သရုပ်ပြရှင်းလင်းပွဲလုပ်ရာမှာ အသံသြဇာကောင်းအောင် ဘယ်လိုလုပ်ရမလဲ

သရုပ်ပြရှင်းလင်းပွဲလုပ်ရာမှာ အသံသြဇာကောင်းအောင် ဘယ်လိုလုပ်ရမလဲ

by Myanmar Network Forum Moderator3
Sep 28, 2016


Presentation ခေါ်တဲ့ သရုပ်ပြရှင်းလင်းပွဲတွေ၊ ဒါမှမဟုတ်ပရိသတ်ရဲ့ရှေ့မှောက်မှာ စကားထွက်ပြောရတာတွေ သင်လုပ်ဖူးပါသလား။ လုပ်ဖူးတယ်ဆိုရင်တော့ သင်ပြောရမယ့်အကြောင်းအရာတွေ၊ စကားလုံးတွေ၊ ပြောပုံ ဆိုပုံတွေကို ကြိုတင် အချိန်ပေးပြီး ပြင်ဆင်ခဲ့ဖူးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုစင်မြင့်ထက်က ဟောပြောပွဲတွေမှာ ပရိဿတ်ကို အမှန်တစ်ကယ် ဖမ်းစားနိုင်တာ၊ ကိုယ်ပြောချင်တဲ့ သတင်းအချက်အလက်တွေကို ပရိဿတ်ဆီ ရောက်ရှိစေနိုင်တာက ပြောဆိုသူရဲ့ body language ခေါ်တဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှု ပုံစံတွေ၊ ပြောဆိုသူရဲ့ စိတ်အားထက်သန်မှုနဲ့ အရေးကြီးဆုံးဖြစ်တဲ့ သူ့ရဲ့ အသံသြဇာလွှမ်းမိုးမှုတို့ဘဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ သုံးနေကျ အသံကို ပိုကောင်းအောင်လုပ်ဖို့ ဘာကြောင့်အရေးကြီးရပါသလဲ

အများရှေ့မှောက်မှာ စကားထွက်ပြောရတဲ့အခါ သြဇာလွှမ်းမိုးမှုရှိပြီး နှစ်ချိုက်ဆွဲဆောင်မှုရှိတဲ့ အသံနေအသံထားရှိဖို့ အရေးကြီးပါတယ်။ သင် စကားပြောဆိုရာမှာ ရှင်းလင်းပီသကွဲပြားတဲ့ အသံနဲ့ ပြောနိုင်စွမ်းရှိပါက ရှင်းလင်းပြတ်သားတဲ့ အသံဟာ ကြားရတဲ့သူရဲ့ နားထဲမှာ ပိုပြီး နှစ်သက်ဖွယ်ရာကို ဖြစ်စေရုံမက ပြောဆိုသူသင့်အတွက်လည်း ယုံကြည်မှုပိုရှိတဲ့ လေသံမျိုးဖြစ်ပေါ်စေပါတယ်။ တစ်ဖက်မှာ နားထောင်သူတွေအတွက် သက်တောင့်သက်သာဖြစ်စေပြီး သင့်ရဲ့ ရှင်းလင်းဟောပြောချက်တွေကိုလည်း နှစ်ချိုက်သဘောကျကြမှာ ဖြစ်ပါတယ်။

ပရိသတ်က သင့်အသံသြဇာအပေါ်လိုက်ပြီး ကောင်းမွန်ထောက်ခံတဲ့ တုန့်ပြန်မှုမျိုးကို ပြန်ပေးမှာဖြစ်ပြီး သင့်အတွက် သူတို့ဆီက လေးစားမှုနှင့် စိတ်ပါဝင်စားမှုကိုပါ ရရှိမှာ ဖြစ်ပါတယ်။ အများအားဖြင့် ပရိဿတ်တွေကိုယ်တိုင်က ဘာကြောင့် သူတို့ ဒီလိုမျိုးနှစ်ချိုက် လေးစားမှုတွေ ဖြစ်သလဲဆိုတာ မသိကြ၊ နားမလည်ကြပါဘူး။ ဒါကြောင့် သင့်အသံသြဇာကို ထိန်းသိမ်းတတ်၊ ပိုကောင်းအောင်လုပ်တတ်တဲ့ အစွမ်းအစဟာ အလွန်အသုံးဝင်ပြီး အလွန်အစွမ်းထက်တဲ့ စွမ်းရည်သာ ဖြစ်ပါတော့တယ်။

ပြောရရင် တစ်ကယ့်လက်တွေ့ဆန်တဲ့ အကြောင်းပြချက်တွေလည်း ရှိပါတယ်။ သင့်ရဲ့ အသံကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ အသုံးချတတ်ရင် အသံအိုးနာတာ၊ လည်ချောင်းနာတာတွေ မဖြစ်အောင်ရှောင်ရှားနိုင်ပါတယ်။ ကျွန်တော်တို့ အသံကျယ်ကျယ်အော်ပြော၊ အော်ဟစ်ကြတဲ့အခါ ကျွန်တော်တို့ရဲ့ vocal chord ခေါ်တဲ့အသံအိုးဟာ ရိုက်ခတ်ရဖန်များတဲ့အတွက် နီရဲပြီး ရောင်ကိုင်းတာမျိုးဖြစ်တတ်ပြီး၊ အခန့်မသင့်ရင် အသံအိုး ထိခိုက်ပျက်စီးတာမျိုးအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်အသံ အတက်အကျကို ဖြေးဖြေးချင်း သွေးပူလေ့ကျင့်ခန်းလုပ်သလိုမျိုး လေ့ကျင့်ပေးရင်းနဲ့ လည်ချောင်းနာတာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

သင့်ကိုယ်ခန္ဒာက အသံကို ဘယ်လိုထုတ်ပေးပါသလဲ

အသံထုတ်ရာမှာ အသက်ရှုပုံက အဓိကကျပါတယ်။ ဒါပေမဲ့ ဒါက အစဘဲ ရှိပါသေးတယ်။ ကျွန်တော်တို့ အသက်ရှုသွင်းလိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ အဆုတ်တွေက ကျယ်ပြန့်လာပါတယ်။ ကျွန်တော်တို့ စကားပြောတဲ့အခါ လေက လေပြွန်ကနေတဆင့် တက်လာပြီး အဲ့ဒီလေပြွန်အဆုံးမှာရှိတဲ့ အသံအိုးကို တိုးဝင်ပြီး တုန်ခါစေပါတယ်။ အဲ့ဒါက အသံကို ဖြစ်ပေါ်စေပါတယ်။ အသက်ရှုပုံကို ကောင်းကောင်း ထိန်းသိမ်းနိုင်စွမ်းဟာ အသံထွက်ခြင်း အားလုံးရဲ့ အခြေခံတွေထဲမှာ အရေးအကြီးဆုံးဘဲဖြစ်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ ကျွန်တော်တို့ရဲ့ ဦးခေါင်းအစိတ်အပိုင်းတွေဖြစ်တဲ့ လည်ချောင်း၊ နှာခေါင်း၊ ပါးစပ်၊ ပါး စတဲ့ အသံထုပ်လုပ်ပေးတဲ့ အစိတ်အပိုင်းတွေနဲ့ အသံကိုချဲ့ပေးပါတယ်။ ပြီးတော့ စကားသံတွေကို ပုံဖေါ်ပြပေးတဲ့ လျှာ၊ သွားနှင့် နှုတ်ခမ်းတွေကို အသုံးချပြီး နားလည်နိုင်တဲ့ အဓိပ္ပါယ်ပြည့်စုံတဲ့ စကားလုံးတွေရဲ့ အသံ တစ်နည်းအားဖြင့် စကားသံကို ထုတ်လွှတ်ပါတယ်။

ဒါပေမဲ့ အားကစားလေ့ကျင့်ခန်း လုပ်သလိုပါဘဲ၊ စတင် မပြုလုပ်ခင်တော့ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ရပါမယ်။ ဆိုလိုတာကတော့ အသံအတွက်ပြင်ဆင်မှု မပြုလုပ်မီအရင် ဦးခေါင်းကနေခြေဖျားအထိ သွေးပူအောင် အရင်လုပ်ရပါမယ်။

လေ့ကျင့်ခန်း ၁

မိမိရဲ့ ခန္ဒာကိုယ်ကို ခြေချောင်းလေးတွေစပြီး အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှုပ်ရှားကြည့်ပြီး အရင်စစ်ဆေးပါ။ လက်တွေ၊ ခြေတွေကို ခါပေးပါ။ ပြီးတော့မှ မျက်နှာကျက်ထိအောင် ဒါမှမဟုတ် မိုးပေါ်ကိုလက်တွေကို ဆန့်တန်းပါ။ ပုခုံးနှစ်ဖက်ကို လှည့်ပေးပါ။ ပြီးတော့ လက်မောင်းရင်းကို နားရွက်တွေနားအထိ မတင်ပြီးနောက် လက်တွေကို ပုခုံးဆစ်ကနေပြီး တွဲလောင်းကျ ပျော့ပြောင်းနေတဲ့အထိ ပြန်ချလိုက်ပါ။ နောက်ဆုံးမှ သင့်ရဲ့လည်ပင်းကို ပျော့နေအောင် ဖျော့ချလိုက်ပါ။ အဲ့ဒီနောက် မိမိရဲ့ ဦးခေါင်းကို တစ်ဖြေးဖြေးချင်းစီ နာရီလက်တံလှည့်သလို (ကြိုက်နှစ်သက်ရာဘက်ကို) ပုခုံးပေါ်မှ ကျော်ဖြတ်ပြီးနောက်ဖက်ကို လှန်ကာ နောက်ပုခုံးတစ်ဖက်ကို ထပ်ကျော်ဖြတ်ပြီး မေးစေ့နဲ့ ရင်ဘတ်ပြန်ထိတဲ့အထိ စက်ဝိုင်းပုံလှည့်လည်ပေးပါ။

လေ့ကျင့်ခန်း ၂

သမ်းပါ။ ဒီလိုလုပ်ခြင်းက လည်ချောင်းနှင့် အသံထွက်တဲ့ ဧရိယာတွေကို ပျော့ပြောင်းစေပါတယ်။ ပြီးတော့မှ သမ်းရင်း စောစောက (လေ့ကျင့်ခန်း ၁ ထဲက) အကြောလျှော့လေ့ကျင့်ခန်းကို တွဲလုပ်ပါ။

အသက်ရှုတာကို ထိမ်းဖို့ ဘယ်လို တိုးတက်အောင် လုပ်ရမလဲ

အရေးကြီးဆုံးကတော့ ကိုယ်ခန္ဒာကို ဘယ်လို ဖျော့ထားရမလဲဆိုတာနဲ့ အသက်ကို ဝအောင်ရှုတာ အသက်အောင့်တာတွေကို လေ့လာထားဖို့ဘဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ အသက်ရှုတဲ့အခါ ရင်ခေါင်းအပေါ်ပိုင်းနဲ့သာ ရှုလေ့ရှိတာမို့ လေကိုအဆုတ်အတွင်းပိုင်း (အောက်ပိုင်း) ထဲအထိရှုသွင်းတတ်ဖို့ရယ် ရင်ခေါင်းကြွက်သားကို သုံးတတ်ဖို့ရယ်ကို သင်ယူရမှာက ပထမအဆင့်ဘဲ ဖြစ်ပါတယ်။ ရင်ခေါင်းကြွက်သားက ရင်အုပ်ပိုင်းနှင့် ဝမ်းဗိုက်ကို ခြားထားပေးတဲ့ ကြွက်သားဖြစ်ပါတယ်။ အဲ့ဒီကြွက်သားအကြောင်းကို သိထားမယ်၊ သူ့ကိုလည်း အလုပ်ကောင်းကောင်းလုပ်ဖို့ လေ့ကျင့်ခန်း လုပ်ပေးထားမယ်ဆိုရင် စကားပြောရာမှာ အသက်ရှုတာကို ပိုပြီးကောင်းကောင်းထိန်းသိမ်းနိုင်ဖို့ လေ့လာနိုင်ပြီဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၃

ကြမ်းပြင်ပေါ်မှာ ပက်လက်လှဲချပြီး ဒူးခေါင်းတွေကို ကွေးထောင်ထားကာ ခြေပြားတွေကို ကြမ်းပြင်ပေါ်မှာ အပြန့်ထိထားပါ။ မိမိရဲ့ အနေအထားကို ပျော့ပြောင်းနေအောင် ဂရုစိုက်ပါ။ ပုခုံးတွေကို လျှော့ထားပါ။ လက်ဖဝါးတွေကိုလည်း ဖြေလျှော့ထားပါ။ ပြီးတော့ မိမိရဲ့ ဦးခေါင်းကနေပြီး ခြေဖျားအထိ တစ်ကိုယ်လုံးနေရာအနှံ့ စိတ်ကူးနဲ့ ဖြတ်သန်းသွားကြည့်ပါ။ မိမိတစ်ကိုယ်လုံး ပျော့ပြောင်းဖြေလျော့နေပါစေ။။ ပထမ မိမိရဲ့ ခြေထောက်မှ စတင်ကာ၊ ခြေမျက်စေ့၊ ခြေသလုံးစသည်ဖြင့် ဦးခေါင်းအထိတိုင်အောင် ခန္ဒာကိုယ်အပေါ်ပိုင်းကို တစ်ဖြေးဖြေးချင်းစီ ရွေ့လာပါ။ တင်းမာနေတဲ့ ခန္ဒာကိုယ်အစိတ်အပိုင်းကို ခံစားနေရင် အဲ့ဒီအစိတ်အပိုင်းကို ဖြေလျော့ဖို့ အမိန့်ပေးပါ။

ခန္ဒာကိုယ်ကို ဖြေလျှော့ချရင်း အသက်ကို မှန်မှန်ရှုပါ။ တစ်ဖြေးဖြေးချင်း အသက်ကို ပြင်းပြင်းရှုပါ။ စိတ်ထဲကနေ ၁ ကနေ ၄ အထိ ရေတွက်ပြီး ရှုသွင်း၊ ရှုထုတ်လုပ်ပါ။ နှာခေါင်းပေါက်ထဲမှ အသက်ရှုသွင်းပြီး ဝင်သွားလေတွေဟာ မိမိရဲ့ နံရိုးတွေကို ထီးဖွင့်သလိုမျိုး အပေါ်ကို ပင့်တွန်းပြီး ကျယ်ပြန့်ကားလာစေတဲ့ ဖြစ်စဉ်ကို ခံစားပါ။ မိမိရဲ့ ချက်အောက်နားလေးမှာ လက်နှစ်ဖက်ကို တင်ထားပြီး မိမိဝမ်းဗိုက်ရဲ့ အတက်၊ အကျကို ခံစားပါ။

တစ်ချိန်လုံး မိမိရဲ့ ခန္ဒာကိုယ် ပျော့ပြောင်း ပြေလျော့နေစေရန် ဂရုပြုရမယ်။ မိမိရဲ့ ခန္ဒာကိုယ်ကို အမြဲတမ်းဂရုစိုက်ပြီး (လေ့ကျင့်ခန်း ၁ ကိုကြည့်ပါ) အတင်းအဓမ္မစေခိုင်းတာမျိုးတွေကို ရှောင်ရှားပါ။

အသက်ရှုသွင်းနေတုန်း ရင်အုပ်အပေါ်ပိုင်းက အပေါ်ကိုမြောက်တက်လာရင် လက်တစ်ဖက်နဲ့ ညင်သာစွာ ဖိပေးထားပြီး ပြန်ကျသွားတဲ့အထိ ထိန်းထားပေးပါ။ ဝမ်းဗိုက်ကြွက်သားတွေကို လျှော့ချပေးပါ။ စိတ်ရှည်လက်ရှည်ထားပြီး အချိန်ပေးကာ အသက်ကို မှန်မှန်ရှုပါ။ (နှာခေါင်းပေါက်မှ ရှုသွင်းပြီး၊ ပါးစပ်မှ ရှုထုတ်ပါ။) အသက်ရှုသွင်းပြီး ပြန်ရှုထုတ်တဲ့အခါ “ဟား………….” ဆိုတဲ့ အသံကို ဆွဲပြီး ထုတ်ပါ။ အဲ့ဒီပုံစံအတိုင်း အကြိမ်အနည်းငယ်လုပ်ပါ။

ပြီးတဲ့အခါ မိမိရဲ့ခန္ဒာကိုယ်အနှံ့ကို တောင့်နေတဲ့အထိ တင်းထားလိုက်ပြီးတော့မှ ပြန်ဖြေလျှော့ချလိုက်ပါ။ ခန္ဒာကိုယ်ကို နေရာအနှံ့ ပြေလျှော့ချလိုက်ပါ။ ခန္ဒာကိုယ်ကို နေရာအနှံ့ ပြေလျှော့သွားပုံကို ခံစားကြည့်ပါ။

ပြီးနောက် အသက်ရှုတာ ပြန်လုပ်ပါ။ နှာခေါင်းပေါက်ကနေ ရှုသွင်းပြီး ပါးစပ်ကနေ ရှုထုတ်ပါ။ မိမိရဲ့ ကျောပြင် တစ်လျှောက်ရှိ ကြွက်သားတွေကို ခံစားကြည့်ပါ။ ကိုယ်ခန္ဒာအပေါ်ပိုင်းကို ငြိမ်ငြိမ်ထားပါ။ ဒါပေမဲ့ တောင့်မထားပါနဲ့။

ပြီးတော့မှ တစ်ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပါ။ မိမိရဲ့ ခြေထောက်နှစ်ဖက်ကို မိမိရဲ့ ပုခုံးနှစ်ဖက်ရဲ့ အကွာအဝေးနဲ့ အညီထားပြီး မတ်တပ်ရပ်ကာ လက်မောင်းတွေ၊ ပုခုံးတွေကို ဖြေလျှော့ထားပြီး ဒူးခေါင်းတွေကိုလည်း ဖြေထားပါ။ မိမိရဲ့ မေးစေ့ဟာ ရှေ့ကိုလည်း ချွန်ထွက်မနေ၊ အတွင်းဘက်ကိုလည်း ကပ်မနေအောင် ဂရုပြုပါ။

ပြီးနောက်မှာတော့ မိမိရဲ့ ဦးခေါင်းကို မေးစေ့က ရင်ညွန့်ကိုထိတဲ့အထိ ဖျော့ထားလျှက် ငိုက်ချလိုက်ပါ။ ဆက်လက်ပြီး သင့်ရဲ့ ခန္ဒာကိုယ်ကို ကျောရိုး တစ်ဆစ်ချင်းစီ တွဲလောင်းကျတဲ့ပုံစံ လက်တွေလည်း တွဲလောင်းချပြီး အဲ့ဒီလို အရုပ်ကျိုးပြတ်တွဲလောင်းကျတဲ့ ပုံစံနဲ့ဘဲ ကိုယ်ကိုဖျော့ထားပြီး ခဏတာနေရင်း အသက်ပုံမှန် ရှုပေးပါ။ အဲ့ဒီလိုပြီးတာနဲ့ ခန္ဒာကိုယ်ကို ခြေထောက်ကနေစလို့ ဦးခေါင်းအထိပြန်ပြီး တစ်ဆင့်ချင်းစီ ပြန်လည်တည့်မတ်သွားပါ။ မိမိရဲ့ လက်နှစ်ဖက်နဲ့ ယှက်ပြီး ဘေးနံရိုးများအပေါ်ထားကာ မိမိကိုယ်ကို ဖက်ထားပါ။ ပြီးရင် အစောပိုင်းကလိုဘဲ ကိုယ်ကို ပြန်ဖြည်ချလိုက်ကာ တွဲလောင်းထားပါ။ အသက်ကို ညင်သာစွာ ရှုသွင်းရှုထုတ်လုပ်ရင်း နံရိုးတွေရဲ့ လှုပ်ရှားမှုကို မှတ်သားပါ။ ပြီးရင် မူလအနေအထားအတိုင်း (ဦးခေါင်းနောက်ဆုံးထားလျှက်) ပြန်တည့်မတ်သွားပါ။

ဒီလေ့ကျင့်ခန်းက နံရိုးအိမ်အတွင်း လှုပ်ရှားမှုကို ခံစားကြည့်ဖို့နဲ့ အထဲက ကြွက်သားတွေ အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ကူညီဖို့ အင်မတန်အသုံးဝင်ပါတယ်။ သတိပြုဖို့ကတော့ ဒီလိုမျိုး အသက်ရှုသွင်းတဲ့နည်းဟာ သင်ပုံမှန် အသက်ရှုနေကျပုံစံနဲ့ ကွာခြားတဲ့အတွက် အစောပိုင်းတွေမှာတော့ အတွင်းပိုင်းက လှုပ်ရှားမှုတွေကို သင်ကောင်းကောင်း သတိပြုမိမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အသစ်စလုပ်မယ့် ဘယ်အရာအတွက်ကိုမဆို လေ့ကျင့်ပေးခြင်းဟာ အကောင်းဆုံးကို ဖြစ်စေပါတယ်။

အသံတွေကို စကားပြောသံအဖြစ် ဘယ်လိုပီပြင်အောင် ထွက်မလဲ

ရှင်းလင်းပြတ်သားစွာ အသံကို ထုတ်ခြင်း (articulation) က စကားလုံးကို ဖြစ်စေတဲ့အသံကို ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်တို့ရဲ့ လျှာ၊ သွား၊ အာခေါင်နဲ့ နှုတ်ခမ်းတွေ (အသံထွက်ပေးတဲ့ ကိရိယာ articulator တွေ) စတာတွေကို အသုံးပြုခြင်းဖြင့် နားလည်မှတ်မိတဲ့ စကားလုံးတွေရဲ့ အသံကို ထွက်အောင် လုပ်ကြပါတယ်။ စကားပြောတဲ့အခါ ရှင်းလင်းပြတ်သားမှုရှိဖို့အတွက် ကျွန်တော်တို့ရဲ့ အသံထွက်ပေးတဲ့ ကရိယာတွေကို “အ” အသံပါတဲ့ vowel အသံတွေကို အခြေခံပြီး လေ့ကျင့်ပေးရပါတယ်။ အောက်မှာဖေါ်ပြမယ့် လေ့ကျင့်ခန်းနံပါတ် ၄ ကနေ ၆ အထိကတော့ သင့်ရဲ့ အသံထွက်ရှင်းလင်းပြတ်သားမှုအတွက် ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၎

နှုတ်ခမ်း ၂ ခုကိုသိပ်အတင်းကြီး မဟုတ်ဘဲ စေ့ထားလျှက် “hum” (ဟမ်…..) အသံကို ထုတ်လျှက်မိမိရဲ့ နှုတ်ခမ်းတွေတုန်ခါပုံ သို့မဟုတ် ယားယံမှုဖြစ်ပုံကို ခံစားကြည့်ပါ။ အဲ့ဒီ “hum” အသံကို နှုတ်ခမ်းဘက်ကနေပြီး နှာခေါင်းဘက်ကို ပြောင်းထုတ်လိုက်လုပ်ပြီး နှုတ်ခမ်းဘက်ကို ပြန်ရွှေ့လာပါ။ ပြီးတော့ နေရာအသီးသီးမှာ ဖြစ်ပေါ်တဲ့ တုန်ခါမှုတွေကို ခံစားကြည့်ပါ။

စိတ်ကူးယဉ်ပီကေကို ဝါးကြည့်ပါ။ အဲ့ဒီ ပီကေက ဝါးရင်းနဲ့ ပိုမိုပြီး ကြီးကြီးလာတယ်လို့ စိတ်ကူးယဉ်ကြည့်ပါ။ နောက်တစ်ခါတော့ ကပ်စေးနဲ တော်ဖီတစ်ခုက မိမိရဲ့ အာခေါင်မှာ ကပ်နေလို့ လျှာနဲ့မရမက ပြန်ခွာနေတယ်လို့ စိတ်ကူးယဉ်ပြီး လုပ်ကြည့်ပါ။

လေ့ကျင့်ခန်း ၅

ကိုယ်ကို ဖျော့ထားပြီး အေးဆေးသက်သာတဲ့ အနေအထားနဲ့ အောက်ပါအသံတွေကို ကျယ်ကျယ်ထွက်ပေးပါ။
‘pa paw poo pee pay … pa paw poo pee pay ’
‘la law loo lee lay … la law loo lee lay’
‘gah gaw goo gee gay … gah gaw goo gee gay’

အထက်ပါ အစီအစဉ်အတိုင်း အသံအမျိုးမျိုး ပြောင်းပြီး အထူးသဖြင့် သင့်အတွက် ထွက်ရခက်တယ်ထင်တဲ့ အသံတွေကို ထွက်ကြည့်ပါ။ ‘lah’ အသံထွက်တဲ့အခါ မိမိရဲ့ လျှာဖျားကို ရှေ့သွားတွေရဲ့အနောက်မှာ ထားပြီးမှ အသံနဲ့ အတူ ပါးစပ်ဟပြီး တောက်ထုတ်ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၆

အောက်ပါတို့ကို ကျယ်ကျယ်အသံထွက်ပါ။
‘ba da ga … ba da ga’ (constonant အသံကို ပေါ်အောင်ထွက်ပါ။ ဥပမာ - ‘baah’ လို့မဟုတ်ဘဲ ‘buh’၊ ‘daah’ မဟုတ်ဘဲ ‘duh’ စသဖြင့်) အဲ့ဒီအသံထွက်တွေကို ထပ်ခါထပ်ခါ လုပ်ပါ။
‘pa ta ka … pa ta ka’ (ဒီမှာလည်းဘဲ ‘p’  ‘t’  နဲ့  ‘k’  အသံတွေကို ထွက်အောင်ဆိုပါ။)

ဒီလေ့ကျင့်ခန်းကို နေရာမရွေးလုပ်နို်င်ပါတယ်။ လုပ်တဲ့အခါ မိမိရဲ့ အသံအပြည့်အဝကို အသုံးပြုပေးပါ။ ပြီးတော့ လေသံတိုးတိုးနဲ့ ပြောရတဲ့ (voiceless ဖြစ်ရမယ့်) whisper အသံတွေကိုလည်း လေ့ကျင့်ပါ။

လျှာလိပ်စေတဲ့ tongue twister တွေဟာလည်း အသံထွက်တွေ အသံအဖြတ်အတောက်တွေ ကျွမ်းကျင်အောင် လေ့ကျင့်ဖို့အတွက် အများကြီး အထောက်အကူရပါတယ်။ အဲ့ဒါတွေကို အင်တာနက်ပေါ်မှာ အများကြီးရှာဖွေပြီး လုပ်လို့ရပါတယ်။ ဥပမာ -
‘She sells sea shells on the sea-shore’
‘Peter piper picked a peck of pickled pepper’
လိုမျိုးတွေဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၇

မိမိရဲ့လက်ကို ရင်ဘတ်ပေါ်တင်ပြီး ဟားသန်းပါ။ အဲ့ဒီလိုလုပ်ရင်း မိမိရဲ့ ရင်ခေါင်းတုန်ခါလှုပ်ငင်မှုကို ခံစားကြည့်ပါ။ ပြီးတော့ ‘Hello, hello, hello’ ဆိုပြီး ရင်ခေါင်းကနေပြီး အသံထုတ်ပြောကြည့်ပါ။

သင့်ရဲ့အသံကို ကျယ်ကျယ်ထုတ်ပြောနိုင်တဲ့ အရည်အချင်းက ဘာကြောင့် အရေးကြီးပါသလဲ

သင့်ရဲ့အသံကို အများကကြားစေချင်တယ်ဆိုရင်တော့ အသံကျယ်ကျယ် ထုတ်ပြောတတ်ဖို့ လေ့လာရပါမယ်။ အသံကျယ်ကျယ်ထုတ်ဖို့ရာကတော့ အသက်ရှုပုံကို ထိန်းသိမ်းနိုင်မှုအပေါ် တည်မှီပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် သင်ဟောပြောရမယ့် အခန်း/ခန်းမကို အရင်သွားကြည့်တာ၊ ပတ်လျှောက်ကြည့်တာတို့ အရင်လုပ်နိုင်ရင် ကောင်းပါတယ်။ သင်ပြောမယ့် ပို့ချချက်တွေကို အသုံးချပြီး ခန်းမထဲလမ်းလျှောက်ရင်း စကားပြောကာ မိမိရဲ့ အသံအတိုးအကျယ်ကို ချိန်ညှိကာ ပြောဆိုလေ့ကျင့်ပါ။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ကို အကူအညီတောင်းကာ နားထောင်ခိုင်းပြီး သင့်အသံကို ရှင်းရှင်းလင်းကြားရသလား၊ သင့်အသံက ကြည်လင်ပြတ်သားမှုရှိရဲ့လား ဆိုတာမေးပါ။

စကားကို ဖြေးညှင်းစွာနဲ့ဘဲ ပြောပါ။ ပြီးတော့မှ မိမိရဲ့ မိန့်ခွန်းကို သီချင်းဆိုသလို ပြောကျင့်ပါ။ အဲ့ဒီအခါမှာတော့ မိမိရဲ့ အသံကို အဝေးဆုံးနံရံအထိရောက်အောင် ကျယ်ကျယ်ပြောပါ။ ဒီလိုမျိုးလုပ်တဲ့အခါ သက်တောင့်သက်သာရှိတဲ့ နေရာမျိုးတွေမှာဘဲ လုပ်သင့်ပါတယ်။ ပြောနေတဲ့အခါ မိမိရဲ့ ပုခုံးတွေ လျော့ကျနေဖို့ ဂရုပြုပါ။ တင်းမာမှု မရှိအောင် ကိုယ်ခန္ဒာကိုလှုပ်ခါပြီး ဖြေလျှော့ချလိုက်ပါ။ မိမိရဲ့ ကိုယ်ဟန်အနေအထားကို ဂရုပြုပါ။

နိဂုံးအနေနဲ့ မိမိစကားပြောမယ့်နှုန်းကို ဂရုစိုက်ပါ။ ကျွန်တော်တို့တွေ စိတ်လှုပ်ရှားနေတဲ့အခါ စကားကို ဖြေးဖြေးမှန်မှန်ထက် မြန်မြန်သွက်သွက်ပြောလေ့ရှိလို့ ဖြစ်ပါတယ်။ စကားကို ဖြေးဖြေးလေးဘဲ ပြောဖို့ လေ့ကျင့်ပါ။ သင့်အတွက် နှေးတယ်လို့ ထင်ရပေမယ့် တစ်ကယ်တမ်းပြောတဲ့အခါမှာ ပုံမှန်အတိုင်းဘဲ ဖြစ်သွားမှာ သေချာလောက်ပါတယ်။


အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးအား www.britishcouncil.org/voices-magazine/how-improve-your-voice-prese... တွင် ဖတ်ရှုနိုင်ပါသည်။

Comments