ချစ်သက်လက်ဆောင်(တင်ညွန့်)
ချစ်သက်လက်ဆောင်
----------------------
သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ကျွန်တော် မန္တလေးကို သွားလည်သည်။ အပြန်တွင် မန္တလေးဈေးချိုက ထဘီလေးတစ်ထည်ကို ဝယ်လာသည်။ သူ့အတွက်ဖြစ်သည်။ထဘီက အပြာရောင်လေးထဲတွင် ချိတ်အဆင်များကို အောက်နားကဖောက်ထားသည်။ သူက မြန်မာဆန်ဆန် ဝတ်တတ်သဖြင့် ကြိုက်မည်ထင်သည်။ ထဘီရောင်းသည့် ကောင်မလေးက
“အစ်ကိုကြီးဇနီးအတွက်လား” ဟုမေးသည်။
ကျွန်တော်က ပြုံးလိုက်ပြီး
“ဟုတ်တယ်”
“အသားဖြူသလား”
“ဖြူတယ်”
“ပိန်လား … ဝလား”
“ပိန်တယ်”
“ဒါဆိုရင် ဒါလေးယူပါလား။ တစ်ထည်တည်း ရက်ကန်းကထွက်တာ”
ကျွန်တော် ဈေးပင်မဆစ်တော့။ ကောင်မလေး၏ ဝန်ဆောင်မှုအပြောကို သဘောကျသဖြင့် ဝယ်လိုက်သည်။
ကျောင်းတွေပြန်ဖွင့်တော့မည်။ ရင်တွေခုန်နေသည်။ ထဘီလေးကို ကျောပိုးအိတ်ထဲသို့ ကတ်ဘူးလေးခံကာ ထည့်သည်။ ထဘီလေးက ပလတ်စတစ်တစ်ထပ်၊ စက္ကူဘူးတစ်ထပ်။ ပြီးတော့ အပေါ်က ပန်းပွင့်လေးတွေနှင့် အလှစက္ကူကို ကပ်ထားသည်။ အပေါ်ဆုံးကမှ
“အချစ်ဆုံးနှင်းအတွက်” ဟု လက်ရေးလှလှလေး ရေးထားသည့် စက္ကူဖြူလေးကို ကပ်ထားသည်။
ကျွန်တော် ရွာသို့ပြန်ရမည့် ခရီးလမ်းက ကြမ်းသည်။ ကားမပေါက်၊ လှေမပေါက်၊ တောလမ်းကလျှောက်ရမည်။ ခုတစ်လော တောလမ်းတွင် ဓားပြသောင်းကျန်းကြောင်း သတင်းတွေကြားရသည်။ ကားလမ်းဆုံတွင် စောင့်ရမည်။ လူ လေးငါးယောက်လောက်ဆုံမှ သွားရန် မြင်းလှည်းဂိတ်က သတိပေးသည်။
“တစ်နေ့ကပဲ ဓားပြတွေက အမတော်ကြေးလာပေးတဲ့အဖွဲ့ကို ဓားပြတိုက်သွားသေးတယ်။ အဲဒီကောင်တွေ တောထဲမှာ လှည့်နေတုန်းပဲ။ ရဲတွေကလည်း တောမနင်းရဲသေးဘူး။ ဓားပြအဖွဲ့က စိန်တံခွန်အဖွဲ့လေ။ နာမည်ကြီးတွေ။ တစ်နှစ်ကပဲ စခန်းကိုတောင် ဝင်တိုက်တာ”
ကျွန်တော်က မြင်းလှည်းဂိတ်တွင် ဖွင့်ထားသည့် ထမင်းကြော်ဆိုင်တွင် ထမင်းကြော်စားရင်း ခရီးကြုံကိုစောင့် နေရသည်။ ကျွန်တော်က ခရီးလမ်းလည်း သိပ်မကျွမ်းသေးသောကြောင့်ဖြစ်သည်။ သွားနေကျသမားတွေက လမ်းကြောကိုသိသည်။ ရှောင်တတ် တိမ်းတတ်သည်။
၉ နာရီထိုးလောက်မှ လူ ၆ ယောက်ဆုံသည်။ ကျွန်တော် အပါဝင် ၇ ယောက်ဖြစ်သည်။ အမျိုးသမီး နှစ်ယောက်၊ အမျိုးသား ငါးယောက် ကျွန်တော်တို့ တစ်နေကုန်ခရီးကို ချီတက်ခဲ့ကြသည်။ ကျွန်တော့်ထက် အထက်ပိုင်းကျသည့် ရွာသို့သွားမည့် ဆင်သမားတစ်ယောက်ပါသည်။ တော်သေးသည်။ သူ့ကို အဖော်ပြုသွား ရပေတော့မည်။
ဓားပြမကြာခဏ တိုက်တတ်သည့်နေရာမှာ ခင်ဦးလယ်တောအလွန် တောအုပ်ထဲတွင်ဖြစ်သည်။ ထိုလယ်ကွက် တွေကို မဖြတ်ဘဲ မြောင်ထဲကသွားလျှင် တောင်ကြားတစ်ခုကို ရောက်သည်။ တောင်ကြားမှ ဖြတ်တက် လိုက်လျှင် ငလိုက်တောင်ပေါ်ရောက်သည်။ ငလိုက်တောင်ကုန်းက ဆင်းလိုက်ပြီး ချောင်းထဲဆင်းကာ တစ်ဘက်ကမ်းကို ပြန်တက်ပါက ကျွန်တော်တို့ အန္တရာယ်ကင်းပြီဟုဆိုသည်။
“ဟေ့ စကားတွေမပြောနဲ့တော့ တိတ်တိတ်လေး ဖြတ်ရအောင်”
ရှေ့ကဦးဆောင်သွားနေသည့် ဖောင်သမားက ကျောပိုးအိတ်ထဲက ဓါးမကိုထုတ်ပြီး အပင်တွေကို ရမ်းကာ ရှေ့ကသွားသည်။ ကျွန်တော်တို့က နောက် တိတ်တိတ်လေးလိုက်သွားကြသည်။ လမ်းကြောက လူသိပ်မသွား ထားသဖြင့် ရေထဲကို ဒူးလောက်ဖြတ်ရသည့် ချောင်းထဲတွင် မျှော့တွေက တွယ်သည်။ တံတွေးတွေ ထွေးပြီး မျှော့ဖြုတ်ရသည်။ အမျိုးသမီးနှစ်ယောက်က မျှော့ကြောက်သော်လည်း မအော်ရဲ။ သူတို့ကို လူတစ်ယောက်က ဆေးလိပ်မီးနှင့်မှုတ်ပြီး ဖြုတ်ပေးနေသည်။
“တောင်ပေါ်တက်ရင် သတိထား။ ချော်ကျမယ်”
တောင်က ကျောက်တွေဖြစ်သည်။ ခြေထောက်တွေမနည်း ကုတ်ရသည်။ ဖိနပ်မစီးနိုင်။ ချော်ကျသွားမှာ ကြောက်သဖြင့် လက်ကုတ်မြဲမှ ခြေလွှတ်ရဲသည်။ အားလုံး တောင်ကြောပေါ်ရောက်လာကြသည်။
“ဒီတောင်ကြောကဆင်းရဲ ချောင်းပဲ။ ချောင်းထဲကနေ ဟိုဘက်ကို တက်လိုက်ရင် အေးဆေးပါပြီ”
ကျွန်တော်တို့အားလုံး မောလွန်းသဖြင့် ထိုင်နားနေကြသည်။
“ကဲ အမောပြေရင် ခရီးဆက်မယ်”
ခေါင်းဆောင်သွားသူက တိုးတိုးလေးပြောပြီး ထလိုက်ကာ ကျောပိုးအိတ်ကို လွယ်လိုက်သည်။ ကျွန်တော်လည်း ကျောပိုးအိတ်ကိုလွယ်ပြီး အသင့်ပြင်လိုက်သည်။ အမျိုးသမီးနှစ်ယောက်က ထဘီကို တင်းနေအောင် ပြင်ဝတ်ပြီး ရှေ့ကဆင်းသွားသည်။ ချောင်းထဲသို့ လျှိုစောက်ကြီးတစ်ခု၏ သစ်ဆွဲလမ်းကတစ်ဆင့် ဆင်းကြရမည်ဖြစ်သည်။
ကျွန်တော်တို့အားလုံး လျှိုထဲကို ရောက်လာကြသည်။ အပေါ်တွင် ကျွန်းပင်ကြီးတွေ၊ ကညင်ပင်ကြီးတွေက မိုးထားသဖြင့် မှောင်လုလုဖြစ်နေသည်။ အေးစိမ့်နေသည်ကလည်း ထူးခြားသည်ဟုဆိုရမည်။
ချောင်းကိုလှမ်းမြင်နေရပြီ။ ထိုစဉ် ရှေ့တည့်တည့်၌ လူသုံးယောက်ပေါ်လာသည်။ သူတို့ လက်ထဲတွင် ရိုင်ဖယ် သေနတ်တွေကိုင်ထားသည်။
“ရပ်လိုက်”
ရှေ့ဆုံးကသွားနေသူက
“ဟာ … စိန်တံခွန်အဖွဲ့နဲ့ ပက်ပင်းတိုးပြီ … နောက်ပြန်လှည့်”
နောက်ပြန်လှည့်လိုက်သည့်အခါတွင် ရှမ်းဘောင်းဘီအနက်နှင့် ခြောက်လုံးပြူးတစ်လက်ကိုင်ထားသူက ကျွန်တော်တို့ကို ပြုံးပြုံးကြီးကြည့်နေသည်။
“အောင်မယ် … မင်းတို့က ငါတို့အဖွဲ့ကို လှည့်စားတာပေါ့ … ဟုတ်လား”
ရှေ့ရော နောက်ကပါ သေနတ်ကိုင်၊ ဓားကိုင်တွေ ဆင်းလာကြသည်။ စုစုပေါင်း လူ ၁၅ ယောက်ခန့်ရှိမည်။
“ထိုင် … ထိုင် … အားလုံးထိုင်ချလိုက် … မော့မကြည့်နဲ့။ ဇက်ပြတ်သွားမယ်”
အမှန်အတိုင်း ဝန်ခံပါသည်။ ကျွန်တော် ရင်တွေတုန်ပြီး ကြောက်နေမိသည်။ ကျောပိုးအိတ်လေးကို ရှေ့တွင် ချပြီး ဆောင့်ကြောင့်ထိုင်ကာ ခေါင်းကို ငုံ့ထားလိုက်သည်။
“ပါတဲ့ အိတ်တွေ ရှေ့မှာချထား။ ပါတဲ့ပိုက်ဆံ၊ ဆွဲကြိုး၊ နာရီတွေ ရှေ့မှာ ပုံထား။ ဘာမှ မချန်ထားနဲ့နော်။ လိုက်ရှာလို့ တွေ့တဲ့ကောင်တွေတော့ သေဖို့သာပြင်”
ကျွန်တော်က ကျောပိုးအိတ်လေးကို ရှေ့မှာချပြီး သိုင်းကြိုးကို လက်နှင့် ဆုပ်ထားမိသည်။
ရိုင်ဖယ်သေနတ်ကိုင်ထားသည့် တစ်ယောက်က ကျွန်တော့်ရှေ့ရောက်လာပြီး ကျောပိုးအိတ်ကို လာဆွဲသည်။ ကျွန်တော်က ကြိုးကိုင်ထားသည့်လက်ကို မလွှတ်ပေး။ ဆုပ်ထားမိသည်။
“ဘာလဲကွ … လွှတ်လိုက်လေ”
“အဖိုးတန်တာ ဘာမှမပါပါဘူး”
“သောက်စကား များလိုက်တာ … လက်လွှတ်”
ကျွန်တော်က ဆက်ပြီးတော့ ဆုပ်ထားသည်။ သူက ကျွန်တော့်ကို သေနတ်ဒင်နှင့် ရင်ဘတ်ကိုဆောင့် တွန်းလိုက်သည်။ ကျွန်တော် ပက်လက် လန်သွားသော်လည်း အိတ်ကိုဆွဲထားတာကြောင့် အိတ်က ကျွန်တော်နှင့် ပါလာသည်။
“ဘာဖြစ်နေကြတာလဲ”
“ဒီမှာလေ ကျောပိုးအိတ်ကို မပေးလို့ဆရာကြီး”
“အာခံတာလား … ပစ်သတ်လိုက်ရ”
“မဟုတ်ပါဘူး … ကျွန်တော့် ရည်းစားအတွက် ထဘီလေးတစ်ထည်ပါလာလို့”
အားလုံး ဝိုင်းရယ်ကြသည်
“ဟား … ဟား … ဟား … ဟေ့ … ဒါ ဓားပြတိုက်နေတာကွ ကစားနေတာ မဟုတ်ဘူး”
“ကြိုက်တာယူပါဗျာ … ကျွန်တော့် အဝတ်အစားအပြင် အိတ်ထဲမှာ ပိုက်ဆံ ၅၀ ကျော်ပါပါတယ်။ ယူလိုက်ပါ။ ဒါပေမဲ့ ထဘီလေးတော့ ချမ်းသာပေးပါ။ သူ့အတွက် အမှတ်တရ လက်ဆောင်ဖြစ်နေလို့ပါ”
“အလို ဓားပြတိုက်စားတာ ကြာပြီကွ။ ဓားပြဆီက ထဘီပြန်တောင်းတာ ကြုံဖူးပေါင်။ ကိုင်း ထုတ်လိုက်စမ်းကွာ။ ဘာထဘီများ ဖြစ်နေလို့လဲ”
ကျွန်တော့်လက်ထဲမှ တစ်ယောက်က အိတ်ကို အဆင်းဆွဲလုသွားကာ အိတ်ကို သွန်ချလိုက်သည်။ ကျွန်တော့် အဝတ်အစားများ စာအုပ်များနှင့် ထဘီထုပ်လေး ထွက်ကျသွားသည်။
“ဘယ်မှာလဲ ထဘီ”
“ဟောဒီအထုပ်ထဲမှာ ထင်တယ်”
တစ်ယောက်က အထုပ်ကို ဆွဲဖောက်လိုက်သည်။
“မလုပ်ပါနဲ့”
ကျွန်တော်အော်သော်လည်း နောက်ကျသွားသည်။ ထဘီလေးကို သူတို့က ဖြန့်ကြည့်လိုက်သည်။
“အလို … လှသားပဲ … ဟေ့ကောင်တွေ … ငါ့မယားငယ်နဲ့ဆိုရင် အတော်လိုက်မယ်”
“ဟား … ဟား … ဟား”
“တောင်းပန်ပါတယ်ဗျာ … ပြန်ပေးပါ။ အားလုံး ယူလိုက်ပါ။ အဲဒီ ထဘီလေးတော့ ပြန်ပေးပါ။ ကျွန်တော် သူ့ကို လက်ဆောင်ပေးဖို့ မန္တလေးကတောင် ဝယ်လာတာပါ”
“ဟာ မန္တလေးကတောင် ဝယ်လာတာတဲ့ကွ။ ကောင်းလိုက်တာ။ ငါ့မယားငယ် ကံထူးတာပဲ”
“တောင်းပန်ပါတယ်”
“စကားများလိုက်တဲ့ကောင် ပစ်သတ်လိုက်ရ”
“ကဲ … အားလုံးသွားကြတော့။ ငါလူမသတ်ချင်ဘူး”
အားလုံးက ထကြသည်။ ကျွန်တော်က မထ။ ထိုင်လျက်နေရာမှ
“ကျွန်တော် မေတ္တာရပ်ခံတာပါ။ ထဘီလေးတော့ ပြန်ပေးဖို့ တောင်းပန်ပါတယ်”
“တယ် လျှာရှည်တာပဲ”
ဗိုလ်လုပ်သူက ပြောပြောဆိုဆိုနှင့် ကျွန်တော့် ပခုံးကို သူ့ခြေထောက်နှင့် ကန်လိုက်သည်။ စစ်ဖိနပ်ဝတ်ထား သဖြင့် အရှိန်ပြင်းသည်။ ကျွန်တော်နောက်ကို ပြန်လန်လဲသွားသည်။
“မင်း နောက်တစ်ခါ ထပ်တောင်းရင် ခြေထောက်မဟုတ်တော့ဘူး။ ဟောဒီ ခြောက်လုံးပြူးပဲရမယ် သိလား”
ကျွန်တော်က ပက်လက်လန်အနေအထားမှ တံတောင်ကိုထောက်ထားပြီး အားယူထလိုက်သည်။
သူတို့က ကျွန်တော်တို့ ပစ္စည်းတွေအားလုံးကို လုံချည်ကွင်းတစ်ခုထဲတွင် စုထည့်လိုက်သည်။ လူ ၆ ယောက်က ချောင်းကမ်းစပ်ကို ရောက်နေကြပြီ။ သူတို့က ကျွန်တော့်ကို လှည့်ကြည့် လှည့်ကြည့်နှင့် ဖြစ်သည်။ ဓားပြတွေက လျှိုအပေါ်ဘက်ကို ပြန်တက်သွားကြသည်။ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့သည်။
ကျွန်တော့်တွင် ဘာမှ မကျန်တော့။ အားလုံးဆုံးရှုံးသွားပြီ။
ရွာကို ပြန်ရောက်သည့်အခါတွင် ကျွန်တော့်မှာ သူ့ကို ပေးစရာ ဘာမှမရှိတော့။ ဓားပြအတိုက်ခံရသည့် သတင်း ကိုလည်း မပြောချင်။ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်မိသောကြောင့်ဖြစ်သည်။
ကျောင်းပြန်ဖွင့်သည့်နေ့တွင် သူက
“ဆရာ … သီတင်းကျွတ် ဘယ်သွားသေးလဲ”
“မန္တလေး”
“ဟယ် … မန္တလေးသွားတာတောင် နှင်းအတွက် ဘာလက်ဆောင်မှ မပါဘူးလား”
“ဟိုလေ … အင်း … မဝယ်ခဲ့မိဘူး”
“ဆရာ”
“ဗျာ”
“မနက်ဖြန် နှင်းတို့အိမ်မှာ ဆွမ်းကပ်မယ်။ ဆရာ လာခဲ့နော်”
“လာမှာပေါ့”
နောက်တစ်နေ့တွင် ကျွန်တော် သူတို့အိမ်ကို ထွက်လာခဲ့သည်။ လူကြီးတွေနှင့် စကားဝိုင်းကောင်း နေမိသည်။
“မနေ့ကပဲ စစ်တပ်က ဓားပြတွေကို တောနင်းပြီး ရှာနေပြီတဲ့”
“ရှာလည်း တွေ့မှာလား။ စိန်တံခွန်က ကိုယ်ပျောက်တယ်”
“ဟုတ်တယ် … ဒီကောင်က ကြောင်မျက်ရှင်ကိုသွင်းထားတာတဲ့”
“ဆရာ … စိန်တံခွန်အကြောင်း ကြားဖူးလား”
“ဟင့်အင်း”
“ကျွန်တော်တို့ရွာလည်း သတိထားနေရတယ်ဆရာရေ။ ရွာညီလို့ပဲ။ ဟိုဘက်ရွာဆိုရင် နှစ်ကြိမ်တောင် ဝင်မွှေတာ ခံရပြီးပြီ။ စစ်တပ်ကလိုက်ရှင်းနေတယ်ဆိုရင်တော့ ဒီကောင်တွေ ပြေးပြီထင်ပါ့”
ကျွန်တော် စားသောက်ပြီး ရေနွေးကြမ်းထိုင်သောက်နေချိန်တွင် နှင်းက လက်ဖက်ပန်းကန်လေးကိုင်လာသည်။
“ဟင်”
ကျွန်တော် အံ့အားသင့်သွားသည်။
“ဆရာ … စိုက်ကြည့်နေလိုက်တာ သတိများထားပါဦး”
“ဆရာမ … ဒါ … ဒါ”
“ကျွန်မနဲ့ မလိုက်ဖူးလားဆရာ … ထဘီလေးက ချစ်စရာလေး”
“ဒီထမီ … ဒီထဘီ … ဘယ်ကရတာလဲဟင်”
“လက်ဆောင်ရတာဆရာ”
“လက်ဆောင် … လက်ဆောင်”
ကျွန်တော် ကြောင်တောင်တောင်နှင့် မတ်တတ်ထရပ်လိုက်မိသည်။
“ဆရာ ပြန်တော့ မလို့လား … လက်ဖက်စားဦးလေ”
ကျွန်တော်သူ့အတွက် ဝယ်လာသည့်လက်ဆောင်ကို သူ့အား မည်သူပေးသနည်း။
ကျွန်တော် ထိုလက်ဆောင် ထဘီအကြောင်း ထိုရွာကထွက်လာသည်အထိ နှင်းကို မမေးဖြစ်တော့ပါ။
တင်ညွန့်
၂၂.၈.၂၀၁၈
Comments
Post a Comment