နှင်းထဲကလာသည့်မိန်းကလေး (လင်္ကာရည်ကျော်)




နှင်းထဲကလာသည့် မိန်းကလေး

- လင်္ကာရည်ကျော်

(၁)

ပြင်ဦးလွင် ဆောင်း၏ ရောင်နီပင် မပျို့သေးသော မနက်ခင်း။ အိမ်ထဲမှာပင် ခိုက်ခိုက်တုန်အောင် ချမ်းနေသည့် ကာလမှာ နှင်းမှုန်များ ပိန်းပိတ်အောင် ကျနေသည့် အချိန်တွင် မိန်းကလေး ရောက်လာခဲ့သည်။ စာတစ်စောင်လည်း ပါလာသည်။ ရန်ကုန်က ဆေးတက္ကသိုလ် ကျောင်းနေဘက် သူငယ်ချင်း ရေးပေးလိုက်သော စာ။

မိန်းကလေးက ရန်ကုန် ပုဂ္ဂလိက ဆေးရုံကြီး တစ်ခုမှာ သူနာပြု အကူ သင်တန်း သုံးလ တက်ဖူး သတဲ့။ မိဘများ ဆုံးပါး သွားပြီးနောက် ပြင်ဦးလွင်မှာ ရှိသော အဒေါ်အိမ်မှာ မှီခို နေထိုင်ရင်း ဝင်ငွေရစေရန် တစ်ဖက်တစ်လမ်းမှ ရှာဖွေချင်သဖြင့် မိမိ ဆေးခန်းတွင် ကူဖော်လောင်ဖက် အဖြစ် သုံးစေချင်ပါ သတဲ့။ လခကိုတော့ သင့်တော် သလိုသာ ကြည့်ပေးပါတဲ့။

သူငယ်ချင်းမှာ နှလုံးရောဂါ အထူးကု သမားတော်မို့ မိမိ နှလုံးရောဂါ ထစဉ် သေအံ့မူးမူးချိန်တွင် ကုသပေးခဲ့ဖူးသည်။ မိမိသည် ရောဂါဖြင့် အသက် လေးဆယ်ကျော်တွင် တာဝန်မှ အနားယူဖို့ ဖြစ်လာတော့ သူပဲ ထောက်ခံ ပေးခဲ့သည်။ ပြင်ဦးလွင်တွင် အနားယူရင်းက နည်းနည်း သက်သာလာသဖြင့် ကိုယ်ပိုင် ဆေးခန်းလေး ဖွင့်မည်ကြံတော့ အကူလေး ဘာလေးထားဦး ဟုပင် လှမ်းဖုန်းဆက် ပြောသေးသည်။ သည်တော့ သင့်တော်သည့် အကူမိန်းကလေး တွေ့လို့ ပို့ပေးတာ ဘာမှ ဆန်းသည့်ကိစ္စ မဟုတ်။ ဆန်းတာက မိန်းကလေး။

(၂)

နာမည်လေးက ထရီဇာတဲ့။ လူက အသက် နှစ်ဆယ်ကျော် အစိတ်မျှ ရှိမည်။ အသားက ဆောင်းနှင်းပွင့်တွေ တမျှ ဆွတ်ဆွတ်ဖြူသည်။ ငယ်ဂုဏ်ကလေးကြောင့် မျှသာ မကသော အလှလည်း ရှိသည်။ ဒါတွေက တချို့သော သူနာပြု အကူ မိန်းကလေးတွေမှာလည်း တွေ့ဖူးတော့ သူ့အဖို့ မထူးဆန်း။ တကယ် ဆန်းနေတာက နှစ်ခုသာ။ အိပ်ယာမှ ယောင်ထ၍ လမ်းလျှောက် နေသူနှယ် ခံစားမှု တစ်စုံတစ်ရာမှ မရှိလေဟန် ကြောင်တက်တက် မျက်ဝန်းနက် တစ်စုံရယ်။ လက်ချောင်းကလေးတွေရယ်။ ထရီဇာ၏ လက်ချောင်းကလေးများက နှင်းပွင့်ကလေးများနှယ် နူးညံ့ချောမွတ် နေသည်။

သူ ထရီဇာ့ကို လခများများ မပေးနိုင်ပါ။ ကိုယ့်ဆေးခန်းကလည်း အောင်မြင် လှသည်မှ မဟုတ်ဘဲ။ ပေးနိုင်သည့် လခပမာဏကို ပြောတော့ ထရီဇာက တစ်ခွန်းမှ ပြန်မပြောဘဲ "အခု ကျွန်မ ဘာ စလုပ် ပေးရမလဲ ဆရာ" ဟုသာ မေးခဲ့သည်။ ခိုင်းကြည့်တော့လည်း အဆင်ပြေသည်။ စကား နည်းသလောက် မျက်နှာ တည်သလောက် အလုပ်ကျတော့ အကွက်မြင်လွန်း နေသည်။ အင်ထရိုဗက် ခေါ်လျှို့ဝှက်သိပ်သည်းတတ် သူတွေသည် သိပ်ဥာဏ်မကောင်းဟု သူ့ဖာသာသူ တစ်ဖက်သတ် ထင်ခဲ့မိတာကိုပင် ပြင်ရတော့မလို ဖြစ်လာ၏။ သူ့ဟာသူ ဆိုလျှင် ယောင်ချာချာနှင့်။ ပြီးတော့ နှလုံး မခံနိုင်မည် စိုး၍ တစ်ခုချင်း လုပ်တတ်သော တိုလီမုတ်စ ကလေးများမှာ ထရီဇာ ရောက်လာသည်နှင့် အလိုလို အဆင်သင့် ပြီးစီးနေသည်။

လူနာတွေကလည်း ထရီဇာ့ကို ချစ်ကြသည်။ ဆရာဝန်၏ ခနော်နီ ခနော်နဲ့ လက်ရေးများကို ဖတ်၍ ဆရာဝန်ကို ပြန်မမေးဘဲ လုံးစေ့ပတ်စေ့ ခရေစေ့ တွင်းကျ ရှင်းပြနိုင်စွမ်းသော ထရီဇာ၏ အလုပ် ကျွမ်းကျင်မှုကို အံဩကြသည်။ အမျိုးသမီးလူနာ အချို့ကလည်း ရုပ်ရည် သန့်ပြန့်လွန်းသော ထရီဇာ့ကို ကြည့်၍ ဆရာ့သမီးလားဟု စပ်စုကြသည်။

"ကျွန်တော့်ဇနီး ကွယ်လွန်သွားတဲ့ အထိ ကျွန်တော်တို့မှာ သားသမီး မထွန်းကားဖူးပါဘူး။ သူက မိတ်ဆွေ ဆရာဝန် တစ်ယောက် ရှာပေးတဲ့ သူနာပြု အကူ ဆရာမကလေးပါ"

မန္တလေးမှာ နေသော အစ်မကလည်း သတင်းကြားသဖြင့် တက်လာပြီး ဆေးဗီရို မှန်ကို ပြောင်အောင် အဝတ်စဖြင့် ကြမ်းပေါ် ဒူးထောက်ရင်း ပွတ်တိုက်နေသည့် ထရီဇာကို ဘယ်တစ်လှည့် ညာတစ်လှည့် တစေ့တစောင်း လှည့်ပတ်ကြည့်သည်။ ပြီးတော့ သူ့မောင်ကို အိမ်ထဲ ခေါ်သွား၍ တိုးတိုးဆူသည်။

"မုဆိုးဖို ပူပူနွေးနွေးက ဒီလောက် ငယ်ငယ်ချောချော ကလေးကို အနား ခေါ်ထားရသလား။ မင့်ကို သူများတွေ ဘာပြောမလဲ"

သူက ရယ်သာ နေသည်။

"အစ်မရယ် ... သူက ငယ်ငယ်ချောချော ပေမယ့် ကိုယ်မှ ငယ်ငယ်ချောချော မဟုတ်တော့တာ။ သေမင်း နှုတ်ခမ်းဝကတောင် တစ်ခေါက် ပြန်လာခဲ့ ပြီးပြီ။ အစ်မ ပြောသလို တစ်ခါမှတောင် မစဉ်းစားမိပါဘူး"
"ဟဲ့ ... အဲဒါသိလို့ အကြံနဲ့ လာတာ ဖြစ်ချင် ဖြစ်မှာပေါ့။ မင်း သူ့အကြောင်း ဘယ်လောက် သိလို့လဲ"
"ကိုယ့်အသက်ကို ကယ်ထားတဲ့ သူငယ်ချင်းက အပ်လို့ ခေါ်ထားတာပါ အစ်မရယ်။ ကြည့်ရတာလည်း အေးအေးကလေးပါ။ အေးတာ လွန်လို့ စကားတောင် နည်းနေသေးတယ်"

အစ်မက မျက်စောင်းထိုး၍

"မင်း သူ ဗီရိုတိုက်နေတဲ့ လက်ချောင်းကလေးတွေ ကိုရော သတိထား မိရဲ့လား" ဟု မေးသည်။

လက်ချောင်းကလေးတွေ ဟုတ်ပါရဲ့။ သိပ်နူးညံ့လွန်း နေသည့် လက်ချောင်းကလေးတွေ။ ထရီဇာ့ လက်ချောင်းထဲ သူ ဆေးလုံးလေးတွေ ထည့်ပေးတိုင်း အဲသည် လက်တွေမှာ အသားမာ လုံးဝ မရှိသည်ကို အမြဲ သတိထား မိခဲ့သည်။

(၃)

နှင်းတွေ သိပ်သည်းနေအောင် ကျသော ညတစ်ညမှာ သူ ဆေးခန်း စောစော ပိတ်သည်။ ထရီဇာ ဘယ်လို ပြန်မလဲ မေးတော့ ထရီဇာက ဖုန်းဆက်ခွင့် တောင်း၍ ဆက်သည်။ သူ့အဒေါ်၏သား သူ့မောင် ဆိုသူ ရောက်လာ၍ ကြိုသည်။ ထရီဇာက လိုက်သွားမည် ကြံတော့ သူ ချောင်း ဆက်တိုက် ဆိုးလာသည်။ ထရီဇာက စိတ်ပူဟန် မျက်မှောင် ကြုတ်သည်။

"ဆရာ ... နေကောင်းရဲ့လား"
"ရတယ် သမီး ... အေးလို့ပါ။ ပြန် ... ပြန် ... သမီး ... ပြန်"

ထရီဇာ ခဏမျှရပ်၍ တွေဝေစဉ်းစား နေသည်။ နောက်တော့ သူ့မောင်ကို တိုးတိုး သွားမှာသည်။ အိမ်ထဲ ပြန်ဝင်လာသည်။ သူ့မောင်က ထွက်သွားသည်။

"သမီး မပြန်သေးဘူးလား"

ခေါင်းခါပြ၍

"ထရီဇာ ဒီမှာ အိပ်မှာ။ အဒေါ့်အိမ်မှာ ကောင်မလေး တစ်ယောက် ရှိတယ်။ ထရီဇာနဲ့ အဖော် လာလုပ်ပေးဖို့ ခေါ်လိုက်ပြီ။ ဆရာ့ကို စိတ်မချလို့" ဟု ဖြေသည်။

"ချောင်းဆိုးတာများ သမီးရယ်" ဟု ဖြေတော့

"ဆရာ့မှာက နှလုံးရောဂါနဲ့လေ" ဟု တိုးတိုးသာ ပြောသည်။

(၄)

တကယ်လည်း သူ အဲသည် ညက မောလာသည်။ ထရီဇာ ရန်ကုန်က သူ့ကို စာရေး ပေးလိုက်သော ဆရာနှင့် ဖုန်းဆက် တိုင်ပင်၍ ဆေးတွ လာတိုက်သည်။ အသက်ရှူရတာ မောလွန်း၍ ဘာဆေးတွေဟု မေးခွန်းထုတ် မနေအား။ သည်အတိုင်း ကြုံးထည့်၍ သောက်လိုက်သည်။ အိပ်ရာ ခေါင်းရင်းဘက်ကို ထရီဇာနှင့် သူခေါ်လာသော ကောင်မကလေးက ခေါင်းအုံးများ ခုပေး၍ သူ့ကို မတ်မတ် အိပ်စေသည်။ ချောင်းဆိုး နည်းနည်းသက်သာ သွားသော်လည်း နဖူးတွင် ဇောချွေးများ ပြန်နေသည်။ သည်လောက် အေးသည့် ရာသီဥတုမှာတင် ချွေးက မရပ်နိုင်။ ထရီဇာက အိပ်ရာဘေးတွင် ညလုံးပေါက် မအိပ်ဘဲ ထိုင်၍ သူ့နဖူးမှ ချွေးများကို သုတ်ပေးနေသည်။

မိုးလင်းခါစတွင် ပြင်ဦးလွင် ဆေးရုံမှ သမားတော်ကြီး ရောက်လာသည်။ ပြင်ဦးလွင် ဆေးရုံတွင် ဟောပြောပွဲများ သွားနားထောင်ရင်း ခင်မင်နေသူ ဖြစ်သော်လည်း သူ နေမကောင်းတာ မပြောပြထား၍ ဘယ်လို ရောက်လာပါလိမ့်ဟု တွေးမိသည်။ သမားတော်ကြီးက ပြန်ခါနီး သူ့အိတ် လာဆွဲပေးသော ထရီဇာကို စိတ်မသက်မသာ အမူအရာနှင့် ကြည့်ပြီး "ပင်ပန်းလှပါတယ် ထရီဇာရယ်" ဟု တိုးတိုး ပြောသံကို သဲ့သဲ့ ကြားတော့မှ ဆရာကြီးနှင့် ထရီဇာ သိကျွမ်းပြီးသားမှန်း ရိပ်မိတော့သည်။

(၅)

အငယ်ကောင် ရောက်လာသည်။ "ဖေဖေတို့က အစ်ကို့ကို လာကြည့်ခိုင်းလို့" ဟု ပြောသော်လည်း ထရီဇာ သူ့ကို ပြုစုနေတာ တွေ့တော့ မပြန်ဘဲ နှစ်ညအိပ် နေပြီး သူ အတော်သက်သာ လာပြီးမှ ပြန်သွားသည်။

သူလည်း ထရီဇာ့ကို အတင်း အိမ်ပြန် လွှတ်လိုက်သည်။ ထရီဇာ့မောင် ဆိုသူပင် လာကြိုသွားသည်။ တစ်ပတ်လောက် နေတော့ သူ ဆေးခန်း ပြန်ဖွင့်နိုင်သည်။ ထရီဇာက သူ့ကို နေ့တိုင်း လာကြည့်နေသူ ဖြစ်၍ ဆေးခန်း ဖွင့်တော့လည်း တစ်ခါတည်း ထိုင်ဖြစ်သည်။

ဒီတစ်ခါတော့ ထရီဇာက စာရင်းသွင်းတာ ဆေးပေးတာတင် မကတော့ဘဲ "သွေးပေါင် ချိန်တာပါ သူ လုပ်ပေးပါရစေ" ဟု ဆိုသည်။ သူလည်း ထချိန်လျှင် မောနေမည် စိုး၍ "ရတယ်လေ။ ကျေးဇူး" ဟုသာ ဆိုလိုက်သည်။ ဆေးခန်း ပြန်ဖွင့်ပြီး နှစ်ရက်လောက်တွင် သူ အပြင်ထွက် လမ်းလျှောက်လာနိုင်ပြီ။

လမ်းထိပ်က စတိုးဆိုင်တွင် ဆေးခန်းအတွက် ကုန်နေသော အရက်ပြန် ပုလင်းငယ် သွားဝယ်ပြီး ပြန်လာတော့ ထရီဇာ ရောက်နေပြီး ဆေးခန်း ဖွင့်ထားနှင့်သည်ကို တွေ့ရသည်။ သူ့ညီလည်း ရောက်နေသည်။ ခါတိုင်းဆို ဆေးခန်း ဖွင့်ပြီးသည်နှင့် ရှင်းလင်း သုတ်သင် နေတတ်သော ထရီဇာက သည်တစ်ခါတော့ ဆေးခန်း အပေါက်ဝ တံခါးပေါင်ကလေးကို မှီ၍ သူ့ညီနှင့် ရယ်မော စကားပြောနေသည်။ သူ ပြန်လာတာ တွေ့တော့ သူ့ညီက

"အစ်ကို နေကောင်းလား လာကြည့်တာ။ သွားပြီနော် အစ်ကို" ဟု သုတ်သီးသုတ်ပျာ ပြော၍ ပြန်သွားသည်။ ထရီဇာ့ မျက်နှာလေးက ပုံမှန်အတိုင်း ပြန်တည်သွားသည်။

"သမီး ... ထရီဇာ"
"ဟုတ်ကဲ့ ... ဆရာ"
"ဆရာက ဆရာ့တပည့် ဆိုရင် ဆရာ့သမီးလို သဘောထားချင်လို့ ပြောတာနော် တလွဲ မထင်နဲ့"

ထရီဇာက မပြုံးစဖူး ပြုံးသည်။

"ပြောပါဆရာ" တဲ့။

"ဆရာ့ညီကို သိပ်မယုံပါနဲ့။ သူက နည်းနည်း ပွေတယ်"

တည့်တည့်ကြီးပဲ ပြောချလိုက်သည်။ ထရီဇာက ခေါင်းညိတ်ပြသည်။

"ထရီဇာ သူ ပြောပုံဆိုပုံ ကြည့်ကတည်းက ရိပ်မိပါတယ်"
"ဒါနဲ့များ ... သမီးရယ်"
"အခုလည်း ဆရာ့ညီမို့လို့ လက်ခံ စကားပြောတာပါ။ တခြား ဘာမှ မရှိပါဘူး။ ဘယ်တော့မှလည်း ဒီ့ထက် ပိုရင်းနှီးသွားစရာ မရှိပါဘူး။ ဆရာ စိတ်ချပါ"

သူ ဘာဆက်ပြောရမည် မသိတော့။

နေဝင်တော့ သူ တော်တော် သက်သာနေပြီ။ သင်္ကြန်မှာ ဆေးခန်းပိတ်တော့ ထရီဇာ ရန်ကုန် ခဏ သွားချင်သည်ဟု ခွင့်တောင်း ထွက်ခွါသွားသည်။ အဲသည် ရက်တွေထဲမှာ မန္တလေးက နှလုံးရောဂါ အထူးကု ပါမောက္ခကြီး ပြင်ဦးလွင် ဆေးရုံ ရောက်လာသည်။ ဆရာဖြစ်ဖူးသူ ဖြစ်၍ လှမ်းဖုန်းဆက်ပြီး "လာတွေ့ပါရစေ" ဟု ပြောတော့ ဆရာကြီးက "လာခဲ့" ဟု ခေါ်သည်။ "အားလုံး ပြန်စစ်ဆေး ပေးမည်။ ဆေးရုံမှာ တစ်ည လာအိပ်" တဲ့။

သမားတော်ကြီး ကလည်း ခေါ်သည်။ ခင်မင်နေသည့် အိမ်နီးချင်း မိတ်ဆွေ တစ်ဦး၏ တူကလေးကို အိမ်စောင့် အိပ်ခိုင်း၍ သူ ဆေးရုံ သွားတက်လိုက်သည်။ ဆေးရုံ တက်သည်သာ နာမည်ခံသည်။ လူက ကောင်းနေသဖြင့် တစ်ညအိပ်ပြီး နောက်တစ်နေ့ မနက်တွင် ပါမောက္ခ သမားတော်ကြီးတို့နှင့် လမ်းတစ်ပတ်ပင် ထွက်လျှောက်လိုက် သေးသည်။ အဲသည်ကနေ သူတက်နေသည့် စားရိတ်မျှပေး သီးသန့်ခန်းရှေ့ ရောက်တော့ ဘယ်လိုမှ မျှော်လင့်မထားသူ ရောက်နေသည်။ ထရီဇာပါ။

(၆)

မျက်မှောင်ကြုတ်၍ အံကြိတ် စဉ်းစားနေသော မျက်နှာကလေးက လမ်းလျှောက် ဝင်လာသော သူ့ကို တွေ့တော့ ပထမ အံဩဟန်၊ ပြီးတော့ အပြုံး မပီမသ ... မျက်မှောင်တော့ ပြေသွားသည်။

"ဆရာ နေမကောင်းဘူး ဆို"
"ဘယ်သူက ပြောလို့လဲ။ ကောင်းပါတယ်။ ဆရာ့ဆရာ နှလုံးဆရာဝန်ကြီး ရောက်တုန်း ချက်ကပ် လာလုပ်တာ"

ထရီဇာ သက်ပြင်းချသည်။

"ထရီဇာ မသွားခင် ကတည်းက ပြောပြထားရောပေါ့ ဆရာရယ်"
"ခုမှဖြစ်တဲ့ အစီစဉ်ပဲ ထရီဇာရဲ့"
"ဆရာကြီးက ဒီအချိန် လာနေကျပဲ ဥစ္စာ"
"ဘာရယ် ..."

ထရီဇာ သက်ပြင်းတစ်ချက် ချ၍

"ဘာမှ မဟုတ်ပါဘူး" ဟု ဆိုသည်။

(၇)

သင်္ကြန်ပြီးတော့ ဆေးခန်း ပြန်ဖွင့်သည်။ အဲသည် အချိန်မှာ ထရီဇာ ပေါ်မလာတာ နှစ်ရက်ရှိပြီ။ သူ ဆေးရုံဆင်းပြီး ကတည်းက ဆိုပါစို့။ အဲသည် နှစ်ရက်စလုံး သူ ဖုန်းတစ်လုံးနှင့် အချိန်ကုန် နေသည်။

"ဆရာ့ဆီ ဖုန်းဆက်တိုင်း မအားတာချည်းပဲ။ ဆရာ နားနားနေနေ မနေဘဲ ဘာတွေ ဒီလောက် ပြောနေတာလဲ"

ပြောပြောဆိုဆိုနှင့် ထရီဇာ ဆေးခန်းထဲ ဝင်လာသည်။ ပြီးတော့ နံရံတွင် ကပ်ထောင်ထားသော ရေစိုဝတ်တပ် ကြမ်းတိုက် တုတ်တံကို သွားယူသည်။

"ထရီဇာ ... သမီး အဲဒါထားဦး ... ဒီမှာ ခဏထိုင် ... ဆရာ ပြောစရာ ရှိတယ်"

ထရီဇာက အံဩနေဟန် သူပြသော ခုံမှာ လာထိုင်သည်။ နူးညံ့လှပသော လက်ချောင်းကလေးများကို ပူး၍ ဆုပ်ထားပြီး ခေါင်းငုံ့နေသည်။ သူ ရုတ်တရက် ဘယ်ကညစပြောရမည် မသိ။ အတော်ကြာအောင် စဉ်းစား နေပြီးမှ တုံးတိတိ ပြောချပစ် လိုက်သည်။

"အိမ်ပြန်ပါ သမီးရယ်။ ဆရာ့အတွက် သမီးမှာ ဘာတာဝန်မှ မရှိပါဘူး"

ထရီဇာ ပါးစပ် အဟောင်းသား ဖြစ်သွားပါသည်။

(၈)

နှစ်ဦးသား အတန်ကြာ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ နောက်ဆုံးမှ ထရီဇာက တိုးတိုး မေးသည်။

"ဆရာ ဘယ်လိုလုပ် ရိပ်မိ သွားတာလဲ"

သူက ပုခုံးတွန့် ပြသည်။

"နည်းနည်းချင်းပဲ သမီးရယ် ... ဆရာ့ဇနီး ဆုံးတာ လပိုင်းပဲ ရှိသေးတယ်လို့ သမီး သိရက်နဲ့ ဘယ်လို ဆုံးတာလဲလို့ တစ်ခါမှ မမေးတာက စပြီး ဆရာ့စိတ်ထဲ ထူးဆန်း နေတာပါ"

ထရီဇာ မျက်ဝန်းအိမ်တွင် ရုတ်တရက် မျက်ရည်များ ပြည့်လျှံလာသည်။

"ဘယ်လိုလုပ် မေးထွက်မှာလဲ။ အဲသည်အကြောင်း စဉ်းစားမိတိုင်း ကိုယ့်ဘဝကို စတေးပစ်ချင် လောက်အောင် စိတ်ထိခိုက်ခဲ့ ရတာ" ဟု တိုးတိုးပြောသည်။ သူ သက်ပြင်းချသည်။

"အဲဒါ သမီး ခံယူချက် လွဲနေတာ။ မမှားသော ရှေ့နေ မသေသော ဆေးသမား ရှိလို့လား သမီးရယ်။ စေတနာဆိုး မပါဘဲ မှားတဲ့ အမှား။ ဆုံးရှုံးရတဲ့ ဆရာကတောင် ဘယ်လိုမှ သဘောမထားလို့ ဘာစစ်ဆေးမှုမှ မလုပ်ပါနဲ့။ အားလုံး ကြေအေး လိုက်ပါလို့ ပြောခဲ့တာ"

ထရီဇာသည် မျက်ရည်တွေတွေ ကျလာရင်း အံကလေး ကြိတ်၍

"ထရီဇာ လာ တောင်းပန်ပါရစေ ခွင့်တာင်းတာတောင် ခွင့်မပြုခဲ့ဘူးလေ" ဟု ပြောသည်။ သူ ခေါင်း ဖြည်းညင်းစွာ ခါသည်။

"ဒေါက်တာ တင်နွယ်အေးတဲ့ ... ထရီဇာလို့ ဆရာ မသိခဲ့ရပါဘူး။ ဆရာ့ဇနီးကို ကုသရာမှာ အင်ဆူလင်ဆေး တွက်တာ မှားသွားတဲ့ လက်ထောက် ဆရာဝန်ကလေးက လာ တောင်းပန် ချင်တယ်တဲ့။ ခွင့်မလွှတ်လို့ အတွေ့ မခံခဲ့တာ မဟုတ်ပါဘူးကွယ်။ တောင်းပန်ရင်း အဲဒီ ဆရာဝန်မလေး ယူကြုံးမရ ဖြစ်နေမှာကို မကြည့်ရက်လို့ ပြီးတော့ ... သားသမီး မရှိလို့ နှစ်ယောက်တည်း တစ်ဘဝ ရှိခဲ့တဲ့ ဆရာတို့မှာ အဲဒီ ဆုံးရှုံးမှုက ရင်ထဲ ထိခိုက် နေမိတာတော့ အမှန်ပဲ။ အဲဒီအကြောင်း ထပ်ခါ ထပ်ခါလည်း တွေးမနေချင်ဘူး။ ဒါကြောင့် လက်မခံခဲ့တာပါ။ သမီး ဒီလိုလုပ်မယ် ဆိုတာ ရိပ်မိရင် ဆရာ လက်ခံခဲ့မှာ အမှန်ပါပဲ"

ထရီဇာက တစ်ချက် ရှိုက်သည်။

"ထရီဇာ ရူးမတတ် စိတ်ထိခိုက်ခဲ့ ရတာ။ ဘယ်သူမှလည်း ထရီဇာ့ကို အပြစ်လည်း မတင်ကြဘူး။ အပြစ်လည်း မပေးကြဘူး။ ထရီဇာက အပြစ်ပေးတာကို ခံလိုက်ချင်တာ။ ဆရာက ဘာ့ကြောင့် ခွင့်လွှတ်ခဲ့ ရတာလဲ"

"ဆရာလည်း လက်ထောက်ဆရာဝန် လုပ်ခဲ့ဘူးတာပဲ။ လက်ထောက် ဆရာဝန် တစ်ယောက်ကို ပေးထားတဲ့ ခံစားခွင့်နဲ့ သူ့လူနာတွေ အတွက် လုပ်ပေးရတဲ့ အနစ်နာခံမှု ၊ အပင်ပန်းခံမှု ယှဉ်ကြည့်ရင် အားလုံးဟာ စေတနာ တစ်ခုတည်းကို အခြေခံ လုပ်နေတယ် ဆိုတာ ရှင်းနေတာပဲ။ နိုင်ငံခြားမှာ ဆိုရင် ဒါမျိုး တရားစွဲလို့ ရတယ် ပြောကြတာပဲ။ နိုင်ငံခြားက ဆရာဝန်က လစာ အများကြီး ပေးထားလို့ လုပ်ပေးတာ။ ဒီက တို့ ဆရာဝန်တွေက စေတနာ အဓိကနဲ့ လုပ်ပေးရတာ။ မှားတာနဲ့ ခွင့်မလွှတ်ကြကြေး ဆိုရင် တရားပါ့မလား။ ပြီးတော့ သမီးဆရာ့ အရွယ် ရောက်ရင် သိလာမှာပါ။ ဆရာဝန်မှ မဟုတ်ပါဘူး။ လူတွေက အမြဲ မှားနေကြတာပါပဲ။ တစ်ယောက် မှားလို့သာ တစ်ယောက်က ခွင့်မလွှတ်ကြေး ဆိုရင် လောကကြီးမှာ ဘယ်သူနဲ့ ဘယ်သူမှ စကားပြောစရာ အကြောင်း မရှိတော့ဘူး"

ထရီဇာ မျက်ရည် သုတ်သည်။

"ဒါပေမယ့် ဆရာ ဆုံးရှုံးခဲ့ရတာ ပြီးတော့ ခံစားခဲ့ရတာ နှလုံးရောဂါသည် ဘဝလည်းရောက် ဘေးမှာလည်း ပြုစုမယ့်သူ တစ်ယောက်မှ မရှိ။ အဲဒါတွေ တာဝန် အရှိဆုံးသူက ထရီဇာ တစ်ယောက်ပဲ မဟုတ်လား"
"မဟုတ်ဘူး သမီး။ ပျက်ချိန်တန်လို့ ပျက်ကြ ရတာပါကွယ်။ ဆရာ့ပျက်ချိန် ကလည်း နီးနေပါပြီ။ ဆရာ့လို လူတစ်ယောက် အတွက် လူတွေ အများကြီးရဲ့ အသက်ကို ကယ်နိုင်စွမ်းရှိတဲ့ ကယ်ဖို့ အချိန်တွေ အများကြီး ကျန်နေသေးတဲ့ လူငယ် တစ်ယောက်ရဲ့ ဘဝကို ပြည်ဖုံးကား ချဖို့တော့ ဆရာ ဘယ်လိုမှ ခွင့်မပြုနိုင်ပါဘူးကွယ်။ ထရီဇာ ဒေါက်တာ တင်နွယ်အေး ဘဝကို ပြန်ပါတော့ ..."

ထရီဇာ ငေးငိုင်၍ နေပါသည်။

(၉)

ဒေါက်တာ တင်နွယ်အေးခေါ် ထရီဇာ ဆလွန်းကား အဖြူကလေးကို ညင်သာစွာ စက်နှိုးလိုက်သည်။ သူက ပြုံး၍

"သင်္ကြန်တုန်းက သမီး ဒီကားနဲ့ တက်လာတာ မဟုတ်လား" ဟု မေးတော့ ထရီဇာက ရှက်ပြုံး ပြုံးသည်။

"ဖုန်းဆက်ကြည့်တော့ ဆရာ ဆေးရုံမှာ ဆိုတာနဲ့  မွှန်ထူပြီး လိုက်လာတာ။ သင်္ကြန်တွင်းမှာ ကိုယ်ပိုင်ကား မရှိဘဲ လိုက်လာဖို့ မလွယ်ဘူး ဆိုတော့ ဆရာ ရိပ်မိမှာပဲ ဆိုတာ မေ့သွားတယ်" ဟု ပြောသည်။

"ဒါက နောက်ဆုံး သိသာသွားတဲ့ အချက်ပါကွယ်။ တကယ်တမ်းက သမီး လက်ချောင်း ကလေးတွေက စတာပါ"
"ရှင် ... ထရီဇာ့ လက်ချောင်းတွေ ... ဟုတ်လား ..."
"ဟုတ်တယ် ... သမီး လက်ချောင်း ကလေးတွေက နူးညံ့လွန်း နေတယ်။ သေချာပါတယ်။ သမီး ဒီလက်ချောင်း ကလေးတွေနဲ့ လူ့အသက်တွေ အများကြီး ကယ်ဦးမှာပါ။ ကယ်လည်း ကယ်နိုင်ပါစေလို့ ဆရာ ဆုတောင်း ပေးပါတယ်။ လူ့အသက် တစ်ချောင်း ကယ်ပြီးတိုင်း ကယ်ပြီးတိုင်း သမီး ဆန္ဒ ရှိခဲ့တဲ့၊ လုပ်ဖူးခဲ့တဲ့ ဆရာ့ကို ပြုစုရတဲ့ အလုပ် လုပ်နေတာပဲလို့ သမီးကလည်း သဘောထား။ ဆရာကလည်း သဘောထားမယ် ... ဟုတ်လား ..."

မျက်ရည်လေး ဝဲလျက် "ဟုတ်ကဲ့" ဟု ခေါင်းညိတ်သည်။

(၁ဝ)

ပြင်ဦးလွင် ဆောင်းည သန်းခေါင်အချိန် ရင်ဘတ်က အောင့်ပြန်ပြီ။ အခုတလော တော်တော်လေးကို စိပ်သည် ပြောရမည်။ ပြတင်းပေါက် မှန်မှတဆင့် အပြင်မှာ နှင်းတွေ သိပ်သည်းစွာ ကျနေသည်ကို မြင်နေရသည်။ သည်နှင်းထဲကတော့ ကြေကွဲဆို့နင့် နေသည့် ကရုဏာ နှလုံးသားနှင့် မိန်းကလေး တစ်ယောက် ရောက်လာစရာ အကြောင်း မရှိတော့ပါဘူးလေ။ လာချိန်တန် လာ၍ သွားချိန်တန် သွားခဲ့ကြပြီ မဟုတ်ပါလား။ ကိုယ်လည်း သည်နည်းနှင်နှင်ပေါ့။ ဆေး လေးငါးမျိုးကို ပြိုင်တူ ပါးစပ်ထဲ ပစ်ထည့်၍ ရေကို တကျိုက် ကျိုက်လိုက်သည်။

-------------------
လင်္ကာရည်ကျော်
ကလျာ၊ အောက်တိုဘာ၊ ၂၀၀၉။

Credit - သောကြာကြိုက်သောစာစုများ
Credit to စာပန်းခင်း

Comments