အရွယ်(တင်ညွန့်)

အရွယ်

-------

ကျွန်တော့်ကို အလှူဖိတ်လျှင် စိတ်ပျက်သည်။ ကျွန်တော်က ဘုန်းကြီးများရှေ့တွင် ဒူးခေါက်ပြီး ကြာကြာ မထိုင်နိုင်။ ခြေထောက်က ကျဉ်လာတတ်သဖြင့် အနေရခက်သည်။

“ရှင် လာကို လာရမယ် … မလာလို့ကတော့ ကျွန်မတို့က သေခန်းပြတ်”

ပဲခူးက သူငယ်ချင်းမသူက ကျွန်တော့်ကို ရာဇသံပေးသည်။ နောက်ဆုံး သူ့ကို အလျှော့ပေးလိုက်ရသည်။ ငယ်နိုင် တွေမဟုတ်ပါလား။

“လာရင် ပြီးရောပေါ့”

“ဟုတ်တယ် လာရင်ကျေနပ်ပြီ”

ကျွန်တော် မဖြစ်မနေ ပဲခူးပြန်ရတော့သည်။ သူငယ်ချင်း မသူအိမ်တွင် ဝါဆိုသင်္ကန်းကပ်သည်။ သူက ကျွန်တော့် အသက်ကို ကယ်ထားဖူးသူ။

ကျွန်တော် ပိုးသတ်ဆေး ဖြန်းထားသည့် ခရမ်းကြွပ်သီးတွေကို ရေစင်အောင် မဆေးဘဲ အစိမ်းအတိုင်း ငါးပိရည်နှင့် တို့စားမိသည်။ အထက်လန် အောက်လျှောတွေဖြစ်ပြီး ဆေးရုံတက်ရသည်။ ကျွန်တော့် သူငယ်ချင်းမ သူနာပြုဆရာမကြီးက ကျွန်တော့်ကို လိုလေသေးမရှိ စောင့်ရှောက်ခဲ့သောကျေးဇူးတွေရှိသည်။

ယခုတော့ သူလည်းပင်စင်ယူ၊ သူ့ခင်ပွန်းကလည်း ပင်စင်ယူထားပြီးဖြစ်သည်။ ကျွန်တော်တို့ မတွေ့တာ နှစ်ပေါင်းကြာပြီ။ မကြာသေးမီကမှ သူ့ထံက ဖုန်းရသည်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ဆီက ဖုန်းနံပါတ် ရသဖြင့် ဆက်ခြင်းဖြစ်သည်။

အလှူတိုင်းကို မနက်ဖိတ်လျှင် နေ့လယ်မှ သွားသည်။ နေ့ခင်း ဖိတ်လျှင် မွန်းလွဲမှ သွားသည်။ မကျန်လည်း ကိစ္စမရှိ။ အလှူသွားခြင်းက စားချင်၍မဟုတ်။ မိတ်ဟောင်း ဆွေဟောင်းတွေ တွေ့ချင်၍ဖြစ်သည်။

ကျွန်တော် မနက်စောစော ထွက်ခဲ့သော်လည်း သူငယ်ချင်းမအိမ်သို့ ၁၁ နာရီခွဲမှ ရောက်သည်။ ကျွန်တော် အိမ်ပေါ်တက်လိုက်သည့်အခါတွင် သူက အသံပြဲကြီးနှင့်

“ကောင်လေးလာတယ်ဟေ့” ဟုအော်လိုက်သည်။

သူက ကျွန်တော့်ကို ကောင်လေးဟုသာ နှုတ်ကျိုးနေသည် မဟုတ်ပါလား။

“နင့်ကို စိတ်ဆိုးတယ် သိလား။ စောစောမလာလို့”

“စောစောထွက်ဖို့ပဲ … ကားတွေက ပိတ်နေလို့ပါ။ ဘာမှ မစားတော့ပါဘူး”

“မစားလို့ မရဘူး။ သက်သက်ကို ချန်ထားတယ်။ စားကို စားရမှာ”

မသူက ပြောရင်း ဖုန်းကိုထုတ်ကာ ဆက်နေသည်။

“အေး … မြန်မြန်လာခဲ့။ ရောက်နေပြီ။ မြန်မြန်လေးလာနော်”

သူက ကျွန်တော့်ကို စားပွဲတစ်လုံးချပြီး ထမင်းတွေ ဟင်းတွေ ပြင်နေသည်။

“ဝက်သားစားလား”

“ခြေလေးချောင်းသား မစားဘူးဟ”

“ရတယ်လေ … ငါးပေါင်း … ဘဲပေါင်း”

“တော်ပါပြီ နည်းနည်းဆိုရပါတယ်”

ကျွန်တော့်ရှေ့ကို သူတို့ လင်မယားလာထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေသည်။

“မသူရယ် … ဆရာ့ကို ထမင်းဖြောင့်အောင် စားပါစေ”

သူ့ခင်ပွန်းက သတိပေးရသည်အထိ ဖြစ်သည်။ ကျွန်တော်တို့ သူငယ်ချင်းတွေ နှစ်အတန်ကြာမှ ပြန်တွေ့ ရသဖြင့် ပျော်နေသည်။

“အေးဟယ် … အားလုံး တဖြုတ်ဖြုတ်နဲ့ သေကုန်ကြပြီ။ နင့်သူငယ်ချင်း ဝေလွင်လည်း တစ်ပတ်လောက်ပဲ ရှိသေးတယ် ဆုံးသွားပြီ”

“သတင်းကြားတယ်။ မလာနိုင်ပါဘူးဟာ”

ထိုစဉ် ကလေးတစ်ယောက်က ပြေးဝင်လာပြီး

“ဘွားဘွားကြီး အန်တီထွန်းလာတယ်”

“အထွန်းရေ အိမ်အပေါ်ထပ်ကို တက်လာခဲ့”

ကျွန်တော်က ငါးတစ်ဖတ်ကို ဇွန်းဖြင့် ကော်နေစဉ်

“ကောင်လေး … ဒီမှာကြည့်စမ်း ဘယ်သူလဲလို့”

ကျွန်တော်က ဇွန်းကို ပြန်ချလိုက်ပြီး ပါးစပ် အဟောင်းသားနှင့် ကြည့်နေမိသည်။ အထွန်းတဲ့

ကျွန်တော် ငယ်ရုပ်ကို မနည်းဖော်နေရသည်။ အထွန်းက အတော်လေး ဝလာသည်။ ငယ်စဉ်က ဖြူသွယ်သွယ် ခုတော့ မျက်နှာက ပြည့်ဖောင်းဖောင်းဖြစ်နေသည်။ အဝါရောင်ဆွယ်တာလေးကို ဝတ်ထားသည်။ မျက်လုံး တွေက မို့အစ်အစ်။

“အထွန်း”

“မှတ်မိတယ်ပေါ့နော်”

“မှတ်မိပါတယ်”

မသူက

“အထွန်း တစ်ခါတည်း ဝင်စား”

“မသူကလည်း သိသားနဲ့။ ငါ ဒီဆန်တွေ စားလို့မှမရတာ”

“အေး ဒါဆိုလည်း ဒီမှာ စပျစ်သီးစား”

ကျွန်တော်က စားလက်စက သိမ်းလိုက်သည်။

“ဘာလဲ အထွန်းလာလို့ ဆက်မစားတာလား”

“မဟုတ်ပါဘူး … ဝပြီလေ”

“မသူကပြောတယ်။ အစ်ကိုလာမယ်ဆိုလို့”

“အင်း … ဟုတ်တယ်။ သူငယ်ချင်းတွေနဲ့ မတွေ့တာကြာပြီလေ။ ပဲခူးမရောက်တာလည်း ကြာပြီ မဟုတ်လား”

“ပဲခူးကို သတိရသေးတယ်ပေါ့”

“ရပါတယ်။ အမြဲ သတိရတယ်။ ဒါပေမဲ့ ရန်ကုန်မှာ နေမှဖြစ်မယ့် အနေအထားဆိုတော့ မတတ်နိုင်ဘူးလေ”

မသူက ဝင်လာသည်။ လက်ထဲတွင် လက်ဖက်ပန်းကန်လေး ကိုင်လာပြီး

“အထွန်း … ကဲတွေ့ချင်တယ်ဆို … တွေ့ပြီလေ … ဘာပြောမလို့လဲ”

“မပြောပါဘူး သူ့ကို တွေ့ချင်ရုံ သက်သက်ပါ”

“အထွန်း အမျိုးသား ဆုံးသွားတာ သတင်းစာထဲမှာ ဖတ်ရတယ်။ သားတွေ သမီးတွေရော”

“တစ်ယောက်မှ လက်ထဲ မရှိတော့ဘူး။ အားလုံး အိမ်ထောင်ကျကုန်ပြီ”

“ဒါဆိုရင် တစ်ယောက်တည်း နေတာလား”

“ဟုတ်တယ် … မြေးမလေး တစ်ယောက်ကို ခေါ်ထားတယ်”

“အထွန်းကို ကြည့်ရတာ နေမကောင်းဘူးလား။ တစ်မျိုးကြီးပဲ”

“ရောဂါတွေက ပြောရရင် စုံနေတာပဲ။ တစ်ခါ တလေ သေတောင် သေချင်တယ်။ စားချင်တိုင်း မစားရတဲ့ ဘဝကြီးပါ။ အစ်ကိုရော နေကောင်းတယ်နော်”

“အင်း … ကောင်းအောင် ကြံဖန်နေရတယ်။ ခုထိတော့ ဘာဆေးမှ မကူရသေးဘူး”

“ကုသိုလ် ကောင်းတာပေါ့”

မသူက ကျွန်တော့်ဘေးတွင် ဝင်ထိုင်လိုက်ပြီး

“အလှူတစ်ခါ လုပ်ရတာ စိတ်မော လူမောပဲ … ဟူး”

“နင်ကလည်း ဘုန်းကြီးကျောင်း သွားလှူလိုက်ရင် ပြီးတဲ့ဟာ”

“အိမ်ကလူလေ … သူရှည်တာနဲ့ နောက်က လိုက်ရတဲ့လူတွေက ဖတ်ဖတ်မော။ ဟဲ့ လက်ဖက်စားဦးလေ”

“စားပါတယ်”

“ကဲ … အထွန်း အချစ်ဟောင်းကြီးနဲ့တွေ့ပြီလေ … ဘာပြောမလို့လဲ ပြော”

“ဘာမှ မဟုတ်ပါဘူး။ တွေ့ချင်ရုံ သက်သက်ပါ”

ကျွန်တော်က

“ဘာဖြစ်လို့လဲ”

“ခုတစ်လော အိပ်မက်တွေ မက်တယ်။ အိပ်မက်ထဲမှာ ကောင်လေးကို ပြန်တွေ့နေတယ်။ အိပ်မက်တိုင်းမှာ နောက်ဆုံး ကောင်လေးက အထွန်းကို တွန်းချပြီး ထွက်သွားတာချည်းမက်တယ်”

“ဟဲ့ … အဲဒါ နင့်စိတ်ထဲမှာ စွဲနေလို့ပေါ့”

“စွဲတယ်လို့ မဟုတ်ပါဘူး။ အိပ်ရင်တော့ အိပ်မက်ထဲရောက်လာတယ်။ နေ့ခင်း အိပ်ရင်လည်း အဲဒါပဲ မက်နေတယ်”

“ဟဲ့ … နင်ကော အထွန်းကို အိပ်မက် မမက်ဘူးလား”

“ဟင့်အင်း … မမက်ဘူး”

“စွဲတဲ့သူက မက်တာပေါ့ … အထွန်း နင် … ကောင်လေးကို …”

“မသူရယ် … အရွယ်တွေလည်း ကြည့်ပါဦး။ စိတ်ကူးယဉ်ရမယ့် အရွယ်တွေ မဟုတ်တော့ပါဘူး”

“အစ်ကိုက ဘယ်တုန်းကမှ စိတ်ကူး မယဉ်ပါဘူး။ ဟုတ်တယ်နော်”

“ကိုယ့်ဘဝက စိတ်ကူးယဉ်ဖို့ အချိန်မှ မရှိခဲ့တာ”

“အစ်ကို့ကို ပြန်တွေ့ရတာ ဝမ်းသာတယ်။ ခုတစ်လော သူငယ်ချင်းတွေ တဖြုတ်ဖြုတ်နဲ့ ကုန်သလောက်ပဲ။ တစ်လောကတောင် သူငယ်ချင်းတွေ ပြန်ဆုံတော့ ပြောဖြစ်ကြသေးတယ်”

“ကဲ … စကားပြောလို့ကောင်းတယ်။ ချိန်းထားတာတွေ ရှိသေးတယ်။ ပဲခူးရောက်တုန်း ဘုန်းကြီးကျောင်း ဝင်ဦးမယ်။ သွားမယ်နော်”

“အထွန်းမှာ ကားပါတယ်လေ။ လိုက်ပို့ပေးမယ်”

“နေပါစေဟာ … ဆိုင်ကယ်ကယ်ရီသမားလေးကို အပြီး ငှားလာတယ်။ သူနဲ့ပဲ လျှောက်သွားမှာ”

“ကောင်လေး”

မသူက ကျွန်တော့ကို ခေါ်လိုက်သည်

“ဘာလဲ မသူ”

“နင်တို့ ခုဆိုရင် လွတ်လပ်ကုန်ပြီပဲ … ယူလိုက်ကြပါလား”

“အို … မိသူ နင်ဘာတွေ ပြောနေတာလဲ”

“ဟုတ်သား … ခင်ဗျားဟာလေ ပေါက်ကရ အတော်ပြောတယ်”

ကျွန်တော်က လွယ်အိတ်လေးကို လွယ်ပြီး မတ်တတ်ရပ်လိုက်သည်။ အထွန်းက မတ်တတ်ထဖို့ ကြိုးစား သော်လည်း ချက်ချင်း မထနိုင်။

“အဲဒီလိုပဲ ထိုင်ပြီးရင် ချက်ချင်း ထလို့ မရတော့ဘူး။ အစ်ကိုကတော့ ကံကောင်းလိုက်တာ။ ဆိုးခနဲ ဆတ်ခနဲ သွားနိုင် လာနိုင်တယ်နော်”

“တစ်ယောက်တည်း နေတာကြာတော့ တစ်ယောက်တည်း ဘယ်လို ရပ်တည်ရမယ်ဆိုတာ ကောင်းကောင်း သိတယ်လေ”

“ကိုင်း မသူ ကျေးဇူးတင်တယ်။ သွားမယ်။ အထွန်း … ပြန်မယ်”

သူများတွေက အချစ်ဦးတွေ၊ ရည်းစားဦးတွေနှင့် ပြန်တွေ့လျှင် ဘာဖြစ်သည် ညာဖြစ်သည် စာဖွဲ့ကြပေလိမ့်မည်။ ကျွန်တော့်မှာတော့ စာဖွဲ့ရလောက်အောင် ဘာမှ မဖြစ်ခဲ့သည်ကအမှန်။

ကိုယ့်အရွယ်ကလည်း ၁၆ နှစ်မှမဟုတ်တော့တာ။

တင်ညွန့်

၁၆.၈.၂၀၁၈

Comments