အသက်ကြီးသော် အိုတတ်ပါစေ (ဒေါက်တာကျော်စိန်)

အသက်ကြီးသော် အိုတတ်ပါစေ



၁၉၆၃-၆၄ ခုနှစ်အတွင်းက ကျွန်တော်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အနောက် ၁၁၂ လမ်းရှိ စိန့်မတ်ဟိုတယ် (St. Mark Hotel) တွင် ကိုလံဘီယာတက္ကသိုလ်၏ ဘွဲ့လွန်သင်တန်းသား တစ်ဦးအဖြစ် နေထိုင်လျက် ရှိပါသည်။ ထိုစဉ်က ကျွန်တော် နေထိုင်သည့် ဟိုတယ်နှင့် မျက်နှာချင်းဆိုင်တွင် အုတ်နီရောင်လွှမ်းနေသော အဆောက်အအုံကြီးတစ်ခု ရှိပါသည်။ ထိုအဆောက်အအုံကြီးမှာ တနင်္လာနေ့မှ သောကြာနေ့အထိ ငြိမ်သက်တိတ်ဆိတ်နေတတ်ပြီး သောကြာနေ့၊ စနေနေ့ညများတွင်မူ မီးများထိန်လင်းလျက် လူအဝင်အထွက် ရှုပ်ထွေးကာ လှုပ်ရှားတက်ကြွ အသက်ဝင်နေသည်ကို သတိပြုမိလာပါသည်။
တစ်လတွင် နှစ်ခါ၊ သုံးခါဆိုသလို အသုဘသေတ္တာတင်သည့် ကားအရှည်ကြီးများလည်း အဝင်အထွက်ရှိကြောင်း တွေ့ရပါသည်။ တစ်ခါတစ်ရံ ကျောင်းတက်ရာမှ ပြန်အလာ အမှတ်တမဲ့ ထိုအိမ်ကြီးဆီသို့ ကြည့်မိသောအခါ အသက် ၇၀ ကျော် အဘိုး၊ အဘွားတို့ တလှုပ်လှုပ် ဝင်ထွက်နေကြောင်း တွေ့ရပါသည်။
တစ်နေ့တွင် ကျွန်တော်နှင့် အခန်းချင်း ကပ်လျက်တွင် နေထိုင်သော ဂီတပါရဂူဘွဲ့သင်တန်းသား မိတ်ဆွေတစ်ဦးနှင့် စကားစပ်မိကြသည်တွင် ထိုအိမ်ကြီးမှာ "ဘိုးဘွားရိပ်သာ" တစ်ခုဖြစ်ကြောင်း သိရပါတော့သည်။ ထိုမိတ်ဆွေက 'တစ်လ တစ်ခါ နှစ်ခါ ဆိုသလို ကားအနက်အရှည်ကြီးတွေ လာတာတွေ့တယ် မဟုတ်လား၊ အဲ့ဒါ ကွယ်လွန်တဲ့ အဘိုးအဘွားတွေကို အသုဘအိမ် (Funeral parlour) ကို ပို့တာပေါ့' ဟု ပြောပါသည်။ ဤတွင် ကျွန်တော်က သောကြာနေ့ည၊ စနေနေ့ညများတွင် မီးထိန်ထိန်လင်း၍ လှုပ်ရှားသက်ဝင်တတ်ကြောင်း ပြောပြရာ 'အဲဒါကတော့ တစ်ပတ်တစ်ခါ ကျင်းပတဲ့ ဘိုးဘွားတို့ရဲ့ မိတ်ဆုံကပွဲ၊ သောက်ပွဲ၊ ပျော်ရွှင်ပွဲကလေးပေါ့' ဟု ပြောပါသည်။
ဤတွင် ကျွန်တော် အလွန်စိတ်ဝင်စားမိသွားပြီး ထိုနေ့ညမျိုးတွင် ခွင့်ပန်၍ ဝင်ကြည့်လိုကြောင်း ပြောရာ ထိုမိတ်ဆွေက သူ့အသိနှင့် ဆက်သွယ်ပေးပါသည်။ ထိုပုဂ္ဂိုလ်၏ ကူညီမှုကြောင့် ဘိုးဘွားတို့ ဂေဟာသို့ သောကြာနေ့ တစ်ညနေ ရောက်ရှိသွားပါသည်။
ဧည့်ခန်းထဲသို့ ဝင်လိုက်သည့်အခါ မှိန်ပျပျ မီးရောင်အောက်ဝယ် အတွဲလိုက် ညင်သာစွာ ကနေသူတို့ကို လည်းကောင်း၊ အဖွဲ့လိုက် စုထိုင် စကားပြောရင်း ဘီယာအချိုရည် သုံးဆောင်နေသူတို့ကို လည်းကောင်း တွေ့ရပါသည်။ တိပ်ရီကော်ဒါမှလည်း 'ပါးချင်းအပ်လို့ ကကြမယ် (Dancing cheek to cheek) ဆိုသည့် ဖရင့်ဆဲနတ်ထရာ (Frank Sinatra) ၏ တေးသံသာမှာ တိုးတိုးသက်သာ ပျံ့လွင့်၍ နေပါသည်။ အားလုံးသော ပုဂ္ဂိုလ်တို့မှာ အသက် ၇၀ ကျော်များချည်း ဖြစ်ကြပါသည်။
လူငယ်တို့၏ ပါတီများတွင် တွေ့ရတတ်သော ဆူညံခြင်း၊ ပေါက်ကွဲခြင်း၊ လှုပ်ရှားမြူးထူးခြင်းတို့ မရှိပါ။ သို့သော် လူငယ်တို့၏ ပါတီများတွင် တွေ့ရတတ်သော ပီတိရောင်လွှမ်းသည့် အပြုံးလှိုင်လှိုင်တို့ကို လည်းကောင်း၊ ဘဝအတွက် တက်ကြွအားမာန်တို့ကို လည်းကောင်း ဘိုးဘွားတို့၏ မျက်နှာတွင် အထင်းသား တွေ့ရပါသည်။
ပါးချင်းအပ်ကာ တွဲကနေသော အသက် ၈၀ ခန့် ဘိုးဘွား (၂) ဦးတို့ကို မေးကြည့်သည့်အခါ အထက်တန်းကျောင်းတွင် အတူနေစဉ်က ငယ်ကျွမ်းဆွေ ဖြစ်ကြောင်း၊ တက္ကသိုလ်အရောက်တွင် ကွဲသွားကြပြီး အဘွားမှာ ကျောင်းဆရာမ၊ အဘိုးမှာ တပ်မတော် အရာရှိအဖြစ် နောက်ဆုံး အိမ်ထောင်ကျ၊ မြေးမြစ်တွေ ရခဲ့ကြောင်း၊ ယခု နှစ်ပေါင်း (၆၀)ကျော် အကြာမှ ဤနေရာသို့ အဘွားရောက်လာကြောင်း၊ အဘွားရှိကြောင်း သတင်းကြား၍ အဘိုးက သောကြာ၊ စနေနေ့များ ညတွင် အလည်အပတ် "ဒိတ်" လုပ်ရန် လာကြောင်း သိရပါသည်။
ဘီယာသောက်နေသော အဘိုးတစ်စုကား ယမန်နေ့က တီဗွီတွင် ပြသသော လက်ဝှေ့ပွဲအကြောင်း၊ မကြာမီ လာတော့မည့် ပြည်နယ်အလိုက် ဘောလုံးပြိုင်ပွဲတွင် မည်သည့်ပြည်နယ်၏ အခြေအနေ မည်သို့ရှိကြောင်း မြိန်ရေရှက်ရေ ပြောနေကြပါသည်။ အော်ဟစ်ဆူညံခြင်း မရှိသော်လည်း တက်ကြွမှု အားမာန်၊ စိတ်ဝင်စားမှု ဟန်ပန်င အပြည့်အဝ ရှိနေပါသည်။ သူတို့ ယဉ်ကျေးမှုအရ ပါးချင်းအပ် တွဲကြခြင်း၊ ဘီယာသောက်ခြင်း စသည်တို့ကိုမူ နားလည် ခွင့်လွှတ်သည့် အမြင်ရှိဖို လိုပါသည်။ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှု မျက်စိတွင်မူ အသက် (၇၀) ကျော်၊ (၈၀) အရွယ် ဘိုးဘွားတို့ ယင်းသို့ ပြုမူနေသည်ကို ကြည့်၍ မရပါ။ သို့သော် စိတ်ပညာ ရှုထောင့်မှ ကြည့်သော် ယင်းတို့၏ ဘဝအတွက် အားမာန်တက်မှု၊ အသက်ရှင်သန်ရေးအတွက် အပြည့်အဝ လှုပ်ရှားမှုတို့ကို ချီးကျူးအတုယူရမည် ဖြစ်ပါသည်။
ထိုမြင်ကွင်းကို စိတ်မျက်စိတွင် ထင်မြင်လာတိုင်း "အသက်ကြီးသော် အိုတတ်ပါစေ" ဟု ဆန္ဒပြုလိုစိတ် ဖြစ်ပေါ်လာရပါသည်။ ကျွန်တော်တို့ အရှေ့တိုင်းတွင် "ဝယဝုဒ္ဓိ​" ဟူ၍ အသက်ကြီးခြင်းကို ဂုဏ်တစ်ရပ်အဖြစ် သတ်မှတ်ပါသည်။ သို့သော် တစ်ဖက်မှလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း မကြာမကြာ အမိန့်ရှိဖူးသလို "အိုမင်းမစွမ်း" (အိုမင်းတော့လည်း မစွမ်းဆောင်နိုင်) ဟူသော အသုံးအနှုန်းကလည်း ရှိနေပါသေးသည်။
စိတ်ပညာရှင်တစ်ဦး အနေနှင့်မူ (၁) အသက်ကြီးကို ဂုဏ်ယူပါ။ (၂) အိုမင်းသော်လည်း စွမ်းဆောင်နိုင်သည့် အရာများ ရှိပါသေးသည်။ (၃) အသက်ကြီးသော် "အို" တတ်ပါစေဟု တိုက်တွန်းလိုပါသည်။
အသက်အရွယ် အိုမင်းသည့်အခါတွင် ရှောင်ကြဉ်ရမည့် ကိစ္စများနှင့် ပက်သက်၍ အင်္ဂုတ္တိုရ် မြန်မာပြန် (ပဉ္စကနိပါတ်) ပ-ဒု၊ အနယုသာသုတ်တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။ (၁) မလျောက်မပတ်သည်ကို ပြုလုပ်လေ့ရှနခြင်း (အဝတ်အဆင်၊ အစားအသောက်၊ ကိုယ်၊ နှုတ်၊ စိတ် အပြုအမူအားလုံး) (၂) လျောက်ပတ်ရာ၌လည်း အတိုင်းအရှည်ကို မသိခြင်း (မိမိနှင့် သင့်သော အစာကိုပင် အလွန်အကျွံ စားသောက်ပါက ဘေးဖြစ်နိုင်သည်)၊ (၃) ကြေညက်ခဲသော အစာကို စားလေ့ရှိခြင်း၊ (၄) အချိန်အခါ မဟုတ်ဘဲ သွားလာလေ့ရှိခြင်း (သီလမရှိခြင်း)၊ (၅) မေထုန်အကျင့်ကို ကျင့်လေ့ရှိခြင်းဟူ၍ ဖော်ပြထားပေသည်။
စိတ်ပညာရှင်တို့ကမူ ပျော်ရွှင်အောင်မြင်စွာ အသက်ကြီးရင့်ခြင်းနှင့် ပက်သက်၍ သီအိုရီ (၂) ခု တင်ပြကြပါသည်။ ပထမ သီအိုရီကို လှုပ်ရှားတက်ကြွမှု သီအိုရီဟု အမည်ပေး၍၊ ဒုတိယ သီအိုရီကိုမူ ငြိမ်းချမ်းစွာ ရှောင်ခွာမှု သီအိုရီဟု အမည်ပေးပါသည်။
ပထမသီအိုရီအရ အသက် (၆၀) ကျော်သူတစ်ဦးအဖို့ လူ့အဖွဲ့အစည်းက မိမိကို အနားပေးတော့မည့် ဟူသော အချက်ကို ရှေးဦးစွာ လက်ခံလိုက်ပါ။ ထို့နောက် အသက် (၆၀) မတိုင်မီက ပြုလုပ်ခဲ့သော အပြုအမူများ နေရာတွင် အစားထိုးရန် အသင့် ရှာဖွေထားပါ။ ယင်းသို့ ပြင်ဆင်ထားခဲ့လျှင် အသက် (၆၀) ကျော် အလုပ်မှ အငြိမ်းစားယူပြီးသည်နှင့် တစ်ပြိုင်နက် အခြား လုပ်စရာအလုပ်၊ ပေါင်းသင်းစရာ ပုဂ္ဂိုလ်များ ရှိနေပြီဖြစ်၍ ဘဝတွင် မပျော်ရွှင် မကျေနပ်စရာအကြောင်း မရှိတော့ပါ။
တစ်နည်းဆိုရရလျှင် အသက် (၆၀) မတိုင်မီက "အလုပ်သွားခြင်း၊ ဂေါက်သီးရိုက်ခြင်း၊ ဘီယာသောက်ခြင်း" စသည့် အပြုအမူတို့နေရာတွင် "စာဖတ်ခြင်း၊ ပန်းမန်စိုက်ပျိုးခြင်း၊ လမ်းလျှောက်ခြင်း၊ မန်ကျည်းဖျော်ရည်သောက်ခြင်း" တို့နှင့် အစားထိုးလိုက်ပါ။ ပေါင်းဟောင်းသင်းဟောင်း အလုပ်ခွင်တွင်းမှ လူများနေရာတွင် အိမ်ရှိ တူ၊ တူမ၊ မြေးမြစ်များ၊ အိမ်နီးနားချင်း ကလေးများ၊ ရပ်ကွက်တွင်းမှ အခြားအငြိမ်းစားယူပြီးသူ သက်တူရွယ်တူများကို အစားထိုးလိုက်ပါ။ ဘဝသည် ပြည့်စုံပျော်ရွှင် ကျေနပ်ဖွယ် ကောင်းသွားပါလိမ့်မည်ဟု ဆိုထား၏။ ဤသည်ပင် အသက်ကြီးက အိုတတ်ဖို့အတွက် လမ်းညွှန်ချက်တစ်ရပ် ဖြစ်ပါပေသည်။
ဒုတိယသီအိုရီကမူ ပထမသီအိုရီနှင့် ဆန့်ကျင့်ဘက် အယူအဆကို တင်ပြထား၏။ အသက် (၆၀) ကျော်သည်နှင့် လူ့အဖွဲ့အစည်းက မိမိကို အဆက်ဖြတ်တော့မည် ဖြစ်သကဲ့သို့ မိမိကလည်း လူ့အဖွဲအစည်းနှင့် အဆက်ဖြတ်ဖို့ ကြိုးစားပါ။ မိမိအလုပ်မှ လည်းကောင်း၊ ပေါင်းဟောင်းသင်းဟောင်းများမှ လည်းကောင်း ရှောင်ခွာလိုက်ပါ။ သံယောဇဉ်နှောင်ကြိုး အထပ်ထပ်ကို ထောင်းထောင်းကြေအောင် ဖြတ်လိုက်ပါ။ ထို့နောက် မိမိ၏အတွင်းစိတ် ငြိမ်းချမ်းရေးကိုသာ ရှေးရှုလုပ်ဆောင်ပါ။ အလုပ်မှ အငြိမ်းစားယူလိုက်ခြင်းသည် နှလုံးတုန်စေ၊ ရင်ခုန်စေ၊ ဦးနှောက်ခြောက်စေ၊ အသက်တိုစေသော ပြဿနာသောင်းခြောက်ထောင် ဘေးမှ ကင်းဝေးခြင်း ဖြစ်သည်ဟု ယူဆလိုက်ပါ။ မင်္ဂလာဆောင်၊ ရှင်ပြု၊ ညစာစားပွဲတို့သို့ အဖတ်မခံရခြင်းသည် သက်တောင့်သက်သာ ကိုယ်ချမ်းသာသလို အနားယူနိုင်ရန် အခွင့်အရေးသစ်ကို လမ်းဖွင့်ပေးထားသည်ဟု ယူဆလိုက်ပါ။ အသက်ကြီးသည်နှင့်အမျှ စိတ်ချမ်းသာပါလိမ့်မည်ဟု ဆိုထားသည်။
ကျွန်တော် နိဂုံးချုပ်ပါတော့မည်။
ကျွန်တော့်ဆောင်းပါး "အသက်ကြီးသော အိုတတ်ပါစေ" ဟု ဆိုထားသောကြောင့် ၆၀ မကျော်သေးသူက မိကျောင်းမင်း ရေခင်းပြသည်ဟု မထင်ကြစေလိုပါ။ အထက်တွင် ကျွန်တော်သည် ဘာသာရေးရှုထောင့်မှ အချက် ၅ ချက်နှင့် စိတ်ပညာရှုထောင့်မှ သီအိုရီ ၂ ရပ်ကို တင်ပြထားပါသည်။ အကယ်၍ ဤဆောင်းပါးဖတ်သူသည် အသက် ၆၀ အောက် ဖြစ်ပါက သိပ် တွေးတောချိန်ဆ စဉ်းစားစရာ မလိုပါ။ နောင်အခါ ဖတ်ရန် ဤဆောင်းပါးကို သိမ်းဆည်းလိုက သိမ်းဆည်းထားနိုင်ပါသည်။
အကယ်၍ ဆောင်းပါးဖတ်နေသူသည် အသက် ၆၀ (အငြိမ်းစား) ပုဂ္ဂိုလ်များ ဖြစ်နေခဲ့သော် အချက် ၅ ချက်ကို အထပ်ထပ်ဖတ်၍ မိမိလက်ရှိ အခြေအနေနှင့် ချိန်ထိုးကြည့်ရန် လိုပါလိမ့်မည်။ ဆန့်ကျင်ဘက် သီအိုရီ ၂ ခုကို အထပ်ထပ် ဆင်ခြင်၍ မိမိ၏ ဓာတ်ခံအခြေအနေနှင့် မည်သည့်သီအိုရီတို့ ကိုက်ညီသည်ကို ချိန်ကိုက်ကြည့်ရန် လိုပါလိမ့်မည်။
အသက် ၆၀ ကျော် ကျွန်တော့်မိတ်ဆွေ ၂ ဦး ရှိပါသည်။ တစ်ဦးက နုပျိုစဉ်က ဂီတအနုပညာ လိုက်စား၍ ယမကာလေး မှီဝဲကာ မိန်းကလေး မိတ်ဆွေအများနှင့် ပျော်ပျော်ရွှင်ရွှင် နေခဲ့သူ ဖြစ်ပါသည်။ ယခု သူသည် သီချင်းကြီး ရေဒီယိုမှ လာလျှင် စည်းလိုက်၍ မေဆွိ၏ စတီရီယိုသံကြားလျှင် ဒူးလေးနှန့်ကာ တစ်ခါတစ်ရံ ဘီယာအေးအေး အနည်းငယ်မှီဝဲ၍ မြေးများ၊ တူမများကို အားလပ်ချိန်တွင် အင်္ဂလိပ်စာ သင်ပေးနေပါသည်။
အခြညးမိတ်ဆွေ တစ်ဦးမှာ "ပျို" စဉ်က စကားနည်း၍ စာရင်းအင်း ပါဝင်သော လုပ်ငန်းခွင်တွင် အသောက်အစား ကင်းရှင်းစွာ ငါးပါးသီလ မြဲခဲ့သော လူပျိုကြီး ဖြစ်ပါသည်။ ယခု အိုသည့်အခါတွင်မူ သက်သက်လွတ်စား၍ ဥပုပ်နေ့တိုင်း ရှစ်ပါးသီလမြဲပြီး တရားအားထုတ်၊ တရားစာအုပ်နှင့် နေသူ ဖြစ်ပါသည်။ တူ၊ တူမများလာသည်ကိုလည်း ဟက်ဟက်ပက်ပက် မရှိလှပါ။
ထိုပုဂ္ဂိုလ် ၂ ဦးသည် ကိုယ်ရည်ကိုယ်သွေးအဆင်တွင် သိသာထင်ရှားစွာ ခြားနားကြပါသည်။ သို့သော် သူတို့နှစ်ဦးလုံး၏ လောကအမြင်သည် ကြည်လင်ပါသည်။ သူတို့နှစ်ဦးလုံး ပျော်ရွှင်ကျေနပ်လျက် ရှိကြပါသည်။
သူတို့နှစ်ဦးကား အသက်ကြီးသည့်အခါတွင် "အအို" တတ်သူများဟု သတ်မှတ်ကာ ကျွန်တော်လည်း သူတို့နည်းတူ "အအို" တတ်ရန် ကြိုးပမ်းလျက် ရှိပါသည်။ သို့သော် ကျွန်တော်ကား "အို" ရန် အချိန်အတော်လိုသေးသည်ဖြစ်ရာ မကြာမီအိုတော့မည့် သူတို့အား ဤဆောင်းပါးဖြင့် "ဘုန်းကြီး စာချ" လိုက်ရပါသတည်း။
ဒေါက်တာကျော်စိန်
မှတ်ချက် ။  ။ ဆရာကြီး၏ မူရင်းဆောင်းပါးတွင် ဝယဝု (ဍ္ဎ)ကိုလုံးကြီးတင်နှင့် ရေးထားပါသည်၊ စာရိုက်ရာတွင် အခက်အခဲရှိခဲ့တာကြောင့် ကျွန်တော်က အဓိပ္ပါယ်တူသည့် "ဝယဝုဒ္ဓိ" ဖြင့် အစားထိုးထားပါသည်။ (ထက်ဇော်ထူး)

Comments