ကောင်လေးတို့နှစ်ယောက်(တင်ညွန့်)

ကောင်လေးတို့နှစ်ယောက်

-----------------------------
ကောင်လေးလက်ထဲတွင် ဒစ်ရှင်နရီကြီးပိုက်ပြီး ပြန်လာသည်။ အိမ်ရောက်ရန်မစောင့်နိုင်။ ဈေးကိုဝင်ပြီး အမေ့ကို စာအုပ်အထူကြီး ဝင်ပြသည်။ အမေက ပျော်နေသည်

“တွေ့လား … ကောင်လေးက ပညာတတ်ကြီးဖြစ်တော့မှာ” ဟု ဆိုင်ဘေးက ဒေါ်ပုကို ကြွားလိုက်သည်။

“အေးပါတော် … ကောင်လေး ဆရာဝန်ကြီးဖြစ်ရင်တော့ ကျုပ်ကဆေးထိုးမှာ … ဒေါ်ကြီးကို အလကား ထိုးပေးမလား” ဟုပြောသည်။

ထိုနေ့က အမေနှင့် နှစ်ယောက်အတူ ဈေးကပြန်လာရသည်မှာ ပျော်စရာကောင်းသည်။ အမေက

“ကောင်လေး … ပေး … အမေ့ကို စာအုပ်ကြီးပေး”

“ရပါတယ် အမေရ … သားပဲကိုင်ခဲ့မယ်”

ဒစ်ရှင်နရီကြီး လက်ထဲမှာပိုက်ပြီး ကောင်လေးမြောက်နေသည်။

“အမေက … ကောင်လေး … ဆရာဝန်ကြီးဖြစ်မှာလား” ဟုမေးသည်။

“အမေရယ် … မဖြစ်နိုင်ပါဘူး။ သားက အတန်းထဲမှာ အညံ့ဆုံးဟာကို”

“သားရယ် … ဘယ်လောက်ညံ့ညံ့ပေါ့ သားလက်ထဲမှာ စာအုပ်ကြီးရှိလာပြီပဲ … ဖတ်ပစ်လိုက်စမ်းပါ”

ကောင်လေးက တွေသွားသည်။ သူ့အရည်အချင်း သူအသိဆုံးဖြစ်သည်။ ၆ တန်းတစ်နှစ်ကျသည်။ ၇ တန်း တစ်နှစ်ကျသည်။ တစ်တန်းကို ၂ နှစ်နေရသည်ကို ရှက်သည်။ သူ့သူငယ်ချင်းတွေက ၁၀ တန်းရောက်ကုန် သည်။ ကောင်လေးက ခုမှ ၈ တန်းသာရှိသေးသည်။

၇ တန်းကျသည့်နှစ်က စိတ်ပျက်ပြီး ကျောင်းထွက်မည်ဟု အမေ့ကိုပြောသည်။ အမေက ဖက်ငိုသည်။

“ကျောင်းထွက်ပြီး ဘာလုပ်မလဲ။ ဈေးရောင်းတော့လည်း ဈေးထဲမှာပဲ လမ်းဘေးကတက်နိုင်မှာ မဟုတ်ဘူး။ ပညာလေးတတ်တော့ ရာထူးရာခံလေးနဲ့ မဖြစ်ဘူးလား။ အမေတို့အမျိုးထဲမှာ ပညာတတ်တစ်ယောက်မှ မရှိဘူး။ ပညာတွေတတ်အောင် လုပ်စမ်းပါကွာ။ ပညာမတတ်တော့ အောက်ကျတယ်။ အမေ ကျွန်ခံရရင် ခံရပါစေ။ သားကို ကျောင်းထားမယ်။ နောက်နှစ်အောင်အောင်ဖြေပေါ့။ ငါ့သားလေးကို ဈေးကြမ်းပိုးလေးတော့ အဖြစ်မခံနိုင်ဘူး”

အမေ့မျက်ရည်က သူ့ကိုပျော့ကျသွားစေသည်။ ဘယ်တော့ဖြစ်ဖြစ် မျက်ရည်ကျခဲသည့် အမေက ကောင်လေး အတွက် မျက်ရည်တွေနှင့် တောင်းပန်နေသည်။

“ကျောင်းတက်ပေးပါကွယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းတက်နေတာပဲ အမေမြင်ချင်တယ်။ ငါ့သားကို ပညာတတ်ကြီးဖြစ်စေချင်လို့ပါ”

ကောင်လေး ကျောင်းဆက်တက်သည်။ ယခုတော့ အမေ့ချွေးနှဲစာ စာအုပ်ကြီးကို မျောက်အုန်းသီးရသလိုဖြစ်နေ သည်။ လှန်လိုက်ရှာလိုက်၊ ဘာလုပ်လို့လုပ်ရမှန်းလဲမသိ။ စာတွေကို တစ်နေ့ ငါးလုံးကျက်မည်ဆိုကာ ကျက် သေးသည်။ နောက်ဆုံးမဖြစ်နိုင်သဖြင့် လက်လျှော့ရသည်။

အင်္ဂလိပ်စာကို တတ်ချင်သည်။ ဘယ်လိုတတ်အောင်လုပ်ရမှန်းလည်းမသိ။ ကျောင်းမုန့်ဖိုးထဲကပိုက်ဆံကို အင်္ဂလိပ်သတင်းစာတစ်စောင်လောက်ဝယ်ပြီး တစ်ပတ်လောက်ကြည့်သည်။ ကျောင်းစောင့်ကြီးဆီက မြန်မာ သတင်းစာတောင်းရသည်။ တိုက်ဖတ်ရန်ဖြစ်သည်။ ကျောင်းလွှတ်ချိန်တွင် မြန်မာသတင်းစာနှင့် အင်္ဂလိပ် သတင်းစာကို တိုက်ဖတ်သည်။ အချို့သော စာပိုဒ်များကို ဗလာ စာအုပ်ထဲတွင် ကူးထားသည်။

ဗလာအုပ်တစ်မျက်နှာကို ခေါက်ချိုးပိုင်းပြီး တစ်ပိုင်းတွင် အင်္ဂလိပ်၊ တစ်ပိုင်းတွင် မြန်မာကူးရေးသည်။ အားလပ်ချိန်တိုင်း အင်္ဂလိပ်-မြန်မာနှစ်မျိုးကို တိုက်ဖတ်ရင်းက ကောင်လေး စာဖတ်ရသည်ကို ပျော်လာသည်။ ကျောင်းကအင်္ဂလိပ်ဖတ်စာအုပ်ထဲက စာတွေကို အလွတ်ကျက်ကြည့်သည်မရသဖြင့် စိတ်ပျက်နေမိသည်။

တစ်နေ့ နေ့ခင်းမုန့်စားဆင်းချိန်၌ ရွှေမော်ဓောဘုရားလမ်းရှိ ကြိုင်လင်းစာအုပ်ဆိုင်ကို ရောက်လာသည်။ ဆိုင်ရှင်က ဦးကြိုင်လင်းပဲဖြစ်သည်။

“ဦးကြိုင်လင်း အင်္ဂလိပ်စာအုပ်ထဲက လွယ်လွယ်ဖတ်နိုင်တဲ့ စာအုပ်တွေ မရှိဘူးလား”

“မရှိဘူးကွ … နေဦး မင်းက ဘယ်လိုအကြောင်းအရာတွေ ဖတ်ချင်တာလဲ”

“လွယ်လွယ်နဲ့ ဖတ်နိုင်တာတွေပေါ့ဗျာ ဘာဖြစ်ဖြစ်”

“မင်း ဘယ်နှတန်းလဲကွ”

“၈ တန်း”

“ဟေ့ ချာတိတ် … မင်းတို့ ကျောင်းက ပြဋ္ဌာန်းထားတဲ့ အင်္ဂလိပ်စာအုပ်တွေက ကောင်းသားပဲကွ”

“ပျင်းစရာကြီးပါဗျာ”

“အင်း … မင်းက ကျောင်းစာကို ကျောင်းစာလို ဖတ်နေလို့”

“ကျောင်းစာကို ကျောင်းစာလို မဖတ်လို့ ဘယ်လိုဖတ်ရမလဲ”

“မင်းက အဲဒီ စာအုပ်တွေကို အပြင်စာလိုသဘောထားပြီးဖတ်လိုက်။ မပင်ပန်းတော့ဘူး”

ကောင်လေးက ပြန်လာသည်။ ကျောင်းရောက်တော့ အင်္ဂလိပ်ဖတ်စာအုပ်ကိုဖွင့်သည်။ သင်ပြီးသားတွေကို ပြန်ဖတ်သည့်အတွက် အကြောင်းအရာတွေက သိနေသည်။ အကြောင်းအရာကို သိနေသဖြင့် ဖတ်ချင်စိတ်တိုး လာသည်။ အိမ်ပြန်ရောက်သည့်အခါတွင် ၇ တန်းတုန်းက အင်္ဂလိပ်စာအုပ်ကို ပြန်ရှာသည်။ ပြန်ဖတ်ကြည့် သည်။ သိသလိုလိုဖြစ်သည်။ ဦးကြိုင်လင်းပြောလိုက်သလို ကျောင်းစာကို ကျောင်းစာဟု သဘောမထားဘဲ ဖတ်လိုက်သည့်အခါတွင် ပျော်သလိုလိုဖြစ်လာသည်။

ကိုယ်ကြိုက်သည့် အင်္ဂလိပ်စာပိုဒ်လေးတွေကို အလွတ်ကျက်ကြည့်သည်။ ပြန်ချရေးသည့်အခါတွင် မှားသည်။ အလွတ်ကျက်ခြင်းကို မည်မျှရူးသနည်းဆိုသော် ကျောင်းလာလျှင် စာရွက်လေးပေါ် ရေးလာသည့် အင်္ဂလိပ်စာ တွေကို ကြည့်လိုက်ရွတ်လိုက်လုပ်ရင်း လမ်းလျှောက်လာသည်။ လူတွေအမြင်မှာ စာကျက်နေသည့် ကောင်လေး ဖြစ်မည်။ သို့သော် သူလုပ်ချင်ရာကို လုပ်နေသည့် ကောင်လေးဖြစ်သည်။

အမေကတော့ သူ့သား စာနှင့်မျက်နှာမခွာသည်ကို ပီတိတွေဖြစ်နေသည်။ ရေခပ်၊ ထင်းခွဲ ၊ အဝတ်လျှော်တွေကို ပိုလုပ်နေသည်။ တတ်နိုင်သမျှ ကောင်လေးကိုမခိုင်း။ ကောင်လေးကို အမေက စာကျက်နေသည်ဟုသာ ထင်နေသည်။

ကောင်လေးက တစ်ဆင့်ပြီးတစ်ဆင့်တိုးသည်။ သူကျက်ထားသည့် စာတွေကို ပြန်ရေးကြည့်သည်။ တစ်ကြောင်းမှ တစ်ပိုဒ်၊ တစ်ပိုဒ်မှ နှစ်ပိုဒ်၊ နှစ်ပိုဒ်မှ တစ်မျက်နှာ စာတွေကို ချရေးကြည့်ပြီး မှန်သွားလျှင် ပိုပျော် လာသည်။

“ဟေ့ အင်္ဂလိပ်စာ မင်းကိုငါနိုင်ရမယ်”

စာတွေများလာသည့်အခါ မကျက်နိုင်တော့။ စာတွေကိုလိုက်ဖတ်ပြီး အလွတ်ပြန်ရေးကြည့်သည်။ အကြိမ်ကြိမ် အထပ်ထပ်ရေးကြည့်သည့်အခါမှန်လာသည်။ ကောင်လေး စာတွင် ပျော်မွေ့လာသည်။ သူဖတ်ချင်သည့် အင်္ဂလိပ်စာတွေကို ဒစ်ရှင်နရီကြီးလှန်ဖတ်နေသော်လည်း အဓိပ္ပာယ်မသိသည်ကများသည်။ သို့သော် သူ့အတွက် အထောက်အကူတွေက သတင်းစာဖြစ်နေသည်။ နေ့တိုင်း သတင်းစာထဲက စာတွေကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာကူးရေးနေရသည်ကိုပင်ပျော်စရာဟုထင်လာသည်။

ဦးမိုးကြိုးနှင့် ကျောင်းပြန်လျှင် စကားဝင်ပြောသည်။ သူ့ထံက သိစရာတွေများလှသည်။ ဂရမ်မာလေ့လာခိုင်း သည်။ သူက ကောင်လေးကို Brighter Grammar စာအုပ်တစ်အုပ်လက်ဆောင်ပေးသည်။ သူက ဖတ်ကြည့်သော်လည်း နားမလည်။ သူ့တွင်ဆရာလိုနေသည်။ သို့သော် ကျောင်းကဆရာတွေကလည်း မကပ်ရဲ။ မမေးရဲ။ ဦးမိုးကြိုးက နည်းတစ်ခုပေးသည်။

“ကောင်လေး … အင်္ဂလိပ်ဝတ္ထုနဲ့ မြန်မာပြန်ထားတာ တိုက်ဖတ်ကြည့်ပါလား”

“ကျွန်တော့်မှာ အင်္ဂလိပ်စာအုပ်မှ မရှိတာ”

“နေဦး တိုက်ဖတ်နိုင်တာ စဉ်းစားဦးမယ်။ ဟာ … ဟုတ်ပြီ ငါ့ဆီမှာ ခင်ကြီးအောင် ဘာသာပြန်ထားတဲ့ သွေးမြေကို ကျောခိုင်း၍ ဆိုတဲ့ ဘာသာပြန်စာအုပ်ရှိတယ်။ အဲဒါ ဟဲမင်းဝေးရဲ့ A Farewell to Arms ဆိုတာကို ဘာသာပြန် ထားတာ”

“အဲဒီ ဘာသာပြန် ကျွန်တော် ဝယ်သွားမယ်။ အင်္ဂလိပ်စာအုပ်က ဘယ်မှာရနိုင်မလဲဗျ”

“အင်း … ငါ ရန်ကုန်ရောက်ရင် ဝယ်လာပေးမယ်။ အင်းဝတိုက်မှာ ရှိမယ်ထင်တယ်”

“အင်္ဂလိပ်စာအုပ်က ဈေးကြီးသလား”

“မင်းကလည်း နှစ်ကျပ်ခွဲ သုံးကျပ်လောက်ပဲရှိတယ်”

“ဒါဆိုရင် ကျွန်တော့်ကို တစ်အုပ်ဝယ်ခဲ့ပေးပါလား။ ပိုက်ဆံပေးလိုက်ရမလား”

“မပေးနဲ့ ရလာရင်ပြောမယ်”

ဦးမိုးကြိုးကောင်းမှုဖြင့် ကောင်လေး အင်္ဂလိပ်ဝတ္ထုရော၊ မြန်မာဝတ္ထုကိုပါ လက်ထဲတွင် ပိုင်ဆိုင်နိုင်ခဲ့သည်။ နေ့တိုင်း ဝတ္ထုကို တိုက်ဖတ်ကြည့်သည်။ ဟဲမင်းဝေး၏ အရေးအသားတွေက စကားပြောတွေများသည်။ ဆရာ ခင်ကြီးအောင်၏ ဘာသာပြန်ကလည်း ရှင်းသည်။ ဤသို့ဖြင့် ကောင်လေး အင်္ဂလိပ်ဝတ္ထု တစ်အုပ်လုံးကို အပြန် ပြန်အလှန်လှန်ဖတ်နိုင်အောင် ကြိုးစားရင်းက အင်္ဂလိပ်စာကို ရင်းနှီးကျွမ်းဝင်လာသည်။ ဘာပြောပြော ဆရာခင်ကြီးအောင် ဘာသာပြန်နှင့် တိုက်ဖတ်ပြီး နားလည်နေသည့် အကြောင်းအရာတွေကို အတန်းထဲတွင် အင်္ဂလိပ်စာအုပ်ထောင်ပြီး ဖတ်နိုင်သည်ကိုပင် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးစရာ ဖြစ်လာသည်။

မိမိကိုယ်မိမိ ယုံကြည်မှုသည် အရေးကြီးသည်။ ကောင်လေး ယခင်ကလို မဟုတ်တော့။ စာဖတ်ရမည်ကို မကြောက်သဖြင့် စာတွေရလာသည်။ သို့သော် ကောင်လေး သင်္ချာညံ့သည်။ ထိုခေတ်က ကျူရှင်လည်းမရှိ။ ကျူရှင်တက်ရကောင်းမှန်းလည်းမသိ။

ဖတ်စာအုပ်ထဲက အင်္ဂလိပ်စာတွေကို အလွတ်နီးပါးရလာခြင်းက အင်္ဂလိပ်စာကို အစမ်းစာမေးပွဲများတွင် အမှတ် ကောင်းကောင်းရလာခြင်းဖြစ်သည်။ သို့သော် သင်္ချာကတော့ အမြဲကျသေးသည်။ အမေ့ကို ရီပို့ကတ်ပြန်ပြတိုင်း အမေက ကြည့်ပြီး မျက်ရည်ကျသည်။ ယခင်ကဆိုလျှင် မင်နီတွေချည်းဖြစ်သည်။ ယခုတော့ သင်္ချာတစ်ဘာသာ လောက်ကျသည်ကိုပင် အမေကပျော်နေသည်။ အမေ့မျက်ရည်က ပျော်၍ကျသောမျက်ရည်။

မည်သို့ဆိုစေ ထိုနှစ်က ၈ တန်းကို ကောင်လေးနှစ်ချင်းပေါက်အောင်သည်။ အမေကပျော်နေသည်။ သို့သော် အမေက ဘာမှန်းမသိ။ အောင်သည်သာဆိုသည် သူအောင်သည်က ဝိဇ္ဇာဖြစ်နေသည်။ အမေဖြစ်စေချင်သည့် ဆရာဝန် ဘယ်တော့မှ မဖြစ်နိုင်တော့။ သူကဝိဇ္ဇာဖြစ်သွားပြီး ကျောင်းပြောင်းရန်အနေအထားဖြစ်သွားရသည်။

ကျောင်းပြောင်းရသည့်အနေအထားက တရုတ်လေးနှင့် သွားတွေ့လိုက်သောကြောင့်ဖြစ်သည်။

တရုတ်လေးက သူနှင့် အတန်းထဲတွင် သူငယ်ချင်းဖြစ်သည်။ သွားအတူ လာအတူ စားအတူ ဖြစ်သွားသည်။ တရုတ်လေးကလည်း စာကြမ်းပိုးဖြစ်သည်။ သူက နိုင်ငံရေးစာပေတွေ၊ ဂန္ထဝင်ဝတ္ထုတွေ ဖတ်သည်။ သူက ဂန္ထဝင်ရူး၊ ကျွန်တော်က အင်္ဂလိပ်စာရူး တွေ့ကြပြီ။ သူ့ဦးလေးက စာအုပ်အငှားဆိုင်တစ်ဆိုင် မဇင်းဘက်၊ ရွှေသာလျောင်းဘုရားလမ်းတွင် ဖွင့်ထားသည်။

ကောင်လေးကို သူက ထိုစာအုပ်အငှားဆိုင်ခေါ်သွားသဖြင့် ရတနာသိုက်တစ်ခုကို သွားတွေ့ရလိုက်သလို ဖြစ်သွားသည်။ တရုတ်လေးက သူ့ကို ကက်စ်ထရို၊ ချေဂွေဗားရား၊ ဟိုချီမင်းစသည့် ဆရာလင်းယုန်မောင်မောင် စာအုပ်တွေကို ပေးဖတ်သည်။ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်တို့နှင့် မိတ်ဆက်ပေးသည်။

တရုတ်လေးကို သိကျွမ်းခွင့်ရလိုက်ခြင်းမှာ သူ့အတွက် နယ်ပယ်သစ်တစ်ခုကို ရောက်သွားသည်။ ထိုနယ်ပယ် သည် ကျောင်းနှင့်ဘာမျှ မဆိုင်သော ပြင်ပသီးခြားကမ္ဘာတစ်ခုဖြစ်သွားသည်။ ကျောင်းဆိုသည်မှာ ကန့်သတ်ချက် ဘောင်တစ်ခုအတွင်းက နယ်ပယ်ကျဉ်းကျဉ်းလေးဖြစ်သွားသည်။ ကောင်လေးက စာတွေကို ဖတ်လေ ကျောင်းအပြင်ကိုရောက်လေဖြစ်နေသည်။

ကောင်လေးက ကျောင်းဆိုသည့် ဘောင်ကို ယခင်က ဖီဆန်တော်လှန်ပြီး ကျော်မကြည့်ရဲ။ ခုတော့ သူ့ကမ္ဘာက ပိုကျယ်သည်။ သူဖတ်နေသည့် စာအုပ်တွေက ကျောင်းဆိုတာ နွားခြေရာခွက်လေးပါဟု ထင်ဟပ်ပြနေ သလိုပင်။

ကောင်လေးနှင့် တရုတ်လေးတို့ စာရူးသည်မှာလွန်သည်။ ထိုစဉ်က ပဲခူးတွင် မိုးကြိုး၊ ကြိုင်လင်းဆိုသည့် စာအုပ် ဆိုင်တွေလောက်သာရှိသည်။ ရွှေမော်ဓောဘုရားပေါ်စောင်းတန်းတွင် မောင်အေး (ထင်သည်) ပိဋကတ်စာပေ တွေ ရောင်းသည့် စာအုပ်ဆိုင်ရှိသည်။ ကျွန်တော်တို့နှစ်ယောက် အမွှေများတာက ကြိုင်လင်းနှင့် မိုးကြိုး ဖြစ်သည်။ နောက်ပိုင်းတော့ ပဲခူးတွင် “သဇင်” ဆိုသည့် ဆိုင်တစ်ဆိုင် ထပ်ဖွင့်လာသည်။

သဇင်စာပေ ကိုတင်မြင့်က စာသမားတစ်ယောက်ဖြစ်သည်။ ကောင်လေးနှင့် တရုတ်လေးကို သူက သူငယ်ချင်းလို ဆက်ဆံသည်။ သူ့ဆိုင်တွင် စာအုပ်အဟောင်း၊ အသစ် မျိုးစုံတင်သည်။ အဟောင်းတွေက ကိုတင်မြင့် စုဆောင်းထားသည့် စာအုပ်တွေဖြစ်သည်။ သူက ထိုစဉ်က မင်းလမ်းတွင် စာအုပ်ဆိုင်ကို တူတူတန်တန်စဖွင့် သူလည်းဖြစ်သည်။ တူတူတန်တန်ဆိုသည်မှာ ဆိုင်နှင့် ကျကျနနဖွင့်ခြင်းဖြစ်သည်။ ဦးမိုးကြိုး၏ မိုးကြိုး ဆိုင်က နေ့ခင်းမှဖွင့်သည့် လမ်းဘေးလှည်းဆိုင်ဖြစ်သည်။ သဇင်ဆိုင်က ဒေါ်ရင် ခေါက်ဆွဲဆိုင်အနီး၊ မိုးကြိုးက စိန်ချွန်း လက်ဖက်ရည်ဆိုင်ရှေ့ဖြစ်သည်။ ကြိုင်လင်းက ဘုရားလမ်းတွင်ရှိသည်။

သို့သော်နောက်ပိုင်းတွင် မမျှော်လင့်ဘဲ ကောင်လေးတို့ ရတနာသိုက်ကြီးတစ်ခုကို ထပ်မံရှာဖွေ တွေ့ရှိလိုက်ကြ ပြန်သည်။

တင်ညွန့်

၂၆.၆.၂၀၁၈

Comments