ကောင်လေးတစ်ယောက်အကြောင်း(တင်ညွန့်)

ကောင်လေးတစ်ယောက်အကြောင်း

---------------------------------------
“ဟေ့ကောင်ထ”

ကောင်လေးက ကြောက်လွန်းလို့ ခေါင်းဝှက်ထားရာက ဆရာ့အသံကြောင့် တုန်သွားတယ်။ မတ်တတ်ထ၊ လက်ပိုက်လိုက်တယ်

“ဆိုစမ်း”

ကောင်လေးက ခေါင်းငုံ့ထားတယ်။

“ဟေ့ကောင် ဆိုလေ”

“ကျွန်တော်မရဘူး”

“ခုံပေါ်တက်”

ကောင်လေးက ခုံပေါ်တက် မတ်တတ်ရပ်လိုက်တယ်။

“ဖုန်း … ဖုန်း … ဖုန်း”

ကောင်လေး မျက်ရည်တွေ တပေါက်ပေါက်ကျလာတယ်။

“မတ်တတ်ရပ်နေ … မထိုင်နဲ့”

နာလည်းနာ၊ ရှက်လည်းရှက်။ မနေ့က အင်္ဂလိပ်ကဗျာတစ်ပုဒ် ကျက်ခဲ့ဖို့ ပေးလိုက်တယ်။ ကောင်လေးက မကျက်ခဲ့ဘူး။ သူကမှတ်ဉာဏ်မကောင်းဘူး။ ဘယ်လိုမှ ကျက်လို့မရတော့ မမေးရင်လွတ်ကောင်းပါရဲ့ဆိုပြီး ကျောင်းမှာ ကံလာပြီးစမ်းတယ်။ မရပါဘူး။ ဆရာက သူ့ကိုတည့်တည့်မေးလိုက်တော့ အရိုက်ခံရသပေါ့။

အမေက အိမ်ပြန်ရောက်တော့ မျက်ရည်တွေနဲ့ သားလေးကို နနွင်းလိမ်းပေးတယ်

“မင်းအသားတွေက အရမ်းပွတယ်။ နောက်ဆိုရင် စာကျက်သွားကွယ်။ ဒီလိုချည်း အရိုက်ခံနေရရင် ဘယ်လို လုပ်မလဲ”

“အမေရယ် သားကျောင်းမနေချင်တော့ဘူး။ အမေနဲ့ ဈေးလိုက်ရောင်းချင်တယ်။ သူများတွေလို ဉာဏ်လည်း မကောင်းတော့ မျက်နှာငယ်တယ်။ စာမရမှန်းသိလို့လည်း မေးလိုက်ရင် သားကိုချည်းပဲ”

“သားရယ် … စာမတတ်တော့ အမေတို့လို ပင်ပင်ပန်းပန်းနဲ့ လမ်းဘေးမှာ ဈေးရောင်းရမှာပေါ့။ ပညာတတ်ကြီး ဖြစ်အောင် ကြိုးစားနော်။ ဒါမှ သား မဆင်းရဲမှာ”

ပညာတတ်ကြီးဖြစ်အောင် ကောင်လေးက ကြိုးစားချင်တာပဲ။ ဒါပေမဲ့ သင်္ချာလည်းမရ၊ အင်္ဂလိပ်စာလည်း မတတ်၊ မြန်မာစာလည်းညံ့။ အားလုံးသော ဆရာတွေက

“ကျက်ခဲ့”

“ကျက်ခဲ့”

“ကျက်ခဲ့”

ကောင်လေးက ဉာဏ်မကောင်းတော့ သူ့ကို အတန်းထဲက သူငယ်ချင်းတွေက

“ကြိမ်ရာတစ်ထောင် မောင်မဲပြောင်” တဲ့

တစ်နေ့တော့ ကောင်လေးက ဘုရားကျောင်းဝင်းထဲမှာ ဂစ်တာတီးပြီး သီချင်းဆိုနေကြတဲ့ အစ်ကိုကြီးတွေကို ငေးကြည့်နေတယ်

“I want to know, have you ever seen the rain” လို့ သူတို့ဆိုနေတာကြည့်ပြီး အရမ်းသဘောကျတာပဲ။ ဒါကြောင့် သူလည်း လိုက်ဆိုကြည့်တယ်

“I want to know, have you ever seen the rain”

“အစ်ကိုကြီး … အဲဒါ ဘာလဲ”

“သီချင်းလေ”

“သီချင်းတော့ သီချင်းပေါ့။ အဓိပ္ပာယ်ကိုပြောတာ”

“ကောင်လေး … ဆိုကောင်းလို့ဆိုတာ … အဓိပ္ပာယ်သိစရာ မလိုဘူး”

ကောင်လေးက အတန်းထဲပြန်ရောက်တော့ စာအုပ်နောက်ကျောမှာ အဲဒီစာသားလေးကို ချရေးကြည့်တယ်

“I want to know, have you ever seen the rain”

အဲဒီအချိန်မှာ အင်္ဂလိပ်စာသင်တဲ့ဆရာက အင်္ဂလိပ်ဝတ္ထုစာအုပ်တစ်အုပ်ကို ရုံးခန်းထဲမှာ ဖတ်နေတယ်။ ကောင်လေးက မဝံ့မရဲနဲ့ ဆရာ့အနားသွားပြီး

“ဆရာ”

ဆရာက ပက်လက်ကုလားထိုင်မှာ ထိုင်နေရာက မော့ကြည့်လိုက်ပြီး

“ဘာလဲ”

“ဒီ အဓိပ္ပာယ်လေး သိချင်လို့ပါ”

ဆရာက စာအုပ်ကိုယူလိုက်တယ်။ ကောင်လေးရေးထားတာကိုကြည့်ပြီး

“လမ်းသရဲ … လမ်းသရဲက စာတော့မရဘူး … လမ်းသူရဲသီချင်းတော့ သိချင်တယ်။ ဒါတော့ စိတ်ဝင်စား သလား။ စာတော့စိတ်မဝင်စားဘူး။ အလကားကောင်”

ဆရာကပြောပြီး အဲဒီ စာအုပ်ကို လွှင့်ပစ်လိုက်တယ်

မျက်ရည်တွေနဲ့ စာအုပ်ကိုပြန်ကောက်ခဲ့ပြီး ကောင်လေးက ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။

“ဒီလောက်ညံ့တဲ့ အင်္ဂလိပ်စာ နင့်ကို ငါအနိုင်ယူပြမယ်” လို့ ကြွေးကြော်လိုက်တယ်။

ကောင်လေးဟာ တစ်နေ့မှာ

သူကြောက်ခဲ့တဲ့

သူအနှိမ်ခံခဲ့ရတဲ့

သူသိပ်သိချင်ခဲ့တဲ့

သူအမြဲအရိုက်ခံခဲ့ရတဲ့

အင်္ဂလိပ်စာဆိုတာကြီးကို သူ့နည်းသူ့ဟန်နဲ့ အနိုင်တိုက်ခဲ့တယ်။ နိုင်လည်း နိုင်ခဲ့တယ်။

အဲဒီကောင်လေးဟာ ဘယ်သူများလဲ။

တင်ညွန့်

၂၄.၆.၂၀၁၈

Comments