ရတာလေးနဲ့ လောက်အောင်သုံး (ဒေါက်တာစိုးသန်း)


ရတာလေးနဲ့ လောက်အောင်သုံး


ဒီ lesson မှာ 
၁။ "ဝင်ငွေနဲ့ ထွက်ငွေ ကွက်တိ၊ ရတာလေးနဲ့ လောက်အောင်သုံးရတယ်"
၂။ "ဝင်ငွေကို စုဆောင်းချွေတာပြီး လိုသလောက်သာသုံးတယ်"
၃။ "ရတာနည်းနည်း သုံးတာများများ၊ ရတာထက် ပိုသုံးတယ်" တို့ကို အင်္ဂလိပ်လို ဘယ်လိုရေးတယ်၊ ပြောတယ်ဆိုတာကို လေ့လာကြစို့။

mean ဆိုတဲ့ စကားလုံးလေးက စိတ်ဝင်စားစရာ။ verb ရော၊ noun ရော၊ adjective လိုပါ သုံးလို့ရတယ်။ ဒီစာလုံးပေါင်းအတိုင်းပဲ။
mean ဟာ Verb လိုဆိုရင် ဆိုလိုသည်၊ အဓိပ္ပါယ်ဆောင်သည်။
mean ကို Adjective လိုသုံးရင် တွန့်တိုသော၊ နှမြောသော၊ ယုတ်မာသော
mean ကို သင်္ချာမှာ noun လို ပျှမ်းမျှ၊ သမတ်ကိန်း လို့သုံးပါတယ်။

What do you mean?
မင်း ဘာပြောချင်တာလဲ။
What I mean is I agree with what you've said.
မင်းပြောတာကို ငါသဘောတူတယ်လို့ ပြောတာပါ။
(mean ကို verb လိုသုံးထားတာ။ ဆိုလိုသည်၊ အဓိပ္ပါယ်ရသည်။)

That old spinster could be mean to children sometimes.
အဲဒီအပျိုကြီးဟာ တခါတလေကျရင် ကလေးတွေကို ညစ်တတ်တယ်။ (mean ကို adjective လိုသုံးထားတာ)

means ဆိုပြီး "s" ထည့်လိုက်ရင် တခြားအဓိပ္ပါယ်ရတဲ့ noun တစ်ခုဖြစ်သွားပြန်ရော။
means= နည်းစနစ်၊ နည်းလမ်း (ဒီစကားလုံးက အနည်းကိန်းလည်း means၊ အများကိန်းလည်း means ပဲ။ "s" အမြဲထည့်ရတယ်။)
His passport was obtained by illegal means.
သူ့ရဲ့ နိုင်ငံကူးလက်မှတ်က တရားမဝင်နည်းနဲ့ရထားတာ။
Television is an effective means of communication.
ရုပ်မြင်သံကြားဟာ ထိရောက်တဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခုပဲ။

By all means. ဆိုတာလေးလည်း မှတ်ထားပါဦး။ တစ်ခုခုလုပ်ပါရစေလို့ သူများက ကိုယ့်ကိုခွင့်တောင်းလာရင်... ရပါတယ်၊ လုပ်ပါလို့ ခွင့်ပြုတဲ့နေရာမှာ By all means. လို့ပြန်ပြောရပါတယ်။
Can I use the bathroom?
အိမ်သာ သုံးလို့ရမလား။
By all means.
လုပ်ပါ၊ သုံးပါ၊ ရတယ်။

By all means ကိုသိပြီးရင် by no means ဆိုတာလေးထပ်မှတ်ကြစို့။
by no means= certainly not, not at all= လုံးဝမဟုတ်တာသေချာတယ်
By no means am I suggesting that men are superior to women.
ယောက်ျားတွေဟာ မိန်းမတွေထက် ပိုသာတယ်လို့ ကျွန်တော်ဆိုလိုချင်တာ လုံးဝ လုံးဝ မဟုတ်ပါဘူး။

ကဲ...ဒီ lesson ခေါင်းစဉ်နဲ့ ပတ်သက်ပြီး အခုထပ်ပြီးပြောပြချင်တဲ့ means ရဲ့ နောက်အဓိပ္ပါယ်တစ်ခုကို ကြည့်လိုက်ကြစို့။
means (plural noun) = ငွေ၊ ဥစ္စာဓနကြွယ်ဝမှု

Ko Ko is a man of means. = He is a wealthy man.
ကိုကိုဟာ ချမ်းသာကြွယ်ဝသူ။
He lacks the means to support a large family.
သူ့မှာ မိသားစုအကြီးကြီးကို ထောက်ပံ့ဖို့ ဓနအင်အားမရှိပါဘူး။
Only a person of your means can afford such an expensive car.
မင်းလို ကြွယ်ဝချမ်းသာသူမျိုးမှသာ ဒီလိုဈေးကြီးတဲ့ ကားမျိုးဝယ်စီးနိုင်မှာ။

မျိုးရိုးစဉ်ဆက် ချမ်းသာလာတဲ့ အထက်တန်းလွှာ elite တွေကို old money လို့လည်းခေါ်ကြတယ်။ အဆင့်အတန်းနဲ့ ချမ်းသာလာကြသူတွေဆိုတော့ နေတတ်၊ဝတ်တတ် စားတတ်ပြီး classy ဖြစ်တော့ ကြည့်ရတာလည်း မျက်စိထဲ ကန့်လန့်မဖြစ်ဘူးပေါ့။ အဲဒီလို elite တွေက မနေ့တနေ့ကမှ ဗြုန်းဆိုချမ်းသာလာပြီး သူဌေးတွေနဲ့ အပြိုင်ကြဲပြချင်သူတွေကို nouveau riche တွေလို့ သတ်မှတ်ခေါ်ဆိုကြတယ်။ နှိမ်တဲ့ အထင်သေးတဲ့ လေသံလေးပါပါတယ်။ ပြင်သစ်ဘာသာမှ ငှားယူသုံးထားတဲ့ စကားလုံးဖြစ်လို့ အများကိန်းပြောင်းရင်လည်း French grammar စည်းမျဉ်းအတိုင်း ပြောင်းရပါတယ်။

nouveau riche (singular တစ်ခုကိန်း)
nouveaux riches (plural အများကိန်း)
သူဌေးလက်သစ်

newly rich, new money, upstart စသည့် စကားလုံးများဟာလည်း nouveau riche သူဌေးလက်သစ်တွေကို ခေါ်ဝေါ်တဲ့ ဝေါဟာရတွေပေါ့။ ဝုန်းဒိုင်းချမ်းသာလာသူတွေတချို့ ဖြစ်တတ်တာကတော့ ကျားကြီးခြေရာကြီးဆိုသလို ရသလောက်သုံး၊ ဈေးပိုကြီးတဲ့ကားသစ်လဲ၊ နိုင်ငံခြား shopping ထွက်၊ ဆေးလည်း နိုင်ငံခြားထွက်ပြီး Bangkok လောက်တော့သွားပြီး medical checkup လုပ်လိုက်ကြသေးတာ။ ရေရှည်မှာတော့ ရှိတာလေးကုန်၊ အကြွေးတင်ကြတော့တာပါပဲ။
အဲဒီလိုမျိုး ကိုယ်ရှာနိုင်တာထက်၊ ကိုယ့်မှာရှိတာထက် ပိုပြီးသုံးကြ ဖြုန်းကြတာကို to live beyond one's means လို့ သုံးတာကို မှတ်ပါ။
သူနဲ့ ဆန့်ကျင်ဖက် ရသမျှ အကုန်မသုံးဘူး၊ စုသင့်သလောက်စုပြီးမှ ဝင်ငွေနဲ့ သင့်တင့်မျှတအောင်သုံးတာကိုတော့
to live within one's means လို့သုံးပါတယ်။

နောက်ဆုံးမှတ်စေချင်တဲ့ အသုံးနောက်တစ်ခုကတော့ to make ends meet ပါ။ ဝင်ငွေနဲ့ ထွက်ငွေ လောက်ငှရုံလေးသုံးရတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ရတာလေးနဲ့ ကုန်ကျစားရိတ်တွေ ကွက်တိပဲ၊ လောက်ငှရုံလေးပေါ့။

ဒီ lesson မှာ အဓိကတင်ပြချင်တဲ့ အသုံး သုံးခုကို နမူနာဝါကျလေးတွေနဲ့ ထပ်လေ့လာပြီး နိဂုံးချုပ်ကြစို့ရဲ့။

1. 🚩to live beyond one's means
ကိုယ်ရတာထက် ရှိတာထက် ပိုသုံးသည်

Their family is deeply in debt because they have been living beyond their means.
ကိုယ့်ရှိတာထက် ပိုသုံးခဲ့ကြလို့ သူတို့မိသားစု အကြွေးတွေအများကြီးတင်နေပြီ။

2. 🚩to live within one's means
စုသင့်သလောက်စုပြီး ရှိတာလေးနဲ့လောက်အောင်သုံးသည်

It is far better to pay off old debts steadily by living within your means.
ရှိတာလေးနဲ့ လောက်အောင်သုံးပြီး အကြွေးဟောင်းတွေကို ဖြည်းဖြည်းချင်း အကြေဆက်လိုက်တာပိုကောင်းတယ်။

3. 🚩to make ends meet
ဝင်ငွေနဲ့ ထွက်ငွေ လောက်ရုံလေးသုံးရသည်

The workers could hardly make ends meet on their current wages, let alone enjoy any luxuries.
အလုပ်သမားတွေဟာ လက်ရှိလုပ်ခငွေနဲ့ဆို ဇိမ်ခံပစ္စည်းတွေသုံးဖို့နေနေသာသာ စားလို့လောက်ရုံလေးသာပါ။

ဒီ lesson လေးကို အောက်ကပုံမှာပြထားတဲ့ အဓိပ္ပါယ်လေးနက်တဲ့ ဝါကျလေးနဲ့ အဆုံးသတ်ပါရစေ။
Don't go broke trying to look rich. Act your wage.
သူဌေးလို့ လူထင်ခံရအောင်သုံးပြပြီး မွဲသွားတာမျိုးမဖြစ်စေနဲ့။ ကိုယ့်ဝင်ငွေနဲ့ သင့်တင့်အောင်နေတတ်ပါ...လို့ ဘာသာပြန်လိုက်တယ်။

With love,
Dr.Soe Than
October 28, 2017

Comments