လောကကြီးက သိပ်ခက်တယ်
လောကကြီးက သိပ်ခက်တယ်
သိပ်ခက်တယ် မောင်....
လောကကြီးက သိပ်ခက်တယ်
မျက်နှာဖုံးတွေနဲ့ရှင်သန်နေတဲ့ လောကကြီး
တစ်ကိုယ်ကောင်းဆန်မှုတွေ ကြီးစိုးနေတဲ့လောကကြီး
တရားမျှတမှု ပျောက်ဆုံးနေတဲ့ လောကကြီး
ကိုယ်သိပ်မွန်းကြပ်တယ် မောင်.......
အဲ့လိုနဲ့ ကိုယ်ဟာ မှန်တွေကို ချစ်တတ်လာတယ်
မယုံကြည်ရတဲ့ လောကကြီးမှာ မှန်တွေဟာ ကိုယ့်ယုံကြည်ရာပဲ
မှန်ထဲက ကိုယ့်ကို အပြင်ကကိုယ်ရဲ့ မကျေနပ်ချက်တွေ ဝမ်းနည်းမှုတွေ စိတ်ချလက်ချပြောပြနိုင်တယ်
ကိုယ်သိပ်အပျင်းပြေတယ် မောင်
မောင်မရှိတဲ့အချိန်တွေမှာ မှန်တွေဟာ ကိုယ့်ရဲ့အဖော်ပဲ
မှန်တွေဟာ ကိုယ့်ရဲ့စိတ်ထွက်ပေါက်တစ်ခုပဲ မောင်.......
တဖြည်းဖြည်းနဲ့ လောကကြီးနဲ့ ကိုယ်နဲ့ ဝေးကွာလာတယ်
လောကကြီးက ကိုယ့်ရဲ့ဖြစ်တည်မှုကို မေ့ပစ်လိုက်ကြတယ်
ကိုယ့်ရဲ့ဖြစ်တည်မှုပျောက်ဆုံးသွားပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ လိုအင်တွေဆိုတာလည်း တဖြည်းဖြည်းပျောက်ကွယ်ခဲ့ရတယ်
တစ်ခါတစ်လေမှာ ဘာဖြစ်ချင်မှန်း ဘာလိုချင်မှန်းမသိတဲ့ ကိုယ့်ကိုကိုယ် သိပ်သနားမိတယ် မောင်.....
လောကကြီးက မေ့ပစ်ထားတဲ့ကိုယ့်မှာ ချစ်ခြင်းမေတ္တာတွေ ဆိတ်သုဉ်းနေတယ်ဆိုတာ အံ့သြစရာတော့ သိပ်မရှိပါဘူး
ချစ်ခြင်းမေတ္တာနဲ့ကိုယ်ဟာ တစ်ခါမှမသိကျွမ်းဖူးတဲ့သူစိမ်းတွေလိုပဲ မောင်.....
လောကကြီးက ကိုယ့်ကိုသတိပြန်ရဖို့အတွက် တစ်ခါတစ်လေတော့လည်း လူမသိသူမသိ ပျောက်ဆုံးသွားချင်မိတယ်
အဲ့လိုလုပ်မှ ကိုယ့်အတွက် ဘယ်သူတွေများဝမ်းနည်းပေးကြမလဲ ကိုယ့်အကြောင်းကို ဘယ်သူတွေများ သတိတရပြောနေကြမလဲဆိုတာ သိနိုင်မယ်လို့ ကိုယ်ယူဆမိတယ် မောင်......
တစ်ခါတစ်ခါကျတော့လည်း ကိုယ့်ကို နှောင်ဖွဲ့နေတဲ့ နွယ်ပင်တွေကိုဖြတ်ပစ်ပြီး လွတ်လွတ်လပ်လပ်ပျံသန်းနေတဲ့ ငှက်ကလေးပဲ ဖြစ်ချင်မိတယ်
တစ်ခါတစ်ခါကျတော့လည်း ကိုယ့်ရဲ့သနားကြင်နာတတ်တဲ့စိတ်ကို မျက်ကွယ်ပြုပြီး လူပီပီသသ အတ္တကြီးပစ်ချင်တယ် မောင်.......
လောကကြီးက ကိုယ့်အတွက်တော့ သိပ်ခက်တယ် မောင်.....
Just an essay....
မအိသဉ္ဇာကျော်
လောကကြီးကသိပ်ခက်တယ်မောင် |
Comments
Post a Comment