ထူးဆန်းသောဧည့်သည်(တင်ညွန့်)
ထူးဆန်းသောဧည့်သည်
--------------------------အဲဒီနေ့က ကျွန်တော်မှတ်မှတ်ရရ အုံးလွဲနေတယ်။ ခေါင်းကို ဟိုလှည့်မရ သည်လှည့်မရ အရမ်းစိတ်ညစ် ပြီးတော့ ထမင်းလည်း ချက်မစားချင်တော့ဘူး။ ဒါကြောင့် ထမင်းကြမ်းလေးနဲ့စားဖို့ အကြော်ထွက်ဝယ်မိတယ်။
အကြော်တဲက ကျောင်းကုန်းအောက်မှာပဲ။ ထွန်စက်လမ်းဘေးမှာ ရွာရဲ့တစ်ခုတည်းသော အကြော်ဆိုင်ပေါ့။ ကားလမ်းပေါက်ချိန် အကြော်တဲလာဖွင့်တာပါ။ မိုးတွင်းဆိုရင်တော့ မထွက်ပါဘူး။
အကြော်တဲကိုရောက်တော့ ကျွန်တော့်ကို စောင်းမရ လှည့်မရဖြစ်နေတာကြည့်ပြီး အမျိုးမျိုး အကြံပေးကြပါ တယ်။ ခေါင်းလှည့်မရလို့ စိတ်ညစ်ရတဲ့အထဲ။ ကျွန်တော်က စိတ်မရှည်လို့
“ကဲ ဘူးသီးကြော် နှစ်ခုမြန်မြန်ပေးဗျာ” လို့ပြောလိုက်တော့
“ဆရာလေး ဘူးသီးကြော်ဆိုရင် ခဏစောင့်ဦး … ကုန်နေတယ်။ ခုဟာက ငှက်ပျောကြော်တွေ” တဲ့
ကျွန်တော်က စိတ်မရှည်စွာ ခုံဝိုင်းလေးတစ်ခုမှာ ဝင်ထိုင်ရင်း ရေနွေးကြမ်းသောက်နေတုန်း ထွန်စက်တစ်စီး ဆိုက်လာတယ်။ ထွန်စက်ပေါ်က ရှမ်းဘောင်းဘီအနက်နဲ့ လူတစ်ယောက် ခုန်ဆင်းလိုက်တယ်။ သူ့မှာ လွယ်အိတ်တစ်လုံးလည်း လွယ်လာတယ်။ နှုတ်ခမ်းမွှေးစစနဲ့ ကြည့်ကောင်းတဲ့ ရုပ်ပဲ။ မျက်လုံးကစူးရှရှနဲ့။ ကျွန်တော့်ထက်တော့ အသက်ကြီးပုံပဲ။ သူ့ဆံပင်ကတိုတို။ ခေါင်းတုံး ဆံပင်ပြန်ပေါက်ထားသလို
“အကြော်စုံတစ်ပွဲပေးပါ”
သူ့အသံကလည်း အတော်လေးဩဇာရှိတဲ့ အသံမျိုးလို့ပြောရမယ်။ သူက ကျွန်တော့်မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ လွယ်အိတ်ထဲက ဆေးတံကို ထုတ်ပြီးတော့ ခုံကို ခေါက်လိုက်တယ်။ ပြီးမှ ဆေးထည့်ပြီး အားရပါးရရှိုက်လိုက်တယ်။
အကြော်သည်မစုက
“ဆရာလေး အကြော်ဘယ်လောက်ဖိုးထည့်ရမလဲ” လို့ ကျွန်တော့်ကို အော်မေးတယ်။
“နှစ်ခုပဲပေးပါ”
ကျွန်တော် မတ်တတ်ရပ်မယ်လုပ်ပေမယ့် ဇက်နာသွားတာကြောင့် လည်ပင်းလေးကိုဖိပြီး ပြန်ထိုင်လိုက်မိတယ်။ ရှမ်းဘောင်းဘီနဲ့လူက ကျွန်တော့် စားပွဲကိုရှေ့ကို လာရပ်ပြီး
“ထိုင်မယ်နော်” လို့ ပြောလိုက်တယ်
“ထိုင်ပေါ့”
“ဒီရွာက ကျောင်းဆရာလား”
“ဟုတ်တယ်”
“ဇက်က ဘာဖြစ်လိုလဲ”
“အုံးလွဲနေတယ်”
“ကျွန်တော်နည်းနည်းကြည့်မယ်နော်”
သူက ကျွန်တော့်ဘေးက လာရပ်ပြီး ဇက်ကို အုပ်ကိုင်လိုက်တယ်။ ပြီးတော့ အပေါ်ကနေ အောက်ကို ဆွဲချသလို လုပ်လိုက်ပြီးမှ
“ကောင်းပါတယ် … ဘာမှ မဖြစ်ပါဘူး” လို့ပြောလိုက်တယ်။
ဇက်နာလို့ စိတ်ညစ်နေရတဲ့အထဲ လာနောက်နေတယ်ဆိုပြီးတော့ သူ့ကို လှည့်ကြည့်လိုက်မိတယ်။ အလို ထူးဆန်းလှချည်လား။ ကျွန်တော့်ဇက်လှည့်လို့ရသွားတယ်။
“ဟာ … ဘယ်လိုလုပ်ပြီး”
သူက ကျွန်တော့်ရှေ့မှာ လာပြန်ထိုင်ပြီး ပြုံးကြည့်နေတယ်
“ခင်ဗျား လုပ်လိုက်တာလား။ ဘယ်လို လုပ်လိုက်တာလဲ။ ကျွန်တော့်ဇက် ပြန်လှည့်လို့ရသွားပြီ။ ကျေးဇူးတင် လိုက်တာ”
“ကျွန်တော် ဘာလုပ်လို့လဲ … ဘာမှမလုပ်ပါလားဆရာ။ လွဲနေတာတွေကို တည့်အောင်မလုပ်တတ်ပါဘူး။ ကျွန်တော်က ဖုံးလွှမ်းထားတာတွေကို ဖော်ထုတ်နေသူပါ”
“စကားကအဆန်းပဲ။ ခင်ဗျား တစ်ခုခုတော့ လုပ်လိုက်ပါတယ်။ ကျွန်တော် ဇက်လှည့်မရတာ သုံးရက်လောက် ရှိနေပြီ။ ဒီနေ့ ခင်ဗျားကိုင်လိုက်တယ် အလိုလို ပျောက်သွားသလိုပဲ”
“လောကကြီးမှာ အလိုလိုဆိုတာ ဘယ်နေရာမှ မရှိပါဘူးဆရာ။ အကြောင်းရှိလို့ အကျိုးရှိတယ်။ အကျိုးရှိလို့ အကြောင်းရှိတာတွေချည်းပါပဲ”
“နေဦး ခင်ဗျားစကားတွေက အဆန်းတွေပဲ။ ခုတော့ အကြော်စားဦး ကျွန်တော် ကျွေးပါရစေ။ မစုရေ အကြော် တစ်ပွဲချ။ ရေနွေးကြမ်းလည်း ပေးဦး”
“ကျွန်တော့်နာမည်က ရွှေမိုးပါ”
“ကျွန်တော်ကတော့ ဒီရွာက ကျောင်းဆရာ”
“အင်း ဆရာလည်း လွန်ခဲ့တဲ့ ၆ လ လောက်က အတော်လေး စိတ်ထိခိုက်စရာအဖြစ်ကို ကြုံခဲ့တာပဲ။ ဆရာရယ် လောကမှာ သိပ်တော့ မထူးဆန်းပါဘူး။ ဖြစ်ရိုးဖြစ်စဉ်တွေပါ”
လွန်ခဲ့တဲ့ ၆ လလောက်ဆိုတာကို ပြန်တွက်ကြည့်တော့ ဆရာမလေး ရေနစ်ပြီး ဆုံးခဲ့တာပဲ။ ကျွန်တော်က
“ခင်ဗျား ကျွန်တော့်ကို အံ့ဩအောင် လျှောက်လုပ်မယ်ဆိုရင်တော့ လက်လျှော့လိုက်တော့။ ဒါတွေကို ဒီနယ် တစ်ဝိုက်လူတိုင်းသိနေတာ သိပ်တော့ မထူးဆန်းပါဘူး”
သူကရယ်လိုက်တယ်။ ပြီးတော့ အကြော်တစ်ခုကို ကောက်ဝါးရင်းက
“ပညာတတ်တွေကို ကျွန်တော် အယုံမသွင်းရဲပါဘူး။ ယုံချင်မှယုံပေါ့။ ကျွန်တော် တစ်ခုတော့ ပြောပါရစေ ဆရာ့မှာ လိပ်ခေါင်းရောဂါဝေဒနာ ခံစားနေရတယ်ဆိုရင်ရော။ အဲဒီရောဂါက လူတိုင်းသိအောင် လျှောက်ပြော ထားသေးလား”
သူက ကျွန်တော့်နားကို ကပ်ပြီးပြောလိုက်တာ။ ကျွန်တော်က အံ့အားသင့်လွန်းလို့ လက်ထဲက ကိုင်ထားတဲ့ ရေနွေးခွက်တောင် ပြုတ်ကျသွားတယ်
“ဟဲ … ဟဲ … ဟဲ …ဘယ်နှယ်ဆရာကြီး … ဒီကိစ္စကျွန်တော်သိတာ ဆန်းမနေဘူးလား”
“ခင်ဗျား … ခင်ဗျား”
“ဆရာ့အသားကို ကျွန်တော် ထိလိုက်ကတည်းက ဆရာဘာဖြစ်နေတယ်ဆိုတာ သိတယ်။ နောက်တစ်ခု ပြောထားရဦးမယ်။ ပြီးခဲ့တဲ့နှစ်က အစာအိမ်ဖြစ်ဖူးတယ်။ အဲဒီအနာက သိပ်အကင်းမသေသေးဘူး။ ခုလည်း အစားအသောက်ကို ပုံမှန်ပြန်စားမယ်၊ အပူတွေ အစပ်တွေ ရှောင်မယ်ဆိုရင် အသက်ရှည်မယ်။ ဒီလောက်ပဲ ပြောပါရစေ”
“ဟာ ကိုရွှေမိုး ကျွန်တော် ခင်ဗျားကို အရမ်းလေးစားသွားပြီဗျာ။ ခင်ဗျား ကျွန်တော့်အကြောင်း ကောင်းကောင်း သိနေတာပါ။ တော်ရုံတော့မဖြစ်နိုင်ဘူး။ ဘာလဲ ခင်ဗျားကဆရာလား”
“ဘာဆရာမှ မဟုတ်ပါဘူး။ အထက်ပိုင်းကနေ ညီတော်မောင်တစ်ယောက်ဆုံးလို့ လာတာ။ ကျွန်တော်က ရှမ်းပြည် သီပေါဘက်က။ ကျွန်တော့်ညီက သစ်တောမှာ လုပ်နေတာ။ အဲဒါ ငှက်ဖျားနဲ့ ဆုံးသွားတယ်ဆိုလို့ ဒီနယ်ကို ရောက်နေတာ နှစ်လရှိသွားပြီ။ ခုလည်း ဒီရွာမှာ ကိစ္စတစ်ခုရှိလို့ ဆင်းလိုက်တာ”
“ဒါဆိုရင် ဒီရွာမှာ အသိ မရှိဘူးပေါ့”
“မရှိဘူးဗျ”
“ကိစ္စမရှိပါဘူးဗျာ။ ညီအစ်ကိုတွေလို သဘောသာထား။ လာ ကျွန်တော့်တဲမှ လိုက်ပြီးတည်းခိုနိုင်ပါတယ်။ ကျွန်တော်က တစ်ယောက်တည်း နေတာဗျ”
“ကျွန်တော်သိချင်တာလေးတွေ သိရင်ပြန်မှာပါ တစ်ရက်နှစ်ရက်လောက် တည်းလို့ရမလား”
“ကြိုက်သလောက်တည်းဗျာ … မစုရေ အကြော်ဖိုးလာယူ”
“နေပါစေဆရာ … ကျွန်တော်ပေးပါ့မယ်”
ဒီလိုနဲ့ ကိုရွှေမိုးတစ်ယောက် ကျွန်တော့်ဆီကို ရောက်လာတယ်။ ကျွန်တော်က ကျောင်းချိန်ရောက်လို့ ကျောင်းလာတက်တော့ သူ့ကို တဲမှာထားခဲ့တယ်။ ထမင်းလည်း ချက်ပေးခဲ့တယ်။ ဟင်းကတော့ မနက်က ဝယ်လာတဲ့ အကြော်ပေါ့။
“ခင်ဗျား လည်ချင်ရင်လည်း လျှောက်လည်ပေါ့။ ရွာကတော့ ရွာတန်းရှည်။ ရွာစွန်မှာ ဘုန်းကြီးကျောင်းရှိတယ်။ ရွာဦးစေတီလည်း ရောက်တုန်းဝင်ဖူးသွားဦး”
ကျွန်တော်က သူ့ကိုပြောပြီး ကျောင်းကို ထွက်ခဲ့တယ်။ တစ်နေကုန်စာတွေသင်ပြီး ကျောင်းလွှတ်တော့ ကျွန်တော် ကျောင်းတံခါးတွေ လိုက်ပိတ်တယ်။ ကျောင်းလှေခါးအဆင်းမှာ သီတာငြိမ်းက ရပ်နေတယ်။ တစ်ယောက်တည်း
“သမီး ဘာဖြစ်လို့ မပြန်သေးတာလဲ”
“ဆရာ့အိမ်မှာ မကောင်းဆိုးဝါးရောက်နေတယ်။ မထားနဲ့ ပြန်လွှတ်လိုက်” လို့ပြောပြီး ကျောင်းထဲက ထွက်သွားတယ်။
ကျွန်တော် ဘာလုပ်ရမှန်းမသိဘူး။ သူပြောမှ တဲမှာထားခဲ့တဲ့ ကိုရွှေမိုးကို သတိရသွားတယ်။ ဒါကြောင့် တဲကို အမြန် ပြန်ခဲ့တယ်။ တဲကိုရောက်တော့ ကိုရွှေမိုးက ကျွန်တော်ထိုင်တဲ့ ပက်လက်ကုလားထိုင်မှာ ထိုင်ရင်းက ဆေးတံကို ဖွာနေတယ်။
“ဆရာ ပြန်လာပြီလား … ဆရာ့ကျောင်းမှာ မကောင်းဆိုးဝါးရှိတယ်။ ကျွန်တော်လိုက်ပြီး ရှင်းပေးရမလား”
ထူးဆန်းလိုက်တာ။ သီတာငြိမ်းကလည်း သူ့ကို မကောင်းဆိုးဝါး။ သူကလည်း ကျွန်တော့တပည့်ကို မကောင်း ဆိုးဝါးလို့များ ပြောလိုက်သလား
“ကိုရွှေမိုး … ဒါနဲ့ ရွာထဲလျှောက်ကြည့်ဖြစ်သေးလား”
“တစ်နေကုန်လျှောက်ကြည့်နေတာ။ စောစောလေးကမှ ပြန်ရောက်တာ။ ကျွန်တော် ထမင်းချက်ထားတယ်။ ဟင်းလည်းချက်ထားတယ်။ ကြက်တစ်ကောင်ဝယ်ချက်ထားတယ်”
“ဟာ ခင်ဗျားက ဧည့်သည်ပဲ။ ဒါတွေ ဘာလို့ လျှောက်လုပ်နေရတာလဲ”
“ထိုင်ပါဦးဆရာ။ ဆရာ့ကို တိုင်ပင်စရာ တစ်ခုရှိလို့ပါ”
“ဘာများလဲ”
“ကျွန်တော့်ကို စာရွက်ကြီးကြီးတစ်ရွက်နဲ့ ဘော့ပင် ခဏလောက်ပေးပါလား”
ကျွန်တော်က ပြက္ခဒိန်အဟောင်းနဲ့ ဘော့ပင်တစ်ချောင်း ပေးလိုက်တယ်။ သူက ပြက္ခဒိန်အလွတ်ပေါ်မှာ မြေပုံတစ်ခုကို ဆွဲလိုက်တယ်။
“ဟေ့လူ … ခင်ဗျား ဘာလဲ … စပိုင်လား”
“မဟုတ်ဘူးဆရာ ထိုင်ပါဦး။ ဒါက ကျောင်း၊ ဒါက ဘုန်းကြီးကျောင်း၊ ဒါက ရွာဦးကန်၊ ဟုတ်ပြီနော်။ ဆရာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဒီရွာနားမှာ လေယာဉ်ပျက်ကျဖူးတယ်။ အဲဒါ ဘယ်နားလောက် ဖြစ်မလဲ”
ကျွန်တော်က သူ့ကို ထူးဆန်းစွာကြည့်လိုက်ပြီး
“ဒီနားမှာ ခတက်ချောင်းဆိုတာရှိတယ်ဗျ။ ခတက်ချောင်းရဲ့ ဒီနားက လယ်ကွင်းထဲကို လေယာဉ်ပျက်ကျတယ် ပြောတယ်။ ဒီနေရာလောက်ပေါ့”
“လေယာဉ်ပျက်က ဘယ်ရောက်သွားသတဲ့လဲ”
“အစိုးရကတပ်နဲ့ လာဝိုင်းပြီး ညတွင်းချင်း ဖောင်တွေနဲ့ သယ်ထုတ်သွားတယ်”
“ညတွင်းချင်းဆိုတော့ အစိုးရတပ်က ဒီမှာ တပ်မစွဲသွားဘူးပေါ့”
“ကျွန်တော်လည်း မသိဘူးဗျ။ ရွာကပြောတာ ကြားဖူးတာပဲ။ အဲဒီ လေယာဉ်ပျက်ကျတဲ့နားမှာတော့ ဒေါ်ငြိမ်းတို့တဲရှိတယ်။ ဒေါ်ငြိမ်းအားလုံးသိတယ်”
“ကျွန်တော့်ကို ဒေါ်ငြိမ်းဆီ လိုက်ပို့ပေးနိုင်မလား”
“ရတယ်လေ”
ရတယ်လေလို့ပြောပြီးမှ ကျွန်တော်က
“ဟာ နေဦး … ခင်ဗျားသွားလို့ မရဘူး။ အဲဒီမှာ ကျွန်တော့်တပည့်မလေး”
“မျက်လုံးပြာလေး ရှိတယ်မဟုတ်လား။ အဲဒီကောင်မလေးကို ကျွန်တော်ဘာမှ မလုပ်ဘူး စိတ်ချ။ ဆရာမယုံရင် ကျွန်တော့်ကို ဒေါ်ငြိမ်းနဲ့ တစ်နေရာရာမှာဆုံပေး။ ကျွန်တော် နည်းနည်းလေးပဲ မေးချင်တာ”
“ဟုတ်တယ် … အဲဒါကောင်းတယ်။ ခင်ဗျား ကျွန်တော့်တပည့်နဲ့ တွေ့လို့မရဘူး။ ကျွန်တော် ဒေါ်ငြိမ်းနဲ့ ခင်ဗျားကို တွေ့ပေးမယ်။ ခင်ဗျား ဒီမှာပဲစောင့်”
ကျွန်တော်က ဒေါ်ငြိမ်းတို့တဲကို ထွက်ခဲ့တယ်။ တဲထဲဝင်ဝင်ချင်း သီတာငြိမ်းက တန်းပြီးတော့
“အမေ မကောင်းဆိုးဝါးဆီ မလိုက်နဲ့” လို့ အော်ပြောတယ်။ ကျွန်တော်က
“သမီးရေ … သမီးအမေကို ခဏလေး ခေါ်သွားမယ်။ အရေးကြီးလို့ပါ။ ဒေါ်ငြိမ်း ကျွန်တော်နဲ့ ခဏလောက် လိုက်ခဲ့ပါ။ အရေးကြီးလို့ပါ”
အဲဒီအချိန်မှာ သီတာငြိမ်းက ချက်ချင်း ကြောင်တောင်တောင်ကြီးဖြစ်သွားပြီး ကျွန်တော့်ကို လက်ညှိုးထိုးလိုက် တယ်။ ပြီးတော့
“ငါလည်း လိုက်မယ်” လို့ပြောလိုက်တယ်။
ကျွန်တော်က ဒေါ်ငြိမ်းကို
“ဒေါ်ငြိမ်း သမီးကို မခေါ်ပါနဲ့ ဘာမှန်းတော့ မသိဘူး။ တစ်ခုခုပဲဗျာ။ သမီးကို မလိုက်စေချင်ဘူး။ ကျွန်တော့် ဆီမှာ ဧည့်သည်တစ်ယောက် ရောက်နေတယ်။ သမီးကို ပေးတွေ့လို့မဖြစ်ဘူးနဲ့တူတယ်။ သူက ဒေါ်ငြိမ်းကိုပဲ တွေ့ချင်နေတယ်။ အဲဒါ”
“သမီး မလိုက်နဲ့ … အမေဆရာလေးနဲ့ ခဏလိုက်သွားမယ်။ ချက်ချင်း ပြန်လာခဲ့မယ်” လို့ပြောပြီး ကျွန်တော်နဲ့ လိုက်ခဲ့တယ်။
သီတာငြိမ်းက ကျွန်တော်တို့ကို လက်ညှိုးထိုးလိုက်ပြီး
“ကိုယ့်သေတွင်း ကိုယ်မတူးကြနဲ့” လို့ အော်ပြောလိုက်တယ်။
တင်ညွန့်
၁၈.၆.၂၀၁၈
Comments
Post a Comment