ဖန်ခွက်တစ်ခွက်ရဲ့တန်ဖိုး
"ဖန်ခွက်တစ်ခွက်ရဲ့ တန်ဖိုး"
ကျွန်တော် ရွာတွေဆင်းရတဲ့အခါ နေကာမျက်မှန်တပ်လေ့ရှိတော့ အဖွဲ့သားတစ်ယောက်က ပြောဖူးတယ်၊ 'ကျွန်တော့်မျက်မှန် သောင်းဂဏန်းလောက် ပေးရမှာပေါ့' တဲ့။ ကျွန်တော် အမှန်အတိုင်းပဲ ဖြေလိုက်ပါတယ်၊ '၂၅၀၀ တန်ပါ'လို့။
ကျွန်တော်တို့အဖွဲ့မှာ နေကာမျက်မှန် တပ်လေ့ရှိတဲ့ နောက်တစ်ယောက် ရှိသေးတယ်၊ သူ့မျက်မှန်ကတော့ ၃-၄ထောင်လောက်ပဲ ရှိမှာပါ ဆိုတဲ့ ကောက်ချက်ကို ခုနက တစ်ယောက်ကပဲ ချခဲ့ဖူးတယ်။ တကယ်တော့ ဒီမျက်မှန်၂လက်ကို တပ်ကြည့်ဖို့ဝေးလို့၊ သူ ကိုင်တောင် မကိုင်ကြည့်ဖူးဘူး၊ ဒါပေမဲ့ သူ့ထက် လခများတဲ့ ကျွန်တော်ရဲ့ မျက်မှန်ကိုတော့ ဈေးကြီးတယ်လို့ မှတ်ပြီး၊ သူ့လောက်မှ လခမများတဲ့သူရဲ့ မျက်မှန်ကိုကျ အပေါစားလို့ လွယ်လွယ်လေး သတ်မှတ်ပစ်လိုက်တယ်။
ကားအကောင်းစားကြီးတစ်စီးပေါ်ကနေ ဆင်းလာတယ်ဆိုရင် သူ့ရဲ့ နောက်ခံသမိုင်းက ဘာကြီး ဖြစ်နေနေ၊ ဘယ်လိုနည်းတွေနဲ့ ချမ်းသာလာ ချမ်းသာလာ၊ စာရိတ္တတွေ ဘယ်လောက်ပျက်ဆီးပျက်ဆီး၊ ဒါတွေ မသိတော့ဘူး၊ သိလည်း မသိချင်တော့ဘူး၊ အထင်ကြီးပစ်လိုက်ကြတယ်၊ အားကျလိုက်ကြတယ်၊ နောက်မှသာ ခရိုနီတွေရယ်လို့ ဆန့်ကျင်ကြတာပေါ့။ တကယ်တော့ ခရိုနီဆိုတာ ဝေဖန်နေရုံနဲ့ မရဘူး၊ ကိုယ့်အလှည့်ရယ်လို့များ ပေါ်လာခဲ့ရင်လည်း ငြင်းပယ်နိုင်စွမ်း ရှိဖို့လိုတယ်။
အစီအစဉ်တင်ဆက်သူတစ်ဦးကတော့ ပြောထားတယ်၊ ဒီခေတ်မှာ စိတ်ကလေးတစ်ခုတည်း လှရုံနဲ့ မရတော့ဘူး၊ အပြင်ပန်းအလှအပလည်း လိုအပ်လာပြီ တဲ့။ လူမှုဆက်ဆံရေးမှာ အတော်လေး အရေးပါတဲ့ First impression ကို ကောင်းစေတဲ့ ကိစ္စတွေထဲမှာ သပ်ရပ်ကျော့ရှင်းစွာ ၀တ်စားဆင်ယင်တတ်ခြင်းကလည်း တစ်ခုအနေနဲ့ ပါဝင်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိစေတဲ့ ကိစ္စတွေထဲမှာလည်း ဒါက ပါတာပဲ။
ဖေ့စ်ဘွတ်ကို တည်ထောင်တဲ့ မာ့ခ်ဇူကာဘာ့ကတော့ ပွဲကြီးခမ်းကြီးတွေကို တီရှပ်လေးဝတ်ပြီးပဲ တက်လေ့ရှိတယ်၊ ဘယ်သူကမှတော့ အထင်မသေးရဲဘူး။ သူကလည်း ကိုယ့်ကိုကိုယ် သိမ်ငယ်မနေဘူး၊ မျက်လုံးတွေက အရောင်တောက်မြဲတောက်နေတာပဲ။
ပရဟိတလုပ်ငန်းတွေရဲ့ ပြယုဂ် ဦးကျော်သူကိုလည်း ဆံပင်ရှည်ကြီး ထားလို့ဆိုပြီး ဘယ်သူကမှ အလေးစားမပျက်ဘူး၊ အယုံကြည်မပျက်ခဲ့ဘူး။
တစ်ချိန်က လူမည်းတွေဟာ အနှိမ်ခံ အပယ်ခံ ဖိနှိပ်ခံ ဖြစ်ခဲ့ပေမဲ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားကိုတော့ အသားအရောင်ရှိ လူတစ်ယောက်အနေနဲ့ ခွဲခြားဆက်ဆံဖို့ ဝေးလို့ တလေးတစားတောင် ဆက်ဆံနေကြရပြီ။
ဖတ်ဖူးတယ်
ပညာဆိုတာ မတူညီတဲ့ အဆင့်အတန်းတွေကို တန်းညှိပေးလိုက်တဲ့ အရာတစ်ခုပဲတဲ့။ ပညာသာတတ်မယ်ဆို သူ့ရဲ့မျိုးရိုးက ဘယ်လိုဖြစ်ဖြစ်၊ ပုံပန်းသွင်ပြင်က ဘယ်လောက်ဆိုးဆိုး၊ ခွဲခြားထားလို့ မရဘူး၊ ပိတ်ပင်ထားလို့ မရဘူး၊ တဖြည်းဖြည်းနဲ့ လူပေါ်ကလူ ဖြစ်သွားမှာပဲ။
တကယ်တော့ ခွက်တစ်ခွက်ရဲ့ အပြင်မှာ ခြယ်သထားတဲ့ ပန်းပွင့်လေးတွေ အလှအပတွေ အရောင်အဆင်းတွေက အရေးမပါပါဘူး၊
အဲ့ဒီခွက်ထဲမှာ ဘာထည့်ထားသလဲ ဆိုတာကသာ အရေးကြီးတာပါ။
ဒေါက်တာဖြိုးသီဟ
ဇွန်လ(၁)ရက်နေ့ ၂၀၁၃ခုနှစ်
Comments
Post a Comment