ဖွတ်မရ ဓားမဆုံး ပညာရေး (ဒေါက်တာခင်မောင်ညို)


ဖွတ်မရ ဓားမဆုံး ပညာရေး


||  ဒေါက်တာခင်မောင်ညို  ||

(၁)
အကြားအမြင်များရင်တော့ ကျွန်တော်တို့ပြောတာကို စဉ်းစားနိုင်ကြမှာပါ။ ဒါပေမဲ့ အခြေခံဗဟုသုတတွေနဲ့ ရွာလယ်နေတဲ့ mind-set တွေကြောင့် အမှန်ကိုမြင်ဖို့ ခက်ခဲတဲ့သူတွေ အများကြီးရှိမှာပါပဲ။ သူတို့ဟာ ဒီလိုအမြင်မှားနေတာကိုလည်း ကိုယ်တိုင်မသိကြဘူး။ ဒီအတွက် အပြစ်တော့ မတင်လိုပါဘူး။ 

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ လေကိုမမြင်ဘူး။ ဒီအတိုင်းပဲ ငါးဟာလည်း ရေကိုမမြင်ဘူး။ ကျွန်တော်တို့ဟာ လေကိုမြင်နေရင် သွားရလာရ ဘယ်လောက်ခက်မလဲ၊ လေမော်လီကျူးကြီးကို ရှောင်ရတာ ဘယ်လိုနေမလဲ။ ငါးက ရေကိုမမြင်ပေမယ့် ကျွန်တော်တို့က ရေကိုမြင်ပြန်ရော။

ဒီတော့ ရေထဲမှာကြည့်ရတာ အတော်ခက်တယ်။ ရေငုပ်တဲ့မျက်မှန် Goggles ကို အသုံးပြုရပြန်တယ်။ ဒါကြောင့် ပညာရေးအသိုက်အ၀န်းမှာရှိတဲ့ လူတွေဟာ လက်ရှိပညာရေးပြသ၁နာကို မမြင်ကြပါဘူး။

“ငါတို့ အကောင်းဆုံး လုပ်ထားပေးတာပဲ၊ ဒါတောင် ပညာတတ်တွေ ဖြစ်မလာဘူးဆိုရင် ငါတို့ ဘာလုပ်ပေးရမလဲ” လို့ ဆိုကြတယ်။ အင်္ဂလိပ်ဘာသာ မီဒီယာဆိုတာ အကောင်းဆုံးမဟုတ်လား။ ကမ္ဘာမှာ လူအများဆုံးသုံးတဲ့ ဘာသာစကား။ အင်္ဂလိပ်ဟာ လူကြိုက်များတဲ့ ဘာသာစာပေမဟုတ် လား။ ဒါကို တတ်ထားရင် ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ဘူး။ မင်းတို့အရင်ခေတ်က အင်္ဂလိပ်လို သင်ဖို့ဆိုရင် `ဘိုကျောင်း´သွားရတယ်။ ပိုက်ဆံတွေအများကြီးပေးရတယ်။ 
ကျောင်းအိပ်ကျောင်းစား နေကြရတယ်။ ဒီကလေးတွေဟာ ကဗျာတွေဆိုတတ်ကြတယ်။ ဂျွန်တို့ မေရီတို့ဆိုတဲ့ အမည်တွေပေးပြီးမှ ကျောင်းတွေက လက်ခံတယ်။ ခုတော့ အဲဒီလိုမလိုဘူး။ တို့က ဘာသာစုံကို အင်္ဂလိပ်လိုသင်ပေးနေတယ်။ စာအုပ်တွေကလည်း အင်္ဂလိပ်လို၊ စာမေးပွဲမေးခွန်းကလည်း အင်္ဂလိပ်လို၊ ဖြေတော့လည်း အင်္ဂလိပ်လိုပေါ့။

(၂)

တက္ကသိုလ်ဝင်တန်းမှာ နှစ်စဉ် ခြောက်ဘာသာဂုဏ်ထူး ထွက်သူတွေ အများကြီးပဲ။ ကျက်လိုက်ကြ၊ မှတ်လိုက်ကြတာ။ ကျောင်းအချို့ဆို စာမေးပွဲနီးရင် Camp သွင်းတယ်။ အစားအသောက် အနေအထိုင်အတွက် ကျောင်းသား ဘာမှပူစရာမလို၊ စာမတတ်ရင်မေးဖို့ ဆရာအဆင်သင့်။ စာနှုတ်မလား။ ဆရာ/မတွေ အဆင်သင့်ထားတယ်။ 
မြို့ပေါ်က တတ်နိုင်တဲ့ မိဘများဟာ ကားကြီးကားငယ်တွေနဲ့ ဆရာ/မတွေကို ပင့်တယ်။ ပိုက်ဆံကောင်းကောင်းပေးတယ်။ 

ကျူရှင်ဆရာကြီးတွေ ဘယ်လောက်မျက်နှာပွင့်လဲ။ ကျောင်းသားက ဘာမှလုပ်စရာမလိုဘူး။ ဒါပဲကျက်ပါ အမှတ်တစ်ရာတဲ့။ ခြောက်ဘာသာဂုဏ်ထူးထွက်ရော `ငါကွ´လို့ လက်ခမောင်းခတ်တော့တာပါပဲ။ ဒီကျောင်းသား တက္ကသိုလ်ရောက်တော့တာပေါ့။ တက္ကသိုလ် ရောက်ပြီဆိုတော့ ကျူရှင်ယူတာတွေ ရပ်သွားသလား။ မရပ်ပါဘူး။ 

ဆေးတက္ကသိုလ်တက် သူလည်းကျူရှင်ယူရတယ်။ စက်မှုတက္ကသိုလ်တက်သူလည်း ကျူရှင်ယူရတယ်။ စီးပွားရေးတက္ကသိုလ်တက်လည်း ကျူရှင်တော့ယူရတယ်။ အချို့ကတော့ပြောပါတယ်။ “သားမှမတတ်တာ” ၊ “သမီးစိတ်မပါဘူး” တက်သာတက် စာမေးပွဲအတွက်မပူနဲ့ ကျူရှင်၊ လေးနှစ်တက်ရတဲ့ ကျောင်းတွေမှာ လေးနှစ်လုံးလုံး ကျူရှင်ဆက်ထားတယ်။ ခြောက်နှစ်ဆိုလည်း ခြောက်နှစ်စလုံး ကျူရှင်တွေဆက်ထားတယ်။ အမှတ်နည်းတယ်။ အဝေးသင်ပဲတက်မယ်။ ရတယ်။ စိတ်မပူနဲ့။ ကျူရှင်ရှိတာပဲ။ အလုပ်အတွက် ရာထူးဝန်စာမေးပွဲဖြေရမယ်။ ရတယ်။ စိတ်မပူနဲ့ ကျူရှင်ရှိတာပဲ။ ဆရာပေးသမျှ ကျက်မယ်။ ရသမျှဖြေမယ်။

(၃)

ဒီလိုနဲ့ အလုပ်ထဲကိုရောက်ကာ လူကြီးတွေဖြစ်လာကြတယ်။ အဲဒီမျိုးဆက်ဟာ ယခု အလုပ်ထဲရောက်နေသူတွေပေါ့။ 
သူတို့တစ်တွေ ကျူရှင်တွေနဲ့ အလုပ်ထဲကို ရောက်လာတာ။ 

“ဟဲ…ဟဲ… ဒီအခါမှာ ကျူရှင်မရှိတော့ဘူး”
“ဆရာမ ကျွန်တော့်သားလေးကို ကျူရှင်သင်ပေးပါ”
ကောင်းတာပဲလေ။ ကိုယ်တိုင်လည်း ကျူရှင်စနစ်ဖြတ်လာတော့ ကျူရှင်ပြရတာပေါ့။

“သားက ဘယ်နှတန်းလဲ”
“နှစ်တန်းပါ” (ဒါကိုအရင်က Grade 3 လို့ခေါ်တယ်)
ဘွဲ့ရဆရာမက နှစ်တန်းကလေးကို ကျူရှင်ပြတယ်။
“သဝေထိုးစလုံးယပင့် ၀စ္စနှစ်လုံးပေါက် ဈေး”
ဘယ်သူမှမကန့်ကွက်ပါ။

ဒါပေမဲ့ ဒါကို ဆရာကြီးတစ်ယောက်က ကြားသွားတယ်။
“ခုခေတ်ဆရာမတွေဟာ ဈ(စမျဉ်းဆွဲ)ကို မသိကြဘူး။ သဝေထိုး စလုံးယပင့် ၀စ္စနှစ်လုံးပေါက်ဈေးဆိုပြီး သင်ကြတယ်။ ဒါကို အမှန်လို့ထင်နေသူတွေ အများကြီး” လို့ ရေးလိုက်တယ်။
ဒီအခါ ပွက်လောရိုက်သွားတာပဲ။ ပွက်လောရိုက်တာက ဆရာမတွေ အမှန်မသိဘဲ သင်နေတာကို မဟုတ်ပါဘူး။ ဆရာကြီးက အမှန်ကိုအမှားလုပ်နေတာ သဝေထိုးစလုံးယပင့် ၀စ္စနှစ်လုံးပေါက်ဈေးဆိုတာ အမှန်လို့ထင်ပြီး ငြင်းကြသူတွေ အများကြီးရှိတယ်။ အံ့သြစရာပေါ့လေ။

(၄)

ဒီတော့ ဆရာကြီးက ယနေ့ပညာရေးကို ဖွတ်မရ ဓားမဆုံး ပညာရေးဆိုပြီး ရေးခဲ့တယ်။ “ကျွန်တော်တို့ပညာရေးဟာ ဖွတ်မရ ဓားမဆုံးပညာရေးနဲ့ တူနေတယ်။ ပညာရေးဆိုတာ အလွတ်ကျက်တာမဟုတ်ဘူး။ တွေးခေါ်မြော်မြင် စဉ်းစားရတယ်။ အကြားအမြင်များရင် ဗဟုသုတ (knowledge) ကိုရတယ်။ ဗဟုသုတတွေကို ဆန်းစစ်ပိုင်းခြားတတ်တာ ဥာဏ် (Wisdom) ပေါ့။ ဒီလိုပိုင်းခြားနိုင်မှု မြင့်မားလာတဲ့ အရည်အသွေး (skill) တွေတက်လာတာ တစ်နေ့မှာ ပညာရှိ (Wise Man or Pundit) ဖြစ်လာမယ်တဲ့။ ဒါပေမဲ့ အားလုံးက အလွတ်ကျက်နေကြတယ်။ 

မြန်မာပညာရေးမှာ ရှိရှိသမျှ အလွတ်ကျက်ရမယ်လို့ ယူဆတဲ့အလေ့အထ ဘာကြောင့်ဖြစ်လာလဲတော့ မသိပါဘူး။ ခုခေတ် မြန်မာစာကလွဲပြီး ဘာသာရပ်အားလုံးကို အင်္ဂလိပ်လို သင်တဲ့အချိန်က စတယ်လို့ ယူဆတယ်။

ဒီလိုအလွတ်ကျက်တော့ သူတို့မှာ ကစားချိန် ပြင်ပဗဟုသုတရှာဖွေတဲ့ လေ့လာမှုပြုလုပ်တာတွေ စာဖတ်တာတွေ မရှိတော့ဘူး။ သူတို့မှာ အကြားအမြင်များရင် ဗဟုသုတ (Knowledge) တွေ မရှိလေတော့ ဆန်းစစ်ပိုင်းခြားတတ်တဲ့ ဥာဏ် (Wisdom) တက်မလာဘူး။ ဒီလို (Wisdom) တက်မလာတော့ မြင့်မားလာတဲ့ အရည်အသွေး (Skill) တွေ မတက်လာဘူး။ ဒီတော့ သူတို့ဟာ ပညာရှိ (Wise Man or Pundit) ဖြစ်လာဖို့ ခက်ခဲတာပါပဲ။

ဒီတော့ ကျွန်တော်တို့ ပညာရေးက မွေးထုတ်လိုက်သူတွေဟာ တဖြည်းဖြည်းနဲ့ လူညံ့တွေ ဖြစ်လာတော့တာပေါ့။ သူတို့ဟာ မြန်မာစာလည်းမတတ်ဘူး၊ မြန်မာမှုတွေကိုလည်း နားမလည်ကြဘူး။ အင်္ဂလိပ်စာနဲ့ ဘာသာရပ်ကိုလည်း ဟုတ်တိပတ်တိ တတ်တာမဟုတ်ဘူး။ ဒါကို ကျွန်တော်က ဖွတ်မရဓားမဆုံး ပညာရေးလို့ ခေါ်တာပါပဲ။ ခင်ဗျားတို့ ဒီပုံပြင်ကို ခင်ဗျားတို့အားလုံး ကြားဖူးမှာပါ။ ကျွန်တော်ပြန်ရေးပြပါမယ်။ 

တစ်ခါက လူတစ်ယောက်ဟာ တောထဲဝင်ပြီး ဟင်းစားရှာဖို့ ထွက်လာတယ်။ လက်ထဲမှာလည်း ဓားမတစ်ချောင်းကိုင်လို့ပေါ့။ သူဟာ တောထဲရောက်တော့ ခပ်လှမ်းလှမ်းမှာ နေပူစာလှုံနေတဲ့ ဖွတ်ကြီးတစ်ကောင်ကို တွေ့တယ်။ ဒါနဲ့ သူဟာ ဖွတ်အနားကို အသာလေးချဉ်းကပ်ပြီး ဓားနဲ့ ခုတ်မယ်လို့ ကြံတာပေါ့။ ဒါပေမဲ့ ပါးနပ်တဲ့ဖွတ်ကြီးဟာ သူဘာမှမလုပ်နိုင်မီ ထွက်ပြေးတော့တာပါပဲ။ 

သူဟာ ဖွတ်ကြီးပြေးတဲ့နောက် လိုက်တယ်။ ဖွတ်ဟာလည်း အတော်မြန်မြန်ပြေးနိုင်တော့ သူမမီ ဘူးပေါ့။ နောက်ဆုံး ဖွတ်ဟာ မြစ်ကမ်းနံဘေးက တောင်ပို့တစ်ခုက အပေါက်ထဲကို ၀င်ပြေးသွားတယ်။ 
“ဒီကောင် မလွတ်တော့ဘူး” ဆိုပြီး သူအပေါက်ကို ပိတ်ကာ စောင့်နေတယ်။

အတန်ကြာလာတော့ ဒီကောင် ဒီကနေထွက်အောင် ခြောက်ထုတ်ရမယ်၊ ဒီတစ်ခါ ဓားနဲ့ခုတ်လိုက်မယ်ဆိုပြီး တုတ်တစ် ချောင်းနဲ့ တွင်းကိုထိုးကာ စောင့်တာပေါ့။ ဒါပေမဲ့ သူမသိတာက ဒီတောင်ပို့မှာ ကယ်ပေါက်ရှိတာကိုပဲ။ ဖွတ်ဟာ သူနေတဲ့တောင်ပို့ကို တုတ်နဲ့ထိုးတာကိုသိတော့ ကယ်ပေါက်ကနေ ထွက်ပြေးတော့တာပေါ့။ သူက ရုတ်တရက် မသိလိုက်ဘူး။ တော်လေးကြာမှ ဖွတ်ဟိုဘက်ကိုရောက်ပြီး မြစ်ကမ်းကနေ ပြေးထွက်တာကို တွေ့တာပေါ့။ ဒါနဲ့ သူဟာ “သေပေတော့” ဆိုပြီး သူ့ရှိတဲ့ဓားမနဲ့ လှမ်းပေါက်လိုက်တယ်။ ဒါပေမဲ့ ဖွတ်ကို မထိပါဘူး။ သူ့ဓားဟာ မြစ်ထဲကိုသာ ထိုးကျသွားလေတော့တယ်။

(၅)

ကျွန်တော်တို့ရဲ့ လူငယ်လေးတွေကို ဘာပညာရေးတွေ ပေးနေတာလဲ။ ဖွတ်မရ ဓားမဆုံးပညာရေးကို ပေးနေကြတယ်။ အလွတ်ကျက်တယ်။ မစဉ်းစားနိုင်ဘူး။ မဆုံးဖြတ်နိုင်ဘူး။ အင်္ဂလိပ်စကားပြောတတ်ရုံနဲ့ ကမ္ဘာ့အလယ် ၀င့်ထည်တာမဟုတ်ပါဘူး။ အတွင်းတန်ဖိုးရှိဖို့လိုတယ်။ ပညာရှိဖို့လိုတယ်။ အင်္ဂလိပ်စကားပြောတတ်တာနဲ့ ပညာရှိဖြစ်လာမယ်ဆိုရင် အင်္ဂလန်က သားသတ်သမားတွေ၊ မြက်ပေါက်တဲ့သူတွေ အားလုံးဟာ ပါမောက္ခတွေ ဖြစ်ကုန်မှာပဲ။
သူတို့အင်္ဂလိပ်စကားကောင်းကောင်းတတ်တယ်။

ကျွန်တော်တို့ လူငယ်တွေဟာ အချိန်မရတော့ ပြည်သူ့နီတိတွေ မသင်ရဘူး။ မြန်မာမှုတွေ မသိကြဘူး။ မိဘကို ရိုသေရမယ်မသိဘူး။ အမေက သမီးစာကျက်ဖို့ အချိန်ရအောင်လို့ ထမင်းချက်ကျွေးတယ်။ အ၀တ်တွေလျှော်ပေးတယ်။ ဒီတစ်ခါ သမီးက အမေ့ကို သူ့အလုပ်အကျွေးလို့ ထင်လာတာမျိုးတွေ ဖြစ်လာတယ်။ လူငယ်တွေဟာ စာပေလေ့လာမှု အားနည်းတော့ ရိုင်းလာကြတယ်။ စာလည်း ဟုတ်တိပတ်တိ မတတ်ဘူး။ တစ်ဖက်ကလည်း မြန်မာစာမြန်မာစကား နက်နက်ရှိုင်းရှိုင်း မတတ်ဘူး။ ကျွန်တော်တို့ ပညာရေးဟာ ဘာပညာရေးလဲ။

ဆရာကြီးကတော့ ဖွတ်မရဓားမဆုံးပညာရေးလို့ ရေးပါတယ်။

(၂.၁၀.၂၀၁၇ က Yangon Book Plaza မှာပြုလုပ်တဲ့ စိတ်ကူးချိုချိုစာအုပ်တိုက်က ကြီးမှူးတဲ့ စာပေစကားဝိုင်းကို မြန်မာနိုင်ငံ စာရေးဆရာကလပ် အဖွဲ့ဝင်များဖြစ်တဲ့ ဆရာမောင်ခင်မင်(ဓနုဖြူ)၊ ဆရာကောင်းသန့်၊ မောင်ဒီပ(ပညာရေး)နဲ့ ဒေါက်တာခင်မောင်ညိုတို့ ဆွေးနွေးတဲ့ ပညာရေးကို မြန်မာလိုသင်ဖို့ ဆိုတဲ့ စကားဝိုင်းမှ ကောက်နုတ်တင်ပြခြင်းဖြစ်တယ်)

ဒေါက်တာခင်မောင်ညို
The Ladies News

Credit -- ko Tun win

Comments