ကောင်လေးသည် အရူးမဟုတ်(တင်ညွန့်)
ကောင်လေးသည် အရူးမဟုတ်
----------------------------------နောက်တစ်နေ့တွင် အမေက ဈေးရောင်းနေရာမှ ဆိုင်ကို အနီးရှိ ဒေါ်ပုကို အပ်ပြီး ကျွန်တော်နှင့် ကျောင်းကို လိုက်လာသည်။ အမေ့ဘဝတွင် သားဆိုးအတွက် ဆရာမနှင့် ပထမဆုံး လာတွေ့ရခြင်းဖြစ်သည်။
အမေက ကျောင်းရောက်သည့်အခါတွင် ဆရာမကို အတန်းထဲဝင်တွေ့သည်။ တောသူတောင်သားဖြစ်သဖြင့် ရိုရိုကျိုးကျိုးလေးနှင့် ဆရာမရှေ့တွင်ရပ်နေရရှာသော အမေ့ကို စိတ်ထဲကမကောင်း။ ကောင်လေးက အပြင် ပြတင်းပေါက်က လှမ်းကြည့်နေခြင်းဖြစ်သည်။ အမေက မျက်ရည်တွေ သုတ်သည်။ ဆရာမကို တောင်းပန်သလို လုပ်သည်။ လက်အုပ်လေး ချီထားပြန်သည်။ ကောင်လေး တော်တော် စိတ်ပျက်သွားသည်။ သူ့ကြောင့် အမေ စိတ်ဆင်းရဲနေရပြီ။
အမေက မျက်ရည်တွေသုတ်ရင်း ပြန်ထွက်လာသည်။
“ဘာတဲ့လဲအမေ”
“တောင်းပန်လိုက်ရတာကွယ်။ ကျောင်းထုတ်သွားချည်း လုပ်နေလို့”
“အမေရာ … လာပါ ပြန်ကြရအောင်။ ဒီကျောင်းဆက်မတက်တော့ဘူး”
“ကောင်လေး … ဒီလို မလုပ်ရဘူး။ တစ်ဘဝလုံးအတွက်ကို တခဏလေးနဲ့ ဆုံးဖြတ်ချက်ချပြီး ဘယ်တော့မှ မပြောနဲ့ … အမေမကြိုက်ဘူး။ အားလုံး ပြီးသွားပြီ။ အတန်းထဲသွားတော့။ ဆရာမက ဆူဆူဆဲဆဲ ငြိမ်နေ ဟုတ်ပြီလား … အမေ့ကို ကတိပေးလား”
“ဟုတ်ကဲ့”
ကျောင်းတက်သည့်အခါတွင် ကောင်လေးက အတန်းထဲ ငြိမ်ငြိမ်လေး ဝင်ထိုင်လိုက်သည်။ တရုတ်လေးက
“ဟေ့ကောင် … ဒီနေ့တော့ သင်္ချာမပြနိုင်ရင် မင်းတော့သေပြီ”
“ဘာဖြစ်လို့လဲကွ”
“သင်္ချာအိမ်စာတွေ ပေးထားတယ်။ မင်းမလုပ်ရသေးဘူး မဟုတ်လား။ ဒီမှာ ကူးထား။ ငါလည်း ကုလားကြီးဆီက ကူးထားတာ”
“မထူးတော့ပါဘူးကွာ။ ကူးတော့လည်း တတ်သွားမှာမှ မဟုတ်တာ။ ထားလိုက်ပါတော့”
သင်္ချာဆရာအချိန်တွင် မှန်းထားသည့်အတိုင်း အတန်းရှေ့ထွက်၊ မတ်တတ်ရပ်၊ ထိုင်ထ အကြိမ် ၂၀ လုပ်ရ သည်။ တင်ပါးကို နှစ်ချက် ကြိမ်ဖြင့် အရိုက်ခံရသည်။ တစ်တန်းလုံးတွင် တစ်ယောက်တည်းသော ကြိမ်စာ။
ကျောင်းလွှတ်သည့်အခါ ဦးဇင်းကြီးတာတေထံ အပြေးလေး လာခဲ့သည်။ ဦးဇင်းကြီးက
“ကောင်လေး ဒီနေ့ ဘာဖြစ်လို့ နောက်ကျ”
“မှန်ပါ ကျောင်းတက်နေရလို့ပါဘုရား”
“ဟိုနေ့တွေက”
“ကျောင်းပြေးပါတယ်ဘုရား”
“ကျောင်းကပြေးတာလား၊ လူကပြေးတာလား”
“လူကပြေးတာပါ ဘုရား”
“ဒါဆိုရင် ဘာဖြစ်လို့ ကျောင်းပြေးတယ်လို့ ပြောသလဲ”
“ဒီလိုပဲ ပြောကြတာပဲဘုရား”
“ကျွန်တော် ဘယ်တော့မှ ကျောင်းမပြေးတော့ဘူးလို့ အင်္ဂလိပ်လိုပြောကြည့်စမ်း”
“I never run school.”
“ဟုတ်တုတ်တုတ်ပဲ … ဒါပေမဲ့ ကျောင်းပြေးတာကို အင်္ဂလိပ်မှာ truant လို့ပြောတယ်။ လိုက်ဆိုစမ်း ထရောင့်”
“ထရောင့်”
ဦးဇင်းတာတေကြီးနှင့် အင်္ဂလိပ်စာသင်ရတာ ပျော်သည်။ ဥပမာ
“Verb to be တွေ ရေးလိုက်စမ်း”
ကောင်လေးက ကြမ်းပြင်ပေါ်တွင် am, is, are, was, were ဟုရေးလိုက်လျှင်
“ဟိုဘက်မှာ စက်ဝိုင်းတစ်ဝိုင်းရေး … ဒီနားမှာ စက်ဝိုင်း တစ်ဝိုင်းရေး … ဟုတ်ပြီ … ခုချိန်မှာ မင်းက မျောက်ကလေး။ ကျွန်တော် မျောက်တစ်ကောင်ပါ အင်္ဂလိပ်လို ပြောစမ်း”
“I am a monkey.”
“ကျွန်တော့မှာ အမြီးတစ်ချောင်းရှိတယ် ပြောစမ်း”
“I have a tail.”
“ကဲ မျောက်ကလေး … ဟိုအဝိုင်းထဲကနေ ဒီအဝိုင်းထဲခုန်လိုက်စမ်း … မင်းနဲ့ Subject ဆိုတဲ့ မျောက်ကိုခေါ်ခဲ့။ ငှက်ပျောသီးကို ဘယ်လိုခေါ်သလဲ”
“Banana ပါဘုရား”
“ငါ ငှက်ပျောသီး မကြိုက်ဘူး ပြောစမ်း”
“I don’t like banana.”
“မုန်းတယ်လို့ပြောစမ်း”
“I hate banana.”
“မင်းအောက်မှာ ရေးထားတာဘာလဲ”
“Banana ပါဘုရား”
“စောစောက မင်းခုန်လာခဲ့တဲ့ အဝိုင်းကို မင်းမကြိုက်တဲ့ ငှက်ပျောသီးပို့ အဲဒါ Object ပဲ။ မျောက်က ဒီရောက်ရင် ငှက်ပျောသီးက ဟိုရောက်ပြီ။ မင်းအမြီးနဲ့ ချိတ်ယူလာတာ ဘာလဲ”
ဦးဇင်းတာတေကြီးက by ကိုပြောခြင်းဖြစ်သည်။
“ငှက်ပျောသီးက ဘယ်နှလုံးလဲ”
“တစ်လုံး”
“ဒါဆိုရင် မင်းခုနက ရေးထားတဲ့ verb to be ထဲက ကြိုက်တာရွေး”
ထိုနည်းမှာ ဦးဇင်းတာတေကြီးက ကောင်လေးကို Active Voice မှ Passive Voice သို့ ပြောင်းနည်းကို သင်နေ ခြင်းဖြစ်သည်။
ဦးတာတေကြီးက လက်ဖက်ကို အလွန်ကြိုက်သည်။ လက်ဖက်ဆီရွှဲရွှဲကို ဝါးနေရာက တုတ်တစ်ချောင်းဖြင့် ဟိုညွှန် သည်ညွှန် ပါးစပ်က မနားတမ်းမေးသည်။ တုတ်ကိုင်ထားသော်လည်းမရိုက်။ ပုံကြီးက ကြမ်းတမ်းပြီး ကြောက်စရာကောင်းသော်လည်း စာသင်နေချိန်တွင် အလွန်စိတ်ရှည်ပြီး နုညံ့နေသည်။ ကောင်လေးက ထိုင်ပြီး စာသင်ရချိန်ရှားသည်။
“ပြေးလိုက်စမ်း … ယူလိုက်စမ်း … ခုန်လိုက်စမ်း … ရေးလိုက်စမ်း”
အားလုံးပြီးသွားလျှင် သင်ခန်းစာတစ်ခုပြီးသွားသည်။ ဘာစာအုပ်မှလည်းမကိုင်။ ဘာသင်မည်လည်းမပြော။ မေးရင်းသင်၊ ရေးရင်းသင်သွားသည်။
မိုးချုပ်မှ ကောင်လေး အိမ်ပြန်ရောက်သည်
“အမေ သား ဦးဇင်းတာတေကြီး ကျောင်းသွားတက်နေလို့”
“ကောင်းတယ် … ကောင်းတယ် … ရေချိုးသားလေး … ထမင်းစားမယ်။ မနက်ဖြန် အမေလည်း ဦးဇင်းဆီကို လိုက်ဖူးချင်တယ်။ သားလေးအပေါ် ကျေးဇူးရှိတယ်။ အမေ လိုက်ကန်တော့ချင်တယ်”
“အမေရယ် ဦးတာတေကြီးက ကြိုက်ပါ့မလား … ခွစာကြီးဗျ”
“ဘုန်းကြီးကို လိုက်ကန်တော့တာပဲကွယ် … မောင်းထုတ်စရာတော့ မရှိပါဘူး”
နောက်တစ်နေ့တွင် အမေနှင့် ကောင်လေးသည် ကျောင်းမတက်မီ အစောကြီး ဟင်္သာကုန်းဘက် ထွက်ခဲ့သည်။ အမေက ဈေးထဲမှာ လက်ဖက်စုံတစ်ထုပ်ဝယ်လာသည်။ သားအမိနှစ်ယောက် ကျောင်းပေါ်တက်လာခဲ့သည်။ တစ်ကျောင်းလုံး တိတ်ဆိတ်နေသည်။ သူနှင့် ဦးဇင်းကြီး စာသင်နေကျ နေရာတွင် စာလုံးအကြီးကြီး ရေးထားသည်။
“Boy, you are not idiot. Go Ahead!”
ကောင်လေးက idiot နှင့် ahead ဆိုသည့် စာလုံး အဓိပ္ပာယ်ကို မသိ။ ထို့ကြောင့် ဘာပြောမှန်းလဲ မသိ။ စာအုပ်ထုတ်ပြီး လိုက်မှတ်သည်။ အမေက
“ကောင်လေး ဘာတွေရေးထားသလဲ”
“သိသေးဘူးအမေ … အောက်ဆင်းပြီး မေးကြည့်ရအောင်”
အောက်ထပ်မှ ဦးဇင်းတစ်ပါးကို တွေ့သည့်အခါမေးကြည့်ရာ
“တာတေကြီး ပြန်ကြွသွားပြီ”
“ဘယ်ကို ပြန်သွားတာလဲဘုရား”
“အဲဒီလိုပါပဲ … လာချင်လာ … ပြန်ချင်ပြန်။ ဆရာတော်ကလည်း ဝင်စေထွက်စေ ခွင့်ပြုထားတာ”
“ဦးဇင်းကြီးကို ဘယ်မှာတွေ့နိုင်မလဲဘုရား”
“သိဘူးဒကာလေး … ရန်ကုန် သရက်တောမှာကျောင်းရှိတယ်တော့ ပြောတာပဲ”
“တပည့်တော်ကို ဘာမှာသွားသေးသလဲဘုရား”
“ဘာမှ မမှာသွားဘူး”
ကိစ္စတော့ပြတ်ပြီ။ ကောင်လေး အရုပ်ကြိုးပြတ်သလို ဖြစ်သွားပြီး အမေနှင့်အတူ ပြန်ခဲ့သည်။
“သားရယ် ကံမကုန်ရင် ပြန်ဆုံမှာပါ။ ကံတရားကြောင့် တွေ့တောင်တွေ့ခဲ့ပြီးမှပဲ”
“အမေ သားသိနေတယ်။ ဦးဇင်းကြီးကို ပြန်တွေ့ရတော့မှာ မဟုတ်ဘူး”
ကောင်လေးက ကျောင်းပြန်တက်သည်။ တရုတ်လေးကို ပြောသည်။
“ဟေ့ကောင် … ရန်ကုန်ကို သွားတတ်သလား”
“ငါတော့ သင်္ကန်းကျွန်းကို ရောက်ဖူးတယ်ကွ … ဘာဖြစ်လို့လဲ”
“ငါ ရန်ကုန်ကို သွားချင်လို့ကွ”
“သွားချင်သွာပေါ့ကွ … ဘာခက်လို့လဲ”
“ငါတစ်ခါမှ မရောက်ဖူးဘူးကွ။ ငါ ဦးဇင်းကြီးတစ်ပါးကို သွားရှာချင်လို့ကွာ။ အဲဒါ မင်း ရန်ကုန်လိုက်ပေးပါလား”
“ဘယ်မှာနေလို့လဲ”
“ရန်ကုန် သရက်တော ကျောင်းတိုက်မှာတဲ့”
“ရန်ကုန်သွားတာတော့ ရထားစီးသွားရင် ၂ ကျပ်ပဲပေးရတယ်ကွ။ သွားပေါ့ ဒါပေမဲ့ ငါတို့ ဦးလေးကို မေးပြီးမှ သွားရင် ကောင်းမယ်။ သူက ရန်ကုန်မှာ အကြာကြီးနေခဲ့ဖူးတာ”
ကောင်လေးက ကျောင်းပိတ်သည့်နေ့တွင် ရန်ကုန်သွားပြီး ဦးဇင်းကြီးကို ရှာချင်ကြောင်း အမေ့ကို ပြောသည်။ အမေက စိတ်မချသဖြင့် မလွှတ်ချင်။ ကောင်လေးက တရုတ်လေး ဦးလေးပါမည်ဟုပြောထားသည်။ သို့သော် တရုတ်လေး ဦးလေးက မလိုက်နိုင်။ ရန်ကုန်ရောက်လျှင် ဘူတာကြီးကို ဗဟိုထားပြီး မည်သို့သွားနိုင် ကြောင်းတွေကို သေသေချာချာလမ်းညွှန်သည်။
ကျောင်းပိတ်ရက် စနေနေ့တွင် ကောင်လေးနှင့် တရုတ်လေးတို့ မီးရထားဖြင့် ပဲခူးမှ ရန်ကုန်ကို လာခဲ့ကြသည်။ ကောင်လေး၏ ပထမဆုံး ရပ်ဝေးကိုသွားဖူးခြင်းဖြစ်သည်။ သူတို့နှစ်ယောက် ပဲခူးအိပ်ရထားဖြင့် လာခဲ့သည်။ နေရာမရသဖြင့် တံခါးအတက်အဆင်းတွင် ထိုင်စီးပြီး ပတ်ဝန်းကျင်ကို အထူးအဆန်းအဖြစ် ငေးခဲ့သည်။
ရန်ကုန်ရောက်သည့်အခါတွင် ဘူတာကြီးတွင် ယောင်လည်လည်ဖြစ်နေသည်။ သမ္မတရုံဘက်ကို တက်သည်။ လမ်းညွှန်အတိုင်း အောက်ဖက်ကို ပြန်လျှောက်သည်။ မေးရင်းမြန်းရင်း ဗိုလ်ချုပ်ဈေးကို ရောက်လာသည်။ ဗိုလ်ချုပ်ဈေးကတစ်ဆင့် သူတို့ဆက်လျှောက်ခဲ့ရာ သရက်တော ကျောင်းတိုက်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။
သရက်တောကျောင်းတိုက်ထဲတွင် ကျောင်းတွေက အများကြီးဖြစ်သည်။ တစ်တိုက်ပြီးတစ်တိုက် လိုက်မေးရ သည်မှာ မလွယ်လှပေ။ ကောင်းလေးတို့ စိတ်ပျက်ပျက်နှင့် လမ်းဘေး ထမင်းဆိုင်တစ်ဆိုင်တွင် ထမင်းထိုင် စားရင်းက ထမင်းရောင်းနေသည့် ရောင်ထုံးနှင့် လူကြီးတစ်ယောက်ကို မေးကြည့်မိသည်။
“ဦးကြီး ဒီကျောင်းထဲမှာ ဦးဇင်းတာတေကြီးဆိုတာများသိလား”
“ဘာလဲ ပုံဆိုးဆိုးနဲ့ သရဲကြီးကို ပြောတာလား”
“ဟုတ်ကဲ့”
“ဟောဒီလမ်းအတိုင်း ဝင်သွား။ ထိပ်တိုက်ပထမဆုံးတွေ့တဲ့ကျောင်းမှာ”
ကောင်လေးနှင့် တရုတ်လေး ကျောင်းတိုက်လမ်းညွှန်ရာဆီသို့ အပြေးလေး လာခဲ့သည်။ အဝင်ဝတွင် တွေ့ရသည့် ကိုရင်တစ်ပါးကို မေးကြည့်သည်။
“အသျှင် တေဇောသာရနဲ့ တွေ့ချင်လို့ပါ”
“ဦးတေလား”
“တင်ပါ့”
“ကျောင်းပေါ်ကို တက်သွား”
ကျောင်းအပေါ်ထပ်တက်သွားသည့်အခါတွင် ဘုန်းကြီးတစ်ပါး စာဖတ်နေသည်ကို တွေ့လိုက်ရသည်။ ကောင်လေးနှင့် တရုတ်လေးက ဦးချလိုက်ပြီး
“အသျှင် တေဇောသာရနဲ့ တွေ့ချင်လို့ပါဘုရား”
“ဟေ … ပဲခူးကလား”
“တင်ပါ့ဘုရား … တင်ပါ့”
“အေး … ကောင်လေးတစ်ယောက်လာရင် ဒီစာအုပ်ပေးလိုက်ပါလို့ မှာခဲ့သကွ”
ဘုန်းကြီးက ကောင်လေးကို စာအုပ်တစ်အုပ် လှမ်းပေးသည်။ Manual of English Grammar and Composition by John Nesfield စာအုပ်ဖြစ်သည်။ စာအုပ်ကနွမ်းနေပြီ။
“ဦးဇင်းကြီးကောဘုရား”
“သွားပြီကွယ် … မနက်ကပဲ သွားပြီ”
“ဘယ်သွားတာလဲဘုရား”
“တောင်တန်းဒေသဘက်ကို … သူက ဒီလိုပဲ လျှောက်သွားနေတာ”
ကောင်လေးက အင်္ဂလိပ်စာအုပ်ထဲတွင် ညှပ်ထားသည့် စာရွက်လေးတစ်ရွက်ကို ထုတ်ကြည့်လိုက်သည်။
“လာရင် ရမယ် … မလာရင် မရဘူး။ လိုချင်ရင်ရှာ … မလိုချင်ရင် မရှာနဲ့။ စက်ဘီးစီးတတ်ရင် နောက်က လိုက်ကိုင်ပေးစရာမလိုဘူး”
ဦးတာတေကြီးကား ကောင်လေးကို စာအုပ်တစ်အုပ်နှင့် ထားသွားပြီတည်း။
တင်ညွန့်
၂၈.၆.၂၀၁၈
Comments
Post a Comment