လမ်းဆုံး(တင်ညွန့်)
လမ်းဆုံး
---------
“အဘွား အိမ်ရှေ့တွင် အမှိုက်မပစ်ရန် မေတ္တာရပ်ခံပါသည်”လမ်းအစွန်း အိမ်အိုကြီးရှေ့ ခြံတံခါးဝတွင် ကပ်ထားသည့် မြေဖြူနှင့် ရေးထားသော ဘုတ်တစ်ချပ်။
လူတွေက ဤအိမ်ရှေ့တွင် အဖြတ်နည်းသည်။ အဘယ်ကြောင့်ဆိုသော လမ်းဆုံးနေပြီဖြစ်သောကြောင့်ပင်။ ဤလမ်းကဆင်းသွားလျှင် ချောင်းထဲရောက်သည်။
ပထမ အမှိုက်အိတ်တစ်အိတ် လာချသည်။ ဤလမ်းထဲက လူတွေ စာမတတ်။ နောက်ထပ် တစ်ထုပ်ပြီး တစ်ထုပ် ရောက်လာသည်။ အမှိုက်တွေက အိမ်ရှေ့တွင် ပုံနေပြီ။ စည်ပင်က လမ်းဆုံးအထိမလာ။ လမ်းထိပ်က ခေါင်းလောင်းထိုးပြီး ပြန်လှည့်သွားတတ်သည်။
နောက်တစ်နေ့
“ကိုယ့်အမှိုက် ကိုယ်ပြန်ယူရန် မေတ္တာရပ်ခံပါသည်။ အဘွား မကျန်းမာလို့ပါ”
ဤအိမ်ကြီးက ရှေးဟောင်းအိမ်အိုကြီးဖြစ်သည်။ အိမ်ထဲက လူတွေ အပြင်ထွက်တာမတွေ့။ အပြင်က လူတွေလည်း အထဲကို ဝင်တာမတွေ့။ ဤဆိုင်းဘုတ်ကိုပင် ဘယ်အချိန်ကရေးပြီး လာချိတ်သွားသည်ကို မည်သူမှ မတွေ့ရ။
ကားတစ်စီး အိမ်အိုကြီးရှေ့တွင် ရပ်လိုက်သည်။ ကားပေါ်က အမှိုက်အိတ်တွေကို တစ်အိတ်ပြီး တစ်အိတ် ပုံနေသည်။ ကားပြန်ထွက်သွားသည်။ အဘွားအိမ်ရှေ့တံခါး ဖွင့်လို့ပင် ရမည်မထင်။ တံခါးကို အမှိုက်အိတ်တွေ ဖုံးလုနီးပါးဖြစ်နေသည်။ သို့သော် နောက်တစ်နေ့တွင် တံခါးဘေး အုတ်နံရံ၌ ဆိုင်းဘုတ်တစ်ခုချိတ်ထားသည်။
“အဘွား မေတ္တာရပ်ခံပါသည်။ အမှိုက်များကို လာသိမ်းရန် အမှိုက်ကားကို သတိပေးစေလိုပါသည်။ အဘွားအိမ်ရှေ့သည် အမှိုက်ပုံ မဟုတ်ပါ”
အမှိုက်ပုံက မသိမ်းတာကြာပြီဖြစ်သဖြင့် အနံ့အသက်တွေမကောင်း။ ယင်ကောင်တွေကလည်း တလောင်းလောင်းဖြစ်နေသည်။ အမှိုက်အိတ်တွေထဲက အနံ့ဆိုးသည့်အရည်တွေက ခြံထဲကို စီးဝင်နေသည်။ ခွေးတွေ ကြောင်တွေကလည်း အမှိုက်အိတ်တွေကို ဖောက်ထားသဖြင့် ခြံရှေ့တွင် မြင်မကောင်းလောက်အောင် ဖြစ်နေသည်။
ညဉ့်နက်ချိန်တွင် ခြံဝကို ကားတစ်စီး လာရပ်သည်။ နောက်ဖွင့်ကားဖြစ်သည်။ ကားပေါ်က လူသုံးယောက် ဆင်းလာသည်။ အထုပ်တွေကို ကားပေါ်က ဆွဲချပြီး ပုံနေသည်။ ခြံတံခါးက ကျွီဆိုပြီး ပွင့်သွားသည်။
သူတို့ ခြံဘက်ကို လှည့်ကြည့်လိုက်ကြသည်။ လူလည်းမတွေ့ ခြံတံခါးက ပွင့်သွားသည်။ အိမ်ကြီးထဲတွင် ဖယောင်းတိုင်အလင်းရောင် တွေ့လိုက်ရသည်။
“ဟေ့ အဘွားကြီးက တစ်ယောက်တည်း နေတာလား”
“ဟုတ်မယ်ထင်တာပဲ”
“ငါတို့ အထဲသွားကြည့်ရအောင်”
သူတို့ သုံးယောက် ခြံထဲဝင်သွားကြသည်။ အိမ်တံခါးကို အသာလေး တွန်းကြည့်သည်။ အလိုက်သင့်ပွင့်သွား သည်။ ဧည့်ခန်းထဲတွင် ဖယောင်းတိုင်လေးတစ်တိုင် ထွန်းထားသည်။
“လူရှိလား”
တစ်ယောက်က မေးလိုက်သည်။
ဖယောင်းတိုင်က ရုတ်တရက် မီးငြိမ်းသွားသည်။ မှောင်အတိကျသွားသည်။
“ဟာ … ဟေ့ … ဟေ့ … အား …”
နောက်တစ်နေ့ နံနက်စောစော ခြံကြီးရှေ့တွင် လူတွေ ဝိုင်းနေကြသည်။ ခြံတံခါး ပိတ်ထားသည်။ ခြံရှေ့တွင် ဆိုင်းဘုတ်တစ်ခု ရေးထားသည်။
“အဘွား အနံ့အသက်တွေကို မခံမရပ်နိုင်လောက်အောင် ဖြစ်နေပါသည်။ ကျေးဇူးပြုပြီး အမှိုက်များကို ရှင်းပေး စေလိုပါသည်”
ကားတစ်စီးက ခြံရှေ့တွင် ရပ်ထားသည်။ ရဲတွေ ရောက်လာသည်။
“ဒါ ခင်ဗျားအိမ်က ကားလား”
“ဟုတ်ကဲ့ … ကျွန်မအိမ်က ကားပါ”
“ဘာဖြစ်လို့ ဒီအိမ်ရှေ့ရောက်နေသလဲ”
“ညက ကျွန်မအိမ်က ကောင်လေးတွေကို ဒီမှာ အမှိုက်လာပစ်ခိုင်းတာ။ ညကတည်းက ပြန်မရောက်ဘူး”
“ဒါဆိုရင် ဟိုချောင်းထဲက အလောင်းတွေကို တစ်ချက်လောက် လိုက်ကြည့်ပါဦး”
ချောင်းထဲတွင် အလောင်းသုံးလောင်းကို ကမ်းစပ်၌ တင်ထားသည်။ သုံးလောင်းစလုံး ဇက်များ ကျိုးနေသည်။ လည်ပင်းတွေကို ဆွဲလိမ်ထားသလိုပင်။ မျက်လုံးတွေက ပြူးထွက်နေကြသည်။
“ဟုတ်ပါတယ် … ကျွန်မအိမ်က ကောင်လေးတွေပါ”
အိမ်ရှေ့က အမှိုက်တွေကို စည်ပင်ကလာသိမ်းသည်။ လူကြီးလာကြည့်မည်ဆိုသဖြင့် အလုပ်တွေ လုပ်နေကြ သည်။ အမှိုက်တွေရှင်းသွားချိန်တွင် ရာထူးကြီးကြီး လူကြီးကိုယ်တိုင် ရှေ့ပြေးကားတွေနှင့် ရောက်လာသည်။
“ကဲ … ဒီနားမှာ ဒီအိမ်ပဲရှိတာ … အထဲကို ဝင်ကြည့်ရအောင်”
ရဲတပ်သားလေးတစ်ယောက်က တံခါးခေါက်လိုက်သည်။ တံခါးက အလိုလို ပွင့်သွားသည်။ သူတို့ တစ်ယောက်ပြီး တစ်ယောက် အထဲကို ဝင်ကြည့်ကြသည်။
လှုပ်ကုလားထိုင်ကြီးတစ်လုံးပေါ်တွင် အဘွားအိုတစ်ယောက် ထိုင်နေသည်။
“အဘွား ဒီမှာ ဘယ်သူတွေ ရှိသေးလဲ”
အဘွားအိုက နားကို လက်လေးဖြင့် ကာလိုက်ပြီး
“ဘာပြောတာလဲ” ဟု တုန်ယင်စွာ မေးလိုက်သည်။
ရဲအရာရှိက အဘွားအိုကို သွားတွဲလိုက်သည်။ အဘွားအိုက မနည်း မတ်တတ်ရပ်နေရသည်။
“ဒီမှာ အဘွားတစ်ယောက်တည်းလား”
နားအနီးကပ်ပြောလိုက်ခြင်း ဖြစ်သည်။
“ဟုတ်တယ်”
“ညက အဘွား ဘာတွေ မြင်လိုက်ရ၊ ကြားလိုက်ရသေးလဲ”
“ဘာပြောတာလဲ”
သူတို့အချင်းချင်း ပြောလိုက်ကြသည်။
“အဘွားကြီးက နားကြားပုံ မပေါ်ဘူး”
ရဲအရာရှိက အဘွားနားကို ကပ်ပြီး ပြောလိုက်သည်
“အဘွား ဟို ပြတင်းပေါက်နားမှာ ဘာလဲ”
“ငါ့ကို မျက်မှန် ရှာပေးစမ်းပါ။ မျက်မှန် ပျောက်နေလို့”
ရေဒီယိုအဟောင်းကြီးပေါ်တင်ထားသည့် မျက်မှန်ကို အဘွားအိုအား ကမ်းပေးလိုက်သည်။ အဘွားက မျက်မှန်ကို တပ်လိုက်ပြီး
“မင်းတို့ ငါ့အိမ်ထဲက ဘာလာလုပ်နေကြတာလဲ”
“ညက အဘွားအိမ်ဘေးက ချောင်းထဲမှာ လူသတ်မှုဖြစ်သွားတယ်။ အဘွား ဘာတွေများ တွေလိုက်သေးလဲ”
“အဘွားက မျက်စိလည်းမှုန် နားလည်းမကြားဘူးကွယ်။ အနံ့တော့ရတယ်။ အိမ်ရှေ့က အမှိုက်ပုံကြီးက အရမ်းဆိုးတယ်။ အရမ်းနံတယ်”
“ခု မရှိတော့ပါဘူး။ ညကအဘွား ဘာမှ မတွေ့ဘူးပေါ့”
“ငါက ည ၈ နာရီဆိုရင် အိပ်တယ်”
ရဲတွေက အိမ်ထဲကို လျှောက်ကြည့်သည်။ ခြံဝင်းထဲလျှောက်ကြည့်သည်။
“အဘွားကြီးက သူ့ကိုယ်သူတောင် လမ်းမနည်းလျှောက်နေရတာ”
သူတို့အားလုံး ပြန်ကုန်ကြသည်။
အဘွားအိမ်ရှေ့တွင် အမှိုက်ပုံကြီးမရှိတော့။ နောက်တစ်နေ့ ခြံဝတွင် ဆိုင်းဘုတ်တစ်ခု ချိတ်ထားသည်။
“ကျေးဇူးတင်ပါသည်”
တင်ညွန့်
၁၁.၈.၂၀၁၈
Comments
Post a Comment