ကိုယ်ရည်ကိုယ်သွေးအမျိုးအစားနှင့်အလုပ်သဘာဝ (ဒေါက်တာကျော်စိန်)

ကိုယ်ရည်ကိုယ်သွေးအမျိုးအစားနှင့်အလုပ်သဘာဝ


(၁)

အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်း တက္ကသိုလ် (John Hopkins University) မှ အသက်မွေးဝမ်းကျောင်း စိတ်ပညာရှင် (Vocational psychologist) ဂျွန်အယ်ဟော်လန် (John L.Hholland) သည် အလုပ်ရွေးချယ်မှုနှင့် ပက်သက်၍ အယူအဆအသစ်တစ်ရပ်ကို မကြာသေးမီ ကာလက တင်ပြခဲ့ပါသည်။ ထိုအယူအဆမှာ လူတို့၏ ကိုယ်ရည်ကိုယ်သွေးကို အမျိုးအစားခွဲခြားပြီး၊ ထိုအမျိုးအစားနှင့် သဟဇာတဖြစ်သော အလုပ်အမျိုးအစးတို့ကို ယှဉ်တွဲ ဖော်ပြခြင်း ဖြစ်ပါသည်။
ဟော်လန်က ကိုယ်ရည်ကိုယ်သွေးအဆင်ကို ယေဘုယျအားဖြင့် (၆) မျိုး ရှိကြောင်း တင်ပြခဲ့ပါသည်။ ယင်းတို့မှာ (၁) စည်းစနစ်ကြီးသော ကိုယ်ရည်ကိုယ်သွေး၊ (၂) အစစ်အမှန်ကို အလေးထားသော ကိုယ်ရည်ကိုယ်သွေး၊ (၃) စူးစမ်းရှာဖွေလိုသော ကိုယ်ရည်ကိုယ်သွေး၊ (၄) အနုပညာကိုယ်ရည်ကိုယ်သွေး၊ (၅) ဆက်ဆံရေးကိုယ်ရည်ကိုယ်သွေးနှင့် (၆) ရဲဝံ့စွန့်စား ကိုယ်ရည်ကိုယ်သွေးတို့ ဖြစ်ကြပါသည်။

(၂)

(၁) စည်းစနစ်ကြီးသော ကိုယ်ရည်ကိုယ်သွေး ရှိသူတို့သည် ပေါ်ထွက်လာသည့် ရလဒ်တို့ကို စိတ်ဝင်စား၏။ အစစ အရာရာ အသေးစိတ် သိရှိလိုကြ၏။ စကားလုံးများ၊ ကိန်းဂဏန်းများနှင့် ဆက်စပ် ပက်သက်သော အလုပ်အကိုင်မျိုးကို ဝါသနာပါကြ၏။ အသေးစိတ် ညွှန်ကြားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လိုကြ၏။ ရှင်းလင်း ပြတ်သားမှု မရှိသော အခြေအနေတို့ကို မနှစ်သက်ကြကုန်။ ထိုသူတို့၌ ထင်ရှားပေါ်လွင်သော အဂါင်္ရပ်တို့မှာ စည်းစနစ် ကျနခြင်း၊ ဩတ္တပ္ပ စိတ်အားကြီးခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိခြင်းတို့ ဖြစ်ပေသည်။
(၂) အစစ်အမှန်ကို အလေးထားသော ကိုယ်ရည်ကိုယ်သွေး ရှိသူတို့ကား အားကစားဝါသနာ ပါ၍ နည်းပညာကို စိတ်ဝင်စားတတ်ကြ၏။ မိမိတို့ လက်ဖြင့် ပြုပြင်ခြင်း၊ တည်ဆောက်ခြင်း၊ စိုက်ပျိုးခြင်း လုပ်ရန် ဆန္ဒပြင်းပြကြ၏။ ပညာပေးလုပ်ငန်း၊ စိတ်ဖြေဖျောက်လုပ်ငန်းများကို မနှစ်သက်ကြပေ။ မိမိဆန္ဒကို ဖော်ပြရန် လည်းကောင်း၊ အခြားသူတို့နှင့် တွဲဖက်၍လုပ်ဆောင်ရန် လည်းကောင်း၊ စိတ်ကူးအသစ်အဆန်းတို့ကို လက်ခံလည်းကောင်း မပြုလုပ်လိုကြပေ။ ထိုသူတို့၏ အဂါင်္ရပ်တို့မှာ တည်ငြိမ်ခြင်း၊ ပွင့်လင်းခြင်း၊ မိမိကိုယ်ကို အားကိုးခြင်း၊ လက်တွေ့ကျခြင်း၊ ရုပ်ပိုင်း အဓိကထားခြင်းတို့ ဖြစ်ပေသည်။
(၃) စူးစမ်းရှာဖွေလိုသော ကိုယ်ရည်ကိုယ်သွေး ရှိသူတို့ကား ဝတ္တုမဲ့ပြဿနာတို့ကို ဖြေရှင်းလိုသူများ ဖြစ်ကြ၏။ ရှုမှတ်ခြင်း၊ သင်ယူခြင်း၊ စူးစမ်းရှာဖွေခြင်းနှင့် ပြဿနာဖြေရှင်းခြင်းတို့ကို မိမိဘာသာ တစ်ဦးတည်းသာ လုပ်ကိုင်လို၏။ အထူးသဖြင့် သိပ္ပံနှင့် နှီးနွယ်သော ပြဿနာဒေသစိတ်တို့တွင် အဖြေရှာခြင်းကို အထုံဝါသနာပါကြ၏။ အခြားသူများနှင့် ပူးတွဲလုပ်ဆောင်ခြင်း၊ ထပ်တလဲလဲပြုမူရခြင်းတို့ကို မလိုလားမနှစ်သက်တတ်ကြပေ။ ထိုသူတို့၌ ထင်ရှားသော အဂါင်္ရပ်တို့မှာ ခွဲခြမ်းစိစစ်ခြင်း၊ လွတ်လပ်စွာ ပြုမူခြင်း၊ သိလိုစိတ်ပြင်းပြခြင်းနှင့် တိကျခြင်းတို့ ဖြစ်ပေသည်။
(၄) အနုပညာ ကိုယ်ရည်ကိုယ်သွေးရှိသူတို့ကား စိတ်ကူးအကြံအစည်များကို တီထွင်ဖန်တီးသူများ ဖြစ်ကြ၏။ အသစ်ထွင်ခြင်း၊ စိတ်ကူးယဉ်ခြင်းနှင့် တီထွင်ဖန်တီးခြင်းစသော စိတ်အလုပ်များတွင် အားသန်တတ်ကြ၏။ စနစ်တကျဖွဲ့စည်းမှုကို လည်းကောင်း၊ စည်းကမ်းဘောင် သတ်မှတ်မှုကို လည်းကောင်း၊ ကာယအလုပ်ကို လည်းကောင်း မနှစ်သက်ကြပေ။ ထိုသူတို့၌ ထင်ရှားသော အဂါင်္ရပ်တို့ကား စိတ်ကူးယဉ်ခြင်း၊ စိတ်ကွန့်မြူးခြင်း၊ ပင်ကိုသဘာဝရှိခြင်း၊ ထိုးထွင်းသိခြင်းနှင့် ဖော်ထုတ်ပြသတတ်ခြင်း ဖြစ်ပေသည်။
(၅) ဆက်ဆံရေးကိုယ်ရည်ကိုယ်သွေး ရှိသူတို့ကား အခြားသူများကို ကူညီတတ်သူများ၊ လူအများစုနှင့် စုပေါင်း လုပ်ဆောင်လိုသူများ ဖြစ်ကြ၏။ သတင်းပေးခြင်း၊ အသိဥာဏ်ဖြန့်ဝေခြင်း၊ ကူညီခြင်း၊ လေ့ကျင့်ပေးခြင်း၊ ဖွံ့ဖြိုးစေခြင်း၊ ကုသခြင်းတို့ကို ဝါသနာပါတတ်၏။ စက်ကိရိယာတို့ကို လည်းကောင်း၊ ကာယ အားထုတ်မှုကိုလည်းကောင်း မနှစ်သက်တတ်ကြပေ။ ထိုသူတို့၌ ထင်ရှားသော အဂါင်္ရပ်တို့ကား ပူးပေါင်းဆောက်ရွက်ခြင်း၊ နားလည်မှုရှိခြင်း၊ ကူညီတတ်ခြင်း၊ ပရိယာယ်သုံးခြင်း၊ ဆက်ဆံရေးပြေပြစ်ခြင်း၊ ကိုယ်ကျင့်တရား အလေးထားခြင်းတို့ ဖြစ်သည်။
(၆) ရဲဝံ့စွန့်စား ကိုယ်ရည်ကိုယ်သွေး ရှိသူတို့ကား အခြားသူများနှင့်အတူ လုပ်ဆောင်လိုစိတ်ရှိတတ်၏။ အခြားလူများအပေါ် ဩဇာလွှမ်းမိုးလိုကြ၏။ အခြားသူများကို ခေါင်းဆောင်ရန် လည်းကောင်း၊ စီမံအုပ်ချုပ်ရန် လည်းကောင်း၊ ဩဇာလွှမ်းမိုးရန်လည်းကောင်း ပြုလုပ်တတ်ကြ၏။ တိကျသောအလုပ်၊ အားစိုက်ရမည့် အသိဥာဏ်အလုပ်နှင့် စနစ်ကျသည့် အပြုအမူတို့ကို မနှစ်သက်တတ်ကြပေ။ ထိုသူတို့၌ ထင်ရှားသော အဂါင်္ရပ်တို့ကား ခွန်အားတက်ကြွခြင်း၊ လွှမ်းမိုးခြင်း၊ ဖျောင်းဖျပြောဆို ကိုယ့်အလိုပါအောင် စွမ်းဆောင်တတ်ခြင်း၊ မျှော်မှန်းချက် မြင့်မားခြင်း၊ အရောတဝင် ပြောဆိုပြုမူတတ်ခြင်းတို့ ဖြစ်ပေသည်။

(၃)

အထက်ပါကိုယ်ရည်ကိုယ်သွေး (၆) မျိုးနှင့် သဟဇာတဖြစ်နိုင်သော အလုပ်အမျိုးအစားတို့ကိုလည်း အလုပ်အမျိုးအစား ဆဌဂံပုံဖြင့် ဟော်လန်က တင်ပြခဲ့၏။ (ပုံတွင်ကြည့်ပါ)။

 ဟော်လန်၏ သီအိုရီအရ တစ်စုံတစ်ဦးသည် မိမိ၏ ဝါသနာ၊ စိတ်ဝင်စားမှု စသည်တို့ကို မိမိဘာသာ လေ့လာဆင်ခြင်၍ မည်သည့် ကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွင် ပါဝင်ကြောင်း သိနိုင်၏။ ပိုမို၍ တိကျစွာ သိရှိလိုပါမူ "ဟော်လန်၏ အတ္တလမ်းညွှန် ရှာဖွေစစ်ဆေးလွှာ" (Holland's The Self-directed Search) သို့မဟုတ် "စတရောင်းနှင့် ကင့်ဘဲ စိတ်ဝင်စားမှု စစ်တမ်း" (Strong-Campbell Interest Inventory) ကို သုံးစွဲ၍ စိစစ်နိုင်၏။ ထိုစစ်ဆေးလွှာတို့ကား တစ်စုံတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးအဆင်ကို ကဏ္ဍသုံး လေးခု တွဲ၍ ဖော်ပြနိုင်၏။
ဥပမာ- မောင်ဘ၏ ကိုယ်ရည်ကိုယ်သွေး အဆင်သည် (A) အနုပညာ။ (S) ဆက်ဆံရေးနှင့် (I) စူးစမ်းရှာဖွေဟူသော ကဏ္ဍ သုံးရပ်တွင် အကျူံးဝင်သည် ဆိုပါစို့။ ဆဌဂံတွင် ပါဝင်သော စိတ်ပညာရှင်၊ စိတ်ကုဆရာဝန်၊ ဇီဝဗေဒသင်ဆရာ၊ ဗိသုကာ ပညာရှင်၊ သတင်းစာဆရာ စသည့် အလုပ်မျိုးကို ရွေးချယ်လုပ်ကိုင်ရန် အကြံဥာဏ် ပေးနိုင်ကြ၏။ သို့သော် ကျွန်ုပ်တို့ သတိပြုရမည့် အချက်ကား အကြံဥာဏ်ပေးခြင်းသာပြု၍ အဆုံးအဖြတ်ကို ကာယကံရှင်ကသာ ပြုလုပ်ရမည် ဟူသော အချက်ဖြစ်သည်။

ဒေါက်တာကျော်စိန်
(အတွေးအမြင်၊ အောက်တိုဘာ ၁၉၈၅)

Comments