တပည့်ဆရာမလောင်းများသို့ (၁)
တပည့်ဆရာမလောင်းသို့ . . (၁)
(Know Yourself)
သမီးရေ . . .
ဆရာမအလုပ်ကို ရွေးခြယ်ခဲ့လို့ ဝမ်းသာပါတယ် ။
ဆရာ/ဆရာမ ဆိုတာ တင်းတိမ်ရောင့်ရဲတတ်ရင်
စိတ်ကျေနပ်စရာတွေ အများကြီးပေါ့ ။
အခုပဲကြည့်လေ . . တွေ့ရာနေရာမှာ ဝမ်းသာအားရနှုတ် ဆက်တတ်တဲ့ ဘာတွေလုပ်နေပြီလို့ သတိတရဖုန်းဆက်တတ်တဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ အသိစိတ်ရှိရှိကြိုးစားနေတဲ့ သမီးတို့လို တပည့်တွေကို မြင်ရတာကိုက ဆရာမအတွက် ဖော်မပြတတ်တဲ့ စိတ်ကျေနပ်မှုတွေနဲ့ပေါ့ ။
ဒါ .. ငါ့တပည့်လို့ လက်မထောင်ဖို့ သက်သက်မဟုတ်ဘူးနော် ပီတိဆိုတာကို တစ်နေ့ ကျ သမီးခံစားဖူးတဲ့အခါ နားလည်လာမှာပါကွယ်။
"ဆရာမကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ ဆရာမ" လို့ သမီးမေးခဲ့ဖူးတယ်။
တစ်ကယ်တော့ အဲ့ဒါက အင်မတန်ကျယ်ပြန့် တဲ့မေးခွန်း ပဲ. . အဖြေတော်တော်များများကိုလဲ လူတော်တော်များများကဖတ်ဖူးကြတယ်။
ဒါပေမယ့် . . လက်တွေ့မှာတော့ ဆရာမလဲ ကြိုးစားနေရဆဲ . . အတုယူနေရဆဲပါပဲ ။
အားလုံးကိုခြုံပြောရရင် ဆရာ/မ ကောင်းတစ်ယောက် ဖြစ်ဖို့ အဓိက လိုအပ်တာကတော့ "စိတ်ဓါတ်"ပါပဲ ။
အပြောကတော့လွယ်တာပေါ့ သမီးရယ် ။
ဒါပေမယ့် အဲ့ဒီစိတ်ဓါတ်မထားတတ်လို့ တစ်ချို့ နေရာတွေမှာ ဝေဖန်စရာတွေမြင်နေ ကြားနေရတာပေါ့ ။
ဆရာမဆိုရင် ဆရာမစိတ်ဓါတ် ဆရာဝန်ဆိုရင် ဆရာဝန်စိတ်ဓါတ် အလုပ်သမားဆိုရင် အလုပ်သမားစိတ်ဓါတ် စသဖြင့် ကိုယ်စီကိုယ်စီသာ စိတ်ထားလေးတွေမှန်ကန်ကြရင် လောကကြီးက ခုထက်ပျော်စရာကောင်းမှာ အမှန်ပဲပေါ့ ။
သမီးတို့ အတန်းထဲကို ဆရာမစာသင်စဉ်အခါက ခဏ ခဏ ပြောဖူးပါတယ် "Know Yourself " ဆိုတဲ့စကားလေ ။
ဒီတော့သမီးရယ် . . တစ်ခုခုဆို ငါကဘာလဲ လို့ အရင်တွေးပါ (ကိုယ့်ကိုယ်ကိုသိပါ) ။
တခြားလူတွေလို ခေတ်မီမီလေး ခေတ်ရှေ့ ပြေးလေးဝတ်ချင်လိုက်တာဆိုတဲ့စိတ်ကလေးဝင်လာရင်လဲ ငါကဘာလဲ လို့ တွေးရမှာပေါ့ ။
တစ်ခါတစ်လေ စိတ်ထဲရှိရာ အော်ဟစ်ပြောဆိုချင်စိတ် အော်ဟစ်ရယ်မောချင်စိတ်ကလေးဝင်လာရင်လဲ ငါကဘာလဲလို့ 
စဉ်းစားရမှာပေါ့။
တစ်ခါတစ်လေ စာသင်ချင်စိတ်မရှိတဲ့အခါလဲ ငါကဘာလဲလို့ တွေးရမှာပဲပေါ့ ။
ဒီအတွေးလေးတစ်ခုနဲ့တင် သမီးလိုချင်တဲ့ (လူပြောများတဲ့) ဆရာမ/ကောင်းတစ်ယောက်ရဲ့  quality တွေပိုင်ဆိုင်လာမှာ အသေအချာပဲပေါ့ ။
ဆရာမတို့  ဆရာဖြစ်သင်တန်းတက်တော့ ဆရာမတို့ ကိုလာပို့ ချတဲ့ ဦးသာအောင်ကျော်ဆိုတဲ့ ဆရာကြီးကပြောဖူးတယ် ။
ကျောင်းဆရာ/မ တွေဆိုတာ ကလေးတွေအတွက်တော့ Ideal persons (စံပြပုဂ္ဂိုလ်) တွေတဲ့ ။ ဆရာကြီးငယ်ငယ်ကဆို သူ တပည့်တွေက သူနဲ့တူအောင် သူ့ လိုဆံပင်ကောက်အောင် တံတွေးနဲ့ဆွတ်ပြီးလိုက်ကောက်ကြသတဲ့ ။
ဒါ ဆရာကြီးရဲ့ နေထိုင်ပုံ စိတ်ထားပုံတွေက ဘယ်လောက်များ သဘောကျစရာကောင်းမယ်ဆိုတာ သိသာစေတယ် ။
ဆရာမ သမီးတို့ ကျောင်းကိုတာဝန်စကျတော့ အသက်နှစ်ဆယ်အရွယ် ကျောင်းပြီးစဆိုတော့ ကလေးအများစုက ဘာရယ် ညာရယ်မဟုတ်လဲ ချစ်ကြတယ်ပေါ့လေ ။
ကျောင်းမှာတော့ ရွှေနားကပ်လေးဝတ်ပေမယ့် စနေ/တနင်္ဂနွေဆို fancy နားဆွဲလေးတွေဝတ်တာပေါ့ ။
ရွာဆိုတော့လဲ အပြင်ထွက်တိုင်း သွားလေရာမှာ ဟိုတပည့်နဲ့တွေ့လိုက် ဒီတပည့်နဲ့ဆုံလိုက်နဲ့ ရှောင်မလွတ်နိုင်ဘူးပေါ့လေ
တနင်္လာနေ့ ကျောင်းလဲပြန်ဖွင့်ရော တစ်ချို့  မိန်းကလေးတွေ fancy နားဆွဲတန်းလန်းလေးတွေနဲ့ဖြစ်လာကြတယ်။ အစကတော့စိတ်ထင်ဆိုတော့ သိပ်မသေချာဘူးပေါ့ ။
နောက် သနပ်ခါးလိမ်းပုံမှာ သေချာသွားတယ် ။
ဆရာမက ဒီနေ့ လေးထောင့်ပါးကွက်လေးလိမ်းသွားရင် နောက်နေ့ ကျောင်းသူတစ်ချို့ ကလေးထောင့်လိမ်းလာတယ် ဆရာမက အဝိုင်းလေးကွက်သွားရင် နောက်နေ့ သူတို့ ပါးကွက်ကလဲဝိုင်းသွားတယ် ဆရာမက အချိန်မရလို့ ပါးကွက်ကွက်ချိန်မရလိုက်ရင် သူတို့လဲ နောက်နေ့ မိတ်ကပ်ဖုံဖုံလေးတွေ ဖြစ်လာတယ်။
သိလိုက်ပြီ ၊ ဒီကလေးတွေ အတုခိုးနေပြီပေါ့ နောက်တစ်ပတ်ကျ နားဆွဲလဲ မဆွဲရဲတော့၊ ပါးကွက်မပါဘဲ ကျောင်းမသွားဖို့  ကြိုးစားရတော့တာပေါ့၊ တစ်ချို့ ခပ်သွက်သွက်ကျောင်းသူတွေဆို ဆရာမ အင်္ကျီဘယ်နှစ်ထည်ရှိလဲတောင် သိဆိုပဲ ( ချစ်ကြပုံ)
ပြောချင်တာက ကလေးဆိုတာ အတုယူဖို့  ready ဖြစ်နေတဲ့သူတွေ၊ အထူးသဖြင့် သူတို့ စိတ်ထဲ ideal ဖြစ်နေတယ်ဆိုရင်ပေါ့။
ဒီတော့ သမီးရဲ့  personality (ဝတ်ပုံစားပုံ ပြောဆိုပုံ နေထိုင်ပုံ အကျင့်စရိုက် အတွေး ) ဒါတွေအားလုံးဟာ သမီးတပည့်တွေဆီကို အနည်းနဲ့အများဆိုသလို ရောက်သွားမှာပဲပေါ့ ။
ဒီတော့ . . တစ်ခုခုလုပ်မယ်ဆို ငါကဘာလဲ ဆိုတာ ခေါင်းထဲအရင်ထည့်ထားဖို့ လိုလိမ့်မယ်သမီးရေ ။
သမီးနောက်မှာ သမီးကို အတုယူဖို့ စောင့်နေတဲ့ တပည့်တွေရှိနေတယ်။
သမီးက ဥယျာဉ်မှူးဆို သူတို့ က သမီးပျိုးထောင်တာကို စောင့်မျှော်နေတဲ့ သစ်ပင်ပန်းမန်တွေဖြစ်သလို သမီးက ဗိသုကာတစ်ယောက်ဆိုရင် သူတို့ က သမီးဒီဇိုင်းဆွဲသလိုထွက်လာမယ့် ပုံစံငယ်လေးတွေနဲ့ တူနေလိမ့်မယ်။
ဘယ်လို အပင်မျိုးဖန်တီးမလဲ ဘယ်လိုဒီဇိုင်းမျိုးဖန်တီးမယ်ဆိုတာကတော့ သမီးရွေးခြယ်ရမယ့်အရာပဲဖြစ်တယ် ။
ဆန္ဒမွန်ဖြင့် . . . .
မိုင်မျိးမျိုးဆန်း
Comments
Post a Comment