အခြေခံကို မြန်မြန်ပြောင်းပါတော့(မောင်သာချို)

အခြေခံကို မြန်မြန်ပြောင်းပါတော့


(တစ်)

တစ်ရက် ကျောင်းဆရာမကလေး တစ်ယောက် ကျွန်တော့်အိမ်ကို

ရောက်လာပါတယ်။ ပညာရေး တက္ကသိုလ်မှာတုန်းက တပည့်ဖြစ်

ခဲ့ဖူးတဲ့  ဆရာမကလေးပေါ့။ တက္ကသိုလ်ကျောင်းသူကလေးဘဝ

ကတည်းက ရင်းရင်းနှီးနှီးရှိတဲ့အပြင် အိမ်ကိုပါ ဝင်ထွက်ကာ

မိသားစုနဲ့ပါ ရင်းနှီးနေတဲ့သူကလေးဖြစ်တာကြောင့် ဆိုးတိုင်ပင်

ကောင်းတိုင်ပင်လို့ ဆိုပါတော့။


သူက ပညာရေးဘွဲ့(B.Ed) ရပါတယ်။ ကျောင်းပြီးလို့ တစ်နှစ်

မပြည့်ခင်ကလေးမှာကိုပဲ အလုပ်ရပါတယ်။ သူတာဝန်ကျရာနေရာ

(Posting)က ရန်ကုန်တိုင်းအတွင်းက ရွာလေးတစ်ရွာပါ။ ရန်ကုန်

တိုင်းအတွင်းကလို့ ဆိုလိုက်တဲ့အတွက် သိပ်မဝေးလောက်ဘူး

လို့တော့ မထင်လိုက်ပါနဲ့။ တာဝန်ကျတဲ့နေရာကို သွားကြည့်ပြီး

ပြန်လာတဲ့အခါ ကျွန်တော့်အိမ်ကို ငို ပြီးတော့ တက်လာတာပါ။

အလုပ်ကို လုပ်သင့်၊ မလုပ်သင့် လာတိုင်ပင်တာပါ။


သူတာဝန်ကျတဲ့ရွာက ရန်ကုန်တိုင်းလို့ ဆိုပေမယ့်လည်း တိုင်းရဲ့

အစွန်အဖျားပါ။ ပင်လယ်နဲ့နီးတဲ့ ရွာကလေးပါ။ ရန်ကုန်ကနေ

သုံးခွကို ကားစီးသွားရပါတယ်။ သုံးခွကနေ ရွာကိုသွားရတာကတော့

နွေအခါမှာ ဆိုင်ကယ်ကယ်ရီနဲ့ သွားလို့ရပေမယ့်လည်း မိုးမှာက

သွားလို့မရတဲ့ လမ်းအမျိုးအစားပါ။ ဒါ့ကြောင့် မိုးတွင်းတစ်ခုလုံး

စက်လှေကလေးနဲ့ သွားရပါတယ်။ စက်လှေ လမ်းကြောင်းက

မိုးရာသီရောက်ပြီဆိုမှ ရေပြည့်ကာ သွားလို့ လာလို့ရတဲ့ ရေသွင်း

ရေနုတ်မြောင်း ကြီးတစ်ခုသာပါ။ စက်လှေသုံး လေးငါးနာရီစီးပြီး

ရောက်တဲ့အခါ ရွှံ့ညွန်ပြင်ကျယ်ကြီးတစ်ခုကို ဖြတ်ပြီးတက်လိုက်

တော့မှ အဲ့သည့်ရွာကို ရောက်တာပါ။


လျှပ်စစ်မီးမရှိ၊ ရေသန့်ရေကောင်းမရှိတဲ့ အဲ့သည့်ရွာမှာ ရွာနဲ့

တော်တော်လှမ်းတဲ့နေရာမှာမှ အလယ်တန်းကျောင်းကလေး

ရှိပါတယ်။ ဆရာမတွေစုနေဖို့ အိမ်ကလေးတစ်လုံးဆောက်ပေး

ထားပါတယ်။ အိမ်သာက အိမ်ရဲ့အပြင်တစ်နေရာမှာပါ။


ဆိုင်ကယ်ကယ်ရီ အဆင်ပြေတဲ့ကာလမှာ ဆိုင်ကယ်နဲ့သွားပေမယ့်

ဆိုင်ကယ်သမားကို စိတ်မချရတဲ့ဘဝ၊ မိုးတွင်းမှာ ရေလမ်းက

သွားတဲ့အခါ ရေမကူးတတ်သူမို့ စိုးတထိတ်ထိတ်နေရတဲ့ဘဝ၊

ညရေးညတာ အပြင်ထွက်ဖို့ရာ ပူပန်နေရတဲ့ဘဝ၊ မူးယစ်တတ်သူ

ရွာလူဆိုးတချို့က အိမ်နားကိုလာကာ ရစ်သီရစ်သီ လုပ်တတ်တာကို

သည်းခံသတိထားနေရတဲ့ဘဝ။ အပျိုအရွယ် ကျောင်းဆရာမ

ကလေးတစ်ယောက်အဖို့ ဘယ်လိုမှနေလို့ မပျော်နိုင်တဲ့ အနေအထားပါ။


ဒါ့ကြောင့် သူ ကျွန်တော့်အိမ်ကို ငိုပြီး တက်လာတာပါ။ စိတ်ရှည်

ရှည်နဲ့ ပါးပါးလှပ်လှပ်ကလေးနေပြီး ခြေခင်းလက်ခင်းသာတဲ့

အရပ်ကို ပြန်ပြောင်းဖို့ နားချကာ ချော့ရပါတယ်။ အခုတော့

အထက်တန်းပြဆရာမဘဝနဲ့ ရန်ကုန်မြို့ပေါ်ကိုတောင်မှ

ပြန်ရောက်နေပါပြီ။


သူ့လို စိတ်ဆင်းရဲသူ၊ သူ့ ထက်ပိုလို့ စိတ်မချမ်းမသာဖြစ်ရသူ

ဆရာမတော်တော်များများနဲ့ ဆရာအနည်းအပါး မြန်မာပြည်

အနှံ့အပြားမှာ ရှိပါတယ်။ ကျွန်တော်တို့ ဘယ်လိုစောင့်ရှောက်

ကြမလဲ။


(နှစ်)


ဟင်္သာတနဲ့ ရန်ကုန်ကြားမှာ ကူးချည်သန်းချည် လုပ်နေခဲ့ရတုန်းက

ရွာကျောင်းကလေးတွေ ရှိရာဆီကို အသွားအပြန်လုပ်ကြရရှာတဲ့

ဆရာမကလေးတွေကို မကြာခဏတွေ့ရမြဲဖြစ်ပါတယ်။


 မတင်ချင်သလိုလို တင်ချင်သလိုလို မျက်နှာထားနဲ့ ကားသမား

တချို့ကိုလည်း တွေ့ဖူးပါတယ်။ ငါတို့ကားပေါ်တင်လာရတဲ့

ဆရာမတွေပဲဆိုတဲ့ သဘောထားနဲ့  ဖင်ပုတ်ခေါင်းပုတ် ထိကပါး

ရိကပါး စကားတွေ ပြောကာ ပါးစပ်အရသာခံတဲ့ ကားသမားတွေ

ကိုလည်း တွေ့ဖူးပါတယ်။


ဟိုး...ကားလမ်းမတစ်နေရာမှာ ဆရာမကလေး တစ်ယောက်

ရပ်နေတာကို တွေ့တာနဲ့ ကားသမားအချင်းချင်း ‘‘တစ်လုံးချိုင့်’’လို့

ပြောတာကို ကြားဖူးပါတယ်။ အဆင့်မရှိပါဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့။

တစ်နေရာမှာကတော့ တော်တော့ကို ရင့်ရင့်သီးသီးပြောတာပါ။

‘‘ကြိမ်ခွေ’’ဆိုလား။ ကြိမ်ခွေက ဖောင်ကွပ်ရသတဲ့။ ဖောင်ကွပ်တော့

‘‘ဖွတ်ကောင်’’ ပေါ့တဲ့။ ဘယ်လိုပါးစပ်တွေနဲ့များ စာသင်ပေးတဲ့

ဆရာ၊ ဆရာမတွေ အပေါ်မှာ သည်လို ရင့်ရင့်သီးသီးကြီးတွေ

ထွက်ရဲနေကြတာပါလိမ့်။


ရှမ်းပြည်နယ်လို တောင်ပေါ် ဒေသတချို့မှာ ဆရာမကလေး

တစ်ယောက်ကို မြင်လိုက်တာနဲ့ နံပါတ် နီချင်နီ၊ နက်ချင်နက် ရပ်

ရပ်ပြီး တင်သွားတတ်ကြပေမယ့် နေရာတော်တော်များများမှာ

ကတော့ မတတ်သာလို့ဆိုတဲ့ မျက်နှာထားတွေနဲ့ တင်သွားတတ်ကြ

တာကြောင့် လူ့အဖွဲ့အစည်းထဲမှာ မျက်နှာငယ်လိုက်ရတာ။ ပြီးရင်

လယ်ကန်သင်ရိုးကလေးတွေ အတိုင်း ဒါမှမဟုတ် မြေလမ်းကလေး

တွေအတိုင်း မည်းမည်းမွဲမွဲနဲ့ တောကျောင်းကလေးတွေရှိရာဆီ

အရောက်သွားပြီး တစ်နေကုန် အော်ကြဟစ်ကြပေတော့။


သည်နှစ်ထဲမှာ ဆရာ၊ ဆရာ မတွေနဲ့ပတ်သက်လို့ ကြေကွဲစရာ

တွေက အများကြီးပါ။ ရခိုင်ဘက်မှာ စက်လှေနစ်တယ်။ ဆရာ၊

ဆရာမတွေ သေတယ်။ အညာမှာ တောင်ကျရေတွေ ရုတ်တရက်

ထိုးဆင်းလာတယ်။ ဆရာမတစ်ယောက် ရေစီးထဲပါသွားပြီး ဆုံးတယ်။


အထူးသဖြင့် တောကျောင်း ဆရာမကလေးတွေဟာ လစာကလေးနဲ့

တိုင်းတိုင်းတိတိအနေရဆုံး။ အနစ်နာဆုံး။ အပင်ပန်းဆုံး။ မျှော်လင့်

ချက်အမဲ့ဆုံး။ ခံစားခွင့် အပါးရှားဆုံး။ လူသူလေးပါးက အစော်ကားဆုံး။


(သုံး)


ဒေါ်အောင်ဆန်းစုကြည်က ‘‘ပီတိကိုစား အားရှိပါ၏’’ ဆိုတာ

လက်တွေ့မကျဘူးလို့ ဆိုပါတယ်။ ကောင်းလိုက်တဲ့ ကောက်ချက်။

ပြတ်သားလိုက်တဲ့ မှတ်ချက်။ လက်တွေ့ကျကျ ချဉ်းကပ်ဖို့

လိုပါတယ်တဲ့။ ကျွန်တော်ကတော့ ထောက်ခံတယ်။


ရုရှားမှာ အခြေခံက ဆရာ၊ ဆရာမတွေရဲ့လစာက တက္ကသိုလ်က

ပုဂ္ဂိုလ်တွေထက် များတယ်လို့ ဖတ်ဖူးပါတယ်။ ဂျပန်မှာအခြေခံက

ဆရာ၊ ဆရာမတွေရဲ့ လစာက တခြားဝန်ထမ်းတွေရဲ့ လစာထက်

များတယ်လို့ ဖတ်ဖူးပါတယ်။ ထိုင်းမှာ ကျေးလက်က ဆရာ၊ ဆရာမ

တွေကို ဆိုင်ကယ်တွေချပေး၊ ဓာတ်ဆီ အခမဲ့ထည့် ခွင့်ပေးကြောင်း

ဖတ်ဖူးပါတယ်။


ဟိုတစ်နေ့က ပါမောက္ခတစ်ယောက်နဲ့ စကားပြောတော့ အခြေခံက

ဆရာ၊ ဆရာမတွေကို အထူးချီးမြှင့်ငွေတွေ ထပ်ဆောင်းပေးပြီး

အေးအေးလူလူနဲ့ ကျက်သရေရှိရှိနဲ့ စာသင်နိုင်အောင် မြန်မြန်

လုပ်ပေးသင့်တယ်ဗျာတဲ့။


ဒါပေါ့။ လူတွေကို ပြုပြင်ပျိုးထောင်တဲ့ အလုပ်လုပ်နေတဲ့ လူတွေကို

လူလိုသူလို တန်ဖိုးထားမြှင့်တင်ပေးရမှာပေါ့။ စဉ်းစားမ နေစမ်းပါနဲ့။

တွေဝေမနေစမ်းပါနဲ့။


 မြန်မြန်အကောင်အထည် ဖော်စမ်းပါ။ ဒါကို မကျေနပ်တဲ့ဝန်ထမ်း

တွေလည်း ရှိချင်ရှိလာကြမှာပေါ့။


ကျွန်တော်ကတော့ အဲ့သည့်လို လူတွေကို တစ်ခွန်းပဲပြောချင်တယ်။

ဒါဆို ခင်ဗျားတို့ ဝင်လုပ်ပေါ့လို့။ ဒါမှမဟုတ်လည်း လဲသေလိုက် ။  ။


မောင်သာချို

Comments