အောင်မြင်မှုကို ဘယ်ပေတံနဲ့ တိုင်းမှာလဲ -ထက်ဇော်ထူး(SUOE)


အောင်မြင်မှုကို ဘယ်ပေတံနဲ့ တိုင်းမှာလဲ

-ထက်ဇော်ထူး (SUOE)

ဆရာမင်းခက်ရဲရဲ့ ပညာရေးအတွေးအခေါ်နှင့်အယူအဆများ စာအုပ်ရဲ့အပိုင်း(က) အခန်း(၃)ရဲ့ 'ပညာရေးအယူအဆများ' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ "အောင်မြင်မှု" ကိုလက်ခံတိုင်းတာပုံလေး ထည့်သွင်းထားပါတယ်။ ပညာရေးမှာ 'အောင်မြင်မှု' ဆိုတာကို ဘယ်လိုတိုင်းတာသလဲ ဆိုတဲ့အပိုင်းပါ။ ပညာရေးစနစ်တစ်ခုကောင်းမကောင်း၊ ပညာရေးရလဒ်ကောင်း/မကောင်း ဆိုတာကို ၎င်းပညာရေးစနစ်အတွင်း ပညာသင်ယူနေကြတဲ့အောင်မြင်မှု (Achievement) ဘယ်လောက်ရလိုက်သလဲဆိုတာနဲ့ ခွဲခြမ်းစိတ်ဖြာကြပါတယ်။ ဥပမာ- ကျောင်းတစ်ကျောင်းရဲ့ အောင်မြင်မှုပဲ ဆိုကြပါစို့။ ကျောင်းတစ်ကျောင်းအောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ ထိုကျောင်းမှာ ပညာသင်ယူလျက်ရှိသော ကျောင်းသားများရဲ့ အောင်ချက် ကောင်း/မကောင်းဆိုတာနဲ့ တိုင်းတာလိုက်ကြတာပါ။ တကယ့် ကျောင်းသားတွေရဲ့ သင်ယူလိုက်တဲ့ အကြောင်းအရာပေါ်မှာ တကယ့်ထိုးထွင်းသိမြင်မှူ (insight)၊ လက်တွေ့အသုံးချနိုင်မှု (application)၊ နောက် သင်ယူထားမှုအခြေခံ၍ အသစ်ဖန်တီးနိုင်မှု (Creativity) ဆိုတဲ့ အပိုင်းတွေကို အောင်မြင်မှု ကိုတိုင်းတာတဲ့အပိုင်း ထည့်သွင်းစဉ်းစားဖို့ အားနည်းကြပါတယ်။ ပညာရေးဒဿ    နအမြင်ဖက်က မကြည့်ရင် ပညာရေးအောင်မြင်မှုဆိုတာ ကလေးတစ်ယောက် (ဝါ)ကျောင်းသားတစ်ယောက် ရရှိလိုက်တဲ့ အမှတ်လောက်နဲ့ပဲ အလွယ်တကူ တိုင်းတာလိုက်ကြတာပါ။ အမှတ်များများရတဲ့ကလေးဟာ အောင်မြင်မှုပိုရပြီး၊ အမှတ်နည်းနည်းပဲရတဲ့ကလေးဟာ အောင်မြင်မှုမရဘူးဆိုတဲ့ သဘောဖြစ်သွားပါတယ်။ ဆိုတော့ ဒါဟာ ပညာရေးအဆင့်အတန်းဆိုတာကို ထည့်မတွက်သလို ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ဟာ နိုင်ငံတစ်နိုင်ငံတည်းပဲ ရပ်တည်နေတာမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် ပွင့်လင်းလူ့အဖွဲ့စည်းခေတ်မှာ ကျွန်တော်တို့ဟာ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံရမှုတွေ၊ "စံ" နှိုင်းယှဉ်မှုတွေရှိလာတဲ့အခါ ကိုယ့်ဆီက အဆင့်အတန်းကို ထည့်မတွက်ခဲ့တဲ့အတွက် သူတို့ဆီက အဆင့်အတန်း၊ စံ သတ်မှတ်မှုတွေမှာ ဘောင်မမီတာတွေ ဖြစ်လာတော့တာပါပဲ။ ဒီလိုဖြစ်ရတာက လူတွေညံ့လို့၊ လုပ်နိုင်စွမ်းမရှိလို့ ဆိုတာမျိုးကြောင့် မဟုတ်ဘဲ 'စံ' သတ်မှတ်ချက်ဆိုတဲ့ အပေါ်မှာသာ မူတည်ပါတယ်။ မြင်သာအောင် ပြောရရင် ကျေးလက်တောရွာက ကျောင်းတစ်ကျောင်းမှာ ကျောင်းသားဦးရေကလည်းနည်းပြီး ပညာရေးဖွံ့ဖြိုးမှု အားနည်းတဲ့ကျောင်းတစ်ကျောင်းမှာ အဆင့်တစ်နဲ့ အတော်ဆုံးဆိုတဲ့ ကလေးတစ်ယောက်ဟာ ပညာရေးပြိုင်ဆိုင်မှု ပြင်းထန်တဲ့ မြို့ပေါ်က ကျောင်းကိုရောက်တဲ့အခါ အညံ့ဆုံးကျောင်းသား ဖြစ်ရင် ဖြစ်နေတတ်တာပါပဲ။ ဒါပေမယ့် ထိုကျောင်းသားဟာ တစ်သက်လုံးအညံ့ဆုံးကျောင်းသား ဖြစ်သွားတာမျိုးမဟုတ်ဘဲ အဆိုပါကျောင်းရဲ့ လက်ခံထားတဲ့ စံ၊ အဆင့်အတန်းကို မှီအောင် ကြိုးစားတဲ့အခါ အတော်ဆုံးကျောင်းသား ပြန်ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်ရတာက ကျောင်းသားမှာ လုပ်နိုင်စွမ်း (ability) ရှိပါလျက် သတ်မှတ်ထားတဲ့ စံ၊ အဆင့်အတန်းတွေကြောင့် သူဟာ အောင်မြင်သင့်သလောက် မအောင်မြင်ဘူးလို့ ဆိုလိုချင်တာပါ။ ဒါကြောင့် ကျောင်းသားတစ်ယောက်ရဲ့ အောင်မြင်မှုကို တိုင်းတာတဲအခါ စာမေးပွဲရမှတ်တစ်ခုတည်းအပေါ် အခြေမခံဘဲ၊ ထိရောက်မှု (effectiveness) ကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ကျောင်းသားတစ်ယောက်ဟာ စားမေးပွဲရမှတ်နည်းပေမယ့် သူရဲ့ဘာသာရပ်မှာ ဘယ်လောက်ထိ စွမ်းဆောင်နိုင်သလဲဆိုတဲ့ အပိုင်းတွေ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ သူရဲ့ အတန်းတွင်းစွမ်းဆောင်ရည်တွေကိုပါ ထည့်သွင်းစဉ်းစားဖို လိုအပ်တာဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ဖြစ်နေတာက အတန်းထဲမှာ ဘယ်လောက်ပဲ စွမ်းဆောင်ခဲ့ စွမ်းဆောင်ခဲ့ နောက်ဆုံး (၃)နာရီဆိုတဲ့ အချိန်အပိုင်းအခြား တစ်ခုအတွင်းမှာ လုပ်ဆောင်ခဲ့တာနဲ့တင် အောင်မြင်မှုကို တိုင်းတာကြတာပါ။ အကျိုးဆက်အနေနဲ့ အတန်းထဲမှာ အိပ်နေပြီး စာမေးပွဲရောက်မှ အတင်းဇွတ်သိပ်ကျက်မှတ်နိုင်သူက အတန်းတွင်းစွမ်းဆောင်ရည်ကောင်းပေမယ့် ကျက်မှတ်မှုပိုင်းမှာ အားနည်းသူထက် ပို၍ အောင်မြင်မှုရသူတွေ ဖြစ်လာကြတော့ပါပဲ။ အားလုံးဟာ မတူညီတဲ့စွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်ထားကြပါတယ်။ အားလုံးအတွက် ညီတူညီမျှတဲ့ စံ၊ အဆင့်အတန်း သတ်မှတ်မှုလေးတစ်ခု လိုအပ်ပါတယ်။ ကျွန်တော်တို့ သတ်မှတ်လိုက်တဲ့ စံ၊ စနစ်တွေဟာ ကျောင်းသားတစ်ယောက်ရဲ့ စွမ်းဆောင်နိုင်မှုကို တတ်နိုင်သလောက် တိုင်းတာပေးနိုင်ဖို့ လိုပါတယ်။ သို့မှသာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံ၊ စနစ်တွေကို ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပြီး ပြည်ပရောက်လည်း မျက်နှာမငယ်ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောရရင် ကျွန်တော်တို့လူငယ်တွေ ညံ့ နေကြတာမဟုတ်ပါ၊ တော်ခွင့်မရနေကြတာပါ။ အတန်းတွင်းစွမ်းဆောင်ရည်တွေဟာ နောက်ဆုံးအောင်မြင်မှုကို တိုင်းတာတဲ့နေရာမှာ အကျုံးမဝင်တော့ အဲ့တာတွေမလုပ်လည်းရပါတယ်ကွာ၊ အလကားပင်ပန်းတယ် ဆိုတဲ့အတွေးမျိုးတွေ ဝင်လာကြပြီး၊ နှုတ်တိုက်ကျက်ဖြေဆိုရေးကိုပဲ ဦးတည်ကြိုးစားလာကြတာပါ။ ဒါကြောင့်မို့ ကျောင်းသားတွေရဲ့ အောင်မြင်မှုကို စာမေးပွဲရမှတ်တစ်ခုတည်းနဲ့တင် မဟုတ်ဘဲ ထိရောက်မှု (effectivenesss) ကိုပါ ထည့်သွင်းစဉ်းစားတဲ့ စံ၊ အဆင့်အတန်းတစ်ခု ပေါ်ထွန်းလာဖို့ မျှော့်လင့်မိပါကြောင်း။    ။

Comments