ကြောင်တောင်တောင်အမြင်(တင်ညွန့်)

ကြောင်တောင်တောင်အမြင်

----------------------------------

ကျွန်တော် ၇ တန်းကျောင်းသားဘဝက သူငယ်ချင်း ရန်းကူးနှင့် သူခေါ်သည့် ဘုရားကျောင်းကို လိုက်သွားခဲ့ဖူး သည်။ ရန်းကူးက စက်ဘီးမစီးတတ်။ ကျောင်းပိတ်သည့် တစ်ရက်တွင် ရန်းကူးကို သတင်းစာပို့ပြီးအပြန် လမ်းမှာ တွေ့သည်။

“ဟေ့ ကောင်လေး ငါ့ကို ဘုရားကျောင်းလိုက်ပို့ပေးလေ”

“ဘာသွားလုပ်မှာလဲကွ”

“ငါ့အဖေကို ဂိုဒေါင်သော့ သွားပေးမလို့။ အရေးကြီးလို့ပါကွာ”

“တက်လေကွာ လိုက်ပို့ပေးမှာပေါ့”

သူတို့ဘုရားကျောင်းက မြို့စွန် ရေကန်ကြီးဘေးတွင်ဆောက်ထားသည့် ရှေးဟောင်း ဘုရားကျောင်းကြီးဖြစ် သည်။ မြို့နှင့်လည်းလှမ်းသည်။ ကျွန်တော်က ကုန်းတက် ကုန်းဆင်းပေါင်းများစွာကို ဖြတ်ကျော်ပြီး ရန်းကူးကို ဘုရားကျောင်းရောက်အောင်ပို့ပေးခဲ့သည်။

ရန်းကူးနှင့် ကျွန်တော်က အတန်းထဲတွင် ရှေ့ဆင့်နောက်ဆင့်ထိုင်သည်။ သူက အလွန်ခင်စရာကောင်းသည်။ တစ်တန်းလုံးကတော့ သူ့ကို မွတ်တားဟုခေါ်သည်။

“ဟေ့ကောင် ပြန်လိုက်ဦးမှာလား”

“မလိုက်တော့ဘူး။ ငါ့အဖေကားနဲ့ ပြန်မယ်။ ညနေလောက်မှဆိုတော့ မင်းပြန်တော့လေ”

ကျွန်တော်ကိုသူက ပြောပြီး ဘုရားကျောင်းအနောက်ကို ပြေးဝင်သွားသည်။ ကျွန်တော်က ဘုရားကျောင်းထဲကို ယခုမှ ရောက်ဖူးသည်။ ထို့ကြောင့် လျှောက်ကြည့်ချင်သည်။ စက်ဘီးကို ထောင်ထားခဲ့ပြီး သော့ခတ်လိုက် သည်။ ထို့နောက် ရေကန်ကြီးဘက်ကို ထွက်ခဲ့သည်။

ရေကန်ကြီးက အုတ်လှေကားများကို ဘောင်ခတ်ထားသည်။ အုတ်တွေက ရှေးဟောင်းအုတ်တွေ ဖြစ်သည်။ ရေကန်ကြီးထဲ ဆင်းသည့် လှေကားအုတ်လက်တန်းကြီးတွေကလည်း အကြီးကြီးဖြစ်သည်။ နှစ်ပေါင်း များစွာ ကြာသော်လည်း အုတ်လှေကားနှင့် အုတ်ရိုးကြီးတွေက တောင့်တောင့်တင်းတင်း ဖြစ်နေသည်။

ကျွန်တော်က လှေကား ရေစပ်အထစ်အထိ ဆင်းလိုက်ပြီး ရေတွေကို လက်နှင့်ခပ်လိုက်ကာ မျက်နှာသစ် လိုက်သည်။ ထို့နောက် ဇက်ပိုးကို ပွတ်လိုက်သည်။ ချွေးတွေရွှဲနေသောကြောင့်ဖြစ်သည်။
ကျွန်တော် အုတ်ရိုးဘောင်ပေါ်ကို ခုန်တက်ပြီး ရေကန်အရှေ့ဘက်က တိုက်လာသည့်လေကို ကြည်နူးနေမိ သည်။

“အေးနေတာပဲ”

ပါးစပ်ကလည်း လွှတ်ခနဲထွက်သွားသည်။ ကျွန်တော်က အုတ်ရိုးကြီးပေါ်တွင် မတ်တတ်ရပ်လိုက်ပြီး ရေထဲက ငါးတွေကူးနေသည်ကို ကြည့်နေမိသည်။ ရေကလည်းကြည်နေသည်။

ကျွန်တော့်ခေါင်းအထက်တွင်ရှိနေသည့် အပင်ကြီးတွင် ပန်းပွင့်တွေ ဝေနေသည်။ ဘာပန်းတွေမှန်းတော့မသိ။ အနံ့က အီတီတီဖြစ်အောင်မွှေးသည်။ ပန်းပွင့်တွေထဲက ဝတ်မှုန်တံလေးတွေက အဖြူရောင်ဖြစ်သည်။ ကျွန်တော်က ပန်းပွင့်တစ်ပွင့်ကို လှမ်းခူးလိုက်သည်။ ကျွန်တော်နှင့် မမီတမီဖြစ်နေသည်။ ကျွန်တော်က ခုန်ပြီး ခူးလိုက်သည်။ ခြေချော်ထွက်သွားပြီး ရေထဲကို ပြုတ်ကျသည်။ ကျွန်တော် ဒါပဲမှတ်မိသည်။ ဘာဖြစ်သွား မှန်းမသိ။ မှောင်သွားသည်။

ကျွန်တော်ရေထဲ ရောက်နေခြင်းဖြစ်သည်။ ရေအောက်ထဲတွင် မီးရောင်လိုလို တွေ့လိုက်ရသည်။ ကျွန်တော် အပေါ်ဘက်ကို တက်ကြည့်သည် တက်၍မရ။ မီးရောင်လိုလို မြင်နေရသည့်ဘက်ကို ကျွန်တော်ကူးသည်။ အုတ်နံရံကြီးထဲက မီးရောင်တွေ ထွက်နေသည်။ ကျွန်တော်က ခြေထောက်တစ်ဖက်ကို ကန်ပြီး မီးရောင်ဆီသို့ တိုးထွက်လိုက်သည်။ နံရံအပေါက်ကြီးထဲကို ခေါင်းကဝင်သွားသည်။ ကျွန်တော် နံရံထဲကို တစ်ကိုယ်လုံးလှိမ့်ဝင်လိုက်သည်။

အခန်းကြီးတစ်ခုထဲကို ရောက်သွားသည်။ အခန်းကြီးက အကျယ်ကြီး။ မီးတွေမထွန်းထားဘဲ တစ်ခန်းလုံး လင်းနေသည်။ အပေါ်က လရောင်လိုလို အလင်းရောင်တွေက ထိုးကျနေသည့်အောက်တွင် ရုပ်တုတစ်ခုကို ကျွန်တော်တွေ့လိုက်ရသည်။

ကျွန်တော်က ရုတ်တုရှေ့ကို တိုးသွားနေမိသည်။ ရုပ်တုက ကျွန်တော့်ကို ခေါ်နေသလိုမျိုး ဖြစ်နေသည်။ အနီးရောက်မှ သေသေချာချာကြည့်လိုက်သည့်အခါတွင် အလင်းရောင်တွေက ထိုရုပ်တုက ဖြာထွက်နေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ ရွှေရုပ်တုဖြစ်ပြီး ဝင်းဝင်းတောက်နေသည်။ ဤအခန်းတွင် မီးမရှိဘဲ လင်းနေ သည်မှာ ရုပ်တုကရွှေရောင်ကြောင့်ဖြစ်သည်။ နဖူးမှာလည်း ပတ္တမြားထင်သည်။ ရဲရဲတောက်နေသည်။

အံ့အားသင့်ပြီး မည်မျှကြာအောင် မော့ကြည့်နေမိမှန်းမသိ နောက်နားက ခြေသံလိုလိုကြားလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ အဘိုးကြီးက မုတ်ဆိတ်မွှေးတွေ ဖွေးဖွေး ဖြူနေသည်။ သူ့လက်ထဲတွင် ကြေးလင်ပန်းကြီးတစ်ခုကိုင်ထားသည်။

“အဘိုး … ဒါဘယ်နေရာလဲ”

သူကပြန်တော့ပြောသည် ကျွန်တော် နားမလည်။ သူက လင်ပန်းကို ကျွန်တော့်ရှေ့ထိုးပေးသည်။ လင်ပန်းထဲတွင် ပန်းသုံးပွင့်ရှိသည်။ သူက ပန်းတစ်ပွင့်ကိုယူပြီး ရုပ်တုအောက်ခြေထောက်နားတွင်ထား လိုက်ပြီး ပါးစပ်က တစ်ခုခု ရွတ်သည်။ ကျွန်တော့်ကိုလည်း သူက ကြည့်ပြီး ပန်းကိုယူရန် ပြောနေသလို ထင်ရ သည်။

ကျွန်တော်က ပန်းတစ်ပွင့်ကိုယူပြီး သူ့လိုပင် ရုပ်တုခြေထောက်နားကို ချပေးလိုက်သည်။ အဘိုးအိုက ကျွန်တော့်ကို သူ့ရှေ့နားသို့ ခေါ်သည်။ ကျွန်တော်က တိုးသွားသည့်အခါတွင် လင်ပန်းထဲက ဆေးအနီရောင်ကို ကော်ပြီး ကျွန်တော့် နဖူးပေါ်သို့ သုတ်ပေးလိုက်သည်။ ပါးစပ်ကလည်း တစ်ခုခု ရွတ်နေသည်။ ထို့နောက် ကျွန်တော့်ရှေ့ကို ရွှေခွက်လေးတစ်ခွက်ယူလာသည်။ ခွက်ထဲတွင် မီးခဲလေးတွေရှိနေသည်။ မီးခဲလေးများ ပေါ်သို့ အမှုန့်လေးတွေကို သူကဖြူးပေးလိုက်သည်။ မီးခိုးတွေထွက်လာသည်။ ကျွန်တော့် နှာခေါင်းနားသို့ လာပြီး ထိုခွက်ကို ထိုးပေးသည်။ ကျွန်တော်က အမွှေးနံ့တွေကို ရှူလိုက်ရသလိုဖြစ်ပြီး မေ့သွားသည်။

“ဟေ့ ကောင်လေး … ထ … ထ … ဘာဖြစ်လို့ ဒီမှာ လာအိပ်နေတာလဲ”

ကျွန်တော့် ပခုံးကိုလာလှုပ်လိုက်သလိုဖြစ်နေသည်။ လန့်နိုးသွားသဖြင့် ကြောင်တောင်တောင် ဖြစ်နေရာမှ ကြည့်လိုက်ရာ ရန်းကူးဖြစ်နေသည်။

“မင်း ဘာဖြစ်လို့ ဒီမှာ လာအိပ်နေတာလဲ။ ငါက မင်းစက်ဘီးကို အပြင်မှာတွေ့လို့ ဘယ်လျှောက်သွားနေသလဲ ဆိုပြီး လျှောက်ရှာလိုက်ရတယ်။ မင်းက ရေကန်ဘေးမှာ လာအိပ်နေတာကိုး”

ကျွန်တော်က ရေကန်လှေကားတွင် အုတ်ရိုးကိုမီပြီး အိပ်သလိုဖြစ်နေသည်။

“ငါအိပ်နေတာ မဟုတ်ဘူးကွ … ရေကန်ထဲ ပြုတ်ကျသွားတာ”

“မင်းက အရူးပဲ … ငါတွေ့ကတည်းက မင်းဒီမှာမီပြီးတော့ အိပ်နေတာ”

“မဟုတ်ဘူး … ငါရေထဲ ပြုတ်ကျသွားတယ်”

“ကောင်လေးရာ … မင်း အိပ်ချင်မူးတူး”

“ဒါဆိုရင် ငါဘာဖြစ်လို့ ရွှဲနေသလဲ”

“ချွေးတွေပါကွ”

“ချွေးတွေက ပုဆိုးပါ ရွှဲမလား”

“လာ … ပြန်တော့မယ်။ ဟိုမှာ ငါ့အဖေကားစောင့်နေတယ်။ မင်းစက်ဘီးလည်း တင်လိုက်။ ကားနဲ့ ပြန်မယ်”

“ရန်းကူး ငါရေထဲ ပြုတ်ကျတာတကယ်။ ရေအောက်ထဲမှာ ရုပ်တုကြီးတစ်ခုတွေ့တယ်။ ရွှေရုပ်တုကြီးကွ။ တစ်တောင်လောက်ရှိမယ်။ မုတ်ဆိတ်ဖြူနဲ့ အဘိုးကြီးတစ်ယောက်လည်း တွေ့တယ်”

“ဟေ့ ကောင်လေး မင်း ဝတ္ထုတွေဖတ်ပြီးတော့ ဇာတ်လမ်းတွေ သိပ်ပြောတယ်နော် … နေဦး မင်း နဖူးက ဘာတွေလဲ။ မင်း နဖူးမှာဘာတွေလဲ”

သူက ကျွန်တော့်နဖူးကဆေးနီတွေကို လက်ညှိုးနှင့်တို့ကြည့်သည်။

“ကဲ ငါမပြောဘူးလား … ငါ အခန်းကြီးတစ်ခန်းထဲရောက်သွားတယ် … သိလား … အဲဒီမှာ”

“ဟေ့ … ရန်းကူး မြန်မြန်လာ … သွားမယ်”

ရန်းကူးအဖေက လှမ်းခေါ်သည်။ ကျွန်တော်တို့ ကုန်ကားဆီကိုပြေးကြသည်။ ကျွန်တော့် စက်ဘီးကို ကားပေါ်တင်သည်။ ကျွန်တော်တို့ ကားအနောက်ခန်းကို ခုန်တက်လိုက်သည်။

ကျွန်တော်သည် ထိုနေ့ကစပြီး ထူးဆန်းသည့်လူများ၊ ထူးဆန်းသည့်အတွေ့အကြုံများ၊ ထူးဆန်းသည့် အဖြစ် အပျက်ပေါင်းများစွာကို ကြုံတွေ့ရသည်။ သူများတွေမမြင်တာကို ကျွန်တော်မြင်သည်။ ကျွန်တော်မြင်တာကို သူတို့ မြင်ချင်မှ မြင်သည်။

ဥပမာ ကျွန်တော်နှင့် ရန်းကူးထိုင်လိုက်လာသည့် ကားထဲမှ ဂုန်နီအိတ်ပုံကြီးပေါ်တွင် လူတစ်ယောက်ထိုင်နေ သည်။ သူက ကျွန်တော့်ကို ပြုံးပြနေသည်။ ကျွန်တော်က လည်း သူ့ကို ပြန်ပြုံးပြလိုက်သည်။

“ဟေ့ကောင် မင်းဘယ်သူ့ကို ပြုံးပြနေတာလဲ”

“သူ့ကိုလေ … ဘာဖြစ်လို့လဲ”

“ဘယ်သူ့ကိုလဲ ဒီနောက်ခန်းမှာ မင်းနဲ့ငါ နှစ်ယောက်ပဲရှိတယ်”

“ဟိုမှာ ထိုင်နေတာ ဘယ်သူလဲ”

“ဘယ်မှာလဲ”

“ဂုန်နီအိတ်ပုံပေါ်မှာ”

“ဟေ့ ကောင်လေး မင်း မနောက်နဲ့နော် … ငါကြောက်တတ်တာသိလို့ နောက်နေတာလား”

“မဟုတ်ဘူး တကယ်ပြောနေတာ … ဟိုမှာလူတစ်ယောက်”

လူတစ်ယောက် ကားပေါ်မှာရှိနေသည်။ ကျွန်တော်မြင်ပြီး သူမမြင်ဆိုခြင်းမှာ ဖြစ်နိုင်ပါမည်လော။

“ရန်းကူးဆိုတဲ့ကောင် ကြောင်တောင်တောင်နဲ့”

တင်ညွန့်

၂၉.၈.၂၀၁၈

Comments