နားထောင်ခြင်း၊ မေးမြန်းခြင်း၊ ဆင်ခြင်ခြင်း (ဒေါက်တာကျော်စိန်)




နားထောင်ခြင်း၊ မေးမြန်းခြင်း၊ ဆင်ခြင်ခြင်း




(၁)

အရာရှိတစ်ဦ၏ စားပွဲပေါ်မှ တယ်လီဖုန်းမြည်လာသည်။ အရာရှိက ကောက်ကိုင်ကာ 'ဟဲလို...အမိန့်ရှိပါ' ဟု ဆိုလိုက်သည်။ တစ်ဖက်မှ ပုဂ္ဂိုလ်က 'ယခုတင်ပြမယ့် ကိစ္စကတော့ လွန်ခဲ့တဲ့ အစည်းအဝေးမှာ အစီအစဉ် အမှတ် (၃) နဲ့ ပက်သက်ပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်ရဲ့ ဆွေးနွေးချက်အပေါ်...' ဟု ပြောနေဆဲမှာပင် ထိုအရာရှိက 'ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဒါကတော့ ချမှတ်ထားတဲ့ စည်းမျဉ်းက ဒီလိုရှိလေတော့' ဟု ပြောလိုက်သည်။ သို့သော် တဖက်မှ ပုဂ္ဂိုလ်က ခပ်ဆတ်ဆတ်ဖြင့် 'ကျွန်တော် ပြောတာ ဆုံးအောင် နားထောင်ပါဦးလေ' ဟု သည့်အခါတွင်မှ အရာရှိက 'ဩော်...ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ပြောပါ' ဟု လိုက်လျောပါသည်။
ဤမြင်ကွင်းသည် အလွန်အလုပ်များပြားသော ဌာနတိုင်း၌ တွေ့ရရတတ်သည့် မြင်ကွင်းဖြစ်သည်။ အရာရှိ အဆင်မြင့်လေလေ လုပ်ရကိုင်ရ၊ ဆုံးဖြတ်ချက်ချရသည့် ကိစ္စရပ်များက များလေလေဖြစ်၍ စိတ်မရှည်တတ်ကြပေ။ တစ်ခါတစ်ရံ စိတ်တို၍ အော်ငေါက်မိပါကလည်း ဗျူရိုကရက်ဟူ၍ ကင်ပွန်းတပ်ခံရသေးသည်။ ထိုကြောင့် မချိသည့် နှလုံးကို ခပ်လျော့လျော့ အပြုံးဖြင့် ဖုံးထားစေကာမူ အလုပ်သဘာဝဖိအားကြောင့် စိတ်တိုလွယ်သည်၊ စိတ်မြန် စိတ်ဆတ်တတ်သည်။ သို့သော် စိတ်နောက်သို့ လက်မပါဖို့တော့ အရေးကြီးသည်။
ကျွန်ုပ်တို့၏ အရှိန်အဟုန်ပြင်းစွာ ပြေးလွှားနေသောစိတ်ကို ထိန်းချုပ်နည်းမှာ တစ်ဖက်လူ ပြောစကားကို ဂရုတစိုက်၊ တလေးတစား နားထောင်ရေးပင် ဖြစ်သည်။ အလုပ်သဘာဝ အတွေ့အကြုံများပြားလေလေ ကျွန်ုပ်တို့၏ စိတ်သည် ကွက်ကျောပြေးတတ်လေလေ ဖြစ်သည်။ တစ်ဖက်သား စကားတစ်ခွန်း၊ နှစ်ခွန်းစ ပြောလိုက်သည်နှင့် ဝါရင့်အရာရှိတို့ သိပြီး ဖြစ်တတ်ကြသည်။ ထို့ကြောင့် ထိုတစ်ဖက်သား စကားကို ကြားဝင် ဖြတ်မိတတ်သည်။ စင်စစ်မူ ထိုသို့ မပြုလုပ်သင့်ပေ။ မိမိက ကွက်ကျော်သိပြီး ဖြစ်ရေကာမူ ပြောလိုသူ ဆုံးခန်းတိုင် ပြောဖို့ အခွင့်အရေးတော့ ပေးရန်လိုပေသည်။ ယင်းကဲ့သို့ ထိုသူစကားဆုံးသည်အထိ သည်းခံနားထောင်ခြင်းသည်ပင် ကျွန်ုပ် တို့၏ တိုနေသောစိတ်ကို ဆွဲဆန့်သည့်သဘော ပါဝင်၏။ သည်းခံနားထောင်မှု များလေလေ စိတ်ရှည်လေ့ကျင့်မှု ကောင်းလေလေဟု ဆိုရမည် ဖြစ်၏။
နားထောင်ခြင်းသည် ပြောသူကို အားဖြည့်ပေးရာ ရောက်သည်။ နားထောင်သူ အဖို့လည်း မိမိအတွေ့ကြုံအရ သိရှိပြီးအချက်တို့အပြင် မိမိ မသိမမြင်သေးသော အချက်အလက်တို့ ပါကောင်းပါလာနိုင်သည်။ အယူအဆမတူသော အသုံးအနှုန်းတို့ ပါကောင်းပါလာနိုင်သည်။ နှစ်ဖက်စွန်းထွက်သော အတွေးအမြင်တို့ ဝင်ကောင်းဝင်လာနိုင်သည်။ ဤကဲ့သို့ ဖြစ်ခဲ့သော် နားထောင်ရကျိုး နပ်ပေပြီ။ မိမိ မသိမမြင်သေးသော၊ မိမိ မရှင်းမလင်းသော၊ မိမိနှင့် အယူအဆကွဲလွဲသော၊ နှစ်ဖက်စွန်းထွက်နေသော အကြောင်းအချက်တို့ကို ပြန်လည်မေးမြန်းနိုင်သည်။

(၂)

"မေးမြန်းသည်" ဆိုရာ၌ တကယ်နားထောင်သူသာ မေးမြန်းတတ်သည်။ အခြားသူပြောသည်ကို စိတ်မဝင်စားဘဲ တွေးချင်ရာတွေး၊ ငေးချင်ရာငေးနေသူတို့အဖို့ ဘာပြောရမှန်း မသိလိုက်သလို ဘာမေးရမှန်းလည်းမသိ ဖြစ်တတ်သည်။ စာရေးသူတို့ ကျောင်းသားဘဝက ဆယ်မီနာ (seminar) ခေါ် ဆွေးနွေးပွဲတွင် ပါဝင်ဆင်နွှဲခြင်း မပြုသူတို့အား ဆရာဖြစ်သူက 'ဒီကောင် မဆွေးနွေးနိုင်တာ "အိပ်" နေလို့သော်လည်းကောင်း၊ "အ" နေလို့သော်လည်းကောင်း ဖြစ်ရမယ်" ဟု ဆူပူလေ့ရှိပါသည်။
တစ်ခါတစ်ရံ မေးမြန်းသူတို့ကြောင့် ပြဿ     နာအတော်များများ အဖြေပေါ်သွားတတ်သည်။ "ပြဿ     နာ" ဟူသည် အဖြေနှင့် အခြားမသက်ဆိုင်သောအချက်တို့ ရောပြွမ်းရှုပ်ထွေးနေသော ချည်မျှင်ထုပ်ကဲ့သို့ ဖြစ်ပေရာ မဆိုင်သည့် အချက်တို့ကို မေးခွန်းတစ်ခုပြီးတစ်ခု မေး၍ စစ်ထုတ်လိုက်ပါက အဖြေသည် "ငုတ်တုတ်" ပေါ်ထွက်လာနိုင်ပေသည်။ ထို့ကြောင့် ဂတ်စတော့စိတ်ပညာရှင်တို့က "ပြဿ     နာဟူသည် သူ့ဘာသာသူ ရှင်းတတ်သော သဘောရှိသည်" ဟု မိန့်ဆိုခဲ့ကြသည်။ ဥပမာပြရသော် မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသိန်တို့၏ အမေးအဖြေကို ကြည့်ပါ။

မိလိန္ဒမင်းကြီး ။  ။ အရှင်ဘုရား၊ တပည့်တော်တစ်ခု မေးပါမည်။

အရှင်နာဂသိန် ။  ။ မင်းကြီး၊ မေးလော့။

မိလိန္ဒမင်းကြီး ။  ။ အရှင်ဘုရား၊ မေးပြီးပြီ။

အရှင်နာဂသိန် ။  ။ မင်းကြီး၊ ဖြေပြီးပြီး။

မိလိန္ဒမင်းကြီး ။   ။ အရှင်ဘုရား၊ ဘာကိုဖြေသနည်း။

အရှင်နာဂသိန် ။  ။ မင်းကြီး၊ ဘာကိုမေးသနည်း။

မိလိန္ဒမင်းကြီးက ခပ်ကတ်ကတ်မေးသည်။ ရှင်နာဂသိန်က အမေးကို ထပ်ကြပ်အမေးဖြင့် လိုက်သည်။ နောက်ဆုံးတွင် မိလိန္ဒမင်းကြီးသာ အရှုံးပေးရသည်။

(၃)

နားထောင်ခြင်း၊ မေးမြန်းခြင်း ပြုပြီးသောအခါတွင်မူ ကျွန်ုပ်တို့၏ ဥာဏ်အမြင်ဖြင့် ဆင်ခြင်သုံးသပ်ရပေလိမ့်မည်။ ပြောသည့်သူက တဝကြီး ပြောလိုက်ရ၍ စိတ်ကျေနပ်သွားပြီ။ နားထောင်သည့်သူကလည်း တဝကြီး အချိန်ပေးကာ နားထောင်လိုက်သဖြင့် စိတ်ရှည်အောင် လေ့ကျင့်ပြီး ဖြစ်သွားသည်။ နားထောင်ပြီး မရှင်းလင်းသည့်အချက်၊ မပြေလည်သည့်အချက်၊ တိမ်နေမှိန်နေသည့်အချက်တို့ကို မေးမြန်းလိုက်သဖြင့် ယခင်က မကျေလည်သည်တို့ ကျေလည်သွားပြီး၊ အစက မှိန်နေသည်တို့ လင်းလာသည်။ ဤတွင် နားထောင်သူတို့အဖို့ ဆင်ခြင်မှု ပြုစရာ အကြောင်းအချက် စုံလင်လာပေပြီ ဖြစ်၏။
အကြီးအကဲပုဂ္ဂိုလ်တို့သည် ကိစ္စတစ်ရပ်နှင့် ပက်သက်၍ အဆုံးအဖြတ်ပေးရာတွင် လက်လွတ်စပယ် မလုပ်သင့်ပေ။ အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်သည့်အလျောက် အစစ အရာရာ သိပြီး၊ နားလည်ပြီး၊ သဘောပေါက်ပြီး ဖြစ်သည်မှာ မှန်ပါ၏။ သို့သော် တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် တိတိကျကျ ဆုံးဖြတ်ချက်ချရမည့် ကိစ္စရပ်များတွင်မူ အထက်က တင်ပြသကဲ့သို့ (က) ဂရုတစိုက် စိတ်ဝင်စားစွာ နားထောင်ပါ။ (ခ) မရှင်းလင်း မသေချာက စစ်စစ်ပေါက်ပေါက် မေးမြန်းပါ။ (ဂ) ဖြေဆိုချက်များ၊ တင်ပြချက်များ အားလုံးကို ပေါင်းစပ် ဆင်ခြင်၍ ဥာဏ်ကြေးမုံပြင်တွင် မှတ်ကျောက်တင်ကြည့်ပါ။
ထို့နောက်တွင်မှ ဆုံးဖြတ်ချက်ချပါမူ သူတစ်ပါးလည်း ပြောချင်ရာ ထုတ်ဖော် ပြောလိုက်ရသဖြင့် စိတ်ချမ်းသာ၊ မိမိမှာလည်း ဆုံးဖြတ်ချက် မှန်ကန်၍ စိတ်ချမ်းသာ ဖြစ်ရမည်မှာ မလွဲသာဟု ဆိုလိုက်ချင်ပါသတည်း။
                                                             
                                                                            ဒေါက်တာကျော်စိန် (စိတ်ပညာဆောင်းပါးပေါင်းချုပ်မှ)

Comments