အင်္ဂလိပ်စာကို လေ့လာသူများရဲ့ အကျင့်ကောင်း ၅ ခု

အင်္ဂလိပ်စာကို လေ့လာသူများရဲ့ အကျင့်ကောင်း ၅ ခု

by Myanmar Network
Aug 4, 2016


မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာရောက်ရှိအောင် ဘယ်လိုမျိုးအကျင့်ကောင်းတွေ မွေးမြူသင့်သလဲဆိုတာကို ဗြိတိသျှကောင်စီရဲ့ Teaching English blog award ဆုရှင် Martin Sketchley က တင်ပြထားတာဖြစ်ပါတယ်။

အင်္ဂလိပ်စာဖြစ်ဖြစ်၊ ဘယ်ဘာသာစကားကိုဘဲဖြစ်ဖြစ် လေ့လာဆည်းပူးတဲ့အခါ ခက်ခဲမှုတွေရှိပေမဲ့ နောက်ဆုံးမှာတော့ ချိုမြိန်တဲ့ဆုလာဒ် အတွေ့အကြုံတစ်ခုတော့ ရရှိစမြဲဖြစ်ပါတယ်။ မိမိရဲ့ လေ့လာသင်ယူမှုရေး တိုးတက်မှုတွေ ရှိဖို့ကတော့ ဇွဲလုံ့လတို့အပြင် ကြိုးစားအားထုတ်မှုရှိရုံမကဘဲ မှန်ကန်တဲ့ အကျင့်ကလေးတွေကိုလည်း လုပ်ယူလိုက်နာဖို့ လိုပါတယ်။

အဲ့ဒီလိုအကျင့်လေးတွေထဲက အကျင့်ကောင်း ၅ မျိုးကို ဖော်ပြလိုက်ပါတယ်။

၁။ လေ့လာသင်ယူရေးအတွက် အစီအစဉ်ချမှတ်ပြီး လက်တွေ့ဆန်တဲ့ ရည်မှန်းချက်တွေထားပါ။

အင်္ဂလိပ်စာကို အခုမှစပြီး လေ့လာဖို့ ဒါမှမဟုတ် အရင်ကလေ့လာဖူးပြီး အလုပ်တွေများလို့ ဆက်မလုပ်ဖြစ်တော့ဘဲ ပစ်ထားရာက အခုမှပြန်ပြီး ဆက်လေ့လာဖို့ ဆုံးဖြတ်လိုက်ပြီဆိုတဲ့အခါ ဘယ်ကဘယ်လို စကိုင်တွယ်ရမလဲဆိုတဲ့ အခက်အခဲ ဖြစ်တတ်ပါတယ်။ လေ့လာဖို့အစီအစဉ်ချမှတ်တဲ့အခါ အပတ်စဉ်အချိန်ဇယားကို ဆွဲပြီး အဲ့ဒီထဲက ၁ ရက်ကို self-study ခေါ်တဲ့ ကိုယ်ပိုင် စိတ်ကြိုက်လုပ်မယ့် အစ်ီအစဉ်တစ်ခုနှင့် လေ့လာခဲ့သမျှကို ပြန်လည်လေ့ကျင့်ဖို့ review အစီအစဉ်အတွက် သတ်မှတ်ထားပါ။ အစီအစဉ်ကို နေ့စဉ် သို့မဟုတ် အပါတ်စဉ် အစီအစဉ်အဖြစ်ဆွဲတာဟာ အလွန်ကောင်းမွန်ပြီး မိမိရဲ့ တိုးတက်မှုကိုလည်း အလွယ်တစ်ကူ တိုင်းတာလို့ ရပါတယ်။ ဒါပေမဲ့ ရည်မှန်းချက်တွေကတော့ လက်တွေ့ဆန်ဖို့ လိုပါလိမ့်မယ်။ ဥပမာ - နောက်တစ်ပတ်အတွင်း အီဒီယံ ၅ မျိုးကို အဓိပ္ပါယ်၊ အသုံးပြုပုံ စတာတွေကို လေ့လာမယ်ဆိုပြီး ရည်မှန်းချက်ချတာဟာ လက်တွေ့ဆန်ပြီး၊ Academic writing အရေးအသားကို တစ်ပတ်အတွင်း ကျွမ်းကျင်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်မျိုးကတော့ လက်တွေ့မဆန်ပါဘူး။ တိုးတက်မှုကို တိုင်းတာလို့လဲ မရဘူးမဟုတ်လား။

၂။ စကားလုံးအသစ်တွေကို ပြန်လေ့လာရ လွယ်ကူအောင် ပြုစုထားပါ။

ဘာသာစကား တစ်ခုကို လေ့လာတဲ့အခါ သင်ခန်းစာတွေထဲက စကားလုံးအသစ်တွေကို စာရင်းပြုစုကာ မှတ်စုလုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာသာစကားသင်ခန်းစာတွေဟာ theme ခေါင်းစဉ် တစ်ခုခုကို အခြေခံရေးဆွဲထားတာမျိုး ဖြစ်တာမို့ (ဥပမာ -shopping, music, family စသည်) စကားလုံးတွေကိုလည်း ခေါင်းစဉ် topic အလိုက် ပြုစုထားတာ ကောင်းပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းအောင် စကားလုံးတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ မှတ်နိုင်ပါသေးတယ်။ ဥပမာ word cards လိုမျိုး စာရွက်အသေးလေးတွေပေါ်မှာ စကားလုံးတစ်လုံးချင်း မှတ်သားတာမျိုး၊ mind maps လို စကားလုံးတစ်ခုနှင့်တစ်ခု ဆက်နွယ်ပြီး မှတ်တာမျိုးနှင့် tables လို ဇယားဆွဲရေး မှတ်တာလိုမျိုး စိတ်ဝင်စားဖွယ်လုပ်လို့ရပြီး မိမိအတွက် အသင့်တော်ဆုံး ပုံစံကို အမြဲတမ်းသုံးလို့ရပါတယ်။ စကားလုံးတွေကို မှတ်သားရာမှာ အဓိပ္ပါယ်နဲ့ တွဲမှတ်ရုံသက်သက်မဟုတ်ဘဲ form ပုံစံအမျိုးမျိုးဖြစ်တဲ့ verb form တွေ word form တွေအပါအဝင် စကားလုံးတွေရဲ့ အသုံးပြုပုံ usage နဲ့ အသံထွက် pronunciation တွေပါ တွဲမှတ်သားသင့်ပါတယ်။ Learner Dictionary အဘိဓါန် စာအုပ် ကောင်းကောင်း တစ်အုပ်ကိုလည်း အမြဲတမ်းဆောင်ထားပါလေ။

၃။ မိမိရဲ့ သင်ခန်းစာနဲ့ self-study မှတ်စုတွေကို မှန်မှန် ပြန်လှန်လေ့လာပါ။

သဒ္ဒါစည်းမျဉ်းစည်းကမ်းတွေ၊ စကားလုံးတွေကို အောင်အောင်မြင်မြင်လေ့လာနိုင်ဖို့အတွက် မိမိရဲ့ ပြီးပြီးသား သင်ခန်းစာတွေ၊ self-study မှတ်စုတွေကို ပုံမှန်ပြန်လှန်လေ့လာဖို့ လိုအပ်ပါတယ်။ မိမိလုပ်ပြီးခဲ့တဲ့ သင်ခန်းစာတစ်ခုထဲက ထုတ်နှုတ်ပြုစုထားတဲ့ မှတ်စုတွေကို ပြန်လေ့လာပြီး အရေးကြီးတဲ့ အသုံးတွေ၊ သဒ္ဒါစည်းမျဉ်းတွေ အားလုံး ဒါမှမဟုတ် အချို့ကို အလွတ်ကျက်မှတ်ကြည့်ပါ။ ဒါပေမဲ့ မှန်ကန်ပြီး လက်တွေ့ဆန်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရင်ချမှတ်ဖို့ မမေ့ပါနဲ့။ ပြီးတော့ ကျက်မှတ်ရုံနဲ့ ဒီအတိုင်းမထားဘဲ စာရွက်လွတ်တွေပေါ်မှာ ချရေးတာမျိုးကို အကြိမ်ကြိမ်ပြုလုပ်ပြီး ကျက်မှတ်ထားသမျှထဲက ဘယ်လောက်ပြန်မှတ်မိသလဲ၊ ပြန်သုံးတတ်သလဲဆိုတာကို မိမိကိုယ်ကို စမ်းသပ်ပါ။ လေ့ကျင့်ခန်းစတင်မပြုလုပ်ခင်က မိမိချမှတ်ထားခဲ့တဲ့ ရည်မှန်းချက်တွေ( မိမိဘယ်နှစ်ခုအရကျက်မယ်၊ ဘယ်နှစ်ခု ပြန်သုံးတတ်အောင်လုပ်မယ် စသဖြင့်) အားလုံးကို အောင်မြင်တဲ့အထိ အကြိမ်ကြိမ်ပြန်လုပ်ရပါမယ်။

၎။ တက်ကြွမှုရှိပြီး မိမိရဲ့ သင်ယူလေ့လာမှုအပေါ် ထိန်းချုပ်နိုင်မှုရှိပါစေ။

စာသင်ခန်းမှာဆိုရင် ပူးပေါင်းလေ့ကျင့်မှုတွေ ရနိုင်သလောက်ပါဝင် participate လုပ်ပေးပါ။ ဆရာက သင်ပေးခဲ့သမျှသော စကားအသုံးအနှုန်းနဲ့သဒ္ဒါတွေကို ပြန်သုံးဖို့ စိတ်အားထက်သန်မှုရှိပါစေ။ အမှားလုပ်တယ်ဆိုတာ သင်ကြားလေ့လာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာမို့ ရှက်ကြောက်မနေဘဲ ရဲရဲပြောဆိုရေးသားပြီး အသုံးပြုပေးပါ။ မှားမှာကြောက်လို့ မသုံး၊ မပြောဘဲ မနေပါနဲ့။

တွန့်ဆုတ်ပြီး passive ဖြစ်မနေဘဲ တက်တက်ကြွကြွနဲ့ active ဖြစ်နေပါစေ။ မိမိရဲ့ အားနည်းချက်၊ အားသာချက်တွေကို ဆရာ့ဆီကနေသိဖို့ လုပ်ဆောင်ပါ။ မိမိရဲ့ အတန်းဖော်ကို မိမိရဲ့ အသံထွက်က ဘယ်လိုနေသလဲဆိုတာ တီးခေါက်ကြည့်ပါ။ အခြားကျောင်းသားတွေနဲ့ အတူပူးပေါင်းပြီး English speaking club လိုမျိုး ဝါသနာတူများ ကလပ်ထူထောင်ထားပြီး စာသင်ချိန်နောက်ပိုင်းတွေမှာ စုပေါင်းပြီး အင်္ဂလိပ်စကားပြော လေ့ကျင့်နိုင်ပါတယ်။ သင်ကြားရေးမှာ တက်တက်ကြွကြွရှိတယ်၊ ကိုယ့်ရဲ့သင်ကြားရေးမှာ control အထိန်းအသိမ်း ကျွမ်းကျင်လာမယ်ဆိုရင် ချိုမြိန်တဲ့ အသီးအပွင့်တွေက်ို မကြာမီခံစားရပါလိမ့်မယ်။

၅။ အင်္ဂလိပ်လို ကြည့်လို့၊ နားထောင်လို့၊ ဖတ်လို့ ကောင်းမယ့် စိတ်ဝင်စားဖွယ်ရာတွေကို ရှာဖွေပါ။

အင်္ဂလိပ်စာလေ့လာရေးမှာ အောင်မြင်ဖို့ရာအတွက် အလိုအပ်ဆုံးကတော့ အင်္ဂလိပ်ဘာသာစကားကို အတတ်နိုင်ဆုံးများများ နားထောင်တာဖတ်တာတို့ လုပ်ပေးဖို့ဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုလုပ်တဲ့အခါ မိမိစိတ်ဝင်စားတဲ့ topic အကြောင်းအရာတွေဖြစ်ဖို့ လိုအပ်ပါမယ်။ ရွေးချယ်ဖို့ကလည်း ခက်ခဲမယ်မထင်ပါဘူး။ သင်စိတ်ဝင်စားတဲ့ တီဗွီအစီအစဉ်တွေ၊ ရုပ်ရှင်တွေ ပုံမှန်ကြည့်တာ၊ သီချင်းတွေ ရေဒီယို အစီအစဉ်တွေကို ပုံမှန်နားထောင်တာ၊ အင်္ဂလိပ်စာအုပ်တွေ၊ မဂ္ဂဇင်းတွေ ပုံမှန်ဖတ်တာမျိုးတွေ လုပ်ပေးတာမျိုးတွေ ဖြစ်ပါတယ်။ အင်္ဂလိပ်စကားက ကမ္ဘာသုံးဖြစ်တာမို့လို့ ဖတ်စရာ၊ ကြည့်စရာ၊ နားထောင်စရာကလည်း မရှားပါဘူးပေါ့နော်။ ဗြိတိသျှကောင်စီရဲ့ YouTube ချယ်နယ်ဖြစ်တဲ့ British Council's YouTube channel (https://m.youtube.com/user/britishcouncil) မှာဆိုရင် အင်္ဂလိပ်စာတမ်းထိုးပေးတဲ့ ဗီဒီယိုအစီအစဉ်တွေ ကြည့်ရင်း နားထောင်လို့ရကြောင်း သတင်းကောင်းလေးပါ ပါးလိုက်ချင်ပါတယ်ခင်ဗျား။

Read Martin's winning blog post: 10 websites for English language students (http://eltexperiences.com/10-websites-for-english-language-students/)

Teachers, visit our Teaching English website for more lesson plans and activities, and find out how you can become a Teaching English blogger.
(http://www.teachingenglish.org.uk/become-a-teachingenglish-blogger)

Comments