ခွေးသူခိုး(တင်ညွန့်)

ခွေးသူခိုး

-----------

“ဆရာ … အဟွတ် … အဟွတ် … ပိုက်ဆံလေး တစ်ကျပ်လောက် ပေးပါ”

“ကိုသံချောင်း ဘယ်လိုဖြစ်သလဲ။ ချောင်းတွေ ဆိုးလှချည်လား”

“ဟုတ်ကဲ့ ဆရာ … အဟွတ် … အဟွတ်”

“ချောင်းဆိုးရင် ပါးစပ်ကို အုပ်ပြီးဆိုးလေဗျာ”

“ဆရာ … ပိုက်ဆံ တစ်ကျပ်လောက်”

“ဘာလုပ်မလို့လဲ … အရက်သောက်ဖို့ဆိုရင်တော့ မပေးဘူး”

“လျက်ဆားလေး ဝယ်ချင်လို့ပါ”

ကိုသံချောင်းက ကျွန်တော့် စတုတ္ထတန်းက သင်းကြည်၏ အဖေဖြစ်သည်။ ကျောင်းခြံစည်းရိုးနှင့် ကပ်လျက် ခြံတွင် နေသည်။ သူတို့တဲလေးက ယိုင်စုတ်စုတ်။

ကိုသံချောင်းက အရက်သမားဖြစ်သည်။ သူ့ကို ကြည့်လိုက်လျှင် ဆောင်းတွင်းသာ အနွေးထည်ဝတ်သည်။ ကျန်အချိန်တွင် အပေါ်ပိုင်းဗလာ၊ တစ်ခါတရံ စွပ်ကျယ်နှင့်နေသည်။ လူက ရှူနာရှိုက်ကုန်း။ အလုပ်က ဈေးထဲတွင် ကုန်ထမ်းသည်။

သူက ကုန်ထမ်းမသွားနိုင်သည့် အခါတွင် ကျွန်တော့်ထံ ပိုက်ဆံလာတောင်းတတ်သည်။ ချေးသည်လည်း မဟုတ်။ လာတောင်းတိုင်း တစ်ကျပ်သာဖြစ်သည်။

ကျွန်တော်က အရက်သမားများကို မသနား။ သို့သော် တပည့်မလေး သင်းကြည်မျက်နှာကြောင့် သူ့အဖေကို ခေါ်ပြောနေမိခြင်းဖြစ်သည်။ သင်းကြည်က စာတော်သည်။

“ခင်ဗျား ဒီနေ့ အလုပ်မသွားဘူးလား”

“ချောင်းတွေဆိုးနေလို့ ရင်ဘတ်တွေလည်း အောင့်နေပြီဆရာရဲ့ … အဲဒါကြောင့် ဒီနေ့နားတာ။ ဆေးသောက် စရာ ပိုက်ဆံမရှိလို့ပါ … အဟွတ် … အဟွတ်”

သူ့ဆေးကို ကျွန်တော်သိသည်။ လျက်ဆားမဟုတ်နိုင်။ ကျွန်တော်က သူ့ကို ပိုက်ဆံတစ်ကျပ်ပေးလိုက်လည်း လျက်ဆားဝယ်စားမည်မဟုတ်။ အရက် သွားသောက်မည်မှာ ကျိန်းသေသည်။ သို့သော် ကိုယ့်နားလာပြီး ချောင်းကလည်းဆိုး၊ စကားကလည်း များသဖြင့် သူ့ကို ပိုက်ဆံ တစ်ကျပ်ထုတ်ပေးလိုက်သည်။

“ကျေးဇူးပဲ ဆရာ … အဟွတ် … အဟွတ်”

ကိုသံချောင်းထွက်သွားသည့်အခါတွင် ကျွန်တော်က အဖြေလွှာများကို ဆက်စစ်နေသည်။ ယနေ့ ကျောင်းပိတ် သော်လည်း ကျွန်တော်က လပတ်စာမေးပွဲ အဖြေလွှာတွေကို ပြီးအောင် ကျောင်းတွင် လာစစ်နေခြင်းဖြစ်သည်။

စာစစ်ရတာ မျက်စိတွေ ကိုက်လာသဖြင့် ပက်လက်ကုလားထိုင်တွင် ခေတ္တနားရင်း ထိုင်ပြီး မျက်စိကို မှိတ်ထားလိုက်သည်။

“ဆရာ”

ကိုသံချောင်းဖြစ်နေပြန်သည်

“ဟေ့လူ … ဘာဖြစ်လာပြန်ပြီလဲ”

သူ့မျက်နှာတွေ ရဲနေသည်။ သေချာသည် အရက်သောက်ပြီး ပြန်လာခြင်းဖြစ်သည်။

“ခင်ဗျား သောက်လာသလား။ သောက်လာရင် သွားတော့”

“အဟွတ် … အဟွတ် … ဆရာ … မသောက်ရရင် သေမယ်ထင်တယ်။ ဟာ … ဒီချောင်းကလည်း မရပ်နိုင် တော့ဘူး … အဟွတ် … အဟွတ်”

“သွား … သွားတော့ … သောက်လာပြီးရင် သွားပြန်အိပ်တော့”

“ဆရာ ချောင်းဆိုးတာ သေတော့မယ်။ ဆေးလေးဘာလေး မရှိဘူးလား။ အဟွတ် … အဟွတ်”

“ဆေးသွားထိုးရင် ပျောက်မှာပေါ့”

“ပိုက်ဆံမှ မရှိတာဆရာ”

“ကျုပ်လည်း အဲဒါတော့ မတတ်နိုင်ဘူး။ ခင်ဗျားကို ပိုက်ဆံပေးလည်း သောက်နေတာပဲ”

“အဟွတ် … အဟွတ် … ရင်ခေါင်းတွေ အောင့်နေပြီဆရာ”

“ခင်ဗျားက အရက်ကလည်းသောက်တော့ ပိုဆိုးမှာပေါ့။ အင်း … ကျုပ် အဘွားကတော့ ချောင်းဆိုးတာ ခွေးသားစားလိုက်တာ တစ်ခါတည်းပျောက်သွားတယ်”

“ဟုတ်လားဆရာ … အဟွတ် … အဟွတ်"

“ဟုတ်တယ် … ကျုပ်အဘွားက ပန်းနာသည်။ ခင်ဗျားထက်ဆိုးတာပေါ့။ အဲဒါ သင်္ချိုင်းထဲက ကိုဝက်ပုတို့ အုပ်စုကို ခွေးသား မှာလိုက်တာ။ တစ်ပိဿာပဲ တစ်ကြိမ်စားလိုက်ရတယ် ပျောက်သွားရော”

ထိုစဉ်က ကျွန်တော်တို့ ရပ်ကွက်အတွင်း ခွေးသားကို တိုးတိုးသားဟုခေါ်ကြသည်။ တိုးတိုးသားကို သင်္ချိုင်းထဲတွင် လိုသလောက်ရသည်။ ကျွန်တော့် အဖေက သူမိခင်ကြီး ချောင်းဆိုးဝေဒနာကို ခွေးသား ညာကျွေးပြီး ကုလိုက်ရာ အံ့ဩစရာကောင်းလောက်အောင် ပျောက်သွားခဲ့ရသည်။ ကျွန်တော်က ထိုအတွေ့ အကြုံကို သူ့ကိုပြောပြလိုက်ခြင်းဖြစ်သည်။

ကျွန်တော့်အဘွားက လက်ဖက်ရည်ကို ချိုရဲနေအောင် ဖျော်သောက်သည်။ ဆေးလိပ်ကလည်း ပူစီဆေးပေါ့လိပ် တစ်မတ်တန် အကြီးကြီးတွေကို မှာသောက်သည်။ သူက ထမင်းမစားရလျှင်နေ ဆေးလိပ်နှင့် လက်ဖက်ရည် ရှိလျှင်ပြီးသည်။ ညကျလျှင် တစ်အိမ်လုံး လန့်နိုးလောက်အောင် တဟွပ်ဟွပ်နှင့် ချောင်းဆိုးတော့သည်။

အဖေကလည်း ချောင်းဆိုးလျှင် ခွေးသားကျွေးရကြောင်း ဘယ်ကနည်းရလာမှန်းမသိ။ သင်္ချိုင်းထဲက ကိုဝက်ပုကြီးကို တိုးတိုးသား တိုးတိုးတိတ်တိတ်မှာသည်။ ကိုဝက်ပုကြီးက နောက်တစ်နေ့ စောစောတွင် မြေအိုး လေးနှင့် လာပို့သည်။ အဖေက အဘွားကို ပြုတ်ပြီး ကြော်ကျွေးသည်။

ထူးဆန်းသည်ဟုဆိုရမည်လား၊ တိုက်ဆိုင်မှုလို့ ဆိုရမည်လား အဘွား၏ ချောင်းဆိုးရောဂါပျောက်သွားသည်။

ကျွန်တော်က ကိုသံချောင်းကို ထိုအဖြစ်အပျက်အား ဖောက်သည်ချလိုက်မိသည်။

နောက်နေ့တွင် ကျောင်းဖွင့်သောအခါ သင်းကြည်တစ်ယောက် ကျောင်းမလာ။

“သင်းကြည် ဘာဖြစ်သလဲ”

“သူ့အဖေ ရဲဖမ်းထားလို့ဆရာကြီး”

“ဘာဖြစ်လို့လဲ”

“သိဘူး … ညကတည်းက ရဲတွေဖမ်းထားတာ။ သင်းကြည် သူ့အမေနဲ့ ရဲစခန်းလိုက်သွားတာပဲ”

နေ့ခင်းထမင်းစား လွှတ်ချိန်တွင် သင်းကြည်နှင့် သူ့အမေ ကျွန်တော့်ရှေ့ရောက်လာသည်။

“ဆရာကြီး အမေက ဆရာကြီးကို စကားပြောပါရစေတဲ့”

“ဟဲ့ … လာလေ … ပြော … ဘာလဲ”

“ဆရာ ကိုသံချောင်းကို ရဲတွေ ဖမ်းထားလို့ … အဲဒါ ရဲစခန်းက အာမခံပေးမယ် ရပ်ကွက်ထဲက အာမခံ ပေးမယ့်သူ နှစ်ယောက်ခေါ်လာခဲ့ဆိုလို့”

“အဲဒါကွယ် … ရပ်ကွက်လူကြီးခေါ်သွားရောပေါ့”

“လူကြီးက လိုက်မှာ မဟုတ်ဘူးဆရာ”

“ဘာဖြစ်လို့လဲ”

“သူက လူကြီးအိမ်က သွားခိုးလို့”

“ဟယ် … ဖြစ်ရလေ … ကိုသံချောင်းက ဒီလို မဟုတ်ပါဘူး။ မရှိလည်း တောင်းသုံးပါတယ်။ ဘာသွားခိုးလို့လဲ”

“လူကြီး အိမ်က ခွေးကို သွားခိုးတာဆရာ”

“ဟာ … ဆိုးလိုက်တာ”

“ဆိုးတာတော့ မပြောနဲ့ဆရာရေ … သူတို့ တစ်အိမ်လုံး ချစ်ပြီးတော့ ဖူးဖူးမှုတ်ထားတဲ့ ခွေးကိုမှ သွားခိုးတာ”

“ဘာလုပ်ဖို့လဲ”

“သိဘူး … ပိုက်ဆံ မရှိတော့ ဈေးထဲမှာ သွားရောင်းစားမလို့ ထင်တာပဲ”

ကျွန်တော်က ကျောင်းမှ ဆရာလေးတစ်ယောက်ကိုခေါ်ပြီး ရဲစခန်းလိုက်ခဲ့သည်။ ကျွန်တော်တို့ နှစ်ယောက် ကိုသံချောင်းကို အာမခံပြီး ထုတ်လာသည်။ ပြီးနောက် ကျွန်တော်က ကျောင်းရှေ့ လက်ဖက်ရည်ဆိုင်တွင် ဝင်လိုက်ပြီး

“ဆရာ သွားတော့ … ကျွန်တော် လိုက်ခဲ့မယ်။ ကိုသံချောင်း … လာ … ကျုပ်နဲ့ လိုက်ခဲ့”

ကျွန်တော်က လက်ဖက်ရည်ဆိုင်တွင် ထိုင်လိုက်ပြီး လက်ဖက်ရည်မှာလိုက်သည်

“ဟေ့လူ လက်ဖက်ရည် သောက်မလား”

“မသောက်ဘူးဆရာ”

“ကဲ ပြော ခင်ဗျား ဘာကြောင့် ရပ်ကွက်လူကြီးအိမ်က ခွေးကို ခိုးရတာလဲ”

“ဆရာပဲ ခွေးသားစားရင် ချောင်းဆိုးတာ ပျောက်တယ်ဆို”

“မြတ်စွာဘုရား … ဘုန်းကြီးအမှုတော့ ရွာပတ်ပြီ။ ကျုပ်က သင်္ချိုင်းကုန်းက ကိုဝက်ပုတို့ ပေါ်နေတဲ့ တိုးတိုး သားကို ပြောတာ။ ဘာဖြစ်လို့ ခင်ဗျားက လူကြီးခွေးကို သွားခိုးရတာလဲ။ ဘုရား … ဘုရား … ခင်ဗျား ခိုးရုံတင် မဟုတ်ဘူး သတ်တော့မှာပါလား”

“ညက အရက်ထွက်သောက်တော့ လမ်းပေါ်မှာ သင်္ဘောခွေးလေးတွေ့တယ်ဆရာ။ ခွေးလေးက ကျွန်တော် ခေါ်တာ လာတယ်။ အဲဒါ သတ်စားဖို့ ဆုံးဖြတ်လိုက်ပြီး ခေါ်အသွားမှာ မိသွားတာ”

“ဘုရား … ဘုရား ဖြစ်ရလေ … ခင်ဗျား တော်တော်ရက်စက်တဲ့လူပဲ”

“ဆရာရယ် … ပိုက်ဆံမှ မရှိတာ။ နောက်ဆုံး ကြံမိကြံရာ ကြံရတာပါ … အဟွတ် … အဟွတ်”

“ကိုသံချောင်း … ခင်ဗျား ရဲစခန်းမှာ သတ်စားဖို့ဖမ်းတာလို့ ပြောသလား”

“ဘယ်ပြောမှာလဲ … ရောင်းစားဖို့ ခိုးတာပါလို့ ပြောတာပေါ့”

“ကဲ ခုတော့ ကောင်းသေးရဲ့လား။ ခင်ဗျား ဟာလေ မယားမျက်နှာလည်း မထောက်၊ သမီးလေး မျက်နှာလည်း မထောက်။ အတော် ရက်စက်တဲ့သူ”

“ဆရာပဲ ခွေးသားစားရင် ချောင်းဆိုးတာ ပျောက်ဆို”

“ခင်ဗျား အဲဒီအတိုင်း ရဲစခန်းမှာ ပြောသလား”

“ပြောပါဘူး။ အမှုကြီးသွားမှာပေါ့။ ရောင်းစားဖို့ ခိုးတာလို့ပဲပြောတယ်”

ခက်ပြီ။ အကြီးကြီးခက်ပြီ။ ကျွန်တော်က

“အမှုက မပြီးသေးဘူး။ ခင်ဗျားကို အာမခံနဲ့ ထုတ်လာတာ။ လူကြီးက ခင်ဗျားကို တရားစွဲရင် ထောင်ကျမှာ”

“သိဘူးလေ … ဆရာပဲ ကောင်းသလို စီစဉ်ပေးပါ။ ကျွန်တော် ထောင်ထဲတော့ မသွားပါရစေနဲ့”

“ကဲ … ထ … လူကြီး အိမ်သွားမယ်။ ဟိုရောက်ရင် ကျုပ်ပြောတဲ့အတိုင်းလုပ်”

ဤသို့ဖြင့် ဆရာအလုပ်ကောင်းသည့်ကျွန်တော် သူ့ကို လူကြီးအိမ်ခေါ်သွားပြီး တောင်းပန်ခိုင်းရသည်။ ကန်တော့ ခိုင်းရသည်။ လူကြီးကလည်း ကျွန်တော်ပါလာသဖြင့် အမှုမလုပ်ပါဆိုကာ ကြေအေးပေးမည်ဟု ပြော သည်။

ကိစ္စက ဤမှာ ရပ်မသွား။ ကျွန်တော်က သူ့ကို ဆေးခန်းပါ ခေါ်သွားပြီး ဆေးထိုးပေးရပြန်သည်။ ဆရာဝန်က

“အအေးမိနေတာဆရာ။ နွေးနွေးထွေးထွေးနေခိုင်း။ ထူထူထဲထဲဝတ်။ ပေးထားတဲ့ဆေးကိုသောက်။ ပျောက်သွားလိမ့်မယ်” ဟုပြောသည်။ ကျွန်တော်က

“ဆရာ ဘယ်လောက်ကျသလဲ” ဟုမေးလိုက်သည်

“နေပါစေဆရာရယ် … ဆရာလည်း စေတနာ့ဝန်ထမ်းပဲဟာ”

“အင်း … ဆရာ မသိဘူးနော် … သံချောင်းကို စေတနာကောင်းလိုက်တာ … ကံကောင်းလို့”

“ဘာများလဲဆရာ … ပြောစမ်းပါဦး”

“မပြောပါရစေနဲ့ ဆရာရေ … ကျေးဇူးပါပဲ”

ကျွန်တော့်ဆီကို ထိုနေ့ကစပြီး ကိုသံချောင်းမလာတော့။ နွေရာသီကျောင်းတွေ ပိတ်သဖြင့် ကျောင်းဘက်ကို မရောက်။ ကျောင်းပြန်ဖွင့်ချိန်တွင် ကိုသံချောင်းတို့ မိသားစုမရှိတော့။ ခြံကိုရောင်းပြီး တောကို ပြောင်းသွား သည်ဟု ကြားသည်။

သူ ချောင်းဆိုးတာ ပျောက်သွားသလား၊ မပျောက်သွားသလား မသိ။ သို့သော် ရပ်ကွက်ထဲက ခွေးတွေ ဆက်ပျောက်နေသည်။ ထို့ကြောင့် ခွေးသူခိုးသည် ကိုသံချောင်းမဟုတ်ဆိုခြင်းကို ရပ်ကွက်ထဲက သိကောင်း သိမည်။

ကျွန်တော်ကတော့ နောက်ဆိုလျှင် ချောင်းဆိုးခြင်းနှင့် ပတ်သက်ပြီး မည်သူ့ကိုမှ ဆရာမလုပ်တော့။

တင်ညွန့်

၂၅.၈.၂၀၁၈

Comments