ပညာဆိုတာ...
ပညာဆိုတာ......
(မင်းခိုက်စိုးစန်)
သင်ဟာ ပညာကို ရှာဖွေနေတဲ့ လူတစ်ယောက် ဖြစ်တယ် ဆိုပါစို့။ ပညာဟာ ဘယ်မှာရှိတယ်လို့ ယူဆ ပါသလဲ? ၊ ဆရာသခင်တွေရဲ့ ဟောပြောချက်တွေထဲမှာလား၊ ပညာရှိကြီးတွေ ရေးသွားတဲ့ ကျမ်းစာပေတွေထဲ မှာလား ။ သင်အလိုရှိတဲ့ ပညာကို ဘယ်နေရာမှာ သွားရှာဖို့ ဆုံးဖြတ်ထားပါသလဲ ။
တရုတ်ပြည် ဟွမ်မင်းဆက်တုန်းက ပေါ်ပေါက်ခဲ့တဲ့ ပုံပြင်တစ်ပုဒ်ကို ပြောပြချင်ပါတယ်။
ဟွမ်နယ်စား ကြီးဟာ ပညာရှိတွေကို ရိုသေလေးစားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ပညာကို အပတ်တကုတ် လေ့လာ ဆည်းပူးတက်သူပါ။ သူဟာ အချိန်ရှိသရွေ့ ရှေးပညာရှိကြီးတွေ ရေးသားခဲ့တဲ့ ပေစာ ပုရပိုက်တွေကို ဖတ်မှတ်လေ့လာနေတက်ပါတယ်။ တစ်ချို့ကျမ်းတွေဆိုရင် အလွတ်အာဂုံဆောင်နိုင်တဲ့အထိ ကျွမ်းကျင်ပါသတဲ့ ။
တစ်နေ့တော့ သူဟာ ရာသီဥတုသာယာတာနဲ့ စံနန်းတော်ထဲကနေ အပြင်ကို ထွက်ပြီး လမ်း လျှောက် လာတယ်။ လက်က မချတမ်း ကိုင်နေတဲ့ ကျမ်းစာတစ်အုပ်လည်း ပါတာပေါ့။ သွားရင်းလာရင်းနဲ့ အရိပ် ကောင်းတဲ့ သစ်ပင်တစ်ပင်အောက်ကို ရောက်တော့ ထိုင်ပြီး စိတ်အေးလက်အေးနဲ့ သူယူလာတဲ့ ကျမ်းစာကို ဖတ်ရှုလေ့လာပါသတဲ့။ အတော်ကြာတော့ မျက်စိညောင်းလာတာနဲ့ ဟိုဟိုဒီဒီ မျက်စိ ကစားလိုက်တဲ့အခါ မလှမ်းမကမ်းမှာ ပန်းပဲဖိုတစ်ခုကို လှမ်းမြင်ရတယ် ။
အဲဒီ ပန်းပဲဖိုဟာလည်း နယ်စားကြီးအတွက် မြင်းလှည်းဘီးတွေ၊ ရထားဝန်ရိုးတွေ၊ မြင်းသံခွါတွေ လုပ်ပေးနေရတဲ့ နန်းသုံး ပန်းပဲဖိုပါပဲ။ အဲ့ဒီက ပန်းပဲဆရာကြီးဟာ ဖီယင်လို့ခေါ်တဲ့ အဘိုးအိုကြီးတစ်ယောက်ပါ။ ဖီယင်ဟာ မြင်းရထားအတွက် လှည်းဘီးခွေတဲ့ နေရာမှာ နာမည်ကြီးပဲ။ တစ်နိုင်ငံလုံးမှာ သူ့လောက်တော်တဲ့ လှည်းဘီးခွေသူ တစ်ယောက်မှ မရှိဘူး တဲ့။ ဒါ့ကြောင့်လည်း သူဟာ နန်းသုံး ပန်းပဲဆရာကြီး ဖြစ်နေတာပေါ့။ အခုတော့ သူဟာ အသက် (၇၀) ကျော်လောက်တောင် ရှိနေပါပြီ ။
ဟွမ်က လှမ်းကြည့်လိုက်တဲ့အချိန်မှာ ပန်းပဲဆရာကြီး ဖီယင်ဟာ အိုကြီးအိုမနဲ့ လှည်းဘီးပုံတောင်းတစ် ခုကို ထွင်းနေပါတယ်။ ဒါနဲ့ ဟွမ်ဟာ ပန်းပဲဆရာကြီးကို လှမ်းခေါ်ခိုင်းလိုက်တယ်။ ပန်းပဲဆရာကြီး ရောက်လာ တော့ ဟွမ်က
`ပန်းပဲဆရာကြီး သင်ဟာ အိုလည်းအိုမင်းလေပြီ၊ စာပေများလည်း ဖတ်ရှု့လေ့လာပါဦး တော့လား၊
ဒါမှ ပညာဥာဏ်ရှိလာပေမပေါ့။
ငါ့ကို ကြည့်စမ်း၊
စာအုပ်နဲ့ မျက်နှာ ခွါတယ်လို့ကို မရှိဘူး။ ပညာရှိရေးတဲ့ စာတွေကို အမြဲဖတ်ရှုနေတာ မောင်မင်းတွေ့တယ် မဟုတ်လား။´
`အရှင်မင်းကြီး ဖတ် နေတဲ့ ကျမ်းစာတွေကို ရေးခဲ့တဲ့ ပညာရှိတွေဟာ အသက်ရှင်နေဆဲလား၊ သေကုန်ပြီလား အရှင်´
`ဘယ့်နှယ် ပြောလိုက်တာလဲ..ပန်းပဲဆရာကြီး၊ သူတို့တွေ အားလုံး သေကုန်ကြပြီပေါ့ကွဲ့´။
`ဒီလိုဆိုရင် အရှင်မင်းကြီးဟာ လူသေကောင်တွေ ပစ်ခဲ့တဲ့ အမှိုက်သရိုက်တွေကို ထိုင်ကြည့်ရင်း အချိန်ကုန်နေတာပဲ ဖြစ်ပါလိမ့်မယ် ဘုရား´။
ပန်းပဲဆရာကြီးရဲ့ လျှောက်တင်သံကို ကြားလိုက်ရတော့ ဟွမ်းဟာ အရမ်းစိတ်ဆိုးသွားပြီး….
`မောင်မင်းစကား ကို ငါ ကိုယ်တော်မြတ် ကျေနပ်လောက်အောင် ရှင်းနိုင်ရင် ရှင်း၊ မရှင်းနိုင်ရင် ရာဇ၀တ်သင့်ဖို့သာ ပြင်ပေတော့´။
အဲ့ဒီတော့ ပန်းပဲဆရာကြီး ဖီယင်က
`ဒီလိုပါ အရှင်မင်းကြီး၊ အခု ကျွန်တော်မျိုး လှည်းပုံတောင်းတစ်ခုကို ထွင်း နေပါတယ်။၊ အဲ့ဒီလို ထွင်းတဲ့အခါ ပုံတောင်းဟာ သိပ်ပြီး ချောမွတ်နေလို့လည်း မရပါဘူး။
အရမ်းချောမွတ် နေရင် ၀င်ရိုးဟာ ချော်ထွက်နေတတ်ပါတယ်။ ပြီးတော့ ပုံတောင်းဟာ အရမ်းကြမ်းနေလို့လည်း မရပါဘူး။
သိပ် ကြမ်းနေရင် ၀င်ရိုးဟာ စွပ်လို့မ၀င်ဘဲ ဖြစ်တတ်ပါတယ်။ အဲ့ဒီတော့ ချောလည်း မချော၊ ကြမ်းလည်း မကြမ်းတဲ့ အနေအထားလေး ဖြစ်အောင် လုပ်ရပါတယ်။´
`အဲ့တော့ ဘာဖြစ်သလဲ မောင်မင်း´
` အဲ့ဒီ ချောလည်း မချော၊ ကြမ်းလည်းမကြမ်းတဲ့ သိပ်မွေ့တဲ့ အနေအထားလေးကို သိတဲ့ ပညာဟာ ကျွန်တော်မျိုးရဲ့ ရင်ထဲမှာတော့ ရှိပါ တယ်။ ဒါပေမဲ့ တခြားသူကို ကျွန်တော်မျိုးသိသလို သိအောင်လုပ်ပေးဖို့ မတတ်နိုင်ပါဘူး ဘုရား´။
`အင်း´
`ကျွန်တော်မျိုးရဲ့ သားကို လှည်းပုံတောင်းလုပ်တဲ့ ပညာ သင်ပေးနေတာ ၁၀ နှစ်ရှိပါပြီ။ ဒါပေမဲ့ ကျွန်တော်မျိုး ကြီးရဲ့ ရင်ထဲက အသိကို သူ့ရင်ထဲရောက်အောင် ထည့်မပေးနိုင်သေးပါဘူး အရှင်မင်းကြီး´။
ဟွမ်က ခေါင်းတဆတ်ဆတ်ညိတ်တယ်။ ပန်းပဲဆရာကြီးက ဆက်ပြီး
`ဒီလို လှည်းဘီးလုပ်တဲ့ ကိစ္စမှာ တောင် ပညာဆိုတာ အပြည့်အ၀ တိုက်ရိုက်လွှဲပေးလို့ မရနိုင်တာ၊ လောကကြီးရဲ့ နက်နဲ ကျယ်ဝန်းတဲ့ အသိ ပညာတွေဟာ စာအုပ်ဖတ်ရုံနဲ့ တိုက်ရိုက်သိနိုင်ပါ့မလား၊ ပညာရှင်ကြီးတွေရဲ့ ရင်ထဲက အသိဟာ သူတို့သေတဲ့ အခါ တစ်ခါတည်း ပါသွားကြပါပြီ၊ စာရွက်ပေါ်မှာ ကျန်နေရစ်ခဲ့တာက ရင်ထဲက အသိမဟုတ်တဲ့ စကားလုံး မင်ရာ၊ ရေးခြစ်ရာတွေပဲ ဖြစ်ပါတယ် ဘုရား´
လို့ လျှောက်ထားလိုက်ပါတယ်။
ပုံပြင်လေးကတော့ ဒါပါပဲ ။
ပညာဆိုတာ ကိုယ့်ရင်ထဲက စစ်စစ်မှန်မှန် မြင်လိုက်ရတဲ့ အလင်း ဖြစ်ပါတယ် ။
သင်ကော ဘယ်လို ထင်ပါသလဲ ?....
- မင်းခိုက်စိုးစန် -
ကျောင်းလွယ်အိတ် page မှ ကူးယူဖော်ပြသည်။
Comments
Post a Comment