“You’re having a giraffe?” နှင့် ယူကေ ဘန်းစကား အခြေခံလမ်းညွှန်
“You’re having a giraffe?” နှင့် ယူကေ ဘန်းစကား အခြေခံလမ်းညွှန်
by Myanmar Network
Mar 6
ယူကေမှာ ရွှေ့ပြောင်း အခြေချဖို့ ဒါမှမဟုတ် ကျောင်းသွားတက်ဖို့ ပြင်ဆင်နေပါသလား။ ဗြိတိသျှကောင်စီက Sophie Cannon က သင်ကြုံတွေ့နိုင်တဲ့ ထူးထူးဆန်းဆန်းနဲ့ လှပတဲ့ စကားလုံးတွေနှင့် ပြောစကားတစ်ချို့ကို ဖော်ပြထားပါတယ်။
“Hiya, mate, fancy a cuppa and a chin-wag?”
“I can’t. Sorry, pal. I’m skint - so gutted!”
သင် ယူကေကို စရောက်ရောက်ချင်းမှာ အဲ့ဒီကလူတွေသုံးတဲ့ စကားလုံးတွေနဲ့ ပြောစကားတစ်ချို့ကြောင့် အူကြောင်ကြောင်ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒါတွေက သင်ရောက်နေတဲ့ ယူကေက အရပ်ဒေသအလိုက် ကွဲပြားကြပါသေးတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အဲ့ဒါက ပုံမှန်ဘဲ ဖြစ်ပါတယ်။ ကြာတော့လည်း နားရည်ဝ သွားတဲ့ အခါ အဆင်ပြေသွားမှာပါ။
အခြားအရပ်ဒေသက လူတွေလိုဘဲ ဒီကလူတွေလည်း ဘန်းစကားတွေ မကြာခဏသုံးကြပါတယ်။ အထူးသဖြင့် သူငယ်ချင်းအချင်းချင်း၊ မိသားစုဝင် အချင်းချင်းကြားမှာပေါ့။ ပြီးတော့ ဒေသကွဲတဲ့ ပြောစကား regional dialect ပုံစံကွဲတွေလည်း ကြားရဦးမှာပါ။ ဒီဘန်းစကား တော်တော်များများကို အခြားသော အင်္ဂလိပ်စကားပြော နိုင်ငံတွေမှာလည်း သုံးပေမဲ့ အများစုကိုတော့ ယူကေမှာဘဲ သီးခြားသုံးတာဖြစ်ပါတယ်။ ဒါကြောင့် အကယ်လို့ သင်ဟာအင်္ဂလိပ်ဘာသာကိုရေလည်စွာပြောနိုင်သူ ဒါမှမဟုတ် မိခင်ဘာသာအနေနဲ့ပြောသူ တစ်ယောက်ဖြစ်နေရင်တောင်မှ အချို့စကားတွေကို သင်ကိုယ်တိုင် မသိတာမျိုး ရှိတတ်ပါတယ်။
ဒါကြောင့် သင် cotton on (နားလည်တယ် understand ရဲ့ ဘန်းစကား) လုပ်ဖို့အတွက် ကြားလေ့ကြားထရှိတဲ့ စကားလုံးတွေကို စုစည်းဖော်ပြလိုက်ပါတယ်။ ဒါပေမဲ့ သင်က အင်္ဂလိပ်ဘာသာကို ယုံကြည်မှုအပြည့်နဲ့ မသုံးစွဲနိုင်ခင် စပ်ကြားမှာ ဘန်းစကားတွေကို တစ်စိမ်းတစ်ရံတွေနဲ့၊ ဒါမှမဟုတ် စာသင်ခန်းထဲမှာ ဒါမှမဟုတ် formal အခြေအနေမျိုးမှာ မသုံးဖို့ ဆင်ခြင်ရပါမယ်။ အဲ့ဒီလို အခြေအနေတွေမှာ ဘန်းစကားသုံးမိရင် လူတွေက သင့်ကို မယဉ်ကျေးဘူးလို့ ထင်သွားမှာဖြစ်လို့ပါဘဲ။ ဒါပေမဲ့ သင့်သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ ဒီစကားလုံး အသစ်တွေကို လက်တွေ့စမ်းသုံးကြည့်ရတာဟာ ပျော်စရာကြီးပင်ဖြစ်ပါတယ်။
အောက်မှာတော့ သင် စတင်ဖို့ လမ်းညွှန်ဘဲဖြစ်ပါတယ်။
Starter Slang- အခြေခံအဆင့်ဘန်းစကား
“Alright?” ဆိုတာ” Hello, how are you?” လို့ ဆိုလိုပါတယ်။
“Hiya” သို့မဟုတ် “Hey up” တို့ဟာ “Hello” လို့ အဓိပ္ပါယ်ရတဲ့ ခင်ခင်မင်မင် နှုတ်ဆက်တဲ့ ပုံစံဖြစ်ပြီး အင်္ဂလန်မြောက်ပိုင်းမှာ အထူးပေါ်ပြူလာဖြစ်ပါတယ်။
“What about ye?” ကတော့ အိုင်ယာလန်မြောက်ပိုင်းမှာ ပေါ်ပြူလာဖြစ်လှတဲ့ “How are you?” လို့ နှုတ်ဆက်နည်း တစ်နည်းဘဲ ဖြစ်ပါတယ်။
“Howay” ကတော့ အင်္ဂလန်အရှေ့မြောက်ပိုင်းမှာ ပြောလေ့ရှိပြီး “Let’s go” သို့မဟုတ် “Come on”လို့ အဓိပ္ပါယ်ရပါတယ်။
“Ta” ဆိုတာက “Thank you” လို့ ပြောတဲ့ဟာ နောက်တစ်မျိုးပါ။
“Cheers” ဆိုတာကိုတော့ တစ်ခုခုကို ဂုဏ်ပြုဖို့အတွက် ယမကာသောက်ဖို့ ခွက်ကို မြှောက်ကိုင်ပြီး ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီစကားကို “Thank you” လို့ ပြောတဲ့အခါလည်း သုံးပါတယ်။
Slang through the ages - ခေတ်အဆက်ဆက်ဘန်းစကားများ
တစ်ယောက်ယောက်က သင့်ကို ‘pet’ ‘duck’ ‘sweetie’ ‘love’ ‘chicken’ ‘chuck’ သို့ မဟုတ် ‘sunshine’ လို့ခေါ်ခဲ့ရင် ကြောင်မသွားပါနဲ့ ။ ယူကေက လူကြီးတွေဟာ လူငယ်တွေကို ချစ်ခင်တဲ့ အနေနဲ့ ဒါမှမဟုတ် ခင်မင်တဲ့ ပုံစံနဲ့ ခေါ်တဲ့အခါ အထက်က စကားလုံးတွေကို သုံးကြပါတယ်။ (ဒါပေမဲ့ လူငယ်တွေက လူကြီးတွေကို ဒီစကားလုံးတွေ သုံးပြီးခေါ်တာကတော့ မသင့်တော်ဘူးပေါ့နော်။)
‘Bairn’ ကတော့ စကော့တလန်နဲ့ အင်္ဂလန်အရှေ့မြောက်ပိုင်းတို့မှာ ပေါ်ပြူလာဖြစ်တဲ့ ‘baby’ သို့မဟုတ် ‘young child’ ကလေးငယ်လို့ အဓိပ္ပါယ်ရတဲ့ စကားလုံးဖြစ်ပါတယ်။
‘Lass’ သို့မဟုတ် ‘Lassie’ ဆိုတာ မိန်းကလေးကို ပြောတာပါ။ အဲ့ဒါကို အင်္ဂလန်မြောက်ပိုင်းနဲ့ စကော့တလန်မှာ အဓိကသုံးပါတယ်။
‘Lad’ ဆိုတာကတော့ ယောင်္ကျားလေးပေါ့။
‘Bloke’ သို့မဟုတ် ‘Chap’ ဆိုတာက လူကြီး (ယောင်္ကျား) ဖြစ်တယ်။
သင့်ရဲ့ ‘mate’ သို့မဟုတ် ‘pal’ ဆိုတာ သင့်သူငယ်ချင်းကို ပြောတာပါ။
‘Me old mucker’ သို့မဟုတ် ‘chum’ ဆိုတာ ‘friend’ ဆိုတဲ့ သူငယ်ချင်းကို ဆိုလိုပါတယ်။ ဒါပေမဲ့ ဒီစကားလုံးတွေဟာ ခေတ်မရှိတော့ပါဘူးဆိုပေမဲ့ တစ်ချို့တစ်လေ သုံးတာတော့ ကြားရတတ်ပါတယ်။
‘Our kid’ ဆိုတာ ‘my brother’ သို့မဟုတ် ‘my sister’ ကို ဆိုလိုပါတယ်။ ဒီစကားတွေကတော့ အင်္ဂလန် အနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ အထူးရေပန်းစားပါတယ်။
Good and bad slang - ကောင်းတာနဲ့ မကောင်းတာပြောတဲ့ ဘန်းစကား
တစ်ခုခုကို ကောင်းတယ်၊ လန်းတယ်၊ မိုက်တယ်လို့ ပြောတဲ့ ဘန်းစကားတွေ၊ ဒေသစကားတွေ အမြောက်အများရှိပါတယ်။ ဥပမာ- Wales မှာဆိုရင် ‘tidy’ သို့မဟုတ် ‘lush’ လို့ပြောကြပြီး၊ ဘာမင်ဂန်မှာဆိုရင် ‘bostin’ လို့ ပြောကြပါတယ်။ အင်္ဂလန်မြောက်ပိုင်းမှာတော့ ‘ace’ တို့ ‘mint’ တို့ဆိုပြီး ပြောကြတာ၊ အိုင်ယာလန်မြောက်ပိုင်းမှာဆိုရင်တော့ ‘dead on’ သို့မဟုတ် ‘grand’ လို့ ပြောကြပါတယ်။
‘Wicket’ နှင့် ‘Sick’ ဆိုရင် မူရင်းအဓိပ္ပါယ်က မကောင်းဆိုးဝါးနှင့် မနှစ်ဖြို့ဖွယ်ရာတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘန်းစကားအနေနဲ့ဆိုရင် cool ‘ရေရေလည်လည်မိုက်တယ်’ ဆိုပြီး ဖြစ်ပြန်ရော။ ဒီစကားတွေကတော့ အထူးသဖြင့် လန်ဒန်နဲ့ အင်္ဂလန်တောင်ပိုင်းမှာ ပေါ်ပြူလာဖြစ်ပါတယ်။ တစ်ခုခုက uncool မကောင်းဘူး၊ ညံ့တယ်ဆိုရင်တော့ naff ဒါမှမဟုတ် cheesy လို့ ပြောကြပါတယ်။ (cheesy ဆိုတာကတော့ clichés ဆိုတဲ့ ဖန်တစ်ရာထပ် သုံးတတ်တဲ့ စကားတွေ ဥပမာ - cheesy song စသည်တို့မှာ သုံးကြပါတယ်။) တစ်ခုခုက ဆိုးတယ်၊ မသင်္ကာစရာ ဖြစ်တယ်ဆိုရင် dodgy လို့ပြောကြပါတယ်။
တစ်ယောက်ယောက်က ပျော်ရွှင်နေတယ်ဆိုရင် “I’m made up!” ဒါမှမဟုတ် “I’m well chuffed!” လို့ ပြောပါလိမ့်မယ်။ စိတ်ပျက် လက်ပျက် ဖြစ်တယ်ဆိုရင်တော့ “I’m gutted.” လို့ ညဉ်းတွားပါတယ်။ အကယ်လို့ တစ်ယောက်ယောက်က mardy ဖြစ်နေတယ်လို့ ပြောရင် အဲ့ဒါ စိတ်ကောက်နေတာ၊ စိတ်ဆိုးနေတာလို့ ဆိုလိုတာ ဖြစ်ပါတယ်။ “It’s doing my head in!” ဆိုရင်(တစ်ခုခုကြောင့်) စိတ်အနှောင့်အယှက် ဖြစ်နေတယ်လို့ ဆိုပြီး “It’s all kicking off!” လို့ပြောရင်တော့ အော်ဟစ်ငြင်းခုံ စကားများ ရန်ပွဲတစ်ခုတော့ ဖြစ်နေပြီလို့ မှတ်လိုက်ပါတော့။
Solid ဆိုတဲ့ စကားကတော့ ဝတ္ထုပစ္စည်းတွေကို ရည်ညွှန်းတာဖြစ်ပေမဲ့ ဘန်းစကားမှာတော့ တစ်စုံတစ်ယောက် သို့မဟုတ် တစ်ခုခုက မာရေကြောရေရှိတယ်၊ ခက်ခဲတယ် လို့ဆိုလိုပါတယ်။
ဥပမာ “She just ran the London marathon. She’s solid!” (မာရသွန်ပြေးပွဲ ဝင်နွှဲတဲ့ အမျိုးသမီးက အတော်လေး မာကြောသန်စွမ်းသကိုး)
ဒီလိုမှမဟုတ် “That economics exam was solid!” လို့ဆိုရင် စာမေးပွဲမေးခွန်းက တော်တော်ခက်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ very တို့ really တို့ နေရာမှာ well တို့ dead တို့ အစားထိုး သုံးတာကိုလည်း ကြားရမှာပါ။ ဥပမာ - “It was dead good.” (ကောင်းမှကောင်း) သို့မဟုတ် “That exam was well difficult!” (တော်တော်ခက်တယ်)
ပြီးတော့ရှိသေးတယ်၊ tad ဆိုတာ ‘နဲနဲလေး’ လို့ဆိုတဲ့ ‘a little bit’ နဲ့ အတူတူဘဲ။ ဥပမာ - ‘that is a tad expensive’ “နဲနဲဈေးကြီးတယ်” လို့ ဆိုတာမျိုးပေါ့။
Social Slang လူမှုရေးဆိုင်ရာ ဘန်းစကားများ
သင့်ကို ‘do’ ဒါမှမဟုတ် ‘bash’ ဒါမှမဟုတ် ‘get-together’ တို့ တက်ရောက်ဖို့ ဖိတ်ကြားခံရတာမျိုး ရှိနိုင်ပါတယ်။ အဲ့ဒီစကားတွေရဲ့ အဓိပ္ပါယ်ကတော့ ပါတီပွဲ ဒါမှမဟုတ် (မိတ်ဆွေ၊ သူငယ်ချင်းစတဲ့) အုပ်စုလိုက် မိတ်ဆုံပွဲတွေကို ဆိုလိုပါတယ်။ ပါတီဆိုတဲ့ စကားအတွက် ပိုပြီးရှေးဆန်တဲ့ စကားလုံးတစ်ခုကတော့ knees up ဖြစ်ပါတယ်။ ဒီစကားတွေကိုတော့ ပေါ့ပေါ့ပါးပါးပုံစံနဲ့ အသုံးများကြပါတယ်။ အဲ့ဒီလို ပွဲမျိုးတွေမှာ အကတွေ ဘာတွေလည်း ပါကောင်းပါနိုင်ပါတယ်။ အကယ်လို့ သင့်ကို အဲ့ဒီလို ပွဲလန်းတစ်ခုခုကို ဖိတ်ကြားခံရပြီ ဆိုရင်တော့ အောက်ပါစကားတွေကို သိထားဖို့တော့ လိုပါမယ်။
BYOB ဆိုတာ bring your own bottle ကိုပြောတာဖြစ်ပြီး “ကိုယ့်ပုလင်း ကိုယ်ယူလာခဲ့” လို့ အဓိပ္ပါယ်ရပါတယ်။ ယူကေမှာ ပါတီရှင်က ဖိတ်ကြားခံရသူ ဧည့်သည်တွေကို သောက်တတ်ရင် ကိုယ့်ယမကာ ကိုယ်ယူလာကြဖို့ မှာလေ့ရှိတာဟာ ပုံမှန် အလေ့အထ တစ်ခု ဖြစ်ပါတယ်။ ဖိတ်စာပေါ်မှာ BYOB လို့ရိုက်နှိပ်ထားတာမျိုးတွေ့ဖူးကြမှာပါ။
“It’s your round!” (အခုမင်းအလှည့်)။ ယူကေက ကဖေးတို့၊ ဘားတို့မှာ သူငယ်ချင်းတွေ စုဝေးပြီး ထိုင်ကြတဲ့အခါ တစ်ယောက်စီက အလှည့်ကျ အားလုံးအတွက် အလှည့်ကျ ဝယ်တိုက်ရတာမျိုးဟာ ပုံမှန်ဓလေ့ ဖြစ်ပါတယ်။ ဒါပေမဲ့ အုပ်စုမှာ လူအရမ်းများတဲ့အခါမှာတော့ သိပ်အဆင်မပြေလှပါဘူး။ အဲ့ဒီလိုအခါမျိုးမှာတော့ အားလုံးက ကိုယ့်အတွက် ကိုယ်ရှင်းဖို့ ဒါမှမဟုတ် အုပ်စုငယ် rounds လေးတွေ ခွဲပြီး ကိုယ့်အုပ်စု round အတွက် တစ်ယောက်က ရှင်းပေးတဲ့ ပုံစံ လုပ်တတ်ကြပါတယ်။ အကယ်လို့ သင်က မပါချင်ဘူး၊ ဒါမှမဟုတ် ပေးဖို့ မတတ်နိုင်ဘူးဆိုရင် ကိုယ့်အတွက်ဘဲ ကိုယ်ရှင်းမယ်လို့ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။
အောက်ပါ ဆိုရှယ်ဘန်းစကားတွေကလည်း အသုံးဝင်ပါလိမ့်မယ်။
တစ်ယောက်ယောက်ကို ကြိုက်နေတယ်ဆိုရင် fancy လို့ ပြောပါတယ်။ ဥပမာ - “He just smiled. I think he fancies you.” (သူပြုံးပြလိုက်တယ်တော့၊ သူနင့်ကို ကြိုက်နေတယ်နဲ့ တူတယ်။)
အကယ်လို့ သင်ကလည်း သူ့ကို fancy ဖြစ်တယ်ဆိုရင် သူ့ကို အတွဲခုတ်ဖို့ ask him out ဒိတ်လုပ်ရုံပဲပေါ့။
(Ask him out = Ask him to go on a date with you)
Chat up ဆိုတာကတော့ တစ်ယောက်ယောက်နဲ့ flirt အီစကလီ လုပ်တယ်ပေါ့။
ဥပမာ - “She was chatting me up at the party.” (ပါတီမှာ ငါ့ကိုလာပြီး အီစကလီလုပ်နေတာ။)
Snog ဆိုတာကတော့ နှစ်နှစ်ကာကာ (နှုတ်ခမ်းချင်း) နမ်းတယ်လို့ ဆိုလိုတာပါ။
ဥပမာ - Oh dear. My dad and mum were snogging at their anniversary party. I didn’t know where to look.” (အလိုလေး ငါ့အဖေနဲ့ အမေ သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ပါတီမှာ ခံစားချက်အပြည့်နဲ့ နမ်းနေလိုက်ကြတာ၊ ငါမျက်နှာပူလွန်းလို့ ဘယ်ကိုလွှဲထားရမှန်းတောင် မသိဘူး။)
Chin-wag ဆိုတာကတော့ သူငယ်ချင်းတွေနဲ့ အလာပ သလာပ အတင်းအဖျင်းတွေ ဘာတွေ ပြောကြတာကို ပြောတာပါ။ ဥပမာ - “Fancy a chin-wag?” ဒီမှာတော့ fancy ဆိုတာ would you like (လုပ်ကြမလား) ဆိုတဲ့အဓိပ္ပါယ်ပါ။
Food Slang - အစားအသောက်ဘန်းစကား
ယူကေရဲ့ အရပ်ဒေသအသီးသီးဟာ ဒေသအစားအစာတွေကြောင့် နံမည်ကြီးကြပါတယ်။ အခုအခါ ဒေသ အစားအစာတွေကို ယူကေတစ်နိုင်ငံလုံးမှာမက ကမ္ဘာ့အခြားအရပ်ဒေသတွေမှာပါ ရရှိနိုင်ပြီဖြစ်ပေမယ်လို့ ဒီအစားအစာတွေဟာ အမြဲတမ်း သူတို့ရဲ့ မူရင်းဒေသနဲ့သာ ဆက်နွယ်နေမှု ရှိနေပါတယ်။
ဝက်သားအစာသွပ်မုန့် pork pie ဆိုရင် Lincolnshire မှာရှိတဲ့ Melton Mowbray နဲ့ တစ်သားတည်းရှိနေသလို အစာသွပ်မုန့် pasty နဲ့ ပတ်သက်လာရင်တော့ Cornwall ၊ ဟော့ပေါ့ hot pot ဆိုရင်Lancashire စသည်တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ နည်းနည်း ခေါင်းရှုပ်စရာ ဖြစ်စေတာကတော့ မတူညီတဲ့ ဒေသတွေမှာ တူညီတဲ့ အစားအစာတွေကို မတူညီတဲ့ ဒေသအခေါ်တွေနဲ့ ပြောကြတာကိုပါဘဲ။
ဥပမာ - ပေါင်မုန့် bread roll ကို barn cake ၊ cob ၊ bap ဒါမှမဟုတ် batch စသည်ဖြင့် အမျိုးမျိုးခေါ်ကြတယ်။
Cuppa သို့မဟုတ် brew ဆိုတာ လက်ဖက်ရည်တစ်ခွက် a cup of tea ကိုခေါ်တာဖြစ်ပါတယ်။
Fry-up သို့မဟုတ် Full English ဆိုတာ ကြက်ဥ၊ ဘေကွန်၊ ဝက်အူချောင်း၊ baked bean (ပဲဖုတ)်၊ ခရမ်းချဉ်မီးဖုတ်နဲ့ ပေါင်မုန့်မီးကင်ပါဝင်တဲ့ အီစိမ့်နေအောင်ကြော်ထားတဲ့ မနက်စာ breakfast ကို ခေါ်တာဖြစ်ပါတယ်။
Sunday Roast ဆိုရင်တော့ အသားကင်ရယ်၊ အာလူးကင်ရယ်၊ မုံလာဥနီ၊ ဟင်းအနှစ် ပြီးတော့ Yorkshire pudding ပူတင်း (ခပ်မွမွ စိမ့်စိမ့်လေးဖုတ်ထားတဲ့ ထောပတ်ပူတင်း) တို့ပါဝင်တဲ့ ပေါ်ပြူလာ တနင်္ဂနွေ အစားအစာ ဖြစ်ပါတယ်။
မနက်စာ breakfast ကို brekkie လို့ခေါ်ကြပါသေးတယ်။
Tea လို့ ဆိုရင် a cup of tea ဆိုတဲ့ လက်ဖက်ရည်တစ်ခွက်ကို ခေါ်တာဖြစ်ပေမဲ့ ယူကေရဲ့ တစ်ချို့ နေရာတွေမှာ အထူးသဖြင့် မြောက်ပိုင်းမှာဆိုရင်တော့ tea ဆိုရင် ညနေစာ evening meal ကို ဆိုလိုပါတယ်။ ရှုပ်မသွားဘူးလား။ ဒီကြားထဲ afternoon tea ဆိုတဲ့ဟာက ရှိသေးတယ်၊ အဲ့ဒါက နေ့လည်ပိုင်းမှာ စားသောက်လေ့ရှိတဲ့ လက်ဖက်ရည်ရယ်၊ ကိတ်ရယ်၊ ဆင်းဒဝစ်ရယ် စတာတွေပါတယ့်ဟာကို ပြောတာပါ။ ဒါပေမဲ့အဲ့ဒါကို တစ်ချို့လူတွေက tea လို့ဘဲ ခေါ်ကြတယ်။ နားမရှုပ်သွားကြနဲ့ဦးနော်။
Supper ဆိုတာ တစ်ချို့အတွက်ကတော့ ညနေစာကို ခေါ်တာဖြစ်ပေမဲ့ အခြားသူတွေအတွက်ကတော့ ညနေစာမတိုင်ခင် ဒါမှမဟုတ် ညနေစာအပြီးစားတဲ့ light snack သွားရည်စာကို ခေါ်သတဲ့။ ပိုရှုပ်သွားသလိုဘဲနော်။
Greasy Spoon ဆိုရင်တော့ Full English လိုမျိုး အစားအစာတွေ၊ အဆီအစိမ့် အကြော်အလှော်စတဲ့ ကျန်းမာရေးအစာမဟုတ်တဲ့ အစာမျိုးတွေ ရောင်းချတဲ့ကဖေးကို ခေါ်တာပါ။
Gastropub ဆိုတာကတော့ ယမကာအပြင် အစားအစာပါ အဓိက ရောင်းချတဲ့ pub ကိုပြောတာပါ။
Chippy ဆိုတာ fish and chip ဆိုင်ကို ခေါ်တာဖြစ်တယ်။
Spuds သို့မဟုတ် tatties ဆိုတာကတော့ အာလူးကို ခေါ်တာဖြစ်ပါတယ်။
Financial Slang - ငွေကြေးဆိုင်ရာ ဘန်းစကား
Quid ဆိုတာ ပေါင်စတာလင် ဖြစ်ပါတယ်။ အကယ်လို့ တစ်ခုခုက တစ်ပေါင်ကျသင့်တယ်ဆိုရင် a quid လို့ ပြောပါလိမ့်မယ်။ ဒါပေမဲ့ quid မှာ plural အများကိန်း မရှိပါဘူး။ ဒါကြောင့် £50 ဆိုရင် fifty quid (quids မဟုတ်ပါ) လို့ ပြောပါတယ်။
Skint ဆိုတာ ဘိုင်ပြတ်နေတယ်လို့ ပြောတာပါ။ ဥပမာ - “I can’t come to the restaurant, as I’m skint this week.” (ဘိုင်ပြတ်နေလို့ စားသောက်ဆိုင်ကို မလာနိုင်တော့ဘူး။)
Minted ကတော့ rich ဆိုတဲ့ ပိုက်ဆံထောနေတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဥပမာ - “It was my birthday last week and I got some money off my family, I am minted now.” (မွေးနေ့တုန်းက ပိုက်ဆံတွေ ရထားတာမို့ ထောနေတယ်ပေါ့။ )
‘Splashing out’ ဆိုတာကတော့ ငွေကိုရေကိုသုံးတယ်လို့ ပြောတာဖြစ်ပြီး၊
‘That’s as cheap as chips’ ဆိုတာကတော့ အပေါစားလို့ ပြောတာဖြစ်ပါတယ်။
‘That costs a bomb’ ဆိုတာကတော့ ဈေးကြီးလွန်းတယ်လို့ ပြောတာဖြစ်ပြီး
‘That’s a rip-off’ ဆိုရင်တော့ ပေးရတဲ့ဈေးနဲ့ လုံးဝမတန်ဘူးလို့ ပြောတာပါ။
‘Cough up’ ဆိုတာကတော့ တစ်ခုခုအတွက် ရှိစုမဲ့စုလေးတွေကို စုဆောင်းပြီး ပေးချေရတာဘဲဖြစ်ပါတယ်။
Cockney Rhyming Slang - ကာရံညီတဲ့ ဘန်းစကား
ပိုပြီးရှုပ်အောင် ကာရံကို အသုံးချပြီး မူရင်းအဓိပ္ပါယ်ကို ဝှက်ပြောတဲ့ ဘန်းစကားတွေကို ဆက်ဖော်ပြမှာ ဖြစ်ပါတယ်။ ဟိုး ၁၉ ရာစုကစလို့ လန်ဒန်ရဲ့ East End အရပ်က စတင်ခဲ့တဲ့ Cockney rhyming slang ဘန်းစကားဟာ ဒေသခံတွေအချင်းချင်းကြားမှာ သူတို့ရဲ့ လျှို့ဝှက်ချက်တွေ၊ အိုင်ဒီယာတွေကို တစ်ခြားအပြင်လူတွေ နားမလည်နိုင်အောင် ကာရံတွေ၊ ဘာတွေနဲ့ ဆက်သွယ်ပြောခဲ့ရာကနေ စခဲ့တယ်လို့ ဆိုပါတယ်။ ခုခါမှာတော့ ယူကေတစ်ခွင်က လူတွေက rhyming slang တွေကို အပြောင်အပျက် ဟာသအနေနဲ့ အသုံးပြုကြပါတယ်။
ဥပမာ - တစ်ချို့ကို အောက်မှာဖော်ပြလိုက်ပါတယ်။
Apples and pears ဆိုတာ stairs ဆိုတဲ့ လှေခါးကို ပြောတာ။
‘You’re having a giraffe’ ဆိုတာ ‘You’re having a laugh’ ဖြစ်ပြီး ‘You’re joking!’ ဆိုတဲ့ “မင်းနောက်နေတာပါလို့ ပြောတာ”
A dog and bone ဆိုတာ telephone တယ်လီဖုန်း။
ဥပမာ - “He called me on the old dog and bone this morning.” (သူဒီမနက်က ဖုန်းဆက်တယ်။)
Mince-pies ဆိုတာ eyes (မျက်လုံး) နဲ့ ကာရံညီတယ်။
ဥပမာ - “I’ve forgotten my spectacles and my mince-pies aren’t what they used to be.” (မျက်မှန်မေ့ကျန်ခဲ့တော့ ကျုပ်မျက်လုံးတွေက ခါတိုင်းနဲ့ မတူဘူး။)
အချို့အခြေအနေတွေမှာ အချိန်ကာလ ပြောင်းလဲလာတာနဲ့ အမျှ ကာရံညီတဲ့ စကားလုံးတွေကို ဖြုတ်ချချန်ခဲ့ပြီး ပြောတာကြောင့် နားလည်ရပိုခက်ခဲစေပါတယ်။
ဥပမာ - Use your loaf ဆိုတာ Use your head (ခေါင်းသုံးစမ်းပါ) လို့ပြောတာဖြစ်တယ်။ Loaf ဆိုတာ loaf of bread ဖြစ်ပြီး head နဲ့ ကာရံညီတာဖြစ်ပါတယ်။
‘Let’s have a butcher’s’ ဆိုတာ ‘Let’s have a look.’ (ကြည့်ရအောင်) ဆိုတဲ့ စကားဖြစ်ပါတယ်။ ဒီမှာ ဖျောက်ပြီးပြောတဲ့ မူရင်းစကားက butcher’s hook (သားသတ်သမားရဲ့ အသားချိပ်တဲ့ သံကောက် ) ဖြစ်ပြီး look နဲ့ ကာရံညီတာဖြစ်ပါတယ်။
အကယ်လို့ တစ်ယောက်ယောက်က သင့်ကို ‘Stop telling porkies’ လို့ ပြောရင် ‘Stop lying’ (လာလိမ်မနေနဲ့) လို့ ပြောတာဖြစ်ပါတယ်။ Porkies က porky pies ဖြစ်ပြီး lies နဲ့ ကာရံညီပါတယ်။
ကဲ… ဒီလမ်းညွှန်လေးကတော့ ယူကေကို သွားဖို့ ပြင်ဆင်နေတဲ့ သူတွေအတွက် အသုံးတည့်မယ်လို့ ထင်ပါတယ်။ သင်တို့ ကြားရမယ့် ရှုပ်ရှုပ်ထွေးထွေး ဘန်းစကားတွေအတွက် သိပ်ကြီးလည်း မစိုးရိမ်ကြပါနဲ့။ စကားလုံးအသစ်တွေ၊ ဆိုရိုးစကားအသစ်တွေဟာ အမြဲတမ်းပေါ်ပေါက်နေပြီး အသုံးများနေကြပါတယ်။ ဒါကြောင့် ဒီဆောင်းပါးက ပြီးပြည့်စုံတဲ့ ဆောင်းပါတစ်ပုဒ်တော့ မဟုတ်ဘူးပေါ့နော်။ အကယ်လို့ သင်က ဘန်းစကားတွေကို နားလည်တယ်၊ လိုအပ်တဲ့ အခြေအနေမှာ ဘန်းစကားနဲ့ ပြောတတ်တယ်ဆိုရင်တော့ ဒေသခံတွေက အရမ်းကို အထင်ကြီးပြီး အံ့သြကြမှာတော့ သေချာပါတယ်။ ဒီစကားတွေက ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းပါတယ်။ ဒါကြောင့် အဲ့ဒါတွေက သင့်ကို အမှားလုပ်မိမှာ စိုးရိမ်ပြီး (dropping a clanger = အမှားတစ်ခုခုလုပ်မိသည်) ကြောက်လန့်နေအောင် ခြောက်လှန့်တာ (give you the collywobbles = ခြောက်လှန့်သည်) တော့ လုပ်မှာ မဟုတ်ပါဘူးရှင်။
British Council Voices Magazine မှ Sophie Cannon ၏ 'You're having a giraffe!?' A starter guide to UK slang (https://www.britishcouncil.org/voices-magazine/youre-having-giraffe...) ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။
Comments
Post a Comment