မီးလျှံနှင့်ရေ (၂)(တင်ညွန့်)

မီးလျှံနှင့်ရေ (၂)

-----------------

ညက တစ်ညလုံး စာဖတ်နေမိသည်။ မိုးလင်းခါနီးမှ အိပ်ပျော်သွားသည်။ အခန်းဖော် ကိုခင်ထွန်းက

“ဟေ့လူ … ထမင်းစားဆောင် ပိတ်တော့မယ်” ဟု လာနှိုးသည်။

“မစားချင်တော့ဘူးဗျာ။ အိပ်ဦးမယ်”

“ဒီမှာ မင်း အိပ်နေရင် ဟိုကောင်မလေးက အဆောင်ပေါ်ကို တက်လာလိမ့်မယ်”

“ဘယ်ကောင်မလေးလဲ”

“ဝင်နီ”

“ဘယ်ကလာ … သွားစမ်းပါ”

“သွားရမှာက မင်း … ကောင်မလေး အောက်မှာ ရောက်နေတယ်”

“တောက်”

ကျွန်တော်က စိတ်တိုပြီး ရေသွားချိုးရင်း အချိန်ဆွဲနေမိသည်။ အဆောင်ပေါ်က ဆင်းလာချိန်မှာ ၈ နာရီခွဲ။

“ဟေ့ … ဘယ်အချိန်ရှိပြီလဲ”

ကျွန်တော်က စကားမပြောချင်သဖြင့် ထွက်လာသည်။ သူက နောက်ကလိုက်ခဲ့သည်။ Canteen ကို ရောက်သည့်အခါ ကျွန်တော်က ထမင်းကြော်တစ်ပွဲနှင့် လက်ဖက်ရည်မှာသည်။ ဝင်နီက ကျွန်တော့် ရှေ့တွင် တိတ်တိတ်လေးထိုင်ရင်း စာဖတ်နေသည်။

“အဟမ်း … ယူ့ကိစ္စတွေပြီးရင် အလုပ်ကိစ္စပြောရအောင်”

“ခင်ဗျားချိန်းထားတာ စာကြည့်တိုက်မဟုတ်လား … သွားမယ်”

“နေပါဦး ဒီမှာပြောစရာလေးတွေ ကြိုပြောရအောင်”

ကျွန်တော် ရေနွေးကြမ်းကို ထပ်ငှဲ့လိုက်ပြီး သောက်နေမိသည်။

“ကျွန်မ ရှင်းရှင်းပြောမယ်။ ကျွန်မတို့ စာတမ်းကို ပထမရချင်တယ်”

“ဘယ်သူက ဆုပေးမယ် ပြောလို့လဲ”

“ကျွန်မသိပြီးပြီ။ အကောင်းဆုံးစာတမ်းရှင်ကို နိုင်ငံခြားလွှတ်မယ်။ ကျွန်မ ပထမရချင်တယ်”

“ဒါဆိုလည်း ခင်ဗျားလုပ်လေ”

“ကျွန်မတစ်ယောက်တည်း မရဘူး။ ရှင့်ကို ဝန်ခံစရာရှိတယ်”

“ဘာလဲ”

“ရှင်နဲ့အတူ စာတမ်းပြုစုချင်လို့ မာမီ့ဆီမှာ တောင်းဆိုထားတာ”

“စိတ်ဝင်စားစရာ မကောင်းပါဘူး။ ဒါမျိုးတွေက အဆန်းမှမဟုတ်တာ။ လူတိုင်း ဇာတ်လမ်းကြိုက်တာပဲ။ ခင်ဗျားက ဘာဖြစ်လို့ကျုပ်နဲ့ အတူ ရေးချင်ရတာလဲ”

“မာမီရဲ့ အတန်းတိုင်းမှာ ရှင်ထထပြီး ဆွေးနွေးတာတွေကို ကျွန်မသဘောကျတယ်။ များသောအားဖြင့် ဆရာတွေ ပြောရင် လိုက်မှတ်နေကြတဲ့ သူတွေကြားထဲမှာ ဘာမှ လိုက်မမှတ်ဘဲ (မှားနေတယ်) လို့ ထထအော် တတ်တဲ့ရှင့်ကို ပထမဆုံး သဘောကျမိတယ်။ မာမီကလည်း ဝင်နီ့ကို ပြောထားတယ်။ သူ့တစ်သက် ရှင့်လို သင်တန်းသား မတွေ့ဖူးဘူးတဲ့။ ဒါကြောင့် ကျွန်မနဲ့ တွဲပြီး စာတမ်းရေးဖို့ သူကပဲ အကြံပြုတယ်”

“လျှို့ဝှက်မဟာ စီမံကိန်းကြီးပေါ့”

“ရှင် ဘာပြောပြောပါလေ … ခုကျွန်မတို့ ရေးမယ့် အကြောင်းအရာက ရှင်နဲ့ မာမီ ဒေါသတွေထွက်ပြီး ပေါက်ကွဲ ခဲ့ရတဲ့ သဘောထား ကွဲလွဲချက်တွေမဟုတ်လား။ မာမီက ရှင့်ကို ကွယ်ရာမှာ ချီးကျူးနေတာ။ ဝင်နီကလည်း ဒါကြောင့် ရှင်နဲ့အတူ တွဲပြီးတော့ စာတမ်းပြုစုချင်တာ။ သေချာတယ်။ ရှင့်အမြင်တွေနဲ့ဆိုရင် ကျွန်မတို့ စာတမ်း ပထမရမှာ ကျိန်းသေတယ်”

“ဒီမှာ ဝင်နီ … မင်း သိပ်ပြီးတော့ စိတ်ကူးမယဉ်နဲ့သိလား။ စာတမ်းဖတ်တဲ့အခါ အကဲဖြတ်မှာက မင်း မာမီ တစ်ယောက်တည်း မဟုတ်ဘူး။ တက္ကသိုလ်က ပရောဖက်ဆာကြီးတွေရဲ့ ဦးနှောက်တွေ သံချေးတက်နေတာ ကြာပြီ။ ဖုန်ခါထားတဲ့ မင်း မာမီ ဦးနှောက်တစ်ခုတည်းနဲ့ မရဘူး သိလား”

“မရလည်း ကိစ္စမရှိဘူးလေ။ ကျွန်မတို့ လုပ်နိုင်ခဲ့တယ်ဆိုတာ သက်သေပြနိုင်ရမယ်။ ဘာကြောင့်လဲဆိုတော့ ရှင်က အစဉ်အလာကို ပြောင်းပြန်လှန်ထားတာလေ။ ရှင့်ဘက်က ပြောင်းပြန်လှန်ပြီး အခိုင်အမာ ငြင်းနိုင်ရင် ပြီးပြီပေါ့”

“အဲဒီတော့ …. မင်းရဲ့ အခန်းကဏ္ဍက”

“ရိုးသားစွာပြောပါရစေ … ကျွန်မက ရှင်ပြောတာတွေကို … ရှင်တွေးတာတွေကို လိုက်ရေးပေးရမယ့် အဆင့် လောက်ပါရှင်”

“သွားစမ်းပါကွာ … ကိုယ့်သဘောနဲ့ ကိုယ်ဆိုရင် အဲဒီစာတမ်းဆိုတာကြီးကို လှည့်တောင်မကြည့်ဘူး”

“ဝင်နီ တစ်ခုပြောပါရစေ။ ဝင်နီ ကျောင်းဆက်တက်ချင်တယ်။ နိုင်ငံခြားထွက်ချင်တယ်။ ရှင်ရော”

“မင်းပြောတာတွေ တစ်ခုမှ စိတ်မဝင်စားဘူး။ ရန်ကုန်ရောက်ချင်လို့။ ရန်ကုန်မှာပျော်လို့၊ ကိုယ်လုပ်ချင်တာတွေ လုပ်နေရလို့ လာနေတာ။ မင်းလောက် ရည်မှန်းချက်မရှိဘူး”

“ကောင်းပြီလေ … ဒါဆို ဝင်နီတစ်ခုပြောပါရစေ။ ရှင့် အသက် ဘယ်လောက်ရှိပြီလဲ”

“၃၈”

“အိုး မိုင်ဂေါ့ … ရှင် ကျွန်မထက် ငယ်တယ်။ အစ်မတစ်ယောက်ကို မောင်တစ်ယောက်က ကူညီသလိုမျိုး ကူညီဖို့ တောင်းပန်ပါတယ်”

“ကျုပ်ကလည်း တစ်ခါတည်း ပြောချင်တယ်။ မောင်လေး အစ်မကြီးပုံစံ ကျုပ်ကို လာမလုပ်နဲ့။ တန်းတူပဲ ဆက်ဆံ”

“ကောင်းပြီလေ … ဒါဆို သူငယ်ချင်းတွေပေါ့”

“အဲဒါလောက်ပဲကောင်းတယ်”

“နောက်တစ်ခု ပြောရဦးမယ်”

“မပြီးတော့ဘူးလား”

“ကျွန်မမှာ အိမ်ထောင်နဲ့။ ကျွန်မယောက်ျားက နိုင်ငံခြားမှာ”

“အဲဒါ ဘာလုပ်ရမှာလဲ … ခင်ဗျားက အိမ်ထောင်မရှိဘူးပြောလည်း ခင်ဗျားကို ဘာမှ မလုပ်ဘူး။ စိတ်နဲ့တောင် အပြစ်မှားဘူး စိတ်ချ”

“ရှင်ဟာလေ ပြောရဆိုရ အတော်လေး လက်ပေါက်ကပ်တာပဲ … အဲဒါလေးတွေက သဘောကျစရာ ကောင်းတာ”

“ခင်ဗျား သဘောကျအောင် ကျုပ်က ဖျော်ဖြေနေတာ မဟုတ်ဘူး”

ကျွန်တော်တို့နှစ်ယောက် ဤသို့ဖြင့် စာတမ်းအတူ ပြုစုကြသည်။ အနောက်တိုင်းဆန်ပြီး အနေရဲလှသည့် ဝင်နီသည် အပြောအဆို ပွင့်လင်းသည်။ ကျွန်တော်နှင့် ပွင့်ပွင့်လင်း ဆက်ဆံသည်။ နောက်ပိုင်း စကား ပြောရ နည်းနည်း အဆင်ပြေလာသည်။

ကျွန်တော်က စာတွေဖတ်ပြီး ငြီးစီစီဖြစ်တိုင်း လက်ဖက်ရည်ဆိုင်လာထိုင်သည်။ နောက်ပိုင်း သူလည်း လက်ဖက်ရည် သောက်တတ်လာသည်။ ကျွန်တော်လည်း ခြေချုပ်မိသည်။ ယခင်ကဆိုလျှင် သွားချင်ရာသွား၊ နေချင်သလိုနေ။ ဝင်နီက ဂျီကျလွန်းသောကြောင့် သင်တန်းတက်လာရသည်။ လက်ဖက်ရည်ဆိုင်ထိုင်လည်း သူနှင့် စာတွေဆွေးနွေးရေးကြသည်။ စာကြည့်တိုက်လည်း ပိတ်မှပြန်သည်ကများသည်။

တစ်နေ့ ဝင်နီက ကျွန်တော့်ကို

“အိမ်သစ်တက်ပွဲလုပ်မှာ မနက်ဖြန် ဝင်နီမလာဘူး”

“ကောင်းတာပေါ့။ နားငြီးသက်သာသွားတာပေါ့”

“မနက်ဖြန် အဆောင်မှာ ၇ နာရီလောက် လာခေါ်မယ်။ ရှင့်ကို လာစေ့ချင်တယ်။ မာမီတို့ ဒက်ဒီတို့ကလည်း တွေ့ချင်လို့တဲ့”

“စိတ်မဝင်စားဘူး”

“မနက်ကား လွှတ်လိုက်မယ်။ ရှင်မလာရင် စိတ်ဆိုးမယ်”

“မင်းစိတ်ဆိုးတာလောက်ကို ငါက ရင်မခုန်ဘူး”

“သိပါတယ်”

နောက်တစ်နေ့ မနက် ၆ နာရီလောက်ကတည်းက ကျွန်တော်အဆောင်က ထွက်လာခဲ့သည်။ တစ်နေကုန် မြို့ထဲ လျှောက်လည်သည်။ ရုပ်ရှင်ကြည့်သည်။

သင်တန်းတွေ ပြန်ဖွင့်ချိန်တွင်သူက လက်ဖက်ရည်ဆိုင်ကို လိုက်လာပြီး

“ရှင် မနေ့က ရှောင်နေတာ မဟုတ်လား”

“တစ်နေ့တလေ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်နေချင်လို့ပါ”

“ကျေနပ်သွားပြီလား”

“ဘာကိုပြောတာလဲ”

“ဘာမှ မဟုတ်ဘူး။ ဒီမှာ ညကရေးထားတာတွေ။ ပြန်စစ်ပေးဦး။ အင်္ဂလိပ်လိုတွေ မှားမှာစိုးရိမ်လို့”

“ထားခဲ့လေ”

“ထားခဲ့လေ ဆိုတော့ အတန်းမတက်ဘူးလား”

“မတက်တော့ဘူး … စာကြည့်တိုက်ထဲမှာရှိမယ်။ ဒါတွေ ဖတ်လိုက်ဦးမယ်”

ကျွန်တော်စာကြည့်တိုက်ထဲတွင် သူပြန်ရေးထားသည့် စာတွေကိုဖတ်သည်။ ဝင်နီက ရောက်လာပြီး ကျွန်တော့် အနားတွင် ခုံဆွဲကာထိုင်လိုက်သည်။ သူက လေသံတိုးတိုးလေးဖြင့်

“ရေးထားတာ အဆင်ပြေရဲ့လား”

“မပြေဘူး။ အဲဒီသဘောနဲ့ တင်ပြလိုက်ရင် ငြင်းချက်ထုတ်လာလိမ့်မယ်။ သူတို့ ငြင်းချက်မထုတ်နိုင်လောက် အောင် ကိုယ့်ဘယ်က ကာထားဖို့လိုတယ်။ ဟိုနေ့က ရေးပေးလိုက်တာ စာပိုဒ်တွေကို ဘာဖြစ်လို့ ကိုးကားချက် အနေနဲ့ မထည့်တာလဲ။ အဲဒါတွေက အကြောင်းမဲ့ ပြောထားတာတွေမှ မဟုတ်တာ။ နောက်ဆုံး သီအိုရီတွေပဲ”

“ရှင့်ကို အရမ်းကို လေးစားသွားပြီ သိလား။ ဝင်နီက ပေါ့ပေါ့လေးတွေးလိုက်တာ”

“ခင်ဗျား သူတို့ဘက်ကနေ တွေးကြည့်ပါလား။ ခင်ဗျား မာမီကပဲ ခင်ဗျားကို ဘယ်လိုအော်ပြီးတော့ ပြန်ချေပမယ်ဆိုတာ တွေးမိသလား။ သူ့အနေနဲ့ တွေးကြည့်လေ။ ကိုယ်ကတော့ စာရေးရင် ကိုယ့်အမြင်နဲ့ မရေးဘူး။ သူက ငါ့ကို ဘယ်လို ဆန့်ကျင်နိုင်သလဲဆိုတဲ့ဘက်ကတွေးပြီး ရေးတယ် … သူ့ဘက်ကရေးတယ်။ သူ့ဘက်ကတွေးတယ်”

“ကိုင်း … ဘယ်အချိန်ရှိနေပြီလဲ သိလား”

“ကိုယ့်မှာ နာရီမှ မရှိတာ”

“စာကြည့်တိုက် ပိတ်တော့မယ်။ ဒီနေ့ စာတမ်းပြီးဆုံးတော့မယ့် အထိမ်းအမှတ်အနေနဲ့ တစ်ခုခု လိုက်ကျွေး ပါရစေ”

“ဒါမျိုးတွေက လူယဉ်ကျေးတွေ လုပ်လေ့လုပ်ထရှိတဲ့ဓလေ့မို့ လိုက်လုပ်တယ် ဆိုရင်တော့ မေ့ထားလိုက်ပါ။ ကဲ သွားမယ်”

ကျွန်တော်တို့ စာတမ်းပြီးဆုံးသွားသည်။ စာမေးပွဲတွေဖြေရသည်။ နောက်ဆုံး နှုတ်ဖြေ ဖြေရသည်။ စာတမ်းတွေ တက်ဖတ်ကြရသည့် နေ့ကိုရောက်လာသည်။

ကျွန်တော် လျှောက်သွားနေသည်။ ကျွန်တော့် ဦးလေးတစ်ယောက် ပြည်မြို့တွင်ရှိသည်။ သုံးရက်ခန့်ပြည်တွင် သွားလည်ပြီးမှ ပြန်ရောက်လာသည်။

နောက်ဆုံး မိတ်ဆုံစားပွဲကို မတက်ချင် တက်ချင်နှင့် ကျွန်တော်လာတက်မိသည်။ မြက်ခင်းပြင်ကြီးတွင် အခမ်းအနားတွေနှင့် စားပွဲသောက်ပွဲတွေ လုပ်သည်။ ဂီတ ဖျော်ဖြေပွဲတွေလည်းပါသည်။ ကျွန်တော်က ဤပွဲကို လာချင်၍မဟုတ်။ ပါမောက္ခကိုယ်တိုင် ကျွန်တော့်ထံ စာပို့ထားသည်။ မိတ်ဆုံနှုတ်ဆက်ပွဲတွင် ကျွန်တော့်ကို တွေ့ချင်သည်ဟု စာရေးပေးထားသည်။

ဆရာမကြီးကို ကျွန်တော်လေးစားသည်။ သူနှင့် သင်တန်းကာလ တစ်လျှောက်လုံး ရန်တွေဖြစ်ကြသည်။ လည်ချောင်းကြောကြီးတွေ ထောင်နေအောင် ငြင်းကြခုံကြသည်။ ကျွန်တော် နောက်ဆုံး အနေဖြင့် ဆရာမကြီးကို ကန်တော့ချင်သောကြောင့် ဤပွဲကို လာတက်ခြင်းဖြစ်သည်။ မနက်ဖြန်စောစော ပြန်ရန် ကျွန်တော် စီစဉ်ထားပြီးဖြစ်သည်။

ညစာစားပွဲက သတ်မှတ်ထားသည့်နာမည်များအတိုင်း ထိုင်ရသည်။ ကျွန်တော်နှင့် ဝင်နီက တစ်စားပွဲတည်း ထိုင်ရသည်။ ဝင်နီက

“ရှင့်မှာ စာတမ်းဖတ်ချိန်တောင် အဲဒီပွဲကို မတက်ရလောက်အောင် အရေးကြီးတာတွေ ရှိနေတယ်ပေါ့”

“ဝင်နီ စကားနာတွေ မထိုးနဲ့။ မင်း စာတမ်းဖတ်ပွဲမှာ မေးတဲ့သူတွေရဲ့ ပါးစပ်ကို မဟနိုင်အောင် လုပ်ခဲ့ တယ်ဆိုတာ ကိုယ်ကြားပြီးပြီ”

“အဲဒါ … ရှင်ပြောရမယ့် ဟာတွေလေ။ ခုတော့ ရှင်က ဘာကောင်းသေးလဲ။ ကျွန်မတစ်ယောက်တည်း ချွေးကို ပြန်သွားတာပဲ”

“ဝင်နီ … မင်းတော်ပါတယ်။ မင်းလုပ်နိုင်ခဲ့တာပဲ”

“ရှင့်ကို စိတ်ဆိုးတယ်သိလား။ ကျွန်မတစ်ယောက်တည်း ထားသွားတယ်”

“မင်းပြောပုံကြီးကလည်း ရည်းစားက ထားသွားတာကျနေတာပဲ”

“အဲဒါထက်ဆိုးတယ်”

နောက်ဆုံး စာတမ်းအကောင်းဆုံး ဆုများကို ကြေညာသည်။ မည်သည့် စာတမ်းက အကောင်းဆုံး ဖြစ်မည် ထင်ပါသနည်း။

ဝင်နီက ပျော်လွန်းသောကြောင့် မျက်ရည်တွေ စို့နေသည်။ လက်ကိုင်ပုဝါနှင့် မျက်ရည်တွေကို သုတ်ရင်း လာပြီး ချီးကျူးဂုဏ်ပြုသူများကို လက်ခံစကားပြောနေသည်။ ကျွန်တော်က အသာလေး ရှောင်ထွက်သွားပြီး ပိတောက် ပင်ကြီးတွေနောက်က အမှောင်ရိပ်ထဲကို သွားခိုနေလိုက်သည်။

အကောင်းဆုံးဆုကို ဆရာမကြီးကိုယ်တိုင် ချီးမြှင့်သည်။ စင်ပေါ်တွင် နေရာယူထားပြီး ကျွန်တော်တို့ နှစ်ယောက် နာမည်တွေကို ကြေညာသည်။ လူတွေက ဟိုကြည့်သည်ကြည့်။ နောက်ဆုံး ဝင်နီ တစ်ယောက် တည်း စင်ပေါ်ကိုတက်ပြီး ဆုကိုသွားယူသည်။

လူတွေအားလုံးရှင်းသွားသည့်အခါ ကျွန်တော်က ဆရာမကြီး ရုံးခန်းရှေ့ကိုသွားပြီး တံခါးခေါက်လိုက်သည်။

“ဘယ်သူလဲ … ဝင်ခဲ့လေ”

ကျွန်တော်က ဆင်နားရွက်တံခါးလေးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။

“ဟာ … မင်း … ဘယ်ရောက်သွားတာလဲ”

“ဆရာမကြီးကို ကျွန်တော် ကန်တော့ပါရစေ”

ကျွန်တော်က ဆရာမကြီးကို ထိုင်ပြီး ကန်တော့လိုက်သည်။ ကန်တော့ ပြီးနောက် ဆရာမကြီးက ဆိုဖာပေါ် ထိုင်ခိုင်းသည်။

“သား … မင်း သိပ်တော်တာပဲ။ မင်းစာတမ်း အရမ်းကောင်းတယ်”

“ကျွန်တော်တို့ စာတမ်းပါ ဆရာမကြီး”

“သားရယ် ငါသိပါတယ်။ ဒီစာတမ်းဟာ ဘယ်သူ့စာတမ်းဆိုတာ ငါသိပါတယ်။ ဝင်နီ့ကို ဒါကြောင့်လည်း တီချယ်ကြီးက မင်းနဲ့ တွဲပေးခဲ့ရတာပါကွယ်။ သူက အရမ်းကြိုးစားတယ်။ နိုင်ငံခြားလည်း ထွက်ချင်တယ်။ ကျောင်းလည်း ဆက်တက်ချင်တယ်။ ဒါနဲ့ သားရော ကျောင်းဆက်တက်မယ် မဟုတ်လား”

“မတက်ချင်ပါဘူး။ ကျွန်တော့်မှာ နောက်ထပ် အချိန်ထပ်ပေးဖို့ အနေအထား မရှိပါဘူး”

“အရမ်းနှမြောတယ်။ မင်းကို ဆက်တက်စေချင်တယ်။ နိုင်ငံခြားအထိ ပါနိုင်တယ်”

“ကျွန်တော် စိတ်မကူးတော့ပါဘူး။ မနက်ဖြန် ပြန်မယ်။ အဲဒါကြောင့် လာနှုတ်ဆက်တာပါ”

“ဝင်နီနဲ့ တွေ့ပြီးပြီလား”

“စောစောကတွေ့ပြီးပါပြီ”

“သူက မင်းကို အရမ်းစိတ်ဝင်စားတယ်။ တီချယ်နဲ့တွေ့ရင် မင်းက ဘယ်လိုပြောတာ၊ ဘယ်လိုနေတာ၊ ဘယ်လို စားတာ သောက်တာတွေပဲပြောလွန်းလို့ သူ့ကို နင်ကြိုက်နေပြီလားလို့တောင် မေးရတယ်”

“ဟာ … တီချယ်ကြီးကလည်း သူ့ယောကျာ်းကို အားနာစရာ”

“ဘာယောက်ျားလဲ”

“ဝင်နီ့ ယောကျာ်းလေ”

“ဘာ … ဝင်နီ့ ယောက်ျား ဟုတ်လား”

“ဟုတ်တယ်လေ”

“ဘယ်သူပြောလဲ”

“သူပဲပြောတာလေ”

“သွားပြီ … သိပ်ဆိုးတယ် … ဝင်နီ အရမ်းဆိုးတယ်”

“ဘာများလဲခင်ဗျာ”

“ဝင်နီ့မှာ ဘာယောက်ျားမှ မရှိဘူး။ ဝင်နီ့ အကြောင်း ငါကောင်းကောင်းသိတယ် … သား … မင်းတော့ ကောင်းကောင်း ပညာပေးတာ ခံလိုက်ရပြီ”

“ဆရာမကြီး ပညာပေးတယ်ဆိုတာ ယူသူရှိမှ ပေးလို့ရမယ်ထင်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဘာမှ မရှိပါဘူး။ ကျွန်တော် သူ့ဆီက ဘာမှ မယူခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကို အကောင်းဆုံး ပေးခဲ့ပါတယ်”

“သားရယ်”

(အမေရိကတွင် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ခရစ်တော်၌အိပ်ပျော်သွားသူ တစ်ဦးအတွက်)

တင်ညွန့်

၁၀.၈.၂၀၁၈

Comments