အရိုးစွဲ(တင်ညွန့်)

အရိုးစွဲ

--------
စိတ်ကူးတွေ အမှတ်ရမှုတွေက တိုက်ဆိုင်မှုရှိသွားရင် ပြန်ပြီးတော့ ပေါ်လာတတ်တာပဲ။

ညကမှ တိုက်တိုက်ဆိုင်ဆိုင် ဆရာ နေဝင်းမြင့်ရဲ့ “နက်စ်ကော်ဖီ” ဝတ္ထုကို ပြန်ရှာဖတ်မိတယ်။ ဆရာ့ဝတ္ထုကို ကြိုက်လွန်းလို့ ဖတ်နေတာ ဘယ်နှကြိမ်မြောက်ဆိုတာတောင် မမှတ်မိတော့ပါဘူး။ ဒီဝတ္ထုလေး ဖတ်ရင်းနဲ့ အတိတ် ၁၉၉၇ လောက်ဆီကို ပြန်ရောက်သွားတယ်။

ဘီအီးဒီ သင်တန်းတက်တော့ ကျွန်တော် မြင့်မြင့်နိုင်ကျော်ကိုတွေ့ခဲ့တယ်။ အဖေနာမည် ဦးနိုင်ကျော်ရဲ့ သမီးပေါ့။ သူ့ကိုယ်ပိုင်က မြင့်မြင့်။

သူနဲ့ကျွန်တော်ဘီအီးဒီ စာကြည့်တိုက်မှာဆုံတာ။ သူက စာကြည့်တိုက် အငှားကောင်တာမှာ စာအုပ်လာငှား နေတယ်။

“နေဝင်းမြင့်ရဲ့ နက်စ်ကော်ဖီဝတ္ထုရှိသလား” လို့ မေးနေတာ။

စာကြည့်တိုက်ကလည်း အညွှန်းကက်တလောက်မှာ သွားရှာဖို့ပြောနေတယ်။ ကျွန်တော်သိသလောက် ဆရာ နေဝင်းမြင့်က ဒီဝတ္ထုကို ရွှေအမြုတေမဂ္ဂဇင်းထဲမှာရေးထားတာ။ ဘယ်က ဝတ္ထုစာအုပ်အနေနဲ့ ထွက်ဦးမှာလဲ။

“ဒေါ်မြင့်မြင့် ကျွန်တော့်မှာ ဆရာနေဝင်းမြင့်ရဲ့ နက်စ်ကော်ဖီဝတ္ထုရှိတယ်”

“ဩော် … ဆရာ”

“အဲဒါ ဝတ္ထုအနေနဲ့ စာအုပ်မထွက်သေးဘူးနဲ့ တူတယ်။ မဂ္ဂဇင်းထဲမှာပါတာ။ ဒေါ်မြင့်မြင့် ဖတ်ချင်ရင် ကျွန်တော် မနက်ဖြန် ယူလာပေးမယ်”

“ကျွန်မက ဝတ္ထုစာအုပ်ထင်နေတာ … ကျေးဇူးပဲဆရာ … ဒီနေ့ ဆရာမကြီးက အဲဒီဝတ္ထုအကြောင်းလေး ပြောတော့ ဖတ်ချင်လာလို့”

“မနက်ဖြန် ယူလာပေးမယ်”

ကျွန်တော်က ဆရာ့ဝတ္ထုပါ မဂ္ဂဇင်းစာအုပ်လေးကို အဟောင်းတန်းက ရထားတာ။ နောက်တစ်နေ့ သင်တန်းမှာ ဒေါ်မြင့်မြင့်ကို ကျွန်တော်က မဂ္ဂဇင်းစာအုပ်ကို ပေးလိုက်တယ်။

သင်တန်းချိန်ကုန်တော့ ကျွန်တော်က ထုံးစံအတိုင်း ကင်တင်းလက်ဖက်ရည်ဆိုင်ကို လာထိုင်တယ်။ စာအုပ် တစ်အုပ်ကို ဖွင့်ဖတ်နေတုန်း

“ဆရာ … တစ်ယောက်တည်းလား”

“ဩော် … ဆရာမ … ဟုတ်ကဲ့”

“ကျေးဇူးတင်လိုက်တာဆရာ … ကျွန်မ ဖတ်ပြီးသွားပြီ … ရော့ ဒီမှာ စာအုပ်လာပြန်ပေးတာ”

“ရပါတယ် ဆရာမ … အေးအေးဆေးဆေးဖတ်ပါ။ ကျန်တဲ့ ဆောင်းပါးတွေလည်း ကောင်းပါတယ်။ အိမ်ယူသွားပါ”

“တော်ပါပြီ … ကျွန်မက နက်စ်ကော်ဖီပဲဖတ်ချင်တာ”

“အဲဒီ ဝတ္ထုကိုဖတ်ပြီးတော့ ဆရာမ ဘယ်လိုထင်သလဲ”

“ချန်ထွန်းအောင်ကြီးကို သနားနေတော့တာပဲ”

“ဒါပဲလားဗျ”

“ဆရာ နေဝင်းမြင့်က ဒရမ်မာနဲ့ ဇာတ်သိမ်းထားတာပဲ”

“ဆရာမရယ် … ဒီလောက်ပဲလား”

ကျွန်တော် စိတ်မကောင်းဖြစ်သွားမိတယ်။ ဆရာ နေဝင်းမြင့်ပေးတဲ့ Message က သနားစရာကောင်းတဲ့ ချန်ထွန်းအောင် အကြောင်းတဲ့လား။

“ဆရာ ဒီဝတ္ထုကိုဖတ်ပြီးပြီလား”

“အကြိမ်ပေါင်း မနည်းတော့ဘူး”

ဇီးချဉ်ကုန်းသင်္ချိုင်းထဲက ချန်ထွန်းအောင် လက်ဖျံရိုးက နက်စ်ကော်ဖီပုလင်းကို မလွတ်တမ်း ဆုပ်ထားတာ ဒရမ်မာလောက်ပဲ ခံစားတတ်တဲ့ဆရာမကို ကျွန်တော် ဘယ်လိုပြောရမှန်းမသိဘူး။

“ဆရာမ ဇီးချဉ်ကုန်းရွာသားချန်ထွန်းအောင်ဟာ ကိုအီကွန်းလက်ဖက်ရည်ဆိုင်က ကော်ဖီညံ့ညံ့နဲ့ပဲ အသားကျ လာခဲ့တာနော်။ ညံ့တာလေးကိုပဲ အခြားရွေးချယ်စရာမရှိတော့ ကိုအီကွန်းဆိုင်က မှိုတက်နေတဲ့ ကော်ဖီကိုပဲ အကောင်းဆုံးဆိုပြီး သောက်လာတာ”

“ဆရာရယ် … ရွာပဲလေ … ဘာများရွေးချယ်ချင်မှာလဲ။ ရှိတာလေးနဲ့ ဖြစ်သလို နေကြတာ မဟုတ်လား။ အဆန်းလုပ်လို့”

“ဒါပေမဲ့ ဆည်မြောင်းဗိုလ် မိန်းမက ချန်ထွန်းအောင်ကို နက်စ်ကော်ဖီ သွားတိုက်လိုက်တာ ပြဿနာ စတော့ တာပဲ”

“ဟုတ်တယ်နော် … နတ်ကာဖီတဲ့ ဟီး … ဟီး”

ချန်ထွန်းအောင်တစ်ယောက် နတ်ကာဖီကိုသောက်မိတဲ့ အချိန်ကစပြီး ကိုအီကွန်းဆိုင်က ကော်ဖီကို သောက်လို့ မရတော့ဘူး။ နက်စ်ကော်ဖီကုန်တာတောင် အိပ်ရာထဲ လူးလိမ့်ပြီး ကယောင်ကတန်းဖြစ်ရတဲ့ အထိ။

ချန်ထွန်းအောင်တစ်ယောက် နက်စ်ကော်ဖီအစွဲနဲ့ လူးလိမ့်နေတာကို မကြည့်ရက်လို့ ကိုအီကွန်းတစ်ယောက် မြို့တက်ပြီး နက်စ်ကော်ဖီရှာပေးရတယ်။ မြို့က နက်စ်ကော်ဖီပုလင်း ရောက်လာချိန်မှာ ကုန်နေတဲ့ နက်စ် ကော်ဖီ ပုလင်းလွတ်လေးကို ဆုပ်ကိုင်ရင်း ချန်ထွန်းအောင်က သေနေပြီ။

သူ့လက်ထဲက နက်စ်ကော်ဖီ ပုလင်းလွတ်ကို ဘယ်လိုမှ ဆွဲဖြုတ်လို့ မရဘူး။

နောက်နှစ်ပေါင်း ၂၀ ကျော်ကြာတော့ ဇီးချဉ်ကုန်း သင်္ချိုင်းမှာ နွားကျောင်းသားတွေက လူ့လက်ဖျံရိုး တစ်ချောင်းတွေ့တယ်။ ပုလင်းတစ်လုံးကိုဆုပ်ကိုင်ထားတဲ့ လက်ဖျံရိုး

သေတာတောင် ပုလင်းကို မလွှတ်ဘူး

ဒီလက်ဖျံရိုးဟာ ချန်ထွန်းအောင် လက်ဖျံရိုးမှန်း အားလုံးသိကြတယ်

ဆရာ့ ဇာတ်လမ်းနိဂုံးလေးကို ကြည့်ပါ

“ဇီးချဉ်ကုန်းသင်္ချိုင်းမှာ ချန်ထွန်းအောင်ရဲ့ လက်ဖျံအရိုးစုဟာ နက်စ်ကော်ဖီပုလင်းကို မလွှတ်တမ်း ဆုပ်ကိုင် ထားဦးမှာပဲ။ ဇီးချဉ်ကုန်းရွာထဲက ကိုအီကွန်းသားတွေရဲ့ လက်ဖက်ရည်ဆိုင်မှာ နက်စ်ကော်ဖီရနေပြီ၊ မာလ်တိုဗာရနေပြီ၊ မိုင်လို ရနေပြီ၊ ဟောလစ်ရနေပြီ၊ တီးမစ်စ်၊ ကော်ဖီမစ်စ် တွေရနေပြီ။ ဘာသောက်ချင်သလဲ အကုန်ရနေပြီ”

ကျွန်တော်က ဆရာမ ဒေါ်မြင့်မြင့်ကို နောက်ဆုံးအပိုဒ်လေးကို စာအုပ်ဖွင့်ပြီး ထောက်ပြတယ်

“ဆရာမ အဲဒါ Lateral Thinking လုပ်ဖို့ အကောင်းဆုံးနေရာပဲ”

“ဘာလဲဆရာ Lateral Thinking ဆိုတာ”

“မနေ့က ဆရာမကြီး သင်သွားတာ အဲဒါပေါ့ဗျာ။ သမားရိုးကျနည်းအတိုင်းမဟုတ်ဘူးဗျ။ တိုက်ရိုက် သက်ဆိုင်မယ် မထင်ရတဲ့ ကိစ္စတွေကို ထည့်ပြီးစဉ်းစားတာ”

“ကျွန်မကတော့ ချန်ထွန်းအောင်ကို သနားတာပဲသိတယ်ဆရာ”

“ဆရာမရေ … Lateral Thinking ဆိုတာကို ဖြန့်ထွက်တွေးခြင်းလို့လည်း ခေါ်ကြသဗျ။ ဖြန့်ထွက်ပြီး တွေး လိုက်စမ်းပါ။ ကိုအီကွန်းဆိုင်မှာ အကုန်ရနေပြီ။ အကုန်လိုတာရအောင် ချန်ထွန်းအောင် လုပ်ပေးလိုက်တာ။ ချန်ထွန်းအောင် တောင်းဆိုလိုက်တာကြောင့် ကိုအီကွန်း မြို့တက်ရမှန်းသိပြီး တောမှာ အကုန်ရအောင် မိတ်ဆက်နိုင်လို့ ဇီးချဉ်ကုန်းခေတ်မီသွားတာ”

“အဲဒီတော့”

“ချန်ထွန်းအောင်လို အရိုးကျတဲ့အထိ နက်စ်ကော်ဖီပုလင်းကို ဆုပ်ကိုင်ထားစရာလိုဦးမှာလားဗျာ”

“ကျွန်မ သဘောမပေါက်သေးဘူး”

“အစွဲရိုးတွေနဲ့ အရိုးစွဲစိတ်တွေကို ဖြန့်ထွက်တွေးကြည့်ပါဗျာ”

ကျွန်တော် ဒေါ်မြင့်မြင့်ကို ပြောနေတဲ့အချိန်က ၁၉၉၇ ခုနှစ်လောက်ကဆိုတော့ ဆရာနေဝင်းမြင့်က ဘာကိုပြ ဆိုသလဲဆိုတာ သူ့ကိုမနည်း ရှင်းပြရတယ်။ ကျွန်တော် နိုင်ငံရေးတွေ နည်းနည်းပြောလိုက်မိတယ်။

ဒါပေမဲ့

ဆရာနေဝင်းမြင့်ရဲ့ နက်စ်ကော်ဖီပုလင်းနဲ့ ချန်ထွန်းအောင်ရဲ့ လက်ဖျံရိုးက ယနေ့အထိ ချောက်လှန့်နေသေး တယ်။

အစွဲရိုးတွေ ကြည့်လိုက်စမ်း

အရိုးစွဲလောက်အောင်ကို ဆုပ်ကိုင်ထားသေးတာပဲ

တင်ညွန့်

၂၅.၃.၂၀၁၉

Comments