယ်ပြောတယ်။ အညာကနေ ရောက်လာပြီး ကျောင်းဆက်ထိုင်နေတာ”

“ဩော် … ဆရာတော်ကြီး ဆုံးသွားတာ ဘယ်လောက်ကြပြီလဲ”

“ဒီ … တပေါင်းလဆိုရင် သုံးနှစ်ပြည့်ပြီ။ ဟိုမှာလေ … ဆရာတော်ကြီး အထိမ်းအမှတ် အုတ်ကျောင်းဆောင်နဲ့ တိုက်လေးလုပ်ထားပေးတာ။ ကန်စပ်မှာ”

“ဒါနဲ့ ဆရာတော်ကြီး ဈာပနကို ဆရာမီလား”

“မီတာပေါ့ … ကျွန်တော်ရောက်တဲ့နှစ်မှာပဲ ပျံလွန်တော်မူတာ။ အလွန်ကြည်ညိုစရာကောင်းတာ။ ဆရာတော်ကြီးက အဂ္ဂိရတ်သမား။ အမြဲဖိုထိုးနေတတ်တယ်။ ထူးခြားတဲ့ ပုဂ္ဂိုလ်ကြီးလို့ပြောကြတယ်”

“ဘယ်လို ထူးခြားတာလဲဆရာ”

“ဆရာတော်ကြီးဆီမှာ ဆွမ်းကွမ်း ပြတ်တာ တစ်ခါမှ မရှိဘူး။ ရွာထဲကိုလည်း ဆွမ်းခံမထွက်ဘူး။ ကလေးတွေပဲ ကိုရင်ကြီးတစ်ပါးနဲ့ ဆွမ်းခံထွက်တယ်။ ကိုရင်ကြီးပြောတာက ဆရာတော်ကြီးက မီးလွတ်စားတယ်ပြောတယ်။ သူ့ကျောင်းထဲဝင်လိုက်ရင် ငှက်ပျောသီးအနံ့တွေ သင်းနေတတ်တယ်”

“ခုကျောင်းမှာ ရှိနေတာက ဆရာတော်ကြီးတူဆိုတော့ အသက်ကြီးပြီလားဆရာ”

“ဦးဇင်းလေးလား။ မကြီးသေးဘူး။ သက်တော် ၄၀ ကျော်ကျော်လောက်ပဲရှိဦးမယ်။ စာတတ်ဗျ။ ဒါပေမဲ့ ဘယ်သူနဲ့မှ မတည့်ဘူး။ ဘုကျသလားလည်း မပြောနဲ့။ စကားပြောလည်း ပြတ်တယ်။ အပိုလည်း မပြောဘူး။ ရွာထဲလည်း မထွက်ဘူး။ လူတွေလာရင်လည်း ဧည့်ခံပြီး စကားတွေအရှည်ကြီး မပြောဘူး”

“နောက်ရောက်လာတဲ့ ဦးဇင်းကလည်း အဂ္ဂိရတ်သမားပဲလား”

“ဟုတ်မယ်မထင်ပါဘူး။ ဆရာတော်ကြီး ဖိုးထိုးတဲ့အခန်းက ဒီအတိုင်း ပိတ်ထားတာတွေ့ရတယ်”

“ဦးဇင်းလေးဆိုတာကို ဝင်ဖူးရအောင်”

“အင်း ကိုရွှေမိုးရေ ဘယ်လိုပြောရမလဲ။ အလွန်ဘုကျတာကြောင့် စကားပြောဖို့ သိပ်မကောင်းဘူး။ ကျွန်တော်နဲ့ တော့အဆင်ပြေပါတယ်။ ဘုသမားချင်းဖြစ်နေလို့လားတော့ မပြောတတ်ဘူး။ ခင်ဗျားကို စကားကောင်း ပြောမယ် မထင်ဘူး။ မောင်းလွှတ်မှာ ကျိန်းသေတယ်”

“ဆရာ့ကိုရော”

“ကျွန်တော့်ကိုတော့ စကားလက်ခံပြောပါတယ်”

“ဒါဆိုလည်း ဆရာနဲ့ပါလာတဲ့ ဧည့်သည်အနေနဲ့ ဝင်ဖူးချင်ပါတယ်။ သူက မောင်းထုတ်တော့လည်း ပြန်တာပေါ့။ နေဦး … ဆရာ့ကို တစ်ခု မေးဦးမယ်။ ဆရာတော်ကြီး ပျံလွန်တော်မူစဉ်က ဘယ်နေရာမှာ မီးသင်္ဂြိုဟ်ကြသလဲ”

“ဟောဒီ ကုန်းစောင်းလေးမှာပဲ”

“ဒီ သပြေပင်ကြီးအောက်မှာလား”

“ဆိုပါတော့ … ကဲ ဦးဇင်းလေးကို တွေ့ချင်ရင် လိုက်ခဲ့”

ကျွန်တော်နဲ့ ကိုရွှေမိုး ကျောင်းထဲကို မလွယ်ပေါက်ကနေ တိုးဝင်လိုက်ကြတယ်။ ကျောင်းကို ဆူးခြုံတွေ ကာထားတာကြောင့် ခက်ခက်ခဲခဲ အနီးဆုံးနေရာက ဝင်လိုက်ရတာ။ ကျောင်းရဲ့ သိမ်နောက်မှာ တဲကြီးတစ်တဲ ရှိတယ်။ တဲကို ပိတ်ထားတယ်။

“အဲဒါ ဆရာတော်ကြီး ဖိုထိုးတဲ့တဲကြီးပဲ။ ညဆိုရင် မီးတွေလင်းနေအောင် ထတောက်ဖူးတယ်လို့ ကိုရင်ကြီးက ပြောဖူးတယ်”

ကျွန်တော်တို့ ကျောင်းကြီးပေါ်ကို တက်လာတော့ ဘုရားခန်းရှေ့က ကျွန်းကုလားထိုင်ကြီးပေါ်မှာ ဦးဇင်းက စာဖတ်နေတယ်

“ဟဲ့ … ဘယ်သူတွေလဲ”

“တပည့်တော်တို့ပါဘုရား … ကျောင်းဆရာပါ”

“ဆရာ ဘာကိစ္စလဲ။ မလာတာကြာပြီ”

“ဒီက ဧည့်သည်နဲ့ မနက်ခင်း လမ်းလျှောက်ရင်း ဦးဇင်းကိုမတွေ့တာကြာလို့ ဝင်ဖူးတာပါဘုရား”

“အေး တွေ့ပြီပဲ ပြန်တော့”

“တပည့်တော်တို့ လာတာ မကြိုက်လို့လားဘုရား”

“လူတွေလာရင် ပြဿနာတွေပါလာတတ်တယ်။ ဆရာ အကြောင်းကိစ္စမရှိရင် ပြန်ပါတော့”

ကိုရွှေမိုးကို ဦးဇင်းရှေ့တည့်တည့်တိုးပြီး ဝတ်ပြုလိုက်ရင်းက

“ဦးဇင်းမှာ အနာပေါက်နေတာ ကြာပြီလားဘုရား” လို့ မေးလိုက်တယ်

“ဟဲ့ ဒကာ ငါ့မှာ အနာ ဆိုတာ”

“အရှင်ဘုရား … အနံ့အသက်တောင် မကောင်းတော့ဘူးဘုရား။ အရှင်ဘုရား ဒီအတိုင်းထားရင် အခြေအနေက စိုးရိမ်ရပါတယ်ဘုရား”

“ဒကာ … ငါ့မှာ အနာရှိတာ နင်ဘယ်လိုသိသလဲ”

“မှန်လှပါ အရှင်ဘုရားထိုင်တာ တင်ပါးချမထိုင်ပါဘုရား။ စောင်းထိုင်နေတာကို သတိထားမိတယ်။ ပြီးတော့ အရှင်ဘုရားမျက်နှာက ပူပန်မှုတွေများနေတယ်။ နောက်တစ်ခုက အနံ့အသက်ဘုရား။ တပည့်တော် ဒီအထဲကို ဝင်လိုက်ကတည်းက သွေးပုပ် ပြည်ပုပ်နံ့တွေရပါတယ်။ အရှင်ဘုရားအနာအခြေအနေက အတော်ဆိုးပါ လိမ့်မယ်”

“ကိုင်း နင့်ကို မညာတော့ပါဘူး။ ငါ့မှာ သွေးစုနာပေါက်နေတာ ကြာပြီ။ ရှက်လွန်းလို့ ဘယ်သူ့မှလည်း မပြောရဲ။ နာလွန်းလို့ အိပ်မရတာကြာပြီကွယ်”

“တပည့်တော် ကုပေးနိုင်ပါတယ်ဘုရား … ခွင့်ပြုမှာလား”

“ဧည့်သည်လား … ဘယ်ကလဲ”

ကျွန်တော်ကဝင်ပြီးတော့

“တပည့်တော်ဆီကို ရောက်လာတဲ့ ဧည့်သည်ပါဘုရား။ ရောဂါကုတာကတော့ လက်ဖျားခါလောက်ပါတယ် ဘုရား။ တကယ်ပျောက်ပါတယ်။ ခုမှ သတိထားမိတယ်။ တပည့်တော် မနက်က အိမ်သာတက်တာ ဘာမှ မဖြစ်တော့ဘူးပဲ။ ဟာ … တပည့်တော် လိပ်ခေါင်းလည်း ပျောက်သွားပြီနဲ့တူတယ်”

“ကဲပါ … ဟဲ့ဒကာ ဘယ်လိုကုပေးမှာလဲ”

“တပည့်တော်ကြည့်ချင်ပါတယ်ဘုရား”

“ဟာ … ဒါတော့ မဖြစ်ဘူး။ ကျုပ်ရှက်လွန်းလို့ ဘယ်သူမှ ပြောတာမဟုတ်ဘူး”

“အရှင်ဘုရား အရှက်နဲ့ အသက်နဲ့ ဘယ်ဟာကအရေးကြီးမလဲဘုရား။ ယောက်ျားချင်းပဲ”

“ကဲပါ … နာလွန်းလို့ … ကြည့်ချင်လည်း ကြည့်တော့။ ဟဲ့ ကိုရင်ကြီး အောက်ဆင်း … တံခါးကို ပိတ်သွား”

ဆရာတော်က ကိုရင်ကြီးကို မောင်းထုတ်လိုက်တယ်။ ပြီးတော့ သင်္ကန်းကို လျှောချပြီးတော့ ကိုရွှေမိုးကို ပြလိုက်တယ်။

“အရှင်ဘုရား ပြတင်းပေါက်နားကို သွားရအောင် မှောင်လွန်းတယ်”

ပြတင်းပေါက်နားမှာ ကျွန်တော်က ဖျာခင်းပေးလိုက်ပြီး ခေါင်းအုံးကို ချထားပေးလိုက်တယ်။

“အရှင်ဘုရား ဒီမှာ မှောက်လျက်အိပ်လိုက်ပါဘုရား”

သင်္ကန်းကို လျှောချပြီး ကြည့်လိုက်တော့ တင်ပါးမှာ သွေးစုနာကြီးက ဖူးယောင်ပြီး အတော်လေး အခြေအနေ ဆိုးတယ်။ တစ်လုံးတောင်မဟုတ်ဘူး သုံးလုံးလောက်ရှိတယ်။ အနာက ပြည်တွေ တင်းပြီး စူထွက်နေတယ်။

ကိုရွှေမိုးက လွယ်အိတ်ထဲက စုတ်တံတစ်ချောင်းနဲ့ ဘူးတစ်ခုကိုထုတ်လိုက်တယ်။

“ဆရာ … ကျောင်းဝင်းထဲမှာ ငှက်ပျောဖက် သေးသေးတစ်ရွက်လောက် သွားခူးပါလား”

ကျွန်တော်က ကျောင်းအောက်ကို ဆင်းပြီးတော့ ဆွမ်းစားဇရပ်ဘေးက ငှက်ပျောရွက်တစ်ရွက်ကို ချိုးခဲ့တယ်။ ကျောင်းပေါ်ကိုရောက်တော့ ကိုရွှေမိုးက ဖယောင်းတိုင်ကြီးတစ်တိုင်ကို ထွန်းထားတယ်။

“ပေးဆရာ ငှက်ပျောရွက်”

သူက ငှက်ပျောရွက်ကို လှမ်းယူပြီးတော့ ဘူးကိုဖွင့်လိုက်တယ်။ ပြီးတော့ ဘူးထဲက အမှုန့်တွေကို ငှက်ပျောရွက်မှာ လိုက်သုတ်လိုက်တယ်။ ဖယောင်းတိုင်ပေါ်မှာ ငှက်ပျောရွက်ကို ကင်သလို တင်လိုက်တာ “ဝုန်း” ဆိုပြီး မီးတောက်တွေ ထွက်လာတယ်။ ကျွန်တော်က လန့်ပြီးနောက်ဆုတ်လိုက်တယ်။ ငှက်ပျောရွက်က မီးတွေ ထတောက်နေတယ်။

ကိုရွှေမိုးကို ငှက်ပျောရွက်ကို အရိုးကကိုင်ပြီး လေထဲမှာ ဝှေ့ရမ်းရင်းက ပါးစပ်ကလည်း ဘာတွေမှန်းမသိ ရွတ်နေတယ်။

ပြီးတော့ ကျွန်တော့်ကို ငှက်ပျောရွက်လှမ်းပေးပြီး

“ကိုင်ထားဆရာ” လို့ပြောလိုက်တယ်။

သူကိုထိုင်လိုက်ပြီး ဦးဇင်းတင်ပါးပေါ်ကို စုတ်နဲ့ထိုးတယ်။ အနာတွေကို မထိဘူး။ ရှောင်ပြီးတော့ ထိုးနေတယ်။

“နာသလားဘုရား”

“မနာဘူးကွ”

“ဆရာ ငှက်ပျောရွက်ပေး”

ကျွန်တော်က ငှက်ပျောရွက်လှမ်းပေးလိုက်တော့ တင်ပါးပေါ်ကို ငှက်ပျောရွက်အုပ်လိုက်ပြီး ဦးဇင်းကို

“တပည့်တော် ဦးဇင်း ပခုံးကို ကိုင်လို့ရမလားဘုရား”

“ကိုင်ပေါ့ … ကိုင်မှဖြစ်မယ်ဆိုရင် ကိုင်ပေါ့။ ခုတော့ ငါ့မှာ မင်းတို့ပြုသမျှ နုရမယ့် အနေအထားရောက်နေပြီပဲ။ အရှက်လည်း တစ်ပြားသားမှ မရှိတော့ပါဘူး”

ကိုရွှေမိုးက ဦးဇင်း ပခုံးကို နှိပ်ပေးလိုလုပ်နေရင်းက ဦးဇင်းမျက်စိမှိတ်သွားတယ်။

“အိပ်ပျော်သွားပြီ ကျုပ်တို့ လုပ်ချင်ရာလုပ်ပဲ”

“ဘာလဲဗျ”

“ကဲ … ကျွန်တော့်ကို ဂွမ်းတို့ ပတ်တီးတို့ ရှာပေးနိုင်မလား”

“နေဦးဗျ ကိုရင်ကြီးကို သွားမေးပေးမယ်”

ကျွန်တော်က ကိုရင်ကြီးနေတဲ့ ဆွမ်းစားဆောင်ကို တက်သွားပြီးတော့ ဂွမ်းတို့ ပတ်တီးလိပ်တို့ရှိ မရှိသွားမေးတယ်။ ဘုန်းကြီးကျောင်းမှာ ဘယ်ရှိပါ့မလဲ။

ကျွန်တော် ကျောင်းပေါ်ကို ပြန်တက်လာတော့ ကိုရွှေမိုးက ဓားတစ်ချောင်းကိုင်ထားတယ်။ ဓားကို ဖယောင်းတိုင်နဲ့ မီးကင်ပြီးတော့ အနာတွေကိုစခွဲတယ်။ ဦးဇင်းက လှုပ်တောင် မလှုပ်ဘူး။ ကျွန်တော်က အသက်မှ ရှိသေးရဲ့လားထင်ပြီး နှာခေါင်းနားကို လက်ညှိုးလေး သွားကပ်ကြည့်တယ်

“အသက်ရှိပါတယ်ဆရာရယ်” လို့ ကိုရွှေမိုးက ခွဲနေရင်းပြောတယ်။

“ကျောင်းမှာ ဘာဂွမ်းမှ ပတ္တီးမှ မရှိဘူးဗျ”

“ရတယ် ကိစ္စမရှိဘူး

အနာတွေကိုခွဲ။ သင်္ကန်းစနဲ့ပဲနဲ့သုတ်။ ပြီးတော့ ကိုရွှေမိုးက သူ့ဘူးထဲက ဆေးတွေနဲ့ ဟောင်းလောင်း ကြီးတွေ ဖြစ်နေတဲ့ အနာတွေကို သိပ်လိုက်တယ်။ အံ့ဩစရာကောင်းတာက သူ့ဘူးထဲက အနက်ရောင်အမှုန့်တွေနဲ့ ထိလိုက်တဲ့ အနာတွေဟာ ချက်ချင်းသွေးရပ်သွားတာပဲ။

“ကဲ ဆရာတော်တော့ နိုးဦးမှာ မဟုတ်ဘူး ဆရာနဲ့ ကျွန်တော် ကျောင်းထဲဆင်းပြီး လျှောက်ကြည့်ရအောင်”

ကျွန်တော်တို့ ကျောင်းအောက်ကို ဆင်းလာကြတယ်။ ကိုရင်ကြီးက

“ဘယ်လိုလဲ” လို့လာမေးတယ်။

“ကောင်းသွားမှာပါ” လို့ ကိုရွှေမိုးက ပြောလိုက်တယ်

“ကိုရင်ကြီး တပည့်တော်တို့ ဆရာတော်ကြီး ဖိုတဲထဲ ဝင်ကြည့်ချင်လို့ရမလား”

“အလိုလေး မလုပ်လိုက်ပါနဲ့။ အဲဒီအနားသွားတာတောင် မကြိုက်ဘူး။ ဆရာတော်ဆီမှာသော့က။ သူခွင့်ပြုရင်တော့ တစ်မျိုးပေါ့”

“ကိုရွှေမိုး ဘာကိစ္စရှိလို့လဲ”

“မဟုတ်ပါဘူး ကျွန်တော်လည်း အဂ္ဂိရတ်သမားမို့ ကြည့်ချင်လို့ပါ။ ရပါတယ်နေပါ”

ကျွန်တော်တို့ကျောင်းကိုလှည့်ပတ်ကြည့်ကြတယ်။ ကျောင်းက အင်္ဂလိပ်ခေတ်ကတည်းက ဆောက်ခဲ့တဲ့ ရှေးလက်ရာကျောင်းကြီးပါ။ ကျွန်တော်တို့ သိမ်ထဲကို ဝင်ကြည့်တယ်။

“ရှေးဘုရားကြီးပဲဗျ”

“ဟုတ်တယ် ကျွန်တော်လည်း ခုမှ ဝင်ကြည့်ဖူးတာ”

ကိုရွှေမိုးက ဆင်းတုတော်ကြီးအနီးကို ကပ်သွားတယ်။ ပြီးတော့ အပေါ်ကို မော့ကြည့်တယ်။ ဆင်းတုတော်ကြီးက အတော်လေးကြီးမားတယ်။ တင်ပျဉ်ခွေ ထိုင်လျက်ဆင်းတု အပေါ်တည့်တည့်က လေဝင်ပေါက်ကို သူက သေသေချာချာကြည့်နေတယ်။ ပြီးတော့ ပလ္လင်ပေါ်တက်လိုက်တယ်

“ကိုရွှေမိုး ခင်ဗျား ဘာတွေ လုပ်နေတာလဲ”

ကိုရွှေမိုးက ဆင်းတုနောက်ကို ခက်ခက်ခဲခဲဝင်လိုက်တယ်။ ပြီးတော့ ပြန်ထွက်လာတယ်။ လက်ထဲမှာ ပေစာ တစ်ချပ်ကို ကိုင်ပြီး ပြန်ထွက်လာတယ်

“ကိုရွှေမိုး ဘာတွေလဲ”

သူက အလင်းရောင်ရတဲ့ဆီကို သွားပြီး ဖတ်နေတယ်။

“ဘာတွေလဲဗျ”

အင်းလိုလိုအဝိုင်းတွေရော စာတွေပါတွေ့ရတယ်။ စာတွေက ပါဠိလိုရေးထားတာတွေလား မသိဘူး။ ကိုရွှေမိုးက စာတွေကို တစ်လုံးချင်း လက်နဲ့ထောက်ပြီး ဖတ်နေတယ်

“ခင်ဗျား နားလည်သလားကိုရွှေမိုး”

“ဆရာ … ဒီပေစာကို ဖျောက်ဖျက်ပစ်မှရမယ်။ ကျွန်တော်တွေ့လို့ပေါ့ အခြားသူတစ်ယောက်ယောက် ရသွားရင် အန္တရာယ်ရှိတယ်။ ဖျက်ဆီးရအောင်”

“ဘာတွေလဲဗျ”

“ဆရာ့ကိုပြောလို့မဖြစ်ဘူး။ ကျွန်တော် ဒီစာကို ဖတ်ပြီးပြီဆိုတာလည်း ဦးဇင်းလေး သိလို့မဖြစ်ဘူး။ ကျွန်တော့်ကို ဆွမ်းစားဆောင်က ထမင်းချက်တဲ့ အခန်းကို လိုက်ပို့ပေးပါ”

ကိုရွှေမိုးက အသံတွေ တုန်နေတယ်။ ဘာဖြစ်မှန်းမသိဘူး။ ဆွမ်းစားဆောင်ပေါ်တက်သွားပြီးတော့ ကျွန်တော်က ကိုရင်ကြီးကို

“ကိုရင်ကြီး တပည့်တော်တို့ အိမ်သာသွားချင်လို့”

“သွားလေ အနောက်ကို ဝင်သွား”

ကိုရွှေမိုးနဲ့ ကျွန်တော် အနောက် မီးဖိုချောင်ကို ဝင်ခဲ့ကြတယ်။ ကိုရွှေမိုးက အင်္ကျီထဲမှာ ထည့်လာတဲ့ ပေစာကို ဟင်းပေါင်းတွေချက်ထားတဲ့ မီးဖိုကြီးထဲ ပစ်ထည့်လိုက်တယ်

“ဆရာ ဒီအကြောင်း ဦးဇင်းကို မပြောပါနဲ့” တဲ့

မီးဖိုထဲပစ်ထည့်လိုက်တဲ့ ပေချပ်က ဝုန်းဆိုပြီး ထပေါက်တယ်။ ပြာတွေလွင့်ထွက်လာချိန်မှာ ကိုရင်ကြီးက ပြေးဝင်လာတယ်။ ဘာဖြစ်လို့လဲဆိုပြီး လာမေးတာ

“ဘာမှန်းမသိဘူး … မီးဖိုက တပည့်တော်တို့လည်း အနားရောက်ရော ထပေါက်တာပဲ”

ကျွန်တော်တို့ ကျောင်းပေါ်ကို ပြန်တက်လာချိန်အထိ ဦးဇင်းကမနိုးသေးဘူး။ အုပ်ထားတဲ့ ငှက်ပျောရွက်ကို ဖယ်ကြည့်လိုက်တော့ ထူးဆန်းတယ်။ အနာတွေက ချပ်သလောက်ဖြစ်နေပြီ

“ကိုရွှေမိုး ခင်ဗျားဆေးက တယ်စွမ်းတာပဲ”

“အနာပဆုပ်လောက်ကတော့ ရက်ပိုင်းလောက်ပျောက်ပါတယ်”

ကိုရွှေမိုးက ဦးဇင်းအနားမှာ ထိုင်ချလိုက်ပြီး ဇက်ကြောကို ဆွဲလှုပ်လိုက်လိုက်တယ်

“အင်း … အင်း” ဆိုပြီး ဦးဇင်းကလှုပ်လာတယ်

“ဘာဖြစ်သွားသလဲ … ဒကာကြီး ကျုပ်ဘာဖြစ်သွားတာလဲ”

“အရှင်ဘုရား အိပ်ပျော်သွားတာပါ။ အနာလည်း သက်သာသွားပါပြီ”

“ဟုတ်လား … ဒါပေမဲ့ ခေါင်းထဲက မကောင်းသေးဘူး”

“ချက်ချင်းတော့ မပျောက်နိုင်သေးဘူးဘုရား။ တစ်နေကုန် အိပ်ရာထဲမှာပဲ နေသာသလိုနေပါ။ တပည့်တော် မနက်ဖြန်တစ်ခေါက်လာကြည့်ပေးပါ့မယ်”

“အေး … အေး”

ကျွန်တော်တို့ ဦးဇင်းကို ကန်တော့ပြီး ပြန်ထွက်ခဲ့ကြတယ်။
ဘုန်းကြီးကျောင်းဝကို ရောက်တော့ အဝေးက အမျိုးသမီးတစ်ဦး အူယားဖားယားပြေးလာတာတွေ့ရတယ်။

“ဆရာ … ဒေါ်ငြိမ်းပဲ အရေးပေါ်လာပြီနဲ့တူတယ်”

ဒေါ်ငြိမ်းက ထဘီကိုပြင်ဝတ်လိုက်ပြီး

“ဆရာ … ဆရာ ကယ်ပါဦး သမီး … သမီး … ဘိုမလေ”

တင်ညွန့်

၂၀.၆.၂၀၁၈

Comments