ညထဲကည(တင်ညွန့်)

ညထဲကည

-----------

ညက မိုးချုပ်မှ ၇၉ ကားစီးပြီး ပြန်ခဲ့တယ်။

မိုးချုပ်တော့ ကားချောင်ပါတယ်။ ထိုင်ခုံလည်းရတော့ ဝင်ထိုင်လိုက်တယ်။ ကားပေါ်မှာ အဲကွန်းဖွင့်ထားတာ ကြောင့် အေးပါတယ်။ ကျွန်တော်က ခရီးနဲ့တွက်ဆပြီးတော့ တစ်မှေးလောက် မှေးချင်တယ်။

ကားပေါ်ရောက်ရင် မှေးအိပ်လိုက်ရတဲ့အရသာ ဘတ်စ်ကား စီးဖူးမှသိမယ်။

ကားမှန်လေးကို ခေါင်းမှီပြီး အိပ်လိုက်လာတယ်။ အဲဒီအချိန်မှာပဲ နောက်ကနေ တံခါးကို တွန်းဖွင့်လိုက်တာ ကြောင့် ကျွန်တော့်ခေါင်းကို ဒုတ်ဆို ထိသွားတယ်။ ကျွန်တော်က ခေါင်းလေးကို ပွတ်လိုက်စဉ်မှာ

“ဆောရီး” တဲ့

ထိချိန်နဲ့ ဆောရီးချိန်က တစ်ချိန်တည်းလိုလိုနော်

“မင်းကွယ် အဲကွန်းကား တံခါးမဖွင့်ရလို့ စာရေးထားပါတယ်”

“ကွမ်းတံတွေး ထွေးချင်လို့ ဆောရီးနော်” တဲ့

နောက်တစ်ကြိမ် ဆောရီး

မြန်မာနိုင်ငံမှာကလည်း ဆောရီးဆိုရင် ပြီးသွားကြရတာ ကျင့်ထုံးတစ်ခုလို ဖြစ်နေတာပဲ။ မပြီးလို့လည်း မရဘူးလေ။ လူမိုက်ရုပ်နဲ့ သူ့ကို ကိုယ်က ယှဉ်ပြီးတော့ ပြောရင် ထထိုးလည်းခံရမယ်။ လက်သီးနဲ့ ထိုးရင် အကြောင်း မဟုတ်ဘူး။ လက်နှိုက်ထားတဲ့ အိတ်ထဲက သေနတ်လား၊ ဓားလား

ကြောက်တတ်ရင် ရန်ရှင်း

ငြိမ်ငြိမ်လေး ထိုင်နေလိုက်ရတယ်။ ဘာမှ အစိုးမရတဲ့ အနေအထား။

ကားပေါ်မှာကလည်း လူသုံးယောက် လောက်ပဲရှိတာ။ တံခါးကို ဖွင့်လိုက်၊ ပိတ်လိုက် အကြိမ်ပေါင်းများစွာ။ လမ်းပေါ်ကိုလည်း ကွမ်းတံတွေးပေါင်း များစွာ

အဲဒါ ကျွန်တော်တို့ နေ့စဉ် ရင်ဆိုင်နေရတဲ့ ပကတိ အရှိတရား။ ဟို နိုင်ငံခြားမှာ ဘယ်လိုတွေ ညာလိုတွေ ပြောပြီး စံနှုန်းတွေထောက်ပြ နေစရာမလိုပါဘူး။ ဒါ မြန်မာနိုင်ငံလေ

မြန်မာနိုင်ငံဆိုတာ လိုချင်တာက ဒီမိုကရေစီ၊ ဖြစ်ချင် နေတာက အော်တိုကရေစီ

“ပြောင်းလဲချင်သလား၊ ပြောင်းလဲချင်ရင် ကိုယ့်အဆင့်အတန်းကို အရင်ဆုံး မြှင့်တင်နိုင်အောင် ကြိုးစား” တဲ့

ဟုတ်တယ်

မှတ်တိုင်ရောက်တော့မယ်။ ထိုင်ခုံက ကြိုထတယ်။ နောက်ပေါက်က ဆင်းရမယ်။ ဘဲလ်တီးရမယ်။

အတက်အဆင်းက ခလုတ်လေးကို နှိပ်လိုက်တယ်။ မှတ်တိုင်တစ်တိုင်အလို ကြိုနှိပ်တယ်။

ဟုတ်တယ် … ငါဘာမှ အမှားမရှိဘူး။ အတိအကျပဲ

အလို ကားက မှတ်တိုင်မရပ်ပါလား

“မှတ်တိုင်ပါတယ်ခင်ဗျ”

“ဟာ မှတ်တိုင်ပါရင်လည်း ဘဲလ်ကိုတီးလေ” တဲ့

ကဲ …

တင်ညွန့်

၂၁.၈.၂၀၁၈

Comments