အစိမ်းသေ(တင်ညွန့်)

အစိမ်းသေ

-----------
ရွာထဲမှာ အုပ်အော်သောင်းတင်း ဖြစ်သွားသည်။

သူကြီးတူမ မယ်ဥတစ်ယောက် ကြိုးဆွဲချသေသွားသည်။ ဘာကြောင့်မှန်းမသိ။

ရွာထုံးစံက “အစိမ်းသေ” ဆိုလျှင် ရွာပြင်ဇရပ်ကို ထုတ်ထားရသည်။ ခက်သည်က ဇရပ်အပိုင်စား ဝင်းခင်ဖြစ် သည်။ သုဘရာဇာခေါင်း ဝင်းခင်က “အစိမ်းသေ” ကို တစ်ယောက်ပဲ လက်ခံမည်ဟု ဆိုလိုက်သဖြင့် နားလည်ရ ခက်ကုန်သည်။

ရွာထဲက အစိမ်းသေဆိုလျှင် ကြောက်ကြသည်။ ပိုပြီးကြောက်သည်မှာ တစ်နေ့တည်း နှစ်ယောက်သေလျှင် ရွာနာသည်၊ ရွာခိုက်သည်ဟု အယူရှိကြသည်။ သူကြီးက တစ်စခန်းထသည်။

“ဟေ့ …မြွေရိုး ဝင်းခင် … ငါ့တူမက တစ်ယောက်တည်း မသေလို့လား … နောက် ဘယ်သူများ သေလို့လဲကွ”

အစိမ်းသေကို ရွာပြင်ထုတ်ရန် ရေချိုးနေချိန်တွင် ဝင်းခင်က

“ဒီမှာ သူကြီး ခင်ဗျားတူမဗိုက်ကို ခွဲကြည့်လိုက် … နောက်အသက် တစ်သက် ဗိုက်ထဲမှာ မရှိတော့ … ကျုပ် လည်ဖြတ်ခံလိုက်မယ်”

သူကြီးကတော် အော်ငိုပြီ

“အမလေးတော့ … ငါ့တူမ အပျိုနုနုထွတ်ထွတ်လေးကိုများ … သူတောင်းစားက ဗိုက်ကြီးနေတယ်လို့ ပြော လိုက်သတော့ … အော့ … အော့ … အော့”

သူကြီးက မကျေနပ်သောကြောင့် ဗိုက်ခွဲခိုင်းသည်။ ဗိုက်ထဲတွင် ဝင်းခင်ပြောသည့်အတိုင်း ကလေးတစ်ယောက် သေနေသည်။

သုဘရာဇာ ဝင်းခင်က ပရော်ဖက်ဆာလေသံဖြင့် မေးပွတ်ပြီး

“ကျုပ်မပြောလား” ဟုဆိုသည်။ ထို့နောက်

“ဇရပ်မှာလည်း အသေနှစ်လောင်းကို တစ်ပြိုင်တည်း လက်ခံလို့ မဖြစ်ဘူး … ဇရပ်နာတယ်”

ဇရပ်တွင် မယ်ဥနှင့် ကလေးအလောင်း လက်မခံသဖြင့် မယ်ဥအလောင်းကို ဇရပ်တွင်ထားပြီး ကလေး အလောင်းကို ချက်ချင်းမြှုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော် ရွာက ကြောက်နေကြသည်။

“အစိမ်းသေနှစ်လောင်း … ရွာပြောင်းရအံ့” လို့ ကလေးတွေက တဘောင်လိုလို လိုက်အော်သည်။

ကျီးတွေပြိုသည်။ ခွေးတွေအူသည်။ ညဆိုလျှင် မှောင်သည်နှင့် မီးမှုတ်ကာ တစ်ရွာလုံး တိတ်ဆိတ်နေသည်။

ပြဿနာကမပြီးသေး။ မယ်ဥဗိုက်ထဲက ကလေးပြဿနာ အဖြေရှာကြသည်။

သူကြီးလား … မဖြစ်နိုင်

သူကြီးက ကိုယ့်နှစ်ပြူး ကိုယ့်ပြန်မှန်ပြီး လဥပြုတ်နေသည်။ ထို့ကြောင့် သူကြီးမဖြစ်နိုင်။

မယ်ဥနှင့် ဖြစ်နိုင်သော တစ်ယောက်ပြီးတစ်ယောက် လိုက်စုံစမ်းကြည့်ကြသည်။ အိမ်တွင်းပုန်းမယ်ဥ တစ်ယောက် မည်သည့်နေရာတွင်မှ ဤသို့ဖြစ်လာရန် အကြောင်းမရှိ။

တိတ်ဆိတ်သောညတွင်

“ကယ်ကြပါရှင့်”

အော်သံက တိတ်ဆိတ်နေသောကြောင့် ပိုပြီး စူးစူးရှရှထွက်ပေါ်လာသည်။ ယောက်ျားတွေ မီးတုတ်တွေကိုင်ပြီး ရွာတောင်ပိုင်းကို ပြေးလာကြသည်။ အော်သည့်အိမ်က ဒေါ်ကလေးမ

“သရဲ … သရဲ … ဆံပင်တွေဖားလျားချ … မယ်ဥပါရှင့်”

“ဘယ်မှာလဲ … ဘယ်မှာလဲ …”

“ကျုပ်အိမ်ထဲဝင်လာပြီး အော်လိုက်လို့ ဟောဒီလမ်းအတိုင်း ထွက်သွားတယ် … မယ်ဥမှ မယ်ဥ”

ရွာတောင်ပိုင်းကအော်၊ မြောက်ပိုင်းကအော်၊ တစ်ရွာလုံး အိပ်ပျက်ညတွေ များနေပြီ။ အစိမ်းသေက တစ်ရွာ လုံးကို ဒုက္ခပေးနေပြီ။

ခွေးလည်းမနေရ၊ ကလေးလည်းမနေရ၊ တစ်ရွာလုံး ချောက်ချားနေကြရသည်။

“အစိမ်းသေ”

ရွာထုံးစံအရ အလောင်းကို ရွာပြင်ဇရပ်တွင် တစ်ပတ်ထားပြီးမှ အသုဘချကြရသည်။ အစိမ်းသေက ဗိုက်ထဲတွင် ဘာမှ မရှိတော့သဖြင့် ထင်သလောက် မပုပ်။ တရားနာ အမျှဝေပြီး မြေသွားမြှုပ်ရန် အခေါင်းကိုမလိုက်ရာ

“ဟ … ပေါ့လှချည်လား”

အားလုံးစိတ်ဝင်စားစွာဖြင့် အခေါင်းနားဝိုင်းလာကြသည်။ အခေါင်းကို ဖွင့်လိုက်ရာ အခေါင်းထဲတွင် အလောင်းမရှိ။ လူတွေ ထွက်ပြေးသည်။

“အစိမ်းသေက အခေါင်းထဲမနေဘူးဟေ့ … ရွာထဲရောက်နေပြီတဲ့”

တစ်ရွာလုံး ပဟေဠိဖြစ်နေကြသည်။

အစိမ်းသေက လင်ကောင်မပေါ် ဗိုက်ကြီးသည်။ ကလေးရပြီး ကြိုးဆွဲချသေသည်။ သေတော့ ဗိုက်ခွဲခံရသည်။ ကလေးကို သီးခြားမြှုပ်သည်။ ယခု အလောင်းပါ ပျောက်နေပြီ။

“ဇရပ်ထဲအလောင်းထားတာ … အလောင်းပျောက်တယ်ဆိုတော့ သုဘရာဇာမှာ တာဝန်ရှိတာပေါ့”

သူကြီးက မောင်းထု လူစုပြီး အားလုံးကို ပြောလိုက်သည်။

“သွား … ဝင်းခင်ကို သွားခေါ်ခဲ့”

လူတွေက ဝင်းခင်ကို သွားခေါ်လာသည်

“ဟေ့ကောင် … ပြော … ဇရပ်ထဲ အလောင်းထားတာ မရှိတော့ဘူး။ ဇရပ်ကို တာဝန်ယူထားတာကမင်း … အလောင်းဘယ်မှာလဲ”

“ကျုပ်ဘယ်သိမလဲ … ကျုပ်က နေ့တိုင်း သွားဖွင့်စစ်နေရမှာလား … ရတော့ ငှက်ပျောတစ်ကင်၊ ထမင်း တစ်ထုပ်နဲ့ ငွေတစ်မတ် … ဇရပ်ထဲထားလို့ရတာပဲ ကျေးဇူးတင်”

မည်သို့ဆိုစေ မယ်ဥအစိမ်းသေကတော့ တစ်ရွာလုံးကို ဒုက္ခပေးနေသည်။

ရွာတောင်ပိုင်းတွင် ကံကြီးမောင် မန်ကျည်းပင်ပေါ်က ပြုတ်ကျသည်။

ရွာဘုန်းကြီးကျောင်းရေတွင်းက အစောကြီး ခန်းသည်။

သူကြီးနွားတင်းကုပ် မီးလောင်သည်။

ကလေးတွေ ကျောက်ပေါက်သည်။ ၆ ယောက်သေသည်။

နွားတွေ ဘာဖြစ်မှန်းမသိ၊ အမြှုပ်တွေထွက်ပြီး သေသည်။

ချောင်းထဲတွင် လှေမှောက်ပြီး တစ်ယောက်သေသည်။

မိုးနောက်ကျသဖြင့် လူတွေဒုက္ခရောက်သည်။

အားလုံးကို ပြန်ဆန်းစစ်ကြရာ

“အစိမ်းသေ” ကြောင့်ဟု အဖြေထုတ်ကြသည်။

မယ်ဥသေရခြင်းအကြောင်းနှင့် အလောင်းပျောက်ရသည့်အကြောင်းတွေကို မေ့နေကြသည်။

ရွာထဲတွင် “အစိမ်းသေ” ဂယက်က အတော်လေးထနေသည်။ လူတွေက အစိမ်းသေ မယ်ဥ သရဲချောက် မည်ကို ကြောက်နေကြသည်။ သတ်သေခြင်းနှင့် ပျောက်ဆုံးခြင်းတွေကို မေ့နေကြသည်။ အကြောက် တရားက လွှမ်းမိုးထားသောကြောင့် ဇရပ်ကို နေ့ခင်းပင် မသွားရဲလောက်အောင်ဖြစ်နေသည်။

သင်္ချိုင်းကို လူမလာလေ ဝင်းခင်ကြိုက်လေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းဇရပ်တွင် သူအလုပ် ဖြစ်နေသည်။ ဇရပ်တွင် ရွာနီးချုပ်စပ်က ဖဲလာရိုက်နိုင်သည်။ ဘိန်းလာရှူနိုင်သည်။ အရက်လာဝယ်နိုင်သည်။

တစ်နေ့ သူကြီးသမီး အေးပုံ ကိုယ်ဝန်ရှိနေကြောင်း အရပ်ဝမ်းဆွဲ ဒေါ်ခင်မေက လာပြောသည်။ သူကြီးက

“နေဦး … သမီးကိုယ်ဝန်ရှိနေတာ သေသေချာချာ စမ်းကြည့်လို့လား”

“အလိုတော် … ကျုပ်ဒီရွာမှာ မွေးလာတဲ့ ကလေးပေါင်း ထောင်သောင်းမကပါတော် … မိန်းမတစ်ယောက်များ ကြည့်တာနဲ့သိပေါ့”

“ဟင် ကျုပ်သမီး ကိုယ်ဝန်ရှိတာကို ခင်ဗျားကကြည့်တာနဲ့သိတယ် ဟုတ်စ … ဒါဆိုရင်… မယ်ဥသေတုန်းက ဝင်းခင်ဆိုတဲ့ကောင်က ကြည့်တာနဲ့ သူ့ဗိုက်ထဲမှာ ကလေးရှိနေမှန်း ဘာကြောင့်သိရတာလဲ”

အစိမ်းသေပြဿနာ ပြန်ပြီး ချောက်လှန့်လာသည်။

လူစုလူဝေးနှင့် ဝင်းခင်ကို ဆွဲခေါ်လာကြသည်

“ဟေ့ မအေပေး … ပြောစမ်း … ငါ့တူမ ဗိုက်ထဲမှာ ကလေးရှိနေမှန်း မင်းက ဘာကြောင့် သိနေရတာလဲ … ခွေးမသား”

ဝင်းခင်ခေါင်းမဖော်တော့

“မေးနေတယ်လေကွာ … မယ်ဥမှာ ကလေးရှိနေတာ မင်းဘာကြောင့် သိနေရတာလဲ”

ဝင်းခင်ကမဖြေ

သူကြီးကဆောင့်ကန်၊ ပါးရိုက်၊ သေနတ်နှင့်ထုမှ

“အဲဒါ ကျုပ်နဲ့ရတဲ့ကလေး” ဟုဝန်ခံသည်။

ပြဿနာက တစ်ခုချင်း ရှင်းသွားသည်။

မယ်ဥကို အိမ်ပေါ်တက်ပြီး အဓမ္မကြံတာလည်း သူဖြစ်သည်။

ကိုယ်ဝန်ရှိလာသော်လည်း သူ့ကိုလက်မထပ်နိုင်ဟုငြင်းရင်း မယ်ဥသတ်သေသည်။

ရွာထဲကို ကြောက်လန့်နေအောင် လိုက်ချောက်သည်ကလည်း သူဖြစ်သည်။

အလောင်းကို ဖျောက်ပြီး ဇာတ်နာအောင် အကွက်ဆင်ကာ ဇရပ်ကို ကြောက်အောင်လုပ်ပြီး လုပ်ချင်တာ လုပ်နိုင်အောင် ခွင်ဆင်တာလည်း သူဖြစ်သည်။

ပြဿနာရှင်းသွားသည်။ သို့သော် ရွာကကြောက်နေသည်

ညကပဲ အစိမ်းသေမယ်ဥ ဒေါ်ကလေးမကို ဝင်ပူးပြီး

“ငါမသေဘူး … ရေကူးတတ်တယ်” အော်သည်။

ရွာထဲမှာ အစိမ်းသေက ဆက်ရှိနေသည်။

တင်ညွန့်

၂၆.၃.၂၀၁၉

Comments