စိတ်တွက်(တင်ညွန့်)

စိတ်တွက်

-----------

လက်ဖက်ရည်တစ်ခွက် ၃ ကျပ်ခေတ်က သူနှင့် ကျွန်တော် စတွေ့သည်။

ကျွန်တော်က လက်ဖက်ရည် အလွန်ကြိုက်သည်။ ငယ်စဉ်က အဘွားဖြစ်သူက နေ့တိုင်း ကော်ဖီတိုက်သည်။ အဖေ့ကို ကူညီနိုင်သည့် အရွယ်ရောက်သောအခါ နေ့တိုင်း ဈေးကိုသွားပြီး ဆိုင်ခင်းပေးရသည်။

မနက် ၅ နာရီထိုးလျှင် အိပ်ရာကထရသည်။ ညက အဖေစီစဉ်ပေးထားသည့် ဆေးမှုန့်အိတ်ကို စက်ဘီးနောက် တွင်တင်ပြီး ပဲခူးဈေးထဲကို ကျွန်တော် နင်းပို့ရသည်။ လမ်း ၂၀ လမ်းဘေးတွင် ကျွန်တော်တို့ ဆိုင်လေးရှိသည်။ ကျွန်တော်က လမ်းဘေးဆိုင်ကို အမိုးထုတ်၊ ခုံတွေခင်း၊ ဆေးမှုန့် တောင်းတွေချ၊ အိတ်တွေထဲက ဆေးမှုန့် တွေကိုထည့်ပြီး ဆိုင်ကို ပြင်ဆင်ပေးရသည်။

ဆေးမှုန့်ဆိုသည်မှာ ဆေးလိပ် လိပ်ရာတွင် ထည့်ရသည့် ဆေးရွက်ကြီး အမှုန့်များ ဖြစ်ပါသည်။ တစ်ချိန်က ပွတ်ချွန်းဟုခေါ်သည့် ဆေးလိပ်လေးတွေ သောက်ကြသည်။ သတင်းစာစက္ကူလေးတွေကို ၃ လက်မ၊ ၄ လက်မ ပတ်လည်လေးတွေ ဖြတ်ပြီး ဆေးမှုန်လေးများကိုထည့်ကာ လက်ဖြင့်လိပ်၊ တံတွေးဆွတ်ပြီး သောက်ရသည့် ဆေးလိပ်ကို ပွတ်ချွန်းဟု ခေါ်ကြသည်။ ပွတ်လိုက်လျှင် အချွန်လေးဖြစ်အောင်ပွတ်ပြီး သောက်ရသောကြောင့် ပွတ်ချွန်းဟု ခေါ်ခြင်း ဖြစ်မည်ထင်သည်။

အဖေက မိုးလင်းသည်နှင့် ရောက်လာသည်။ ကျွန်တော့်ကို ပိုက်ဆံ ငါးမူး ထုတ်ပေးသည်။ ကျွန်တော်က လမ်း ၂၀ ထိပ် “အောင်ကဖီး” မှ လက်ဖက်ရည်နှင့် အီကြာကွေးသွားဝယ်ရသည်။ လက်ဖက်ရည်က နို့ဆီခွက်နှင့် အပြည့်ကို တိုင်ကီဟုခေါ်သည်။ တိုင်ကီတစ်လုံး အီကြာကွေးတစ်ချောင်းကို ငါးမူးပေးရသည်။

ဆိုင်ပြန်ရောက်လျှင် သားအဘနှစ်ယောက် တိုင်ကီတစ်လုံးကို နှစ်ခွက်ခွဲ၊ အီကြာကွေးကို နှစ်ပိုင်းပိုင်းပြီး စားကြသည်။ ထိုအချိန်ကစပြီး ကျွန်တော် လက်ဖက်ရည်စွဲသည်။ နှစ်ပေါင်းများစွာ လက်ဖက်ရည်ကို မသောက်ရလျှင် မနေနိုင်သောကြောင့် သောက်ခဲ့ရသည့် ဘဝကို ရောက်သွားသည်။ (သို့သော် ယခုနှစ် သင်္ကြန်ကတည်းက လက်ဖက်ရည် ပြတ်သွားပြီ)

လက်ဖက်ရည်ကို ၁၅ ပြား၊ တစ်မတ်ခေတ်ကတည်းက သောက်လာလိုက်သည်မှာ ၃၀၀ ကျပ်ခေတ်ရောက်မှ ပြတ်တော့သည်။

လက်ဖက်ရည်တစ်ခွက် ၃ ကျပ်ခေတ်တွင် ကျွန်တော်သည် ဆရာမလေး ဆွေဇင်ဦးနှင့် ဆုံခဲ့ရသည်။

အတိုချုံ့ပါမည်။ ချစ်သူတွေ ဘဝရောက်ခဲ့ရသည်။

ဆွေဇင်ဦးက တစ်နေ့တွင် ကျွန်တော် နေ့ခင်း ကျောင်းလွှတ်တိုင်း ထိုင်တတ်သည့် လက်ဖက်ရည်ဆိုင်ကို လိုက်လာသည်။

“ဆွေ … ထိုင် … လက်ဖက်ရည် သောက်မလား”

“မသောက်ပါဘူး”

“ဒါဆို မုန့်စားမလား … ဒီဆိုင်က မုန့်ဟင်းခါးကောင်းတယ်”

“ထမင်းစားပြီးပြီ”

“ဒါဆိုရင် ဘာဖြစ်လို့ လိုက်လာတာလဲ”

“မေးစရာရှိလို့”

“ကျောင်းရောက်မှ မေးလည်း ရတာပဲ။ ခုပဲ ပြန်လာမယ့်ဟာ။ နေပူလိုက်တာ”

“ကျောင်းမှာ မေးလို့ မကောင်းလို့ပေါ့”

“ကဲ … မေးလေ”

“လက်ဖက်ရည် တစ်ခွက် ဘယ်လောက်ပေးသောက်နေတာလဲ”

“သုံးကျပ်”

“တစ်နေ့ ဘယ်နှခွက်သောက်သလဲ”

“အနည်းဆုံး နှစ်ခွက်၊ အများဆုံး သုံးခွက်”

“နှစ်ခွက်ပဲထား … တစ်နေ့ ၆ ကျပ်လောက် သုံးနေတာပေါ့”

“အင်းပေါ့”

“တစ်နေ့ ၆ ကျပ်ထား … နေ့တိုင်း သောက်တာပဲလား”

“တစ်နေ့မှမပြတ်ဘူး”

“တစ်နေ့ ၆ ကျပ်ထား … တစ်လကို ၁၈၀ တောင် လက်ဖက်ရည်ဖိုးတင် သုံးနေတာပဲ”

“ဟုတ်တယ်နော်”

“တစ်နှစ်ဆိုရင် ဘယ်လောက်လဲ”

“ကိုယ်က သင်္ချာဆရာ မဟုတ်ဘူး”

“အလိုလေး တစ်နှစ်ကို လက်ဖက်ရည်ဖိုးတင် ၂၁၆၀ လောက် အနည်းဆုံး သုံးတယ် သိလား”

“ဟုတ်လား”

“လက်ဖက်ရည် သောက်လာတာ ဘယ်နှနှစ်ရှိနေပြီလဲ”

“ငယ်ငယ်လေးကတည်းက”

“၁၀ နှစ်ပဲထားပါ … ၁၀ နှစ်ဆိုရင် အဲဒီပိုက်ဆံတွေ စုထားလို့ကတော့ နှစ်သောင်းကျော် သုံးသောင်းလောက် ဖြစ်နေပြီ။ အဲဒီငွေနဲ့ဆိုရင် ခြံလေးတစ်ခြံလောက် ဝယ်နိုင်ပြီပေါ့”

“အင်းနော်”

“ခု မောင့်လက်ထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိသလဲ”

“ငါးကျပ်”

“အိတ်ထဲရှိတာကို ပြောနေတာမဟုတ်ဘူး။ အနာဂတ်အတွက် ရည်စူးပြီး စုဆောင်းထားတာကို ပြောနေတာ”

“တစ်ပြားမှ မရှိဘူး။ လစာက စားလိုက် သောက်လိုက် ပျောက်လိုက်”

“မောင် အရက်တွေ ဘာတွေ သောက်လား”

“မသောက်ဘူး။ အပို အလုပ်ဆိုရင် ဆေးလိပ်၊ အရက်၊ ကွမ်း ဘာမှ မလုပ်။ လက်ဖက်ရည်ကတော့ ဖြတ်လို့ကို မရတော့ဘူး”

“ဒါဆိုရင် ကျွန်မတို့ ဘယ်လို လက်ထပ်ကြမလဲ … မောင်သာ ရည်ရွယ်ချက်နဲ့ စုခဲ့မယ်ဆိုရင် အမြန်ဆုံး လက်ထပ်လို့ ရပြီပေါ့။ ခုတော့ လက်ထဲ ပိုက်ဆံတစ်ပြားမှ မရှိဘူးဆိုတော့”

“အင်း”

“ဘာ အင်းလဲ … လက်ဖက်ရည်ဖြတ်လိုက်တော့”

“မဖြတ်နိုင်ပါဘူး”

“အဲဒီပိုက်ဆံ စပြီးစုတော့”

“ပိုက်ဆံကို ခုမှစုလည်း အဘိုးကြီး အဘွားကြီးတွေ ဖြစ်မှ လက်ထပ်နိုင်မယ်ထင်တယ်”

“မရဘူး အပိုတွေလျှော့ … လက်ဖက်ရည် ခုဖြတ်တော့”

“လက်ဖက်ရည်က အပိုမှ မဟုတ်တာ။ လက်ဖက်ရည်သောက်မှ ခေါင်းလေးကြည်ပြီး နေလို့ ထိုင်လို့ ကောင်းတာ”

“အဲဒါပြောတာ … လက်ဖက်ရည်ဖြတ်မလား … မဖြတ်ဘူးလား”

“ဘာလို့ ဖြတ်ခိုင်းနေတာလဲ”

“ပိုက်ဆံစုရအောင်လေ”

“နေဦး … ဆွေ လက်ဖက်ရည် သောက်လား”

“မသောက်ဘူး”

“ဆေးလိပ်၊ အရက်၊ ကွမ်း”

“ဘာဖြစ်လို့ အဲဒါတွေ လုပ်ရမှာလဲ”

“လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဆွေအနာဂတ်အတွက်ဆိုပြီး ပိုက်ဆံစုခဲ့တာ ရှိသလား”

“မရှိဘူး”

“တစ်နေ့ ၆ ကျပ်ပဲစု … ခုဆိုရင် ဆွေ့လက်ထဲမှာ နှစ်သောင်းကျော် သုံးသောင်းလောက် ဖြစ်နေရောပေါ့”

“တစ်ပြားမှ မရှိဘူး”

ထိုအချိန်တွင် ကျောင်းတက်သံချောင်း ခေါက်သံကြားလိုက်ရသည်။

“ကျောင်းတက်ပြီ”

“သွားတော့လေ … ကိုယ် ရေနွေးကြမ်းလေး တစ်ခွက်လောက် သောက်လိုက်ဦးမယ်”

ဆွေက မကျေမနပ်နှင့် ခြေဆောင့်ပြီး ထွက်သွားသည်။

သူက သင်္ချာဆရာမဖြစ်သည်။

ကျွန်တော် သင်္ချာဆရာမတွေကို ကြောက်သည်။

သို့သော် ၆၀ ကျော်မှ လက်ဖက်ရည်ကပြတ်သည်။

တင်ညွန့်

၁၇.၈. ၂၀၁၈

Comments