သေဆုံးခြင်း
သေဆုံးခြင်း
(ရေအေး)
(၁)
ည ကိုးနာရီ ထိုးပြီ။ `အမယ်လေး ဒီညတော့ အိပ်ရတော့မယ် မထင်ဘူး´ တဲ့။ လူနာဘေးကနေ ထွက်လာတဲ့ ဒေါက်တာမက သူ့ရဲ့ မုန်တိုင်းမိထားသလို ဆံပင်ကို တဗြိဗြိကုတ်၊ သူ့ခုံမှာ ယိမ်းယိမ်းထိုးထိုး ဝင်ထိုင်လိုက်ရင်း မလှမ်းမကမ်းက ဖတ်သီဖတ်သီ အလုပ်ရှုပ်နေတဲ့ အနီဝတ် သူနာပြုကို လှမ်းပြောလိုက်တယ်။ ဆရာမက မချိပြုံး ပြုံးတယ်။ ပြီးတော့ `ကျွန်မ မအိပ်ရတာ သုံးည ရှိပြီ။ ညဂျူတီ စကတည်းကပဲ´ လို့ နွမ်းလျလျ ပြန်ပြောရှာတယ်။ အဲဒီနောက် `အစ်မလည်း ဝဋ့်ပဲ၊ ကျွန်မလည်း ဝဋ်ပဲ၊ လူနာလည်း ဝဋ့်ပဲ´ ဆိုတဲ့ စကားကို တိုတိတိုတောင်း ဆိုပြီး သုတ်သီးသုတ်ပြာ ထွက်သွားပြန်ရော။ ဒေါက်တာမက `ဟုတ်တာပေါ့´ ဆိုတဲ့ပုံနဲ့ ခေါင်းကို တဆတ်ဆတ် ညိတ်ပြီး ကျန်ခဲ့တယ်။ သူတို့ သူနာပြုတွေ ဆိုတာက နေ့သမား၊ ညသမားလို့ ခွဲထားပြီး ညသမားက ညကြီးပဲ ဆက်တိုက် ဆင်းကြတာ ဆိုတော့ အိပ်ရေးက ရက်ဆက် ပျက်တယ်။ ဒေါက်တာမတွေလို နှစ်ဆယ့်လေးနာရီ ဂျူတီကို တစ်ယောက် တစ်လှည့်စီ သုံးလေးရက်ခြား ယူကြရတာ မဟုတ်ဖူး။ ခေါင်းညိတ် နေရင်းပဲ ဒေါက်တာမက `နေပါဦး ညဂျူတီ စကတည်းက မအိပ်ရတာ ဆိုတော့ သူက ဂျူတီ စအဆင်း၊ ဟိုလူနာက စအဖောက်ပေါ့´ လို့ ရက်တွက်မိတယ်။ `သေချာတယ်၊ ဒင်းရှုပ်တာပဲ။ ဒင်းကြောင့် လူရှုပ်မ´ လို့ စိတ်ထဲ ရေရွတ်လိုက်တယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ဒါပေမယ့် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဒါက တစ်ယောက်ကို တစ်ယောက် စွပ်စွဲနေကြ ထုံးစံပဲ။ ဒီလိုနဲ့ ဒေါက်တာမက အဲဒီလို ဒင်းကြောင့်၊ ဒင်းကြောင့်လို့ စိတ်ထဲ သူနာပြုမကို တရားခံ ငြိုးနေရင်းပဲ ဟစိဟစိ ဖြစ်နေတဲ့ ဟိုလူနာဆီ စိတ်က ရောက်သွားပြန်ရော။
အဲဒီလူနာ အမောဖောက်နေတာ သုံးရက်ရှိပြီ။ ဒီလူနာဆောင်မှာ တစ်ပတ်ပြီး တစ်ပတ် ကြည့်နေကြတဲ့ ဆရာဝန်၊ ဆရာမတိုင်းက သေမှာပါလို့ လက်လျှော့ပြီးသား။ ဒေါက်တာမ ဒီမနက် ဂျူတီ လာချိန်းတော့လည်း ညက သွားလောက်ပြီလို့ ထင်နေတာ။ `ကျန်တာတွေက အကောင်းဟေ့။ မိုးကျော် တစ်ယောက်ပဲ ဖောက်ဖောက်နေတာ။ ဘယ်အချိန် သွားတော့မလဲ တွေးပြီး အိပ်ကို မအိပ်ရဘူး။ ကဲ ငါတော့ လွတ်ပြီ။ ဒီနေ့ ကူးမယ်တော့ မထင်ဘူး။ သူငယ်ချင်းလေး ကံကောင်းပါစေ´ လို့ သူ့သူငယ်ချင်း ဒေါက်တာမက ပြုံးစိစိနဲ့ ကြိုတော့ သူ့မယ် `ဟင် မသွားသေးဘူးလား´ လို့ စိတ်ပျက်လက်ပျက် ရေရွတ်မိတယ်။ `အေး ရှိတုန်း၊ နင့်ကို စောင့်နေတာတဲ့´ လို့ သူငယ်ချင်းက ခပ်ရွှင်ရွှင် ပြန်ပြောပေမယ့် သူ့မှာ မပြုံးနိုင်ဘူး။ `သေနာမ ကိုယ့်ကိစ္စကို အပြတ်ရှင်းမသွားဘူး´ လို့ ပွစိပွစိ ပြန်ဆဲလိုက်တယ်။ ဒါပေမယ့် ခပ်ကြာကြာတော့လည်း စိတ်မညစ်နိုင်ပါဘူး။ တစ်ယောက်ပြီး တစ်ယောက် ရောက်လာတဲ့ ဆရာဝန်ကြီးတွေ၊ ဆရာဝန်လတ်တွေနဲ့ လိုက်ပြီး လူနာတွေ ကြည့်ရ၊ ပြီးတော့ မိုးဦးကျမှာ ထွက်တဲ့ ပရစ်ဖူးတွေလို အလျှိုလျှို ပေါ်လာတဲ့ သွေးစစ်တာတို့၊ ခါးရိုးဖောက်တာတို့၊ လူနာတွေကို ရောဂါအကြောင်း လိုက်ပြီး ရှင်းပြရတာတို့လို အလုပ်မျိုးတွေ ကြားမှာ ပြေးဟယ်၊ လွှားဟယ်နဲ့ လူက နွေရာသီ လေတိုက်တိုင်း လွင့်ရတဲ့ သစ်ရွက်ခြောက်လောက်မှ မငြိမ်နိုင်ဘူး။
`ဆရာမ၊ မိုးကျော်လေ´
အဲဒီ ကြားကာလမှာ လူနာရဲ့ အမေက ဒေါက်တာမဆီကို မျက်နှာ အညှိုးသားနဲ့ ရှစ်ခါရောက်တယ်။ အဲဒ်ီအချိန်မှပဲ သူကလည်း လူနာကို မေ့သလို ရှိနေရာက သတိရပြီး ကသုတ်ကရက် ပြေးကြည့်ရတာပဲ။ ပြီးရင် `ဆရာမ ဟိုက်ဒရိုကော်တီဇုံးလေး ထိုးပေးပါဦး´၊ `ဆရာမ သွေးအချိုဓာတ်လေး စစ်ပေးပါဦး´ ၊`ဆရာမ ဒိုပါမင်းကို ဆယ့်ငါးစက် တိုးလိုက်တော့´ လို့ လိုအပ်တယ် ထင်တာလေးတွေ ထထ အော်ရတယ်။ အမြှုပ် ပလုံစီထနေတဲ့ အောက်ဆီဂျင် အိုးလေးကို ရမယ်ရှာတဲ့အခါ ရှာတယ်။ တခါတလေတော့လည်း `ဆရာ လူနာမိုးကျော်ကလေ´ လို့ သူ့ထက် အကြီးကို ပြေးပြောရတယ်။ ပြီးရင် `အဒေါ့်သား အခြေအနေက အဒေါ်တို့ မြင်တဲ့ အတိုင်းပဲနော်။ ကျွန်မတို့လည်း ထိုးစရာရှိတဲ့ ဆေးကို အကုန် ထိုးပေးတာပဲ။ ဆရာကြီးတွေလည်း ကြည့်တာပဲ။ ဒါပေမယ့်´ လို့ လေကု ကုရသေးတယ်။ လာမခေါ်ပေမယ့် ခဏတဖြုတ် အားရင်လည်း ပြေးကြည့်ရတယ်။ လူနာက ဘယ်အချိန်များ ထလျှောမလဲ မသိဘူးလေ။ အခုချက်ချင်းပဲလား၊ နောက်ထပ် နာရီဝက်နေရင်လားနဲ့ ရင်တမမ ပြေး,ပြေးကြည့်ရတာ။
အခုတော့ ညရောက်ပြီ။ နေ့ခင်း တာဝန်ကျ ဆရာမနဲ့ ညတာဝန်ကျ ဆရာမတို့တောင် `ဟယ် မိုးကျော်က ရှိသေးတာလား´ လို့ တစ်ယောက်က မချိုမချဉ် မျက်နှာနဲ့ နောက်တစ်ယောက်က ငိုချင်သလို မျက်နှာနဲ့ တာဝန် ပြောင်းလိုက်ကြပြီ။ ညဆရာမက `လူတစ်ယောက် သေဖို့ ခက်ခဲပင်ပန်း လိုက်တာနော်´ တဲ့။ ရေရွတ်တယ်။ တစ်နေ့လုံး တတောက်တောက်နဲ့ ပြေးနေရပြီး မကြာခင်ကမှ စထိုင်ရတဲ့ ဒေါက်တာမက အဲဒီစကား ကြားတော့ `ဟုတ်ပ၊ ဘာတွေကိုများ စိတ်စွဲပြီး ဒီလောက် ခံနေရပါလိမ့်´ လို့ တွေးမိရော။ ဒါနဲ့ အိပ်ရတော့မယ် မထင်ဘူးလို့ အတွေးရောက်ပြီး ဆရာမကို လှမ်းပြောမိရော။ ဒေါက်တာမက `လူနာကို ကြည့်ရတာ ဒီညတော့ သွားမှာ သေချာသလောက်ပဲ´ လို့ ဆက်တွေးတယ်။ စောစောပဲ သွားမလား၊ နောက်ကျပြီးပဲ သွားမလား နှစ်ခုထဲက တစ်ခုဖြစ်ဖို့ ရှိတာပဲ။ ဒါပေမယ့် အခုတောင် ညကိုးနာရီ ထိုးပြီးပြီ ဆိုတော့ အခုချက်ချင်းပဲ ကိစ္စပေါ်ဦး ဟိုလူကို လှမ်းခေါ်ရ၊ ဒီလူကို စကားပြောရ၊ တိုင်ပင်ကြ၊ ဆွေးနွေးကြ ကိစ္စဝိစ္စတွေနဲ့ အနည်းဆုံး ဆယ့်တစ်နာရီ ဆယ့်နှစ်နာရီကတော့ ထိုးမယ်။ ဒါတောင် လူနာက ချက်ချင်း သွားဦးမှ။ ဒီပုံစံအတိုင်း ဆိုရင် ချက်ချင်းကြီး သွားဖို့ကလည်း မဖြစ်နိုင်သေးဘူး။ အချိန်မရွေး ခေါက်ခနဲ ဖြစ်နိုင်တဲ့ အခြေအနေပေမယ့် ဒီလူနာ ကြည့်ရတာတော့ သက်ဆိုး ရှည်ဦးမယ့် ပုံစံ။ တောင်တောင်အီအီ တွေးနေရင်းပဲ လွန်ခဲ့တဲ့ တစ်ပတ်လောက်က မိုးကျော်ရဲ့ ခုတင်မှာ ရောင်းဒ်နေတုန်း သူ့ကို ပြောလိုက်တဲ့ စကားကို ပြန်ကြားတယ်။
`ဆရာမ တကယ်လို့ ကျွန်တော် တစ်ခုခု ဖြစ်ရင် သက်တောင့်သက်သာနဲ့ သွားနိုင်အောင် ကူညီပေးပါ´ တဲ့။
အဲဒီတုန်းကတော့ ဒေါက်တာမက အကယ်ဒမီရ မင်းသမီး အလားပဲ။ `သေစရာလား၊ ဒီလောက်ဆေးတွေ ကုနေတာ´ ဆိုတဲ့ မျက်နှာပေးနဲ့လေ။ `ရှင် သေတော့မယ်လို့ ဘယ်သူကပြောတုံး´ ဆိုတဲ့ စကားကို သွက်သွက်ကြီးကို ပြန်ပြောလိုက်တယ်။ ဆေးတွေ ကုနေရင်ကိုပဲ မသေတော့မယ့် ပုံစံ၊ လူဆိုတာ သေမျိုးဟေ့ ဆိုတာကို လက်သင့် မခံချင်တဲ့ ပုံစံနဲ့လေ။ အမှန်တော့ ပြောနေကျမို့သာ ပါးစပ်က ထွက်သွားတာ သူ့စိတ်ထဲ ပြောလိုက်တဲ့ စကား သူကိုယ်တိုင်တောင် မယုံဘူး။ မယုံလည်း ပြောရတာပါပဲ။ `ဟုတ်ကဲ့ပါ၊ ရှင့်အတွက် အသက်သာဆုံး ဖြစ်အောင် ကူညီပေးပါမယ်´ လို့ ပြန်ပြောလို့လည်း မရ၊ `ဒါက မြန်မာပြည်ရှင့်။ ရှင်တောင်းဆိုတဲ့ ညင်သာစွာ အသက် သေဆုံးအောင် ကူညီပိုင်ခွင့် ဥပဒေက ဒီနိုင်ငံမှာ မရှိသေးဘူး´ လို့ ပြန်ပြောလို့လည်း မကောင်းတော့၊ ဒီစကားပဲ ပြောစရာ ရှိတယ်။
`ကျွန်တော် မခံစားချင်တော့ဘူး´
လူနာကလည်း ယုံပုံ မရပါဘူး။ ကွဲထွက်ခါနီး အိုးကို ပုတ်လိုက်ရင် ထွက်လာတဲ့ အက်တက်တက် စကားသံမျိုးနဲ့ ဝေဒနာတွေ မခံစားချင်တော့ကြောင်း ကိုပဲ ဒေါက်တာမကို ပြန်ပြောတယ်။ ဒီတောင်ကိုတော့ မကျော်တော့ဘူး၊ မကြာခင် သေရတော့မယ် ဆိုတာ သိနေတဲ့ ပုံမျိုးပဲ။ သိနေမှာပေါ့။ ဒေါက်တာမ တွေးတယ်။ လွန်ခဲ့တဲ့ ငါးလ လူနာ ဆေးရုံကို ပထမဦးဆုံး ရောက်လာတာနဲ့ အခု အခြေအနေတွေက ဗျိုင်းနဲ့ ကျီးရဲ့အမွေးတွေလို တခြားစီ ဖြစ်ကုန်ပြီ။ အဲဒီတုန်းက လူနာဆိုတာ သူ့ရောဂါက ကင်ဆာမှန်း သိပေမယ့် မျက်လုံးတွေက အရောင် တောက်နေတုံး။ ကင်ဆာဆေး သွင်းမယ်၊ ဓာတ်ကင်မယ်၊ ငါးနှစ်တာ နေရဦးမယ့် ကာလမှာ လုပ်ချင်တာတွေ လုပ်သွားဦးမယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိတုံး။ အဲဒီနောက်မှ ဆေးရုံမှာ ဆင်းချည် တက်ချည်၊ ကင်ဆာဆေးတွေ သွင်းတော့လည်း တဝေါ့ဝေါ့ ထိုးအန်၊ ဓာတ်ကင်နေတဲ့ ကြားက အနာက တဖြည်းဖြည်း ကြီးလာ။ လူကလည်း တဖြည်းဖြည်း ဖြူဆုပ်လာလိုက်တာ နောက်ဆုံး စက္ကူဖြူ တစ်ချပ်လိုပဲ။ သွေးတွေ တစ်လုံးပြီး တစ်လုံး သွင်းနေရင်းပဲ ကင်ဆာ ဆိုတာကြီးက ကိုက်စား သွားလိုက်တာ ကိုယ်ခန္ဓာက နေပူမိတဲ့ ရေခဲချောင်းလိုကို ရုတ်တရက် ပါးလှပ် သွားတော့တာ။ ငါးလ အတွင်းမှာ အကူမပါရင် ဟိုဘက် ဒီဘက်တောင် မလှည့်နိုင်တော့တဲ့ ဘဝ။ ဘတပြန်၊ ကျားတပြန် အပြန်အလှန် လုံးထွေးသတ်ပုတ် ကြတာပေမယ့် နောက်ဆုံးတော့ သေမင်းက နိုင်ခါနီးနေပြီ် ဆိုတာ နည်းနည်းလေးပဲ စဉ်းစားဦး သိနိုင်ပြီကိုး။ လူနာလည်း ကိုယ့်အခြေအနေကိုယ် မသိ ဘယ်ရှိပါ့မလဲ။
`အားတင်း ထားစမ်းပါဟယ်´ ဒေါက်တာမ ပြန်ပြောလိုက်တယ်။ ပြန်သာ ပြောရပေမယ့် သူသာ လူနာနေရာမှာ ဆိုရင်လည်း ဒီလို ဖြစ်မှာပဲလို့ ဒေါက်တာမ တွေးတယ်။ လူနာကို ဖျတ်ခနဲ ကြည့်လိုက်တာနဲ့တင် မျှော်လင့်ချက် မဲ့နေတဲ့ မျက်လုံး ပြူးကျယ်ကျယ်၊ ကြည်လောင်လောင်ကို အရင်ဆုံး မြင်ရတယ်။ မျက်တွင်းက ဟောက်ပက်ပက်၊ နားရင်း နားထင်တွေက ကျနေပြီ။ ငေါထွက်နေတဲ့ ပါးရိုး၊ ခေါထွက်နေတဲ့ သွား ၊ မျက်နှာက မျောက်နဲ့ သိပ်တူတယ်။ လက်တွေ ခြေထောက်တွေ ကြည့်တော့ကော ဘာထူးသေးသလဲ။ ပါးလှပ်လှပ် အရေပြားအောက်မှာ အရိုး တစ်ချောင်းချင်းစီက အထင်းသားနဲ့။ ရင်ဘတ်ကလေး တစ်ခုသာ နိမ့်ချည်မြင့်ချည် အသက်ရှူ မနေတော့ဘူး ဆိုရင် တကယ့် လူသေပဲ။ တကယ့် ကမ္မဌာန်းရုပ်။ ငါးနှစ် ခံနိုင်တယ်ဆိုတဲ့ အခြေအနေက ငါးလ အတွင်းမှာပဲ လုံးပါး ပါးသွားပြီ။ ဘယ်လိုတွေးတွေး အားတက်စရာ မရှိဘူး။ အသက် နှစ်ဆယ့်ငါးနှစ် အရွယ်မှာ သေမင်းက မျက်စောင်း လှမ်းချိတ်နေပြီ။ ဒါပေမဲ့ ဒါမပြော ဘာပြန်ပြော ရမလဲ။ နောက်ဆုံး ဒေါက်တာမ တစ်ယောက် လုပ်စရာရှိတာ မြန်မြန်သွက်သွက် လုပ်ပြီး လူနာနားကနေ ထွက်ပြေးခဲ့ရတယ်။ သေခါနီးနေတဲ့ သူအတွက် သူ့မှာ ပြောစရာစကား မရှိတော့ဘူးလေ။ ဖြစ်နိုင်ရင် ဟန်ဆောင် ပန်ဆောင်လည်း မပြောချင်တော့ဘူးလေ။ `မအားဘူး၊ အလုပ် လုပ်ဦးမယ်´လို့ စကားစဖြတ်ပြီး ပြေးလာတဲ့ သူ့ကျောကို လူနာငေးပြီး ကြည့်နေမှာ သိသားပဲ။ သနားပေမယ့် မတတ်နိုင်ဘူး။
ကဲ ထိုင်တာဖြင့် ဖင်မပူသေးဘူး၊ ဟိုတွေးဒီတွေးနဲ့ပဲ ဆယ်နာရီက ထိုးပြန်ပြီ။ ဒေါက်တာမ ဟူးခနဲ သက်ပြင်းချ၊ သူ့ရှေ့ စာရေးခုံပေါ်က နားကျပ်ကို ကောက်ပြီး ထတယ်။ သူ ယိုင်တိယိုင်တိုင်နဲ့ လူနာဘေး ဝင်သွားတော့ ဝိုင်းအုံနေတဲ့ လူအုပ်ကြီးက ရှဲပေးတယ်။ ခေါင်းရင်းမှာ သားရဲ့ နဖူးကို ပွတ်ပြီး ထိုင်နေတဲ့ လူနာ့အမေရဲ့ ပါးစပ်က လှုပ်တုတ် လှုပ်တုတ်နဲ့။ တရားစာ ရွတ်နေတယ် ထင်ပါရဲ့။ ဒေါက်တာမလည်း လူနာကို သွေးပေါင်ချိန်၊ နားကျပ်လေးနဲ့ ဟိုထောက်၊ ဒီထောက်ပေါ့။ ဟန်ပြပါပဲ။ ဒီလောက်တောင် သေချာနေမှတော့ ဘာလုပ်လို့ ရဦးမှာလဲ။ လူနာရှင် စိတ်ကျေနပ်အောင်သာ ဒေါက်တာမ ခမျာ ထ, ထပြီး ကြည့်နေရတာ။ ဟိုစမ်း၊ ဒီစမ်းလို့ ပြီးတော့ ဒေါက်တာမ ဘာပြောရမှန်း မသိတာနဲ့ ခေါင်းကိုပဲ ယမ်းပြရပြန်တယ်။ ဒီတော့ ခေါင်းရင်က လူနာ့အမေကတော့ အိခနဲ တစ်ချက်ရှိုက်ပြီး ငိုပြန်ရော။
(၂)
`ဆရာမ မိုးကျော် မျက်လုံး ဖွင့်ကြည့်တယ်´ တဲ့။ မိုက်ခနဲ အိပ်ပျော်သလို ဖြစ်သွားတဲ့ ဒေါက်တာမ နားထဲ အသံတိုးတိုးလေး ကြားတော့ အိပ်မက်များ မက်သလားပေါ့။ စူးခနဲ မျက်လုံးထဲ ဝင်လာတဲ့ လျှပ်စစ်မီးအလင်း၊ ဘေးမှာ စိတ်လှုပ်ရှားသလို ရပ်နေတဲ့ လူနာ့အမေ၊ ဒီနှစ်ခုနဲ့တင် အိပ်မက် မဟုတ်မှန်း သေချာနေတော့ ကပျာသီသုတ် ထကြည့်ရတယ်။ ဟုတ်တယ်၊ မိုးကျော်ရယ် မျက်လုံးကလေး ပွင့်လို့။ ပြူးကြောင်ကြောင် မျက်လုံးတွေက မြင်ရရဲ့လားတော့ မသိဘူး။ မသေချင်သေးဘူး၊ သူ့ကို ကယ်ကြပါလို့ ပြောနေသလိုပဲ။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဟိုတစ်ခါက ပြောဖူးတဲ့ သူ့ကို ညင်သာစွာ အသက်ထွက်အောင် လုပ်ပေးဖို့ တောင်းဆို အသနား ခံနေတာလည်း ဖြစ်ချင် ဖြစ်နိုင်တာပဲ။ အမှန် လူနာက သူ့မျက်စိကို ဖွင့်ကြည့်တာ ခဏလေးပဲ။ ဘေးက လူနာစောင့် လူအုပ်ကြီးနဲ့ ဒေါက်တာမတို့မှာသာ ငြိမ်နေတဲ့ ရေကန်ထဲ ခဲလုံးပစ်ကျသလို ဖြစ်နေတာ။ ဒေါက်တာမ အတွက်ကတော့ ခေါင်းကြိမ်းစရာပေါ့။
`မိုးကျော် ၊ မိုးကျော် ဘယ်လို နေသေးသလဲ။ သက်သာသလား´ လူနာကို မေးပေမယ့် ပိတ်သွားတဲ့ မျက်လုံးတွေက ပြန်ပွင့် မလာပါဘူး။ ဒေါက်တာမ လူနာ ရင်ဘတ်ကို ထောက်ပြီး နားထောင်ရတယ်။ သွေးပေါင် တကျိကျိ ချိန်ရတယ်။ ပြီးတော့ သူနာပြုကို `သွေးအချိုဓာတ် ဖောက်ပေးပါဦး´ လို့ လှမ်းအော်ရတယ်။ အဲဒီနောက် ကင်ဆာရဲ့ ဒဏ်တွေကြောင့် ကိုယ်ခံအား မရှိတဲ့ လူနာကို ပိုးဝင်ပြီး သွေးဆိပ်ပျံ့တဲ့ အကြောင်း ထပ်ရှင်းရပြန်ရော။ ကုလို့ရသမျှ ဆေးတွေ ကုထားတဲ့ အကြောင်းလည်း မကြာမကြာ ထည့်ပြောရတာပေါ့။ လူနာ့အမေက ဒေါက်တာရဲ့ လက်ကို ဆွဲဆွဲပြီး `တတ်နိုင်သမျှ ကြိုးစားပေးပါ ဆရာမရယ်´ လို့ ငိုတယ်။ ဒေါက်တာမ လူနာ့အမေ ငိုသံကို နားထောင်နေရင်းပဲ အသက်ရှူတွေ ကြပ်လာတယ်။ `တတ်နိုင်သမျှ လုပ်ပေးနေတာပဲ´ လို့ ပြန်ပြောလိုက်ပေမယ့် အသံက မထွက်ချင် ထွက်ချင်ပဲ။ နောက်ဆုံး လူနာကို ကြည့်ပြီး `အသက်ပြင်းလိုက်တာ´ လို့ တွေးမိပြန်ရော။
ဟိုက်ခနဲ ဟူးခနဲ တစ်ချက် တစ်ချက် ရှိုက်ပြီး အသက်ရှူနေတဲ့ လူနာကို ကြည့်ရတာ လဟာပြင်မှာ ထွန်းထားတဲ့ ဖယောင်း မီးတောက်ကလေးနဲ့ သိပ်တူတယ်။ လေတစ်ချက် အဝှေ့မှာ ပျောက်သွားပြီလို့ ထင်နေတုန်း ဝုတ်ခနဲ ပြန်ပြီးတောက်လာ သလိုပဲ။ အသံတွေ တခွီးခွီး မြည်ပြီး ချိုင့်ဝင်သွားအောင် အသက်ရှူ နေရတဲ့ ရင်ဘတ်က ပြန်မလှုပ်တော့မယ့်ပုံ ငြိမ်သက် သွားတယ်။ ဒါပေမယ့် ခနလောက် ဆိုရင်ပဲ အင့်ခနဲ ပြန်ထိုးတက်လာပြီး ရင်ဘတ်ကြီး ချိုင့်တဲ့အထိ အသက်ရှူ ပြန်ရော။ တကယ့်ကို ပင်ပန်းဆင်းရဲခြင်းပဲ။
`သက်တောင့် သက်သာသာ သွားလိုက်ပါတော့´ လို့ ဒေါက်တာမ စိတ်ထဲကနေ ပြောမိတယ်။ အမှန်က လူနာရဲ့ အနားကို ကပ်ပြီး ခပ်ကျယ်ကျယ် ပြောလိုက်ချင်တာ။ ဒါပေမယ့် ဒါက မလုပ်သင့်ဘူး။ အခုလို တွေးနေတာတောင် လွန်လှပြီ။ အခုနေ သူ့စိတ်ထဲက အတွေးတွေကိုသာ တခြားတစ်ယောက် ကြားရင်လည်း ဘယ်သူမှ `စေတနာပါအေ´ လို့ လက်ခံနိုင်လိမ့်မယ် မထင်ဘူး။ `ဘုရားရေ ဘယ်လို ဆရာဝန်မလဲ´ လို့ ဒေါက်တာမကို ရှုံ့ချတဲ့ အကြည့်နဲ့ ဝိုင်းကြည့် ကြမလားပဲ။ ဒါမှမဟုတ် အကြင်နာတရား ကင်းမဲ့လိုက်တာ၊ နှလုံးသား မရှိလိုက်တာ၊ ဘုရားစူး ဆရာဝန်မတဲ့တော်၊ လူနာကို သေခိုင်းနေသတဲ့ ဆိုတဲ့ မျက်လုံးတွေနဲ့ အံ့ဩဘနန်း ဝိုင်းကြည့်ကြမှာ။ အဲဒီအခါကျရင် `ကျွန်မ သားကို ကယ်ပါဦး ဆရာမရယ်´ လို့ ငိုမဲ့မဲ့ ဖြစ်နေတဲ့ လူနာ့အမေကြီးက သူ့ကို အမုန်းဆုံး ဖြစ်မယ် ထင်တာပဲ။
`ဆရာမ ဟိုက်ဒရိုကော်တီဇုံးလေး ငါးဆယ်လောက် ထပ်ထိုးပေးပါဦး´
သူနာပြုကို လှမ်းပြောလိုက်ပေမယ့် ဆေးထိုးလည်း ပြန်ကောင်း လာလိမ့်မယ်လို့ ဒေါက်တာမ မထင်ပါဘူး။ အမှန်ပြောရရင် ဆေးလည်း ထပ်ပြီး မထိုးချင်တော့ဘူး။ သိကြားမင်း ဆင်းကုရင်တောင် ဒီရောဂါနဲ့ အထမမြောက် နိုင်တော့တာ သေချာနေတာပဲ။ ဒါပေမဲ့ ဆေးကတော့ ထိုးရမယ်။ ဒေါက်တာမရဲ့ အတွေအကြုံ အရ သားလူနာကို ထိုးလိုက်တဲ့ ဆေးအာနိသင်က နောက်ဆုံးဆိုတဲ့ အချိန်တွေမှာ လူနာ့အမေဆီမှာ လာပြလိမ့်မယ်။ လူနာ အသက်မရှိတော့ဘူး ဆိုတာနဲ့ `ကျွန်မတို့လည်း အသက်ကယ်ဆေးတွေ ထိုးတာပါပဲ။ ကုစရာရှိတဲ့ ဆေးတွေ ကုတာပါပဲ။ ထိုးစရာရှိတာ အကုန် ထိုးတာပါပဲ။ ဒါပေမယ့် အဒေါ်ရယ်´ လို့ ဒေါက်တာမက စိတ်မသက်မသာစွာနဲ့ ပြောရမယ်။ ဒါမှ သားသေလို့ ဝမ်းနည်းနေတဲ့ အဒေါ်ကြီးခမျာ `ဆေးတော့ ထိုးလိုက်ရ ကုလိုက်ရသေးတာ´ လို့ ဖြေသာနိုင်မှာ။ နောက်တစ်နည်းနဲ့ ပြောရမယ် ဆိုရင် `ဒေါက်တာမ လာပြီး မကြည့်လို့၊ ဒေါက်တာမ ဆေးမထိုးပေးလို့ သေရတာ´လို့ ဒေါသ မထွက်မှာ။
`အဒေါ့်ကို ကျွန်မ ရှင်းပြထားပါတယ်။ လူနာ အခြေအနေက စိုးရိမ်ရတယ် ဆိုတာထက် လွန်နေပြီ။ ကျွန်မ အခု ဆေးထိုး ပေးလိုက်ပြီ။ နောက်ထပ် ထိုးစရာ ဆေးကလည်း မတတ်နိုင်တော့ဘူး။ ဆေးတွေပဲ ထပ်ခါထပ်ခါ ထိုးသင့်တာထက် ပိုထိုးနေရင်လည်း ကောင်းကျိုးထက် ဆိုးကျိုးပဲ ဖြစ်မှာ။ အခု အဒေါ်တို့ လူနာ အနားမှာ တရားခွေ ဖွင့်ပေးထားပါ´
လူနာရှင် အုပ်စုကို လေပစ်နေရင်းပဲ သူပေးတဲ့ အကြံကို `နားညီးလိုက်တာ´ ဆိုပြီး လူနာ စိတ်မဆိုးလောက် ကောင်းလို့ ဒေါက်တာမ တွေးမိတယ်။ နားညီးကာမှ ညီးရောပဲ။ ဒါကလည်း လူနာအတွက် မဟုတ်ရင်တောင်မှ လူနာစောင့်တွေ အတွက်တော့ စိတ်သက်သာရစေမယ့် နည်းလမ်းတစ်ခု ဆိုတော့ မတတ်နိုင်ဘူး။ အခုက လူနာထက် လူနာစောင့်တွေကို ကုရမယ့်အချိန် ရောက်နေပြီ။ ပြောစရာရှိတာတွေ ပြောပြီးလို့ ဖျတ်ခနဲ ပြန်အလှည့် လူနာရဲ့ မျက်လုံးထောင့်စွန်းမှာ စီးကျနေတဲ့ မျက်ရည်စီးကြောင်းကို ဒေါက်တာမ သတိထားမိတယ်။ ဆေးရုံ စတက်ကတည်းက လူရှေ့ မျက်ရည် မကျခဲ့တဲ့ မိုးကျော် နောက်ဆုံးတော့ ငိုရှာပြီ။
(၃)
`အစ်မ မိုးကျော် အသက် မရှိတော့ဘူး ထင်တယ်´ တဲ့။ တိုးတိုးလေး လာပြောတဲ့ သူနာပြုရဲ့စကား မဆုံးခင်ပဲ ဒေါက်တာမ ထိုင်နေတဲ့ ဆီကနေ လူနာ နေရာကို ဝရုန်းသုန်းကား ထပြေးတယ်။ `ကျွန်မ သားလေးကို ကယ်ပါဦး´ တဲ့။ လူနာ့အမေကြီးက ငိုသံကြီးနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ပုံစံ ဖြစ်နေတယ်။ ဒေါက်တာမက ရင်ဘတ်ကို နားကြပ်လေး တစ်ချက်ထောက်၊ မျက်လုံးလေး ဖြဲကြည့်တာနဲ့တင် သိပြီ။ လူနာ အသက် မရှိတော့ဘူး။ ဘယ်အချိန်က သေသွားပါလိမ့်။ တွေးရင်း ဖျတ်ခနဲ ဘေး ပတ်ပတ်လည်ကို ဝေ့ကြည့်တော့ မျှော်လင့်ချက် မကုန်သေးတဲ့ မျက်လုံးတွေက ဝိုင်းလို့။ အဲဒီနောက် ဒေါက်တာမ လူနာ့ရင်ဘတ်ကို တစ်ချက်ချင်း စဖိတယ်။ `အင်းဗျူးဘက် ယူခဲ့´ လို့လည်း ပါးစပ်က အော်တယ်။ `အယ်ဒရီနယ်လင်း ထိုး ဆရာမ´လို့လည်း အော်တယ်။ သူနာပြုက `ထိုးဦးမှာလား၊ ထူးမှ မထူးတာ´ဆိုတဲ့ ပုံစံ မျက်လုံးပြူးနဲ့ ပြန်ကြည့်ပေမယ့် ကပျာကယာ ဆေးစုပ်ရှာတာကို မြင်ရတော့ `မဆိုးဘူး၊ ဒီဆရာမ အကင်းပါးသား´ လို့ ဒေါက်တာမ တွေးမိသေးတယ်။ ညှစ်ဟယ်၊ ဖိဟယ် အလုပ်တွေ ဇယ်ဆက်သလို လုပ်နေပေမဲ့ ဒေါက်တာမ မျက်လုံးတွေက မငြိမ်ဘူး။ ဖျတ်ခနဲ ဘေးက ဝိုင်းကြည့်နေတဲ့ လူနာစောင့်တွေကို အကဲခတ် နေတယ်။ အတွေးတွေကလည်း မငြိမ်ဘူး။ သူ့စိတ်နဲ့ သူ့သဘော အရသာဆိုရင် သူနာပြု သဘောလိုပဲ ဖိတာ၊ နှိပ်တာ၊ ဆေးထိုးတာတွေ မလုပ်ချင်တော့ဘူး လို့လည်း တွေးရဲ့။ ဒီအချိန် သူ လုပ်လက်စတွေကို ရပ်ပြီး လူနာ ဆုံးပြီလို့ ပြောလိုက်လို့ အဆင်ပြေ လောက်ပြီလား၊ လူနာရှင်တွေ အနေနဲ့ ဒေါသတွေ၊ မောဟတွေ မဖြစ်ပဲ ဒီသတင်းစကားကို လက်ခံနိုင်တဲ့ပုံ ပေါ်ပြီလား စသဖြင့် တွေးနေတာ။ လူနာရှင်တွေ စိတ်ကျေနပ်အောင်သာ ဖိပြနေရပေမဲ့ လူနာပြန်ပြီး အသက်မရှင်လာ နိုင်တာ သိနေလို့ ထင်ပါရဲ့၊ ဒေါက်တာမခမျာ အခါတိုင်းထက် ပိုမောသလိုပဲ။
(၄)
အခုတော့ အားလုံးပြီးပြီ။ အလောင်းသယ်မယ့် တွန်းလှည်းက အသံ တဂျိန်းဂျိန်းနဲ့ လာနေပြီ။ လူနာရှင်တွေကလည်း တအီအီငိုရင်း ပစ္စည်းတွေ သိမ်းနေကြပြီ။ ခဏလောက်ဆိုရင် အားလုံး ရှင်းသွားတော့မှာပဲ။ ရှင်းလည်း ရှင်းသင့်ပါပြီ။ အခုပဲ အချိန်က သုံးနာရီမတ်တင်း ရှိနေပြီ။ ရေးစရာရှိတာ ခပ်သွက်သွက် ရေးနေ ခြစ်နေရင်းပဲ `အိပ်ရတော့မယ်၊ မအိပ်ခင် တစ်ခုခု အဆာပြေလေး စားရရင် ကောင်းသား´ လို့ ဒေါက်တာမ တွေးတယ်။ လူနာကို ဖိလိုက်နှိပ်လိုက် ရတာနဲ့ ချွေးတွေထွက်ပြီး ဗိုက်ထဲ ဟာနေသလိုပဲ။ ဒါနဲ့ `ဆရာမ ဘာစားစရာ ရှိလဲ´ လို့ မေးလိုက်တော့ ဆရာမက `ခေါက်ဆွဲခြောက်ထုပ် ရှိတယ်၊ ရေနွေးလည်း ရှိတယ်´လို့ ပြန်ဖြေတယ်။ အမယ်လေး ပျော်လိုက်တာဟဲ့၊ ဒေါက်တာမ ခပ်တိုးတိုး ရေရွတ်တယ်။ အကျယ်ကြီးလဲ မပြောရဲဘူး။ အရှေ့မှာ လူနာရှင်တွေက ငိုနေကြတုန်း။
--------
ရေအေး
ရွှေအမြုတေ၊ မေလ၊ ၂၀၁၆။
Credit to The'Hsu Lay @ မြန်မာဝတ္ထုတို ချစ်သူများ
Source: https://www.facebook.com/groups/227319394296213/permalink/438764306485053/
====
မာတိကာသို့
https://www.facebook.com/permalink.php?story_fbid=1649093315361219&id=1648554798748404
Comments
Post a Comment