နက်စ်ကော်ဖီ (နေဝင်းမြင့်)


နက်စ်ကော်ဖီ



နေဝင်းမြင့်

(၁)

ဇီးချဉ်ကုန်းဟာ နာမည်နဲ့လိုက်အောင် ဇီးချဉ်ပင်တွေတောထနေတဲ့ ရွာကလေး။ အနီးဆုံးက ကျောင်းစုဆိုတဲ့ တိုက်နယ်အဆင့်ရွာနဲ့ကိုပဲ လေးမိုင်ကျော်ကျော်လောက် ဝေးတယ်။ ရေလည်းရှား၊ နေလည်းပူ၊ ဖုန်လည်းထူတဲ့ ရွာတစ်ရွာလိုပါပဲ၊ သိပ်တော့မထူးဘူး။ ခေါင်တယ်၊ ဆင်းရဲတယ်၊ အိမ်ခြေနည်းတယ်။
ဇီးချဉ်ကုန်းကလူတွေက ပစ္စည်းပစ္စယလေး ဝယ်ချင်လို့၊ ဥပုသ်သီတင်းလေး ဆောက်တည်ဖို့ မုန့်လေးပဲလေး စားစရာသောက်စရာလေးဝယ်ချင်ရင် ကျောင်းစုကိုပဲ သွားရတယ်။ ရွာမှာက ဈေးရှိတယ်ဆိုရုံကလေးပဲ ရှိတာကိုး။
ဒါပေမဲ့ ရွာမှဖြစ်လာပြီဆိုတော့လည်း စက်ဘီးပြင်ဆိုင်ကလေး တစ်ဆိုင်ရှိတယ်။ ဆံပင်ညှပ်ဆိုင်ကလေးတစ်ဆိုင်ရှိတယ်။ ရွာသားတချို့ စိုက်တဲ့ကြံစိုက်ခင်းတွေရှိတော့ ကြံရည်ဆိုင်ကလေးတစ်ဆိုင်ရှိတယ်။ နောက် ပျစ်ချွဲချွဲ ချိုဖန်ဖန် အရသာရှိတဲ့ အုတ်နီခဲရောင်လက်ဖက်ရည်တစ်ခွက်တစ်ဖလားရနိုင်တဲ့ လက်ဖက်ရည်ဆိုင်ကလေးရှိတယ်။ ရွာအနောက်မှာ အကြော်ဆိုင်ကလေး၊ ထန်းရည်ခါးဆိုင်ကလေး ရှိတယ်။ ဒါပဲ။
ဇီးချဉ်ကုန်းရွာကို ရောက်လာတဲ့ဧည့်သည်ဟာ ဆံပင်ညှပ်လို့ရတယ်။ စက်ဘီးပြင်ချင်ရင်ဖြစ်တယ်၊ ကြံရည်သောက်မယ်ဆိုရင် ငွေနှစ်ကျပ်လောက်နဲ့ ကြိုက်သလောက်သောက်နိုင်ခွင့်ရှိတယ်။ ထန်းရည်ခါးကြိုက်ရင် ကိုလုံးထန်းတဲကို သွားနိုင်တယ်။ လက်ဖက်ရည်မှသောက်ချင်ပြီဆိုရင် ကိုအီကွန်းဆိုင်ကို သွားထိုင်ဖို့ပဲ။
အခုပြောချင်တဲ့ကိစ္စက ကိုအီကွန်းဆိုင်အကြောင်းပဲ။ သည့်ထက်ပိုပြီး နည်းနည်းစိတ်ပြောရရင် ကိုအီကွန်းဆိုင်ရဲ့ လက်ဖက်ရည်ဖျော်ခုံ ဘယ်ဘက်ထောင့်က ကော်ဖီမှုန့်ထုပ်ကလေးအကြောင်းပဲ။

(၂)

သည်ကော်ဖီမှုန့်ကလေးကို ကိုအီကွန်းဝယ်ထားတာ ကြာပြီ။ ဘယ်လောက်ကြာပြီလဲဆိုတာတောင် သူ မမှတ်မိတော့ဘူး။ ကြာတော့ကြာပြီ။ ကြာဆို ဇီချဉ်ကုန်းမှာ ကော်ဖီသောက်တဲ့လူဟာ ပြောရင် ယုံမလား မသိဘူး။ တစ်ယောက်ပဲရှိတယ်။ အဲသည်လူနာမည်က ချန်ထွန်းအောင်လို့ ခေါ်တယ်။ အရပ်ရှည်ကိုင်းကိုင်း၊ နှုတ်ခမ်းပြာပြာ၊ မုတ်ဆိတ်တွေ ထိုးထိုးထောင်ထောင်နဲ့ ကြွပ်ဆတ်ဆတ် မာကျောကျော ရုပ်မျိုး။
သူဟာ မနက်တိုင်းကို ကိုအီကွန်းလက်ဖက်ရည်ဆိုင်ကလေးကို လာလေ့ရှိတယ်။ လာတိုင်းလည်း ကော်ဖီတစ်ခွက်မှာသောက်လေ့ရှိတယ်။ ကော်ဖီကို မက်မက်စက်စက်ကြီး ကြိုက်တယ်ဆိုတာ ချန်ထွန်းအေင်ပဲ။
ကော်ဖီတစ်ကျိုက်ကို အားရပါးရကြီးကျိုက်ချပြီးရင် ဆင်နှစ်ကောင် ဆေးပေါ့လိပ်ကို အားရပါးရ ဖွာတော့တာပဲ။ ပြီးရင် ကော်ဖီခွက်ထဲမှာ ခပ်မည်းမည်းကျန်ရစ်ခဲ့တဲ့ ကော်ဖီနှစ်တွေကိုတောင် ရေနွေးနည်းနည်းထပ်ထည့်ပြီး ကျိုက်ချ၊ ပြီးရင် ဆေးလိပ်ဆက်ဖွာ၊ ပြီးရင် ရေနွေးကြမ်းနှစ်ခွက်လောက်သောက်၊ ပြီးရင် ကျို့တစ်ချက်လောက် ပြင်းပြင်းထိုးပြီးမှ ထပြန်လာတဲ့လူမျိုးကိုး။
အဲ … ညဘက်မှာတော့ လက်ဖက်ရည်ဆိုင်ကလေးက စောစောပိတ်တတ်တော့ ညဦးကလည်းက ကော်ဖီတစ်ခွက်ဝယ်ပြီး မသောက်သေးဘဲ နှပ်ထားတတ်တယ်။ အိပ်တော့မယ်ဆိုမှ အေးစက်နေပြီဖြစ်တဲ့ ကော်ဖီကို ကျိုက်ချ၊ အရသာခံပြီးမှ အိပ်တယ်။ ဒါမှလည်း အိပ်ပျော်တယ်။
ခက်တာက ကိုအီကွန်းရဲ့ဆိုင်ကလေးဟာ ဆိုင်ကြီးကနားကြီးမဟုတ်ဘူး။ ဆိုင်းဘုတ်တောင် သင်္ဘောဆေးထဲ လက်ညှိုးနှစ်ပြီး သွပ်ပြားပေါ် လက်ညှိုးနဲ့ပဲရေးထားတဲ့ ဆိုင်းဘုတ်ကလေးနဲ့ ဆိုင်မျိုးဆိုတော့ စဉ်းစားကြည့်ပေါ့။
ဇီးချဉ်ကုန်းရွာကလူတွေဟာ လက်ဖက်ရည်ဆိုင်ထိုင်တဲ့လူတွေမဟုတ်ဘူး။ လက်ဖက်ရည်ယဉ်ကျေးမှုဟာ သူတို့ရွာကလေးနဲ့ ဘယ်လိုမှ မပတ်သက်ဘူး။ အဲသည့်အချိန်က လက်ဖက်ရည်တစ်ခွက်ရဲ့ တန်ဖိုးဟာ ဘာမှမရှိပေမယ့် ဘယ်သူမှ ဟုတ်တိပတ်တိ လက်ဖက်ရည်ဆိုင် ကျောက်ချထိုင်တာမျိုး မရှိဘူး။
မရှိဘူးဆိုပေမယ့် တစ်ခုတော့ ပြောစရာရှိတယ်။ မရှိဘဲနဲ့ ကိုအီကွန်း ဘယ်သူ့ကိုရောင်းနေသလဲ။ မနက်ဘက် ဈေးဖွင့်ကလေးမှာ ခဏတစ်ဖြုတ် ဖြတ်သွားဖြတ်လာ မြင်းလှည်းဆရာတွေ သောက်တယ်။ ဆည်မြောင်းဘက်က ဝန်ထမ်းတချို့သောက်တယ်။ ရွာထဲက နည်းနည်းပိုက်ဆံရှိတဲ့လူတချို့ တစ်ခါတလေ သောက်တယ်။ ဧည့်သည်ရောက်တဲ့အိမ်က ထွက်ဝယ်တာရှိတယ်။ ဒါပဲ။ တစ်နေ့လုံးမှ ခွက် ၃ဝ မပြည့်ဘူးဆိုတဲ့ ဆိုင်ကလေး။
နောက်တစ်ခုက ကိုအီကွန်းက လက်ဖက်ရည်တစ်မျိုးတည်းမဟုတ်ဘူး။ ဖုန်တသောသောတက်နေတဲ့ ဘိလပ်ရည်ကလေး၊ ဂျင်ဂျာဘီယာကလေး၊ ဝင်ကာနစ်ကလေးလည်း တင်ရောင်းတယ်။ တိုလီမုတ်စလေး စုံစီနဖာရောင်းတာလေးရှိတယ်။ ကိုအီကွန်းက ဒါနဲ့စားနေတာ။
ဒါပေမဲ့ ပြောခဲ့သလို တစ်နေ့ ခွက် ၃ဝ လောက်က လက်ဖက်ရည် ဖြစ်နေတတ်ပြီး ကောက်ဖီသောက်တာက ချန်ထွန်းအေါင်ပဲ ရှိတယ်။ ကိုအီကွန်းက တိုက်နယ်ကြီးရွာကို ကုန်သွားချိန်ရင် ကော်ဖီမှုန့်ထုပ်ကလေးဟာ မှိုတောင်တက်နေလောက်တယ်။ ကြာတော့ အနံ့အရသာတောင် မဲ့နေလောက်တယ်။ တစ်ခါတလေ တစ်ခါက ကော်ဖီမှုန့်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ဂုဏ်သိက္ခာ အနည်းအကျဉ်းက လွဲရင် ကော်ဖီမှုန့်ပါလို့ ပြောဖို့တောင် ခက်သလောက် အခြေအနေမျိုး။
ဒါပေမဲ့ ရတယ်၊ ချန်ထွန်းအောင်ကတော့ ရတယ်။ ကိုအီကွန်းဆိုင်မှာ ကော်ဖီတစ်ခွက်တလေ ရနေတာကိုပဲ ကျေးဇူးတင်နေတာ။ မနက်တစ်ခွက် ညတစ်ခွက် ကိုအီကွန်းဆိုင်က ကော်ဖီရနေသရွေ့ ဘဝဟာ ပြည့်စုံတယ်လို့ သူ တွက်ထားပြီးသား။ ကိုအီကွန်းကလည်း တစ်ရုတ်နှစ်သစ်ကူးတာတောင် မပိတ်တဲ့ဆိုင်ဆိုတော့ ညံ့ကာမှသာ ညံ့ရော ကော်ဖီကတော့ ရနေတာ မဟုတ်လား။ သည်လိုနဲ့ ကိုအီကွန်းရဲ့ ခပ်ညံ့ညံ့ကော်ဖီနဲ့ ချန်ထွန်းအောင် မိတ်ဆွေဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာလာတယ်။

(၃)

တစ်နေ့ ချန်ထွန်းအောင်အိမ်ကို ဆည်မြောင်းက အလုပ်သမားလေးတစ်ယောက် ရောက်လာတယ်။ လက်ထဲမှာ ပလတ်စတစ်ခွက်ကလေးတစ်လုံးပါလာတယ်။ 
ချန်ထွန်းအောင်မိန်းမကတော့ တစ်ဖက်ခြံက ဆည်မြောင်းဗိုလ်တဲမှာ ထမင်းချက်လုပ်တဲ့ကောင်လေးမှန်း သိတယ်။ ကောင်လေးက ဘာမှမပြောဘဲ ချန်ထွန်းအောင်ကို ရှာတယ်။
“ဟဲ့ လာ၊ မင်းဦးလေးရှိတယ်။ ဘာလဲ ပြောလေ”
“သည်မှာ ပေးခိုင်းလိုက်လို့”
“ဘာတွေလဲ”
“စားစရာပေါ့ဗျာ။ ဆည်မြောင်းဗိုလ်ကြီးမိန်းမက ပေးခိုင်းလိုက်လို့”
ဇီးချဉ်ကုန်းရွာသားတွေက ဆည်မြောင်းက အင်ဂျင်နီယာတွေကို ဆည်မြောင်းဗိုလ်ကြီးလို့ခေါ်လေ့ရှိတယ်။  အင်္ဂလိပ်ခေတ်ကတည်းက ရှိတဲ့ ဆည်မြောင်းအင်ဂျင်နီယာတွေနေတဲ့ ဘန်ဂလိုကို ဗိုလ်တဲလို့လည်း ခေါ်လေ့ရှိတယ်။ ဗိုလ်တဲနဲ့ ခြံချင်းကလည်း ကပ်နေတော့ ခိုင်းစရာရှိရင် သူတို့လင်မယားကို ခေါ်ခိုင်းလေ့ရှိတာ။
သည်လိုပဲ မကြာခဏ ဟိုဟာလေး လာပေး၊ သည်ဟာလေးလာပေး လုပ်တတ်တာရှိတယ်။ သည်တစ်ခါတော့ ခွက်ကလေးတစ်လုံးနဲ့ လာပေးတာဆိုတော့ ထူးဆန်းနေတယ်။ ဘာပါလိမ့်ပေါ့လေ။
သည်မှာတင် ချန်ထွန်းအောင်လည်း အိမ်ရှေ့ကို ထွက်လာတယ်။ ခွက်ကလေးတစ်လုံးနဲ့ ရပ်နေတဲ့ ကောင်လေးကိုတွေ့သွားတယ်။ 
“ကာဖီလို့ထင်တာပဲ။ ဗိုလ်ကတော်ပေးခိုင်းလို့”
သူတို့ရွာမှာ ကော်ဖီကို ကာဖီလို့ခေါ်လေ့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကာဖီဆိုကလည်းက ချန်ထွန်းအောင် ဘာမှပြောမနေတော့ဘူး။ ခွက်လွတ်တစ်လုံး ထရှာပြီး လှယ်ယူလိုက်တယ်။ ကောင်လေးပြန်သွားတော့ အိမ်ရှေ့ကွပ်ပျစ်မှာပဲ ဗိုလ်ကတော့ကာဖီကို သောက်တယ်။
ကြည့်စမ်း၊ ဒါ ဘာကာဖီလဲ။ သည်ကာဖီမျိုး ဘယ်တုန်းကပေါ်နေတာလဲ။ ဘယ်လိုလူတွေက သောက်နိုင်တာလဲ။ သည်ကာဖီဟာ ဇီးချဉ်ကုန်းကို ဘယ်လိုရောက်လာတာလဲ။ သည်ကမ္ဘာပေါ်မှာ သည်ကာဖီမျိုး ပေါ်နေတာကို နှစ်ပေါင်းငါးဆယ်အတွင်းမှာ ဒါ သူ ပထမဆုံး သိလိုက်တာပဲ။
သူဟာ ကာဖီကို ကုန်သွားမှာစိုးတဲ့ပုံနဲ့ အာစွတ်ရုံပဲ သောက်လိုက်တယ်။ နှုတ်ခမ်းလေးစိုရုံပဲ လျှာနဲ့ လျက်တယ်။ လျက်လိုက်တိုင်းလည်း သူ့တစ်ကိုယ်လုံးက အကြောအခြင်တွေဟာ ဖျဉ်းခနဲ ဖျဉ်းခနဲ အငွေ့တွေ ထွက်သွားသလို ခံစားနေရတယ်။
သူ့ရင်ထဲက မေးခွန်းတွေ စီကာစဉ်ကာ ဖြစ်ပေါ်နေပေမယ့် သူ့မှာ အဖြေမရှိဘူး။ သူဟာ ကော်ဖီကုန်သွားတာတောင် ခွက်ကိုကိုင်ရင်း ငိုင်နေလိုက်တာ တစ်မနက်ခင်းလုံးပဲ။ ကိုအီကွန်းဆိုင်ကိုလည်း မသွားဖြစ်တော့ဘူး။ သည်မနက်တော့ သွားဖို့လည်း မလိုတော့ဘူးကိုး။
ကိုအီကွန်းဆိုင်မှာ နှစ်ပေါင်းများစွာသောက်လာတဲ့ ကော်ဖီဟာ လတ်စသတ်တော့ အင်မတန်ညံ့ဖျင်းတဲ့ ကော်ဖီပါကလား။ မနက်တစ်ခွက် ညဦးတစ်ခွက် ဝတ်မပျက်သောက်လာတဲ့ သည်ကော်ဖီဟာ လတ်စသတ်တော့ အလွန်ဆိုးရွားတဲ့ အနံ့အရသာနဲ့ အော်ဂလီဆန်ချင်စရာကောင်းတဲ့ ကော်ဖီမျိုးပါလား။ လူဆိုတာ နှိုင်းယှဉ်တတ်တဲ့ သတ္တဝါမဟုတ်လား။ လူမှာ ဆင်ခြင်တုံတရားဆိုတာ နည်းနည်းပါးပါးဖြစ်ဖြစ် ရှိတာပဲမဟုတ်လား။ ဒါပေမဲ့ ကိုအီကွန်းကို သူအပြစ်တင်တာတော့မဟုတ်ဘူး။ ကနေ့ မနက် သောက်လိုက်ရတဲ့ ကော်ဖီမရှိခင်က ကိုအီကွန်းကော်ဖီဟာ ကော်ဖီပဲမဟုတ်လား။ ကနေ့မနက်သောက်ရတဲ့ ကော်ဖီမျိုးဟာ နေ့စဉ်ဘယ်မှာ ရနိုင်ပါ့မလဲ။ သူ တစ်ခုတော့ ဝမ်းနည်းသွားတယ်။ သည်မနက်သောက်လိုက်ရတဲ့ ကော်ဖီမျိုး နောင် သူ့ဘဝတစ်လျှောက်လုံး သောက်ရတော့မှာ မဟုတ်ပါလား ဆိုတဲ့ အသိကြောင့်ပဲ။
“ငါ ဗိုလ်တဲသွားဦးမယ်ဟေ့ ၊ ဒါ ဘာကာဖီလဲ ငါ သွားမေးဦးမယ်”
သူ့မိန်းမကို အော်ခဲ့ပြီး ခွက်ကို ကိုင်ရင်းနဲ့ပဲ ခြံစည်းရိုးကျော်ပြီး ဗိုလ်တဲဘက်ကို ထွက်လာတယ်။ ဆည်မြောင်းဗိုလ်ကြီးကိုတော့ မတွေ့ရဘူး။ မြောင်းကျိုးတဲ့ဆီကို သွားစစ်နေတယ်နဲ့ တူတယ်။ ဗိုလ်ကြီးကတော်က ဧည့်သည်တွေအများကြီးနဲ့ စကားပြောနေတယ်။ အထုပ်အပိုးတွေလည်း တွေ့ရတယ်။
“ဘာလဲဟေ့ ချန်ထွန်းအောင်”
သူ ဝင်လာတာတွေ့တော့ လှမ်းမေးတယ်။ ပထမတော့ ဧည့်သည်တွေရှိတော့ သူမေးဖို့ တွန့်သွားတယ်။
ဒါပေမဲ့ သူမေးဖို့လာတာပဲ၊ မေးရတယ်။ ဒါ ဘာကာဖီလဲ သူသိချင်နေတယ်မဟုတ်လား။
“သြော် အခုန ငမှုန်လာပေးတာ ဘာကာဖီလဲလို့ပါ”
“သြော် အေး၊ မင်းကော်ဖီကြိုက်မှန်းသိလို့တဲ့ ငါပို့ခိုင်းလိုက်တာ၊ အဖေတို့မြို့ကပါလာတာ။ နက်စ်ကော်ဖီလို့ခေါ်တယ်”
“နတ်ကာဖီ”
“အေး၊ နတ်ကာဖီ”
ဟုတ်ပါပြီ၊  နတ်ကာဖီပဲဖြစ်ရမှာပေါ့၊ နတ်များ၊ သိကြားများသောက်တဲ့ ကာဖီဟာ နတ်ကာဖီပေါ့။ ချန်ထွန်းအောင် တော်တော်ပျော်သွားပုံလည်းရတယ်။ သည်ကာဖီတစ်ခွက်ဟာ သူ နှစ်ပေါင်းနှစ်ဆယ်လောက် နုပျိုသွားစေတယ်။ သူဟာ ဝမ်းသာအားရ သူ့အိမ်ကလေးဆီကို ပြန်လာတယ်။
“မကြည် အခုန ငါသောက်တာ ဘာကာဖီလဲ သိလား”
“မသိဘူး”
“နတ်ကာဖီ”
ချန်ထွန်းအောင်က နတ်ကာဖီအကြောင်းကို တစ်အိမ်ချင်းလိုက်ပြောတယ်။ လမ်းမှာတွေ့တဲ့လူတိုင်းကို ပြောတယ်။ ဆံပင်ညှပ်ဆိုင်က ကိုသန်းကိုပြောတယ်။ အကြော်ဆိုင်က ဒေါ်ကြီးစိုးကို ဝင်ပြောတယ်။ ကြံရည်ဆိုင်က ဘာဘူကိုဝင်ပြောတယ်။ စက်ဘီးပြင်ဆိုင်က ဦးလေးပေါ်ကို ဝင်ပြောတယ်။ ပြောခဲ့သမျှလူတွေဟာ စိတ်ဝင်စားဟန်မပြဘူး။ ကိုယ်မသောက်လိုက်ရတဲ့ ကာဖီတစ်ခွက်အကြောင်းကို ဘယ်သူက စာစာနာနာ နားလည်နိုင်ပါ့မလဲ။
နောက်ဆုံး … ကိုအီကွန်းဆီကို သူ ဝင်တယ်။ နတ်ကာဖီအကြောင်းကို မြိန်ရေရှက်ရေပြောတယ်။ ကိုအီကွန်းကလည်း အင်းမလှုပ် အဲမလှုပ်ပဲ။ ကော်ဖီသာရောင်းနေတာ ကိုအီကွန်းကိုယ်တိုင် ကော်ဖီတစ်ခွက် ဖျော်သောက်တာ မဟုတ်တာက တစ်ကြောင်း၊ သည် နတ်ကာဖီဆိုတာ သူကြားလည်း မကြားဖူး၊ သောက်လည်း မသောက်ဖူးတာက တစ်ကြောင်းဆိုတော့ ချန်ထွန်းအောင်ပြောနေတာကို သူ နားမလည်ဘူး။
ချန်ထွန်းအောင်ပြန်လာတော့ သူ့မိန်းမက ထမင်းခူးတယ်။ ဒါပေမဲ့ သူ မစားတော့ဘူး။ သူ့ကိုယ်ခန္ဓာထဲမှာရှိနေသေးတဲ့၊ သူ့ အာရုံခံစားမှုမှာ ပျောက်ကွယ်မသွားသေးဘဲ ကာဖီရဲ့ ရနံ့နဲ့ အရသာကို သူအပျောက်မခံနိုင်ဘူး။
သည်လိုနဲ့ ညရောက်တယ်။ သူ ကာဖီဝယ်ရတော့မယ်။ ကော်ဖီသောက်ရတော့မယ်။ ဗိုလ်တဲက နက်စ်ကော်ဖီမျိုး သူ နောက်တစ်ခွက် ဘယ်မှာရနိုင်မှာတုံး။ ဇီးချဉ်ကုန်းကို ရှားရှားပါးပါးရောက်လာတဲ့ နက်စ်ကော်ဖီဟာ ဘာနဲ့ ထည့်ထားလဲဆိုတာတောင် မသိတဲ့ဟာ နောက်တစ်ခွက် သောက်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တေ့ဘူးမဟုတ်လား။ သည်တော့ သူသောက်နေကျ ကိုအီကွန်းရဲ့ ပျစ်ချွဲချွဲကော်ဖီတစ်ခွက်ကို သူဝယ်ရတော့မယ်။ ဝယ်ပြီးရင် သူ သောက်ရတော့မယ်။ သူတော်တော် စိတ်ပျက်သွားတယ်။
ဘာပဲဖြစ်ဖြစ် သူဝယ်တာပါပဲ။ ဝယ်ပြီးတော့ သူ ညဥ့်နက်တဲ့အထိ မသောက်ဘူး။ သူ ရင်တွေခုန်လာတယ်။ မျက်လုံးတွေ ကြောင်လာတယ်။ အာတွေ လျှာတွေ စိုစွတ်လာတယ်။ ဘယ်လိုမှကို မရနိုင်မှန်းသိတော့မှ သူ ကိုအီကွန်းရဲ့ ကော်ဖီကို တစ်ကျိုက် ကျိုက်ချလိုက်တယ်။
ထွီး ကြည့်စမ်း နံလိုက်တာ မကောင်းလိုက်တာ၊ အဝင်ဆိုးလိုက်တာ၊ အန်ချင်လိုက်တာ။ နောက်တစ်ကျိုက်၊ မဖြစ်နိုင်တော့၊ သူဘယ်လိုမှကို သောက်လို့ရမှာမဟုတ်တော့ဘူး။ သူ့မျက်လုံးက မနက်က ကော်ဖီခွက်ကိုပဲ မြင်နေတယ်။ မနက်က အရသာကိုပဲ တပ်မက်နေတယ်။
သူ့လက်ထဲက ကော်ဖီခွက်ထဲမှာ ကော်ဖီတွေ အများကြီးကျန်နေသေးတယ်။ သူ တစ်ကျိုက် ထပ်သောက်ကြည့်တယ်။ လည်ချောင်းထဲကို ဝင်သွားတဲ့ တောကာဖီအေးစက်စက်ဟာ သူ့မျက်နှာတစ်ခုလုံးကို ရှုံ့မဲ့သွားစေတယ်။
အေးစက်နေတဲ့ ကော်ဖီကို သောက်နေပေမဲ့ သူ့မှာ ချွေးတွေ ရွှဲနစ်လာတယ်။ ရင်တွေ ပူလာတယ်။ ညှီစို့စို့၊ အောက်စော်နံတဲ့ ကော်ဖီအနံ့ဟာ သူ့ကို တဆတ်ဆတ်တုန်ယင်စေတယ်။ တော်တော်ညဥ့်နက်တော့မှ သူ့ ချောက်ချောက်ချားချား အိပ်ပျော်သွားတယ်။ အိပ်မက်ထဲမှာ ပြောင်ပြောင်ပြောင်ပြောင်နဲ့ နတ်သားတစ်ပါးဟာ သူ့ကို ရွှေစင်ခွက်နဲ့  ကော်ဖီတစ်ခွက် လှမ်းပေးတာကို သူ သောက်ရတယ်။ သူဟာ နတ်သားပေးတဲ့ ကော်ဖီကို သောက်ရင်းက ပြုံးတယ်။ ပြီးတော့ နတ်သားကို ရွှေခွက်ပြန်ပေးလိုက်တယ်။ အလို … အိပ်မက်ထဲက နတ်သားဟာ လက်စသတ်တော့ ဆည်မြောင်းက အလုပ်သမားလေး ငမှုန်ပါလား။

(၄)

နောက်တစ်နေ့ကစပြီး ချန်ထွန်းအောင် ဒုက္ခရောက်တော့တာပဲ။ နက်စ်ကော်ဖီကို သူ စွဲလမ်းနေပြီ။ ဒါမျိုးကို တစ်သက်လုံးသောက်နေရရင် ဘယ်လောက်ကောင်းမလဲ။ ခက်တာက တစ်သက်လုံးနေနေသာသာ နောက်တစ်ခွက်သောက်ရဖို့တောင် မလွယ်ဘူးလေ။ ဒါမျိုးကော်ဖီက တိုက်နယ်အဆင့် ရွာကြီးဖြစ်တဲ့ ကျောင်းစုမှာတောင် ရှိတယ်လို့ သူ မကြားဖူးဘူး။
နောက်တစ်ခုက အဲသလိုကော်ဖီမျိုးမသောက်ရတာ ထား၊ လက်ရှိ ကိုအီကွန်းကော်ဖီကို သူ ဘယ်လိုမှ သောက်မရတော့တာကလည်း ပြဿနာပဲ။
ညကတင်မဟုတ်ဘူး။ မနက်ဘက် ကိုအီကွန်းဆိုင်က ကော်ဖီကို သောက်တော့လည်း ပျို့တာပဲ။ သည်လိုနဲ့ သူ ထမင်းပါမစားနိုင်ဖြစ်လာတယ်။  ကော်ဖီတစ်ခွက်သောက်ရရင် ထမင်းမစားဘဲနေနိုင်တဲ့သူဟာ ဘယ်ကော်ဖီမှ သောက်လို့မဖြစ်တဲ့အခါ ထမင်းပါ မစားချင် မသောက်ချင် ဖြစ်လာတယ်။ သည်လိုနဲ့ သူဟာ အိပ်ရာထဲမှာ လဲတယ်။ ပါးစပ်က “နတ်ကာဖီ၊ နတ်ကာဖီ” လို့ပဲ အော်နေတော့တယ်။
သူ့မိန်းမကလည်း သူ့ယောက်ျား နတ်ကာဖီကို စွဲလမ်းရင်း မစားနိုင်မသောက်နိုင်ဖြစ်နေတာကို သိပေမယ့် သည်ကာဖီမျိုး ဘယ်မှာ သွားဝယ်မလဲ။ ဇီးချဉ်ကုန်းကတော့ သူတစ်ယောက်အနေနဲ့ နတ်ကာဖီကို ဘယ်မှာ ထွက်ရှာမလဲ။ သူတတ်နိုင်တာတစ်ခုတော့ ရှိတယ်။ ဗိုလ်တဲကို သွားပြီး ဆည်မြောင်းဗိုလ်ကြီးမိန်းမကို နောက်ထပ်တစ်ခွက်လောက် တိုက်ပါဦး၊ သည်လိုသည်လို ဖြစ်နေလို့ပါ ဆိုရင် ရနိုင်တယ်လို့ သူတွက်တယ်။ သည်လိုနဲ့ သူ တစ်ဖက်ခြံကို ထွက်လာခဲ့တယ်။ အကျိုးအကြောင်းလည်း ရှင်းပြတယ်။ 
“အစ်မ နတ်ကာဖီရှိသေးလား”
“ဟဲ့ အဲဒါက ငါတို့သောက်တာမဟုတ်ဘူး။ ဧည့်သည်တွေ မြို့ပါလာတာ၊ ပုလင်းထဲမှာ နှစ်ခွက် သုံးခွက်စာတော့ ရှိဦးမယ်။ သည်လိုလုပ်လေ။ မနက်ဖြန် ဧည့်သည်တွေပြန်တော့မှာ၊ ငါတို့မိသားစုလည်း လိုက်သွားမှာ။ ခြလည်းကြည့်လိုက်ကြဦးနော်။ ရော့ ပုလင်းယူသွား”
“ဘယ်လိုဖျော်ရတာလဲ အစ်မ”
“ဟဲ့ ရေနွေးတည်ပြီးဆူရင် တစ်ခွက်စာမှန်းပြီး ဖျော်ပေါ့။  တစ်ဇွန်းခွဲလောက်ထည့်ပြီး ခလောက်ပေါ့။ အချိုကြိုက်ရင် သကြားနည်းနည်းထည့်ပေါ့”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့”
ချန်ထွန်းအောင်မိန်းမက အိမ်ပြန်ရောက်ရောက်ချင်း ရေနွေးတည်တယ်။ တစ်ခွက်စာ ဖျော်တယ်။ ချန်ထွန်းအောင်ကို တိုက်တယ်။ နှစ်ပေါင်းငါးဆယ်အတွင်းမှာ ချန်ထွန်းအောင် သူ့မိန်းမကို သည်တစ်ခါ ကျေးဇူးအတင်ဆုံးပဲ။
သိလည်း သိသာတယ်။ သူဟာ ချက်ချင်းအားအင်တွေ ပြည့်ဖြိုးလာတယ်။ လန်းဆန်းလာတယ်။ ငယ်စိတ်တွေတောင် တဖျပ်ဖျပ်ပေါ်လာတယ်။ တစ်နေ့တစ်နေ့ သည်ပုလင်းလေးကိုပဲ တကိုင်ကိုင် လုပ်ရင်း မဝတမ်းကြည့်နေတယ်။
“ဒါမျိုးတစ်ပုလင်း မြို့ကိုမှာရင် ရမှာပဲကွ”
“ဈေးကြီးမှာပေါ့တော်။ ပြီးတော့ ဘယ်သူ့ကို ဘယ်လိုမှာမလဲ။ မြို့ဆိုတာ အဝေးကြီး”
“ဘာပဲဖြစ်ဖြစ် မြို့တော့ မှာရမှာပါပဲ။ ဒါမသောက်ရရင် ငါမနေနိုင်တော့ဘူး”
“တော်ကလည်း … တစ်သက်လုံး ကိုအီကွန်းကော်ဖီသောက်လာတာ၊ တော်ပါတော့လား၊ ဒီနတ်ကာဖီနဲ့ ကျွန်မတို့နဲ့ မတန်ပါဘူးတော်”
“ဘာဖြစ်လို့ မတန်ရမှာလဲ။ ကိုအီကွန်းကော်ဖီကို ငါမသောက်ချင်တော့ဘူး။ သောက်လို့ မရဘူး။ နတ်ကာဖီမှ ပုံမှန်မသောက်ရ ငါ သေလိမ့်မယ်”
“သေရင်လည်း သေဖို့ပဲ ကိုရင်ရေ့၊ ဘယ်ကရမှာတုံး။ အခုတောင် နှစ်ခွက်စာကို ဆယ်ခွက်စာလောက် ဖြစ်ရုံအနံ့ပါရုံ ဖျော်တိုက်နေတာ မနက်ဖြန်ဆို ကုန်ပြီ”
ချန်ထွန်းအောင် တော်တော်စိတ်ညစ်သွားတယ်။ 
တကယ်လည်း ပုလင်းထဲမှာ ကုန်တော့မယ်။ ဒါကုန်ရင် ဘယ်ကမှ မရနိုင်တော့ဘူး။
ကိုအီကွန်းဆိုင် ဖျော်ခုံ ဘယ်ဘက်ထောင့်က ကော်ဖီမှုန့် ခါးတူးတူးအောက်တောက်တော်ကို သူ ပြန်သောက်ရတော့မယ်။ မသောက်နိုင်ဘူး။ ဘယ်လိုမှ မသောက်နိုင်ဘူး။ သူဟာ နက်စ်ကော်ဖီပုလင်းကို တအားအုပ်ထားတယ်။ ပုလင်းအဖုံးက စွဲနေတဲ့ အနံ့ကိုပါ အားပါးတရ ရှူတယ်။

(၅)

သည်လိုနဲ့ပဲ …
ချန်ထွန်းအောင်ဟာ နက်စ်ကော်ဖီပြတ်သွားတဲ့နေ့ကစပြီး အိပ်ရာထဲ ပြန်လဲတယ်။ ပုလင်းကိုပဲ ပွတ်သပ်နေရင်းက အိပ်ရာထဲမှာ လူးလှိမ့်နေတာက သုံးရက်၊ ကယောင်ကတမ်းအော်နေတာက နှစ်ရက်လောက် ဖြစ်လာတော့ သူ့မိန်းမက ကိုအီကွန်းဆိုင်ကို ပြေးတယ် ကိုအီကွန်းကို အကျိုးအကြောင်းပြောတယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှာပေးဖို့ပြောတယ်။ 
ကိုအီကွန်းကလည်း တစ်သက်လုံးမပိတ်ခဲ့တဲ့ သူ့ဆိုင်ကို ပိတ်ပြီး မြို့ကို နတ်ကာဖီတက်ရှာမယ်လို့ ကတိပေးလိုက်တယ်။ ပြီးတော့ ကော်ဖီတစ်ခွက် ကောင်းကောင်းလေးဖျော်ပြီး ချန်ထွန်းအောင်မိန်းမနဲ့ လိုက်လာခဲ့တယ်။ 
သူတို့နှစ်ယောက်ပြန်လာတော့ ချန်ထွန်းအောင်က သေနေပြီ။
လက်တစ်ဖက်က နက်စ်ကော်ဖီပုလင်းကို လက်ထဲမှာ ဆုပ်ထားရင်းသေတာ။ ချန်ထွန်းအောင်မိန်းမကတော့ ရင်ဘတ်စည်တီးပေါ့။
ကိုအီကွန်းကလည်း ပါလာတဲ့ကော်ဖီလေး ချန်ထွန်းအောင်ခေါင်းရင်းမှာပဲ ထားလိုက်ရတော့တယ်။ ပြီးတော့ သေသူ့လက်ထဲက နက်စ်ကော်ဖီပုလင်းကို ဆွဲယူတယ်။ မရဘူး၊ ချန်ထွန်းအောင်ရဲ့ လက်ချောင်းတွေက နက်စ်ကော်ဖီပုလင်းကို ဘယ်လိုမှ မလွှတ်ဘူး။
မသေချင် ဘယ်လောက်အားနဲ့ ဆုပ်ထားသလဲ မသိဘူး။ ဘယ်လိုမှ ခွာထုတ်လို့မရတော့ဘူး။ လာသမျှ၊ သတင်းမေးသမျှလူတွေလည်း ခွာကြတာပဲ။ လက်ချောင်း လက်ဆစ်တွေ ကျိုးကာမှ ကျိုးရောပုလင်းကို ခွာထုတ်လို့မရဘူး။ သည်တော့ ပုလင်းကို ဆုပ်လျက်သားနဲ့ပဲ ခေါင်းသွင်းတယ်။ သည်အတိုင်းပဲ မြေမြှုပ်သင်္ဂြိဟ်ရတော့တယ်။

(၆)

သည်ဖြစ်ရပ်ဖြစ်ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာခဲ့တဲ့တစ်နေ့ …
ဇီးချဉ်ကုန်းသင်္ချိုင်းမှာ နွားကျောင်းသားတစ်ယောက်ဟာ သင်္ချိုင်းထဲမှာ နွားကျောင်းနေရင်း အသားတွေမရှိတော့တဲ့ ပြုတ်ထွက်နေတဲ့ လူ့လက်ဖျံရိုးတစ်ချောင်းကို သွားတွေ့တယ်။ ထူးဆန်းတာက လက်ဖျံရုံးရဲ့အဆုံးမှာ အရိုးစုဖြစ်နေတဲ့ လက်ချောင်းတွေဟာ ပုလင်းတစ်လုံးကို ဆုပ်ကိုင်ထားတာပဲ။
နွားကျောင်းသားက ပုလင်းကိုလိုချင်လို့ ဆွဲယူလိုက်ပေမယ့် လက်ဖျံရိုးကြီးတစ်ချောင်းလုံးပါ ပါလာတယ်။ လက်ချောင်းတွေကြားထဲက ပုလင်းကို အတင်းချွတ်ပေမယ့်မရဘူး။ အရိုးငေါငေါလက်ချောင်းတွေဟာ ပုလင်းကို တအားညှစ်ပြီး ဆုပ်ထားတုန်းပဲ၊ မလွှတ်တမ်း ကိုင်ထားတုန်းပဲ။ သည်သတင်း ရွာထဲရောက်လာတော့ သည်လက်ဖျံရိုးဟာ ချန်ထွန်းအောင်ရဲ့ လက်ဖျံရိုးပဲဆိုတာ ရွာကသိတယ်။

(၇)

ဇီးချဉ်ကုန်းသင်္ချိုင်းမှာ ချန်ထွန်းအောင်ရဲ့ လက်ဖျံအရိုးစုဟာ နက်စ်ကော်ဖီပုလင်းကို မလွှတ်တမ်းဆုပ်ကိုင်ထားဦးမှာပဲ။ ဇီးချဉ်ကုန်းရွာထဲက ကိုအီကွန်းသားတွေရဲ့ လက်ဖက်ရည်ဆိုင်မှာ နက်စ်ကော်ဖီရနေပြီ၊ မာလ်တိုဗာရနေပြီ၊ မိုင်လို ရနေပြီ၊ ဟောလစ်ရနေပြီ၊ တီးမစ်စ်၊ ကော်ဖီမစ်စ် တွေရနေပြီ။ ဘာသောက်ချင်သလဲ အကုန်ရနေပြီ။

နေ၀င်းမြင့်

မေလ ၁၉၉၃၊ ရွှေအမြုတေ။

မြန်မာဝတ္ထုတိုများ Facebook Page မှ ကူးယူဖော်ပြသည်။

Comments