ဆတ္တာသည် (နေဝင်းမြင့်)

ဆတ္တာသည်


(၁)
“အဲဒါနဲ့ …”
ကိုအောင်မောင်းက စကားကို ရပ်လိုက်ပြီး ကွမ်းဖတ်တွေနဲ့ ရောနေတဲ့ ကွမ်းတံတွေး တော်တော်များများကို မတ်တတ်ရပ်ရင်းက ကြမ်းပေါက်နဲ့ချိန်ပြီး ထွေးချလိုက်တယ်။ ဒါပေမယ့် ချိန်သားလွဲသွားတော့ ကွမ်းတံတွေးတွေဟာ ကြမ်းပေါ်မှာ ပေပွသွားတယ်။ ဒါကိုပဲ သူစီးလာတဲ့ ရာဘာဖိနပ်ဦးနဲ့ ထိုးကော်ပြီး ကြမ်းပေါက်ထဲကို ကျသွားအောင် လုပ်နေပြန်ရော။ ကွမ်းဖတ်တွေက ကျသွားပေမယ့် ကွမ်းတံတွေးတွေက နှလုံးနာစရာ ကောင်းအောင် တွယ်ကပ်နေတယ်။
ဒါကို ခေါင်းငုံ့ထားရတဲ့ ကျွန်တော်က အားလုံး မြင်နေရတယ်။ ဒါပေမယ့် ကျွန်တော် ဘာမှပြောလို့ မရဘူး။ ပါးစပ်တွေ၊ ပါးတွေ၊ မေးစေ့တွေမှာ ဆပ်ပြာမြှုပ်တွေ ပေပွနေတာက တစ်ကြောင်း၊ သူ့ ဆံပင်ညှပ်ဆိုင်ကလေး ထဲမှာ သူ့ဟာသူ လွတ်လပ်စွာ တံတွေးထွေးပိုင်ခွင့် ရှိတာက တစ်ကြောင်း ကြောင့်ပါ။
ကိုအောင်မောင်းက ကျွန်တော့်ပါးပေါ်က ဆပ်ပြာမြှုပ်တွေ ခြောက်သွားပြီ ထင်လို့လားတော့ မသိဘူး။ အမွေး တော်တော်လျော့နေတဲ့ ရှေ့ဗင်းဘရပ်ရ်ကို ရေဆွတ်ပြီး ထပ်ပွတ်နေပြန်ရော။ ပွတ်တာကလည်း ဆပ်ပြာမွှေးလေး မဟုတ်တောင် ကာဘော်လစ်လေး ဘာလေးနဲ့ဆို တော်သေးတယ်။ အခုဟာက ဆင်ချေးတုံး ဆပ်ပြာနဲ့ ဆိုတော့ ပျစ်ချွဲချွဲ နံစော်စော် အနံ့က နှာခေါင်းထဲ တိုးဝင်လာတယ်။ ပြီးတော့ လည်ပင်းမှာ သိုင်းချည်ထားတဲ့ ခြုံထည်ကကြိုးကို မလိုအပ်ဘဲ ပြန်လျှော့လိုက်၊ ပြန်တင်းလိုက်၊ ခေါက်တုံ့ကလေး ချည်လိုက်၊ တစ်ခါ ပါးစပ်ထဲမှာ ကျန်နေသေးတဲ့ ကွမ်းတံတွေးကို ဗျစ်ခနဲ ထွေးပြန်ရော။
“အဲဒါနဲ့ ပထမတော့ ကျုပ် အလျှော့ပေးပါတယ်၊ ဪ … တစ်နေ့တော့ သူ သဘောပေါက်လာမှာပါ ပေါ့လေ၊ သူများတွန်းလို့ တိုက်လို့ ဖြစ်ရတာပါ ပေါ့လေ၊ ယောက္ခမ အစ်မကြီးကတော့ မဆိုးပါဘူး၊ သူ့ညီမက ဆိုးတာ”
ကိုအောင်မောင်းက ပြောပြောဆိုဆို သူ့လက်မ တစ်ချောင်းနဲ့ မေးအောက်ကနေ မတင်လိုက်တယ်။
နည်းနည်းမော့ပါပေါ့။ ကျွန်တော်က အလိုက်သင့် မော့လိုက်တော့ သူက သင်တုန်းဓားကို သူ့ဘယ်ဘက် လက်ဖဝါးထဲမှာ ဖန်းဖန်း … ဖန်းဖန်းနဲ့ မြည်သွားအောင် ခတ်တယ်။ ကိုအောင်မောင်းက သည်လိုလုပ်နေကျ။
ဝါးထရံဘေးက မဓမတိုင်မှာ သံကြိုးကြီး တစ်ချောင်းနဲ့ ရိုက်ထားတဲ့ သားရေပြား မည်းမည်းကြီး တန်းလန်းချထားတာ ရှိလျက်နဲ့ ဘယ်တော့မှ သားရေပြားမှာ သွားမခတ်ဘူး။ မုတ်ဆိတ် စရိတ်တော့မယ့် သူ့ဖောက်သည်ကို သည်လိုလုပ်ပြရတာ ဘဝင်တွေ့ပုံလည်း ရတယ်။ ခက်တာကလည်း တကယ့် ကျွမ်းကျွမ်းကျင်ကျင်နဲ့ အသာကလေး ဟိုလှည့်ဒီလှည့် လုပ်တာ မဟုတ်ဘူး။ မွှတ်နေအောင် လုပ်နိုင်တာ။ တကယ်တော့ ထက်ရှနေတဲ့ သင်တုန်းဓားကို လက်ထဲမှာ တဖန်းဖန်း မြည်အောင် ခတ်နိုင်တာဟာ လွယ်တာ မဟုတ်ဘူး။ ကျွမ်းကျင်မှုကို ပြတာ။ ‘စိတ်ချပါဗျာ၊ ကျုပ်အလုပ် ကျုပ် ကျွမ်းကျင်ပါတယ်’ လို့ ပါးစပ်က မပြောဘဲ လက်က လုပ်ပြတာလည်း ဖြစ်နိုင်တယ်။
ကျွမ်းကျင်သည် ဖြစ်စေ၊ မကျွမ်းကျင်သည် ဖြစ်စေ မုတ်ဆိတ်ကို ဆိုင်မှာရိတ်ပြီ ဆိုကတည်းက မျက်နှာတစ်ခုလုံး၊ လည်ပင်းတစ်ခုလုံး သူ့ကို အပ်ထား လိုက်ရတာ မဟုတ်လား။ ရိတ်နေတဲ့ ကာလလေးထဲမှာ သူပိုင်တာပဲ မဟုတ်လား။ သူက ခေါင်းပေါ်ကို သူ့လက်ဝါး တစ်ခုလုံးနဲ့ အုပ်ကိုင်ထားပြီး လက်မက နားထင်ကို ထောက်ထားတယ်။ ဓားကို တစ်ချက်နှစ်ချက် ဆလိုက်ပြီး နားရွက်ဖျား တည့်တည့်က နားသယ်မွှေးတွေကို ဂျစ်ခနဲ ဂျစ်ခနဲ ဆွဲရိတ်တယ်။ ဒါဟာ သူ့ဓားရဲ့ ပြတ်နှုန်းကို စမ်းလိုက်တာလည်း ဖြစ်၊ သန်မာနေတဲ့ ပါးမြိုင်းမွေးနဲ့ ဓားသွားနဲ့ ထိစပ်မှုမှာ အားဘယ်လောက် ထည့်ရမလဲဆိုတာ တစ်ခါတည်း စမ်းလိုက်တဲ့ ဓားချက်လည်း ဖြစ်တယ်ဆိုတာ အောက်က အရိတ်ခံနေရသူက သိတယ်။
“ခင်ဗျား စဉ်းစားကြည့်လေ၊ ပေါင်းလာတာပဲ ကလေးငါးယောက် ပြည့်တော့မယ်၊ အသက်တွေ ရလာတော့မှ ကွာပေးပါတဲ့၊ ရှင်နဲ့ ပေါင်းရတာ စိတ်ဆင်းရဲတယ်တဲ့၊ နောက်အိမ်ထောင် ပြုချင်လို့ မဟုတ်ပါဘူးတဲ့၊ ရှင့်ကလေးတွေ ခေါ်ချင်ရင်လည်း ခေါ်ပါတဲ့၊ မခေါ်ချင်ရင်လည်း ထားခဲ့ပါတဲ့၊ ကျွန်မ ရှာကျွေးမယ်တဲ့။
“ကျုပ်က နင် ထမင်းငတ်နေလို့လား ဆိုတော့ မငတ်ပါဘူးတဲ့၊ လူဆိုတာ ထမင်းစားနေရုံနဲ့ ပြီးတာ မဟုတ်ဘူးတဲ့၊ စိတ်ချမ်းသာဖို့လည်း လိုသေးတယ်တဲ့၊ ရှင်လည်း နောက်အိမ်ထောင် ပြုချင်ရင်လည်း ပြုပါတဲ့”
သူက နားသယ်စပ်ကနေ အောက်ကို ဆွဲဆွဲရိတ်နေတယ်။ ပါးပေါ်က အမွေးတွေကို ရိတ်တော့ နှံ့သွားအောင် နှာခေါင်းဘေး၊ ပါးရိုးခုံးခုံးနား၊ နားခွက်နောက်နား အထိ ဓားကို ဆွဲဆွဲရိတ်နေတယ်။ ဘေးက ကန့်လန့်ဆွဲလိုက်၊ ထောင်လိုက်ဆွဲလိုက်။
သူရိတ်နေတာ မှန်ထဲကကြည့်မယ် လုပ်တော့ မှန်ကို မမြင်ရဘူး။ ပြတင်းပေါက် အလင်းရောင်ဘက်ကို ဆုံလည်ကို လှည့်ထားတယ်။ မြင်နေရတာက လက်ဖက်ရည်ဆိုင်၊ ကြံရည်ဆိုင်၊ ကွမ်းယာဆိုင်ကလေးတွေ၊ လူတွေ၊ တချို့ လမ်းသွားတွေက မုတ်ဆိတ် ရိတ်နေတာကိုပဲ မမြင်ဘူးသလို ငေးလို့။
“အဓိက အကြောင်းအရာကတော့ ဖဲရိုက်လို့တဲ့ဗျာ၊ ဖဲရိုက်တာ ထူးဆန်းတဲ့ ကိစ္စလား၊ ယောက်ျား တော်တော်များများ ဖဲရိုက်ကြတာပဲ၊ အဲဒါကို အကြောင်းပြတာ ပြောပါတယ်၊ ဖဲက သူနဲ့ မညားခင်ကတည်းက ရိုက်လာတာ၊ သူနဲ့ ညားမှ ဖြတ်ရမယ် ဆိုတော့ ညားခါစကတော့ ကျုပ်က နည်းနည်းတော့ ဆင်ခြင်တယ်ပေါ့ဗျာ၊ အိမ်ထောင်ကလည်း ယူခါစ၊ ချစ်စိတ်လေးက တရိပ်ရိပ်တက်တဲ့ အချိန်ကိုး၊ ဒါပေမယ့် မရဘူးဗျ၊ ဖဲမှ မရိုက်ရရင် ကျုပ်ကလည်း အူထဲကကို ယားလာတာ၊ နောက်တော့ ဝိုင်းထဲ ရောက်တာပါပဲ”
အဲဒီအချိန်မှာ ပါးတစ်ခြမ်း ပြောင်သွားပြီ။ ဒီဘက်တစ်ခြမ်းကို လုံးဝ မကိုင်သေးဘူး။ ပါးကို လက်ဖဝါးလေးနဲ့ လိုက်ပွတ်တယ်။ အမွေးကြမ်း ရှိသေးတယ်လို့ ထင်တဲ့နေရာကို ထပ်ရိတ်တယ်။ ဆုံလည်ကုလားထိုင်ကို ဆွဲလှည့်လိုက်တယ်။ တစ်ခြမ်းပြောင် တစ်ခြမ်းဖြူနေတဲ့ ကျွန်တော့် မျက်နှာကိုရော၊ မို့အမ်းနေတဲ့ ကိုအောင်မောင်းမျက်နှာ ဖောသွပ်သွပ်ကိုပါ (မှန်ထဲမှာ) မြင်နေရတယ်။ ကွမ်းရည်တွေ မေးစေ့ပေါ် စီးကျနေတဲ့ ကိုအောင်မောင်း မျက်နှာကြီးက သုန်မှုန်နေလိုက်တာ ကြောက်စရာကြီး။
“ကျုပ်က ဖဲတော့ ရိုက်ပါရစေ၊ အိမ်စီးပွားရေး မထိခိုက်စေရပါဘူးပေါ့၊ ဒါပေမယ့် ဖဲရိုက်တာပဲဗျာ၊ ရှုံးတဲ့အခါ ရှုံး၊ နိုင်တဲ့အခါ နိုင်ပေါ့၊ အင်း … ရှုံးတာတော့ များတာပေါ့လေ၊ ကလေးတွေက တိုးတိုးလာ၊ စီးပွားရေးက အဆင်မပြေ၊ ညတိုင်းရန်ဖြစ်၊ ရန်ဖြစ်လို့ စိတ်ညစ်တော့ ဖဲဝိုင်းရောက်”
သူက ဓားကို ခုံပေါ် တင်လိုက်ပြီး ရေအိုးစင်ကို သွားပြန်ရော။ ရေတစ်ခွက် ခပ်သောက်၊ ပါးလုတ်ကျင်း၊ ဖွီးခနဲ ထွေးထုတ်၊ ပြီးတော့ ပြန်လာ၊ ဓားကို ပြန်ကိုင်၊ လက်ထဲမှာ တဖန်းဖန်း ပြန်ခတ်ပြီး မျက်နှာကို မော့ခိုင်းတယ်။
“တစ်ခုတော့ ရှိတာပေါ့ဗျာ၊ ကျုပ်ဘက်က လွန်တယ်လို့ ပြောလို့တော့ ရတာပေါ့၊ ဒါပေမယ့် မဆိုင်ဘူးဗျ၊ ကျုပ် ဖဲရှုံးပေမယ့် ကလေးတွေကို အငတ် မထားပါဘူး၊ ဖဲတွေ ဆက်ရှုံးလာတော့ ကျုပ် အရက် သောက်မိတာကို သူက ရမယ်ရှာလာပြန်ရော၊ စိတ်ညစ်စရာကြီးပါဗျာ၊ ကျုပ် ဆံပင်ညှပ်တာ အဆင်ပြေပါတယ်၊ ကိုယ့်မိတ်ကလေးနဲ့ကိုယ် မဆိုးပါဘူး၊ အဲဒီတုန်းက ဒီမှာမဖွင့်သေးဘူး၊ ဆိုင်က ရပ်ကွက်ထဲမှာပဲ ဖွင့်တာ၊ ကြာတော့လည်း ဖဲရှုံးတာနဲ့၊ ပိုက်ဆံ လိုက်ဆွဲတာနဲ့၊ အရက် သောက်မိတာနဲ့၊ မူးနေတာနဲ့၊ ဆိုင်ပိတ်ရတဲ့ ရက်တွေက များလာ၊ မိတ်တွေပျက်”
သူက မေးစေ့ချွန်ပေါ်မှာ ဓားကို ကန့်လန့်ထားပြီး ဝက်မွေးခြစ်သလို ခြစ်တယ်။ မေးစေ့ အရေပြားကို ဆွဲဆွဲပြီး ခြစ်ခြစ်သွားတာ။ တဂျိဂျိနဲ့ ခြစ်လိုက်တာ ဓားသွားမှာ မေးစေ့က အမွေးတွေ ပါပါသွားတယ်။ ဆပ်ပြာမြှုပ်တွေ ပေနေတဲ့ မုတ်ဆိတ်မွေးတွေကို သူ့ဖင်နဲ့ သုတ်လိုက်၊ ရိတ်လိုက်။
အောက်နှုတ်ခမ်း အောက်က အမွေးနဲ့ နှုတ်ခမ်းမွေးကို သူ လုံးဝ မထိသေးဘူး။ မေးအောက်က အမွေးတွေရိတ်ဖို့ မော့ခိုင်းပြန်တယ်။ အဲဒီအခါကျတော့ လည်ပင်းနားက မေးဖျားဘက်ကို လှန်ဆွဲတာ။ ‘ဓားများ လည်ချောင်းထဲ စိုက်ဝင်သွားရင်’ ဆိုတဲ့ စိတ်ကဝင်လာတယ်။ တံတွေးတောင် မမျိုရဲဘူး။ သူကတော့ စကားတွေ ပြောတုန်း။ ဘာတွေ ပြောနေမှန်းတောင် မသိပါဘူး။ သူကတော့ စကားပြောရင်း လက်က မှန်မှန် ဆွဲဆွဲရိတ်နေတယ်။
ကျွန်တော်က မဆီမဆိုင် ပဒေသရာဇ် ခေတ်တုန်းက၊ သက်ဦးဆံပိုင် ခေတ်တုန်းက ရှင်ဘုရင်တွေ ဘယ်လို မုတ်ဆိတ်ရိတ်ကြသလဲ ဆိုတာ သွားသတိရနေမိတယ်။ ရှင်ဘုရင့် ခေါင်း၊ ရှင်ဘုရင့် လည်ပင်းကို ကိုင်ခွင့်ရှိတာ ဒီ ဆတ္တာသည်တွေပဲ။ အင်မတန် ယုံကြည်စိတ်ချရတဲ့ ဆတ္တာသည်ကိုမှ ‘ဘုရင့်တော်ဝင် ဆတ္တာသည်’ ခန့်တယ် ဆိုတာကိုး။ သူက ကျွမ်းကျင်ရုံ မကဘူး။ သစ္စာလည်း ရှိရမယ်။ ဘုရင်ကို သတ်ရင် ဘုရင်ဖြစ်နိုင်တဲ့ ခေတ်မှာ ဆတ္တာသည်ရဲ့ဓားသွားက ဘုရင့်လည်ပင်းကို နည်းနည်း စိုက်ပေးလိုက်တာနဲ့ သူ ဘုရင် ဖြစ်နိုင်တာကိုး။ ဒါပေမဲ့ သမိုင်းမှာ ဘယ်ဘုရင်မှ ဆတ္တာသည် ညစ်ပတ်လို့ ကံတော်ကုန်တယ် ဆိုတာ မကြားဖူးပြန်ဘူး။ ကိုယ့်ဟာကိုယ် တွေးရင်း ပြုံးမိတော့ …
“ဆရာသမားက ပြုံးတယ်၊ ခင်ဗျားကတော့ ထင်မှာပဲ၊ ကျုပ်ကပဲ ဆိုးတယ်လို့၊ ကျုပ်မိန်းမက လူတစ်မျိုးဗျ၊ ကျုပ် ဖဲနိုင်တဲ့ပိုက်ဆံလည်း မလိုချင်ဘူးတဲ့၊ ဖဲရှုံးတာလည်း မခံနိုင်ဘူးတဲ့၊ ရှိတာလေးနဲ့ စားချင်တာတဲ့၊ ဖဲရှုံးလို့ ညစ်ကညစ်၊ အရက်ကလေးကလည်း သောက်မိတော့ နားရင်းပါးရင်း ထရိုက်မိရော၊ နောက်တော့ ရုံးတစ်ရုံးမှာ သန့်ရှင်းရေးအလုပ် သူရတယ်။ ဟော … အဲဒီလည်းကျရော ကျုပ်ကို ထမင်းတောင် ထည့်မကျွေးချင်တော့ဘူးဗျာ၊ ဖောက်ပြန်လာတာ ပြောပါတယ်”
ကျန်တဲ့ ပါးတစ်ဖက်ကို စရိတ်ပြီ။ ပါးပေါ်က အရေပြားတွေကို ဆွဲဆွဲပြီး ခပ်ပြင်းပြင်း ရိတ်တယ်။ စိတ်ခံစားမှု ပြင်းလာလို့လား မသိဘူး။ မြန်လည်းမြန်၊ ကြမ်းလည်း ကြမ်းလိုက်တာ မပြောပါနဲ့တော့။ ခဏလေးနဲ့ ပါးလည်း ပြောင်ရော။ အားလုံးပြီးတော့ မျက်နှာတစ်ခုလုံး လက်ခုံနဲ့ ပွတ်တယ်။ အမွေးကြမ်းရှိတဲ့ နေရာတွေ ထပ်ရိတ်။ ပြန်စမ်း။ နှုတ်ခမ်းမွေးကျတော့ ရေထပ်ဆွတ်တယ်။ ဆပ်ပြာနည်းနည်း ထပ်ပွတ်တယ်။ သည်တစ်ခါတော့ သားရေပြားမှာ ဓားသွားခတ်တယ်။ နောက် … ခဏလေး အသက်ရှူလိုက်ပြီး နှုတ်ခမ်းမွေး စရိတ်တယ်။
“အခုတော့ ကွာကိုရှင်းလိုက်ပါပြီ၊ ပုံမှန်လစာကလေး ရသွားတာရယ်၊ သူ့ညီမက မြှောက်ပေးတာရယ်၊ ဘေးကလည်း ပြောကြမှာပေါ့လေ၊ လက်မှတ်ထိုးပေးပါတဲ့။
“ကျုပ်က တောင်းပန်ပါသေးတယ်၊ မရတော့ဘူး၊ ကလေးတွေမျက်နှာ ထောက်ပါဦးဆိုတော့ ရှင်က ဘယ်သူ့မျက်နှာ ထောက်ခဲ့လို့လဲတဲ့၊ မလိုတော့ဘူးတဲ့။
“ပထမတော့ လင်ငယ် ရှိတယ်တောင် ထင်တာ၊ ဒီလိုလည်း မဟုတ်ပြန်ဘူး၊ ကွာကို ကွာချင်တာ၊ ကျုပ်ကလည်း ဖဲခြောက်ထောင်လောက် ရှုံးထား၊ အရက်ကလည်း သောက်မိတော့ လက်မှတ် ထိုးပေးလိုက်တယ်၊ ကိုယ့်မှ မကြင်နာတာ ဂျောင်းပေါ့၊ ဟုတ်ဖူးလား”
နှုတ်ခမ်းမွေးကို နှာခေါင်းအောက်က မြောင်းနားအထိ ဘယ်ညာ ကန့်လန့်ရိတ်တယ်။ အရင်ရိတ်နေကျက အဲသလို မဟုတ်ဘူး။ အပေါ်အောက် ရိတ်တာ။ အခု ကန့်လန့်ရိတ်တော့ တော်တော်နာတယ်။ နာပေမယ့် စကားပြောလို့ မရဘူး။ ပါးစပ်ဟလိုက်တာနဲ့ နှုတ်ခမ်းက ပြတ်သွားမှာလေ။ ကန့်လန့်ဆွဲရင်းက နှုတ်ခမ်းဘေးက နှုတ်ခမ်းရစ် ထူထူကလေးကို သူ သတိမထားမိဘူးနဲ့ တူပါရဲ့။ ဓားတစ်ချက် အဆွဲမှာ ဖျဉ်းခနဲ ဖြစ်သွားတယ်။ မှန်ကိုကြည့်မယ် လုပ်တော့ ဆုံလည်ကုလားထိုင်ကို ဆွဲလှည့်လိုက်တယ်။ ဒါက တမင်လှည့်လိုက်မှန်း ကျွန်တော် သိတယ်။ မရိုးသားမှန်း ကျွန်တော် သိတယ်၊ ဓားထိတဲ့ နေရာက ချွေးနဲ့ စပ်ဖျဉ်းဖျဉ်း ဖြစ်နေတယ်။
သူကတော့ နှာခေါင်းအောက်က မြောင်းချိုင့်လေးထဲက အမွေးတွေကို အသာအယာ ဆွဲရိတ်တယ်။ (ဓားချက်ဟာ နည်းနည်း ညင်သာသွားတာ သတိထားမိတယ်) သူက ခုံပေါ်က ဆံပင်ညှပ်ဆိုင်သုံး ပေါင်ဒါမှုန့် နည်းနည်းကို လက်ညှိုးနဲ့ လက်မညှပ်ပြီး ယူလာတယ်။ ပြီးတော့ သွေးထွက်သွားတဲ့ နေရာကို သိပ်တယ်။ စကားပြောရင်းက မသိမသာ သိပ်သိပ်နေတာ။ သွေးတိတ်သွားအောင် ပေါင်ဒါမှုန့်နဲ့ ဖိသိပ်နေတာ ကျွန်တော် သိတာပေါ့။ ခံစားမှုကို ဘယ်ပျောက်အောင် လုပ်လို့ရပါ့မလဲ။ အားလုံး ပြီးသွားတော့မှ အစအဆုံး ခပ်ပါးပါး လိုက်ရိတ်တယ်။ နောက် ပါးစပ်ကို ဟခိုင်းပြီး နှုတ်ခမ်းကွေးထောင့်က ကျန်တဲ့ အမွေးကလေးတွေကို ရိတ်ပြန်ရော။
“ပါးစပ်ဟလိုက်မှ အမွေးတွေက ထောင်ထွက်လာတာဗျ၊ ဟထား၊ ဒါမှ စင်တာ၊ ဓားက တရုတ်ဓားဆိုတော့ သိပ်ထက်တာ၊ အရင် ဂျာမနီဓားမောက်က သွားဖုံးထူတော့ သွေးရတာ ခက်တယ်”
သူ့ဟာသူ မလုံလို့လား မသိဘူး။ ဓားအကြောင်း လှည့်ပြောနေတယ်။ ကျွန်တော်က ဆုံလည်ပေါ်က ဆင်းချင်လှပြီ။ ဆံပင်ကလည်း စူး၊ အိုက်ကလည်း အိုက်၊ အနာကလည်း နာ။
“အခုတော့ တစ်ယောက်တည်းပေါ့ဗျာ၊ သွားလိုက် စားလိုက်၊ ကလေးတွေလည်း မတွေ့ရ”
သူ့အသံတွေက တိမ်ဝင်နေတယ်။ ခုံပေါ်ကို ဓားတင်လိုက်တယ်။ လည်ပင်းက ခေါက်တုံ့ချည်ထားတဲ့ ခြုံထည်ကို ဖြေလိုက်တယ်။ နောက် ကော်လံကို ဆွဲဟပြီး ရေမြှုပ်စနဲ့ အမွေးတွေ ထွက်သွားအောင် ပွတ်ထုတ်ပစ်တယ်။ ပါးတွေ၊ မေးစေ့တွေ၊ လည်ပင်းတွေကို ရေမြှုပ်စနဲ့ ပွတ်တယ်။ မျက်နှာကို ရေဆွတ်ပြီး ကျောက်ချဉ်တုံးနဲ့ လိုက်ပွတ်တော့ ဒဏ်ရာက စပ်လိုက်တာ။
ပထမတော့ ခုံပေါ်က ဆင်းဆင်းချင်း မှန်ကြည့်မလို့ဘဲ။ နောက်တော့ မကြည့်တော့ပါဘူး။ သူ့ကို အားနာလို့။ လက်ထဲမှာ ဓားတဖန်းဖန်း ခတ်ပြတဲ့လူက မျက်နှာဓားထိအောင် ရိတ်တယ်ဆိုတာ သူ့ရှေ့မှာ ကျွန်တော် သိသွားရင် သူ့သိက္ခာကို ထိပါးမှာ စိုးတယ်။ ပိုက်ဆံတစ်ကျပ်ခွဲ ပေးလိုက်တော့ …
“ခင်ဗျား ဟိုတစ်ခါ ရိတ်သွားတာ မေ့ပြီး ပေးမသွားဘူးလေ” တဲ့။
ကျွန်တော်က ‘ဟုတ်လား’ လို့ပဲ ပြောလိုက်ပါတယ်။ နှစ်ရက်၊ သုံးရက်တစ်ခါ ရိတ်နေကျ ကျွန်တော်ဟာ အဲဒီနေ့က ပိုက်ဆံပေးခဲ့တာ မှတ်မိတာပေါ့။ သူ့ဆီက တစ်ကျပ်ခွဲယူပြီး ကျပ်တန်သုံးရွက် ပေးလိုက်တယ်။ ပြီးတော့ ပြုံးပြလိုက်တယ်။
* * *
(၂)
ဆိုင်က ထွက်လာတော့မှ စိတ်တွေ ပေါ့ပါးသွားတယ်။ နှုတ်ခမ်းထောင့်ကို လက်နဲ့ စမ်းကြည့်တော့ သွေးစတွေ ပါလာတယ်။ နောက်တစ်ခါ ကိုအောင်မောင်းဆိုင်မှာ ရိတ်ဖို့က စဉ်းစားရတော့မယ်။ ဓားထိသွားလို့ မဟုတ်ပါဘူး။ မတော်တဆ ဓားထိနိုင်တာပဲ။ ဒါက ခွင့်လွှတ်လို့ ရတယ်။ ဆိုးတာက ပိုက်ဆံ ညာယူတာ။ စိတ်ခံစားမှု ပြင်းနေတာ။ နောက် ဖဲရှုံးထားတဲ့ လူတစ်ယောက်။ အဆိုးဆုံးက အရက်ကို မူးနေအောင် သောက်ထားတာ။
ထက်ရှနေတဲ့ သင်တုန်းဓား တစ်ချောင်းနဲ့ ကိုအောင်မောင်းလို ဆတ္တာသည်ရဲ့ လက်ထဲကို လည်ပင်းတစ်ခုလုံး ဆယ်မိနစ်လောက် ထည့်ပေးထားဖို့က မလွယ်ဘူး။
------------------
နေဝင်းမြင့်
ပေဖူးလွှာ၊ အောက်တိုဘာ၊ ၁၉၉၀။
Credit to ငွေဇင်ယော် @ mmcybermedia.com

Comments