ဖာ (တင်ညွန့်)

ဖာ

----
အတန်းထဲမှာ ဆရာမက

“သားတို့ သမီးတို့ သိထားဖို့ … အလုပ်ဟူက ဂုဏ်ရှိစွတဲ့ကွ”

ဆရာမက ဂုဏ်ယူစွာနဲ့ ပြောနေတာ။

“ဒါကြောင့် လူတိုင်း အသက်မွေးဝမ်းကျောင်းအလုပ် တစ်ခုခုတော့ လုပ်ကြရမှာပဲ။ ဘာပဲလုပ်လုပ် ဂုဏ်ရှိတယ်။ လှောင်စရာမဟုတ်ဘူး။ ပြောင်စရာ မဟုတ်ဘူး။ နားလည်တယ်နော်”

“နားလည်ပါတယ် ဆရာမ”

ဆရာမက

“ကဲ … ကိုကို မင်း အဖေ ဘာလုပ်သလဲ”

“ရှေ့နေ”

“မီမီထွန်း … သမီး အဖေ”

“ရဲ”

“ထွန်းအောင် သားအဖေ”

“ကားမောင်း”

“စိုးစိုး … သမီး အဖေ”

“ဈေးရောင်း”

“တွေ့လား သားတို့မိဘတွေမှာ ကိုယ်စီအလုပ်တွေ ရှိနေကြတာ … တွေ့လား။ အားလုံး ကိုယ့်အလုပ် ကိုယ်လုပ် နေကြတာ။ အလုပ်မှန်သမျှ ဂုဏ်ရှိတယ်ကွ”

အတန်းနောက်ဆုံးမှာ ထိုင်နေတဲ့ စန္ဒာမြင့်က ဆော့နေတယ်။ ဒီကောင်မလေးက ဒီလိုပဲ။ ဆရာမပြောတာ ဘယ်တော့မှ ဂရုမစိုက်ဘူး။

“စန္ဒာမြင့်”

“ရှင်”

“သမီး အဖေ ဘာလုပ်သလဲ”

“သမီးမှာ အဖေမှ မရှိတော့တာ”

“ဒါဆိုရင် အမေတော့ရှိမှာပေါ့”

“ရှိတယ်”

“ကဲ ပြော … သမီး အမေ ဘာလုပ်သလဲ”

“ဖာ”

“ဘာပြောတယ် … ဘာလုပ်တယ်”

“ဖာလုပ်တယ်”

“ရိုင်းလိုက်တာ … နင် ရိုင်းလိုက်တာ”

“ဖာလုပ်လို့ ဖာလုပ်တယ်ပြောတာပဲဆရာမ”

“ဟာ … အတော်ဆိုးတာပဲ … လာ လိုက်ခဲ့ … ဆရာကြီး ရုံးခန်းကို လိုက်ခဲ့”

ဆရာမက စန္ဒာမြင့်ကို ဆရာကြီး ရုံးခန်းကို ခေါ်သွားပြီး

“ဆရာကြီး အတော်လေး ရိုင်းပါတယ်ရှင်။ အတော် ရိုင်းတာပါ။ ကျွန်မ မပြောဝံ့တော့ပါဘူး။ ဆုံးမပေးပါဦး”

ဆရာမက ကောင်မလေးကို ဆရာကြီး ရုံးခန်းထဲ ထားခဲ့ပြီး စာသင်ခန်းထဲ ပြန်လာတယ်။

ခဏကြာတော့ စန္ဒာမြင့်က သကြားလုံးတုတ်လေးကို စုပ်ပြီးတော့ အတန်းထဲ ပြန်ဝင်လာတယ်။

“စန္ဒာမြင့် ဆရာကြီးက ဘာပြောသလဲ”

“ဆရာကြီးက ကောင်းတယ်တဲ့… အလုပ်မှန်သမျှ ဂုဏ်ရှိတယ်တဲ့။ သမီးကို သကြားလုံးတောင် ပေးလိုက် သေးတယ်”

“နင့်အမေ ဘာလုပ်သလဲဆိုတာ ဆရာကြီးကို အမှန်အတိုင်း ပြောသလား”

“ပြောတယ်လေ”

“ဘာလို့ ပြောသလဲ”

“ဖာလုပ်တယ်လို့ ပြောတယ်”

“ဟာ … ဆရာကြီးကတော့ ခက်ပြီ။ သွား … သွား ထိုင်တော့။ ဆိုးလိုက်တာ”

“ဘာဆိုးတာလဲ ဆရာမ”

“နင့်အမေ အလုပ်ကိုပြောတာ”

“မဆိုးဘူးဆရာမ … ဖာလုပ်တာ ပိုက်ဆံရတာပဲ”

“တော် … နင် … ပြောလေ ဆိုးလေပါလား”

“ဆရာမပဲ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆို”

“ဖာလုပ်တာ ကောင်းမလား”

“ဖာလုပ်တာကောင်းတာပေါ့။ သမီးတောင် ဖာလုပ်တတ်သေးတယ်”

“ဘာ … နင်လည်း ဖာလုပ်တယ် ဟုတ်လား”

“ဟုတ်တယ်လေ … ကျောင်းပိတ်ရင် သမီးတို့ ဖာလုပ်ရတယ်”

“ဟယ် … ဆိုးလိုက်တဲ့ အမေ။ ငါ တရားစွဲမယ်။ တိုင်မယ်”

“ဘာဖြစ်လို့ တိုင်မှာလဲဆရာမရယ်”

“ဖာလုပ်လို့ … ဖာလုပ်ခိုင်းလို့”

“ဖာလုပ်တာ အပြစ်လား ဆရာမရယ်။ သမီးတို့အိမ်မှာ ဟောဒီအတန်းထဲက သူငယ်ချင်းတွေတောင် ကျောင်းပိတ်ရင် ဖာလာလုပ်ကြတာ”

“တော် … တော်တော့”

ဆရာမအပျိုကြီး မျက်နှာတွေ နီလာတယ်။ ဒေါသတွေထွက်ပြီး အသားတွေ တဆတ်ဆတ်တုန်နေတယ်။ ဆရာကြီးက အခန်းဝကို ရောက်လာတယ်

“ဒေါ်ခင်သီတာပြုံး ဘာဖြစ်နေတာလဲ”

“ဟောဒီ အတန်းထဲက ကလေးတွေ ဖာလုပ်တယ်တဲ့”

“ဟုတ်တယ်လေ … အဲဒါ ဘာဖြစ်သလဲ”

“ဆရာကြီးလည်း သိတယ်ပေါ့”

“သိတယ်လေ”

“ဟာ … ကောင်းကြသေးရဲ့လား … ကောင်းသေးရဲ့လား”

“ကောင်းတာပေါ့ဗျာ။ ကျောင်းပိတ်ရက် ဖာသွားလုပ်တော့ တစ်လုံးကို ၁ ကျပ်ရတာပဲ။ ကောင်းတာပေါ့။ ဆရာမပဲ အလုပ်ဟူသမျှ ဂုဏ်ရှိတယ်လို့ ကလေးတွေကို ပြောဆို”

“ဆရာကြီးပြောနေတာ ဘာဖာလဲ”

“စက္ကူဖာလေ။ ဒီအတန်းက ကလေးတွေ ဖာကောင်းကောင်းချိုးတတ်တယ်။ ကျောင်းပိတ်ရက်ဆို တစ်ယောက် လေးငါးဆယ်လောက်ရတယ်”

“ဟယ် … ဖာတော့ ဖာပဲ … ကျွန်မထင်တဲ့ဖာက”

“ဘာဖာလဲဗျ”

ဆရာမဘာမှ မပြောနိုင်တော့။

တင်ညွန့်

၃၁.၈.၂၀၁၈

Comments