ပညာရေးဂျင်းကောင်းများ ကောင်း (မန္တလေး)



''ပညာရေးဂျင်းကောင်များ''

- (ကောင်း-မန္တလေး)

''ဆရာ ထိုင်ပါ''

''ဟုတ်ကဲ့ ဆရာမကြီး''

ကျောင်းအုပ်ကြီး ရုံးခန်းတွင်ဖြစ်သည်။
ရုံးစာရေးမ အစ်မကြီး က ဆရာ့ကိုကျောင်းအုပ်ကြီးခေါ်နေတယ် အခုလာခဲ့ပါ ဆိုတာနဲ့ ယခုလို ရောက်ရှိနေခြင်း ဖြစ်သည်။

''ဆရာ ဆရာ့ဘာသာမှာ ကလေးတွေက Dအဆင့်တွေ ရနေတဲ့ကလေးတွေ ရှိနေတယ်
အောင်ချက်က ၆၁ဆိုတော့ ကျရှုံးတဲ့ကလေးက ၃၉ ရာနှုန်းတောင် ရှိနေတယ်။
အခန်းဆုံးစစ်ဆေးတာပဲ ဆရာရယ်
ပုံနှိပ်တစ်အုပ်လုံး ကျက်ရတာမှ မဟုတ်တာ
အဲလောက် မကျစေချင်ဘူးဆရာ''

ကျောင်းအုပ်ရဲ့စကား။
ကျနော် ဘာပြန်ပြောရမလဲ။
တကယ်တော့ ပြောစရာတွေ ရှိသည်။
အများကြီးပဲ။
အထက်လူကြီးဆိုတော့ လုပ်ဖော်ကိုင်ဖက် ဆရာအချင်းချင်း ပြောသလို ပြောလို့လည်း မဖြစ်ပြန်။
စိတ်ကို အတည်ငြိမ်ဆုံးစုစည်းလိုက်သည်။

''တခြား ဘာသာတွေကော ဆရာမကြီး
ရာနှုန်းပြည့် အောင်နေကြလို့လား''

ကျွန်တော် သိချင်စိတ်သက်သက်ဖြင့်သာ ပြန်မေးလိုက်ခြင်း ဖြစ်သည်။

''မအောင်ပါဘူး. .
ဒါပေမယ့် လေး ငါး ရာနှုန်းလောက်ပဲ ရှိတယ်
ကိုယ့်လက်ထဲကိုယ်စစ်တာပဲ ဆရာရယ်
အစိုးရစစ်လည်း မဟုတ်ဘူးလေ
အခုဟာက ဆရာ့ရဲ့ သချာင်္မှာ ကလေးတွေက
အရမ်းအောင်ချက်ကျနေတာ''

''ဟုတ်ကဲ့ ဆရာမကြီး
ကျွန်တော် နည်းနည်း ရှင်းပါရစေ''

''ဟုတ်ကဲ့ ပြောပါဆရာ''

ကျောင်းအုပ်ကြီးနဲ့ အခုလို အေးအေးဆေးဆေး ပြောဖို့ အခါအခွင့်စောင့်နေခဲ့တာပဲလေ။
ကျွန်တော် ခေါင်းထဲမှာ ချက်ချင်း စကားလုံးတွေ စီလိုက်တယ်။

''ကျွန်တော်တို့ ဆရာ ဆရာမတွေ
ကိုယ့်တပည့်ကိုယ် မတတ် တတ်အောင် သင်နိုင်ခွင့် မရှိဘူး ဆရာမကြီး''

''ရှင် ဘလို ဆရာ ? ရှင်းပါအုံး''

''ဟုတ်တယ် ဆရာမကြီး
ဒီလမှာ ဒီသင်ရိုးဟာ ပြီးပြတ်အောင် သင်ရမယ်
မပြီးတဲ့အခါ ထုချေလွှာတင်ရမယ်
စစ်ဆေးရေးတွေ လာတဲ့အခါ သင်ခန်းစာမပြီးမြောက်တာကို အပြစ်တစ်ခုလို မင်နီနဲ့ မှတ်ချက်ပေးမယ်
ကျောင်းအုပ်ကြီးကလဲ ထပ်ဆင့် သတိပေးခြင်းခံရမယ်
ဒီလို ဖိအားတွေ ကန့်သတ်ချက်တွေကြားမှာ
နေထိုင် သင်ကြားနေရတာပါ''

ဆရာမကြီးက မျက်မှန်ကြီးကို နှာခေါင်းပေါ် လျှောချပြီး ကျွန်တော့်ကို စိုက်ကြည့်ကာ စကားကို စိတ်ဝင်တစားနားထောင်ဟန် ပြနေသည်။

''အဲဒီတော့ ကျွန်တော်တို့တတွေဟာ
ကလေးတွေ ဒီသင်ခန်းစာကို တတ်မြောက်ဖို့အစား
ပြီးမြောက်ဖို့ ကို ပဲ ပိုအလေးပေးနေရပါတယ်''

''အင်း. . . ဒါကတော့ နိုင်ငံတော်ပညာရေးရဲ့ မူ ကိုး ဆရာရဲ့''

'' ဟုတ်ပါတယ်
ဒါ့ကြောင့်လည်း ကျွန်တော်တို့တွေဟာ အဲလို ပညာရေးကို တွန့်ဆုတ်စေတဲ့ မူတွေကို ပြုပြင်ပေးနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝန်ကြီးအဆက်ဆက်ကို အားကိုးနေခဲ့ရတာလည်း ခုချိန်ထိပါပဲ ဆရာမကြီး''

''အို ဆရာ ဆရာ
နိုင်ငံရေးတွေ မပြောပါနဲ့
ကျွန်မပြောချင်တာ ဆရာ့ အောင်နှုန်းတက်အောင် ကြိုးစားဖို့ပါ မဆိုင်တာတွေ မပြောပါနဲ့''

ဆရာမကြီးက ကျွန်တော်တို့လို ဒီမိုကရေစီခေတ်မှာ ကြီးပြင်းလာသူ မဟုတ်လို့ ဖြစ်မယ်။ သူမ အရွယ်ဆရာ/မတွေ ထိုအတိုင်းချည်းသာ။

''နိုင်ငံရေးမဟုတ်ပါဘူး ဆရာမကြီး
ဒီကိစ္စရဲ့ အရင်းအမြစ်ပါ
စောစောက စကားကို ပြန်ဆက်ရ ရင်
ဆရာမကြီး ပြောသလို မူကြောင့်ပဲ အဲဒီလို ဆောင်ရွက်ရာကနေ ခုလို အခြေအနေတွေ ဖြစ်လာရတာမဟုတ်လားဗျာ။
ဆရာမကြီး ဆီရောက်နေတဲ့ အမှတ်စာရင်းနဲ့အောက်ချက်တွေဟာ စစ်မှန်တဲ့
အောင်ချက်ရာနှုန်းတွေ မဟုတ်ပါဘူး''

''ဟမ် ဆရာ ဘာစကား ပြောလိုက်တာလဲ''

ဆရာမကြီးထံမှ ခပ်မာမာလေသံထွက်လာသည်။
သူမကတော့ ဘယ်လိုမြင်သည်မသိ။
ကျွန်တော် ပြောတာများ လွန်သွားလား ပြန်တွေးရသေးသည်။

''ဒီလိုပါ ဆရာမကြီး
 ဘာသာရပ်တစ်ခုမှာ ကျောင်းသား ၁၀၀ဖြေတာကို ၄ယောက်ပဲ ကျရှုံးတယ် ဆိုတာ
ဘယ်လို ဖြစ်နိုင်မှာလဲဗျာ
အဲဒီ အောင်မြင်တဲ့ ၉၆ယောက်လုံးဟာ
ဘာသာရပ်ကို ကျွမ်းကျင်လို့ တတ်မြောက်လို့
ဆရာမကြီး ဆီ A B C စာရင်းဝင်တွေ အဖြစ် ရောက်လာတာ မဟုတ်ပါဘူး''

ဆရာမကြီးက ခေါင်းရှုပ် သွားဟန်ဖြင့်မေးသည်။

'' ဆရာ ဘာကို ဆိုလိုချင်တာလဲ''

''အခု အောင်မြင်တယ်လို့ သတ်မှတ်ခံထားရတဲ့
ကလေးတွေထဲမှာ ၁၈ မှတ် ရလို့  Plus One ပေါင်းထည့် ၂နဲ့မြှောက်ပြီး အလိုအလျောက် အောင်ပေးထားရတဲ့ ကလေးတွေ လည်း ပါပါတယ်။ ၁၅ ၁၆ ၁၇ မှတ်တွေ ရနေလို့
ဘယ်လိုမှ ထပ်ပေးလို့ မရနိုင်တာ ကို သိသိလျက်နဲ့ အမှတ်ရှာကြံတိုးပေးထားရတဲ့ ကလေးတွေလည်း ပါပါတယ်''

''အင်း ဘယ်လိုပဲ ပြောပြော
ဆရာ့ ဘာသာရပ်ထက်တော့ အောင်ချက် ကောင်းတယ်လေ''

ဆရာမကြီးက စိတ်ဆိုးနေပြီထင်သည်။
ကျွန်တော် တစ်ခု သတိရသွားသည်။
ခု ခေတ်စားနေတဲ့ ဂျင်းကောင် ဆိုတဲ့ စကား။
ဆရာမကြီးကတော့ လူကြီးမို့ ခုခေတ် ဗန်းစကားတွေ သိမယ်မထင်။
ကျွန်တော်တို့ လူငယ်တွေ ရဲ့ ဖေ့စ်ဘွတ်ခ် စကား အတိုင်း မအောင် အောင်အောင် အတင်း လုပ်ယူထားတဲ့ အောင်ချက်တွေနဲ့ သူမ ဂျင်းထည့်ခံနေရတာကို သူမ သိပါလေစ။

''အောင်ချက်ကောင်း မကောင်းကို စာရွက်ပေါ်က စာရင်း နဲ့ မတိုင်းတာစေချင်ဘူး ဆရာမကြီး
ဒီလိုပြောတာဟာ တခြား ဆရာ/မတွေကို ပုတ်ခတ်ပြောဆိုနေတာ မဟုတ်ပါဘူး
ကျွန်တော်တို့ လက်ထောက် ဆရာ/မတွေဟာ တကယ်တော့ မနိင်ဝန်တွေ ထမ်းနေရတာပါ
တစ်နေ့တစ်နေ့ များပြားတိုးပွားလာတဲ့ စာရင်းအင်းတွေကြားမှာ ခေါင်းမဖော်နိုင်ပါဘူး
စာကောင်းကောင်း သင်ချိန်လည်း မရှိပါဘူး
အဲဒီတော့ ဆရာမကြီး လိုချင်တဲ့ အောင်ချက်ကို
ကောင်းအောင် လွယ်ကူတဲ့ မေးခွန်းတွေပဲ ထုတ်လာကြရတယ်။
တော်သင့်ညံ့ အလွှာစုံအတွက် ခိုင်လုံမှု ကိုးစားမှု ရှိတဲ့ မေးခွန်းတွေ စစ်မေးချင်ပေမယ့်
ကျနေရင် ပြန်ကုစားရတာ က အလုပ်ကြီး တစ်ခုလို ဖြစ်လာတယ်
ဘယ်လောက်ပဲ အကျယ်တဝင့် သင်ချင်ပေမယ့်လည်း ဒီအချိန် ဒီသင်ခန်းစာ ပြီးပြတ်အောင်သင်ရမယ် ဆိုတဲ့ စိတ်နဲ့ စိတ်တွေလည်း မောပါတယ် ဆရာမကြီးရယ်''

ပြောရင်းဖြင့် တွေးမိသည်။
Cအဆင့် (ရမှတ်20-29) ဖြင့်အောင်ထားသူ ကျောင်းသားအများစုသည် ဆရာ/မများက အမှန်တကယ်ပင် အောင်မှတ်ရအောင် မနည်း ဆွဲတင်ပေးထားရသူများဖြစ်သည်။
ဒါကို မသိလေတော့ သူတို့ကိုယ်သူတို့ တာဝန်ကျေသော၊ အမှန်တကယ် အောင်မြင်သောကျောင်းသားများ ပမာ။
အဲဒီတော့တော့ သူတို့လေးတွေလည်း ဂျင်းထည့်ခံထားရခြင်းသာ မဟုတ်ပါလား။

ဒါတင်မကသေး။
လေးယောက်ခုံများဖြင့် ပြွတ်ညပ်သပ်ကာ ဖြေဆိုရေ အခန်းအနေအထားအရ တစ်ယောက်ထဲမှ တစ်ယောက် ကူးချကာ ဖြေဆိုပေးလိုက်သည်များလည်း ရှိသေးသည်။
မည်သူက မည်သူ့ထံမှ ကူးယူသည်မသိ။
တစ်ခါတစ်ရံ အမှားတွေပါ တူနေတတ်သေးသည်။
ဒါတွေကို သိသိလျက်နှင့် စစ်ဆေး အမှတ်ပေးခဲ့ရသည်မဟုတ်ပါလား။
တကယ်တော့ သူတို့လေးတွေကလည်း ဆရာ/မတွေဖြစ်တဲ့ ကျတော်တို့ကို ဂျင်း ပြန်ထည့်ကြသည်ပဲလေ။

''ကဲ ကဲ ဆရာ ရှည်ရှည်ဝေးဝေးတွေ ပြောမနေပါနဲ့ ဆရာရယ်
ဆရာ့ ဘာသာရပ် ခုလောက်ထိ အောင်ချက်ကျနေတာ ဆရာ ဘယ်လိုတာဝန်ယူမလဲ''

အင်း ဆရာမကြီးကလည်း သူ့အလုပ် သူလုပ်ခြင်း မို့ ကျနော် ဘာမှ အပြစ်မဆိုဝံ့။
ဘာပြန် တင်ပြရပါ့။

''ဆရာမကြီးဗျ
ကျနော်မသိတာတစ်ခု မေးလို့ရမလား''

''မေးပါ''

ဆရာမကြီး သိပ် စိတ်မရှည်တော့သည်ကို သူ မြင်နေရသည်။
သူ လို တိုရှင်း ပြောမှ ဖြစ်မည်ထင်သည်။

''ကျွန်တော်တို့ ပညာရေးဋ္ဌာနရဲ့ စာမေးပွဲစံနစ်က ဘာလဲ''

''တတ်အောင်သင် အောင် အောင် စစ် ပါ''

ဆရာမကြီးက သူလိုချင်သော pointသို့ရောက်လာပြီ ထင်လို့လား မသိ။
ချက်ချင်းပင် ပြန်ဖြေသည်။

''ဟုတ်ကဲ့ပါ။ တတ်အောင် သင်နိုင်ချိန်မရဘဲ
အောင် အောင်သာ စစ်ပေးလိုက်ရတာမို့ပါ
အဲ့ဒါကြောင့် မေးကြည့်တာပါ''

တစ်ဆက်တည်းမှာပဲ တတ်မြောက်အောင် သင်ကြားပြသခွင့် မရှိပါဘဲနှင့် ဇွတ်ကောအတင်းကော အအောင်ပေးခိုင်းနေသည့် စနစ်ကြီးကလည်း ငါတို့ ဆရာ/ဆရာမထုကြီးကို ဂျင်းထည့်နေတာများလား ဟုလူငယ်ဆန်ဆန်တွေးမိပြန်သည်။

''အဲဒီတော့ ခု ကျရှုံးနေတဲ့ ကလေးတွေကို အောင်မြင်စေမယ့် သိပ်မခက်တဲ့ မေးခွန်းတစ်စုံ ထုတ်ပြီး အဲဒီမေးခွန်းကို ဖြေနိုင်အောင် အချိန်ပို ခေါ်သင်ပါ။ ပြီးရင် ကုစားဖြေဆိုမှုတွေ ဒီအပတ်ထဲ ပြီးအောင် ဆောင်ရွက်ပါ
တော်ကြာ တိုင်းစစ်တွေလာရင် မှတ်တမ်းမရှိလို့ ပြောဆိုနေမယ်
ဆရာ ကျမပြောတာ နားလည်ပါတယ်နော်''

''ဗျာ ဒီအပတ်ထဲ ဟုတ်လား ဆရာမကြီး?
 ခု ကျနေတဲ့ ကလေးတွေကလေ တခြားဘာသာတွေတော့ ဘလို အောင်ပေးထားလဲ ကျနော် တကယ် မသိပါဘူး
ကျနော့် ဘာသာမှာတော့ ပါးစပ်က အဖြေအော်ပေးတောင် အမှန်ရေးတတ်ဖြေတတ်မှာ မဟုတ်သလို အဖြေတွေ white board မှာ ချရေးပေးလည်း အတိအကျ မှန်အောင် ကူးမရေးနိုင်သူတွေပါ။ တကယ် အခြေခံ ဘာမှ မသိမတတ်ခဲ့သူတွေမို့လေ. .ဆရာမကြီး''

ဆရာမကြီးက ကျွန်တော့်ကို စိတ်ပျက်စွာ ကြည့်လာသည်။
ရှူးခနဲ သက်ပြင်းတစ်ချက်ချပြီး ကျွန်တော့ကို စေ့စေ့ကြည့်ကာ

''ဆရာက စကားကို အကပ်ပြောနေတာပဲ
အောင်ချက်တက်အောင် လုပ်ပါ့မယ် ဆိုတဲ့စကားလည်း အခုထိ မကြားရသေးဘူး
ဒီမှာ ဆရာ
ကျွန်မတို့လည်း ဒီစနစ် ဒီမူ ဒီသံသရာထဲမှာ ဒီလိုပဲ လုပ်လာခဲ့တာပဲ
အခု အထက်တန်းကျောင်းအုပ် ထိ လုပ်သက် ၂၉နှစ်လုံးလုံး အထက်လူကြီးက ဒါဆို ဒါ လုပ်ပေးခဲ့တာ''

''သြော်. . .''

ကျွန်တော် သြော် တစ်လုံးသာ ပြောနိုင်ခဲ့သည်။
ကျွန်တော် ထပ်ပြောနေလျှင်လည်း
အထက်လူကြီးကို ပြန် ကန့်လန့်တိုက်နေသော လက်ထောက်ဆိုးတစ်ယောက်သာ ဖြစ်ချေတော့မည်။

''ဟှူး. . .''

ထို့နောက်တွင်တော့ သူမရှေ့မှောက်မှာ
အောင်ချက်ကောင်းအောင် သင်ကြားပါ့မည်
ကုစားပြန်လည်သင်ကြားဖြေဆိုစေပါမည် ဟူသော ထုချေလွှာကိုသာ လက်မှတ်ရေးထိုး တင်ခဲ့ရသည်။

ရုံးခန်းထဲမှ အထွက် စိတ်တွေက နောက်ကျိနေသည်။
လေအေးအေးတွေတိုက်နေသော်လည်း
ရင်ဘတ်ထဲက လေးလံပူလောင်နေသည်။
အထက်တန်းဆောင် ဘက် ပြန်ရောက်ပြီ။

''ဟူး. . . ကုစားရမယ့်သူတွေအတွက် မှတ်တမ်းလုပ်ရအုံးမယ် တကယ်လုပ်တာ မလုပ်တာ အသာထား မှတ်တမ်းရှိရမယ်
ဒါမှ စစ်ဆေးရေးတွေ လာရင် မငေါက်မှာ''

ကိုယ့်အတွေးနဲ့ကိုယ် ဗလာစာအုပ်အသစ်တစ်အုပ် ရှာသည်။
ထိုအခိုက် ကျနော့်အနား ဖြတ်သွားသော
ကျောင်းသားလေးနှစ်ယောက်။
တစ်ယောက်က ပြောသည်။
''ဟျောင့် ဒိုးခ ပဲကွာ'' တဲ့။
အဲသည်တော့ ကျန်တဲ့တစ်ယောက်က မဆိုင်းမတွ ချက်ချင်းပင်. . . ရုပ်ရှင်မင်းသား မြင့်မြတ်လေသံဖြင့်

''ဟျောင့် ဂျင်းကောင်'' တဲ့လေ။

(ps ; ဂျင်းထည့်= ခပ်တည်တည်ဖြင့် ပိပိရိရိ လိမ်သည်)

                                   ကောင်း (မန္တလေး)

Comments