တကယ်လား … အိပ်မက်လား(တင်ညွန့်)

တကယ်လား … အိပ်မက်လား

-----------------------------------
ကျွန်တော် Passport ရုံးရှေ့ရောက်ချိန်ကို ဖုန်းထုတ်ပြီး ကြည့်လိုက်မိသည်။

၁၂ နာရီခွဲတိတိ

လွယ်အိတ်ကြီးလွယ် ထီးတစ်ချောင်းနှင့် ခေါင်းတုံးဆံပင်ပေါက် လူကြီးတစ်ယောက်နားကို ကောင်မလေး သုံးယောက် ပြေးကပ်လာသည်။

“အဘ … ဘာလုပ်မလဲ … အသစ်လား … သက်တမ်းတိုးလား … ချက်ချင်းရမယ်”

“အိမ်သာ … အိမ်သာ ဘယ်နားမှာရှိသလဲ”

“ဟိုဘက်မှာအဘ … သမီး အဘလိုတာကို လုပ်ပေးမယ်လေ … ၅၀၀၀ ပဲပေး … ဒီအချိန်က ပိတ်သွားပြီ … မနက်ကတည်းက တန်းစီရတာ … သမီးတို့မှာ အတွင်းလူတွေရှိတယ်”

“ဖယ်ပါဦးကွယ် … ငါ့အတွင်းက ထွက်ကျတော့မယ်”

ကျွန်တော် ကားပေါ်မှာကတည်းက သေးပေါက်ချင်နေသည်။ အိမ်သာရှိရာ အမြန်ပြေးရသည်။ ၁၀၀ ပေးပြီး ကိစ္စကို အမြန်ရှင်းရသည်။ တော်သေးသည်။ အိမ်သာကိစ္စ ၁၀၀ နှင့်ပြီးသွားသည်။

အိမ်သာစောင့်သူကို မေးရသည်။ သက်တမ်းတိုးကိစ္စ ဘယ်မှာ လုပ်ရသလဲ

“နောက်ဘက်ကို ပြန်လျှောက်သွား … ရုံးရှိတယ်။ အမျိုးသားလို့ရေးထားတဲ့နေရာမှာ တန်းဝင်စီရုံပဲ”

ကျွန်တော်က အပြင်ပြန်ထွက်လာရာ ကောင်မလေးတစ်ယောက် လိုက်လာပြန်သည်။

“အဘ … ထမင်းစားချိန် တိုကင်မပေးတော့ဘူး … အကြာကြီးစောင့်ရလိမ့်မယ် … သမီးကို ၃၀၀၀ ပဲပေး”

“နေပါကွယ် … ငါ့ဘာသာ ငါလိုက်လုပ်မယ်”

အတွေ့အကြုံတစ်ခုဆိုသည်မှာ ကိုယ်တိုင်ရင်းမှရမည်။ ဘာပြောပြော နာမည်ကြီးနေသည့် Passport ရုံးကိစ္စ စာရေးစရာ ကိုယ်တိုင်ရှာရမည်။

နေ့ခင်းဖြစ်သောကြောင့် လူရှင်းသွားပုံရသည်။ အဝင်ဝတွင် တန်းစီထားသူများ မတွေ့ရ။ အမျိုးသား တန်းစီပေါက်တွင် ရပ်လိုက်သည်။ နာရီကြည့်လိုက်သည်

၁၂ နာရီ ၃၈ မိနစ်

လုံခြုံရေးဂိတ်မဖြတ်မီ ရဲတစ်ယောက်က

“ဘာလုပ်မလို့လဲခင်ဗျာ”

“သက်တမ်းတိုး”

“အိမ်ထောင်စု၊ မှတ်ပုံတင် အားလုံးပါလား”

“ပါတယ်”

ကျွန်တော်က တစ်ခုချင်းထုတ်ပြသည်။ ရဲက အားလုံးကို ယူလိုက်ပြီး ထိုင်ခုံတွင် စာရွက်တစ်ထပ်၊ ကောင်မလေး တစ်ယောက်နှင့် အလုပ်ရှုပ်နေသော ရဲအရာရှိတစ်ယောက်ထံ ကျွန်တော့် စာရွက်တွေကို သွားပေးသည်။ ရဲအရာရှိက ကျွန်တော့်ကို မော့ကြည့်ပြီး

“ဟာ … ဆရာ … ဦးတင်ညွန့်”

ကျွန်တော် ကြောင်သွားသည်

“ကျွန်တော်က ဆရာ့ စာဖတ်ပရိသတ် … လာ … ဆရာ ကျွန်တော့်နောက်လိုက်ခဲ့”

ရဲအရာရှိက ကျွန်တော့်ကို ရဲမိတ္တူတန်းကို ခေါ်သွားသည်။ ယူနီဖောင်းဝတ် ရဲတပ်သားများက မိတ္တူကူးပေး နေသောကြောင့်ဖြစ်သည်။ ကျွန်တော့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ Passport အဟောင်း အားလုံးကို မိတ္တူ ဆွဲကြသည်။

သူများတွေ ပိုက်ဆံပေးနေသဖြင့် ကျွန်တော်က ပိုက်ဆံအိတ်လေးထုတ်ပြီး

“ကျွန်တော် ဘယ်လောက်ပေးရမလဲခင်ဗျာ”

“ဟာ … မပေးပါနဲ့ဆရာ … ကျွန်တော်က ဆရာ့ စာဖတ်ပရိသတ်ပါ။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေထဲမှာ ဆရာ့ စာဖတ်ပရိသတ်တွေ အများကြီးပါ”

“ကျသလောက် ယူပါခင်ဗျာ”

“မယူပါဘူးဆရာ … ကျွန်တော့်နောက်ကိုလိုက်ခဲ့ဆရာ”

ရဲအရာရှိက ကျွန်တော့်ကို အတွင်းဘက်ခေါ်သည်။ အတွင်းခန်းမထဲတွင် လူတွေတန်းစီနေကြသည်။ ရဲအရာ ရှိက ကျွန်တော့်ကို ထိုင်ခုံတွေ နေရာသို့ ခေါ်သွားပြီး

“ဆရာ … ဒီမှာ ခဏစောင့်နေပါ”

ကျွန်တော့် စာရွက်တွေ ကိုင်သွားပြီး သူပျောက်သွားသည်။ ၅ မိနစ်ခန့်အကြာတွင် သူပြန်ရောက်လာသည်။

“လာ … ဆရာ … ကျွန်တော်တို့ ဖောင်သွားဖြည့်မယ် … ဒါလည်း ဆရာ့ စာဖတ်ပရိသတ်ပဲ”

သူက ကျွန်တော့်ကို နောက်ထပ်အရာရှိတစ်ဦးနှင့် မိတ်ဆက်ပေးပြန်သည်။ ကျွန်တော်က လက်ဆွဲနှုတ်ဆက် လိုက်သည်။

“ဆရာ့စာတွေကြိုက်တယ်”

“ဩော် … ဟုတ်ကဲ့”

“လာ … ဆရာ ဖောင်ဖြည့်ရအောင်”

ပထမ ကျွန်တော့်ကို ခေါ်လာသည့် အရာရှိက မတ်တတ်ရပ် စားပွဲတွင် ကျွန်တော့်ကို မေးပြီး သူကိုယ်တိုင် ပုံစံတွေကို ဖြည့်သည်။

“ဒီမှာ လက်မှတ်ထိုးဆရာ”

ကျွန်တော် လက်မှတ်တစ်ချက်ပဲထိုးပေးလိုက်ရသည်။ တစ်ကြိမ်ပဲ ဘော့ပင်ကိုင်လိုက်ရခြင်းဖြစ်သည်။

“ဆရာ ဒီဘက်ကိုကြွပါ”

ကျွန်တော့်ကို ဒုတိယအရာရှိက အခန်းတစ်ခန်းထဲ ခေါ်သွားသည်။

“ကျွန်တော်တို့ ဓာတ်ပုံရိုက်မယ် … မျက်မှန်ချွတ်ဆရာ”

ကျွန်တော့်ကို ဓာတ်ပုံရိုက်သည်။ လက်ဗွေနှိပ်ပေးလိုက်သည်။

“ပြီးပြီဆရာ … နောက်လ ၅ ရက်နေ့ လာယူပါရပြီ”

ကျွန်တော် အမှန်အတိုင်း ပြောပါမည်။ ကိုယ့်ပေါင်ကို မဆိတ်မိ။ ကိုယ့်လျှာတော့ ကိုယ်ပြန်ကိုက်မိသည်။

“ဟုတ်ရဲ့လား”

ကျွန်တော် ရုံးအထွက်ပေါက်ကို ရောက်လာချိန်တွင် ဖုန်းထုတ်ပြီး အချိန်ကိုကြည့်လိုက်သည်။

၁၂ နာရီ ၅၈ မိနစ်

စုစုပေါင်း မိနစ် ၂၀

Passport ရုံးတွင် ကျွန်တော် ကိစ္စအားလုံးပြီးစီးသည်အထိ ကြာချိန်

မိနစ် ၂၀

ပိုက်ဆံလည်း တစ်ပြားမှမပေးခဲ့ရ

ဘုရားစူး

အမှန်အတိုင်းကြုံခဲ့သည်ကို ပြန်ရေးပါသည်

မယုံလည်း မတတ်နိုင်ပါ။

တင်ညွန့်

၂၆.၃.၂၀၁၉

Comments