နောက်ကျ(တင်ညွန့်)
နောက်ကျ
-------------ကျွန်တော် ရန်ကုန်တက္ကသိုလ်ရောက်လာပြီးနောက် မကြာခဏ ထိုင်လေ့ရှိသည့် လက်ဖက်ရည်ဆိုင်မှာ ဦးချစ်ဆိုင်ဖြစ်သည်။ ထိုစဉ်က ကျောင်းဝင်းအတွင်း ကျွန်းပင်ကြီးများအောက်တွင် ရာသီဥတုကောင်းပါက ခုံပုလေးများနှင့် ထိုင်ရသည်ကို မှတ်မိသည်။ ပြည်လမ်းနှင့် ကပ်လျက်တွင် လက်ဖက်ရည်ဆိုင်ကို ဖွင့်ထားသည်။
ထိုနေ့ နေ့လယ် ၂ နာရီထိုးခန့်အချိန်တွင် ကျွန်တော် ဦးချစ်ဆိုင်ကို စာကြည့်တိုက်ကတစ်ဆင့် လာခဲ့သည်။ ခေါင်းကိုက်နေသဖြင့် လက်ဖက်ရည်သောက်ရန်လိုနေသည်။
ကျောင်းလွှတ်ချိန်ဖြစ်သဖြင့် ဆိုင်ထဲတွင် ထိုင်ခုံအားမရှိ။ ကျွန်းပင်ကြီးအောက်က ထိုင်ခုံတစ်ခုံတွင် အမျိုးသမီး တစ်ယောက်ထိုင်နေသည်။ ထိုခုံမှာပဲ လူတစ်ယောက်သာရှိသဖြင့် ခွင့်တောင်း ထိုင်ရတော့မည်။
“ဒီမှာ ထိုင်လို့ရမလား”
“ထိုင်လေ ရပါတယ်”
ကျွန်တော်က စားပွဲထိုးလေးကို
“လက်ဖက်ရည် ပေါ့ကျတစ်ခွက်” ဟုမှာလိုက်သည်။
အမျိုးသမီးက စာအုပ်တစ်အုပ်ဖတ်နေသည်။ သူဖတ်နေသည့် စာအုပ်မှာ “Suicide of the West” ဖြစ်သည် စာရေးသူက James Burnham ဖြစ်သည်။ အလွန်ရေပန်းစားနေသည့် စာအုပ်ဖြစ်ပြီး လစ်ဘရယ်အကြောင်း ပြောင်မြောက်သည့် ဆောင်းပါးကောင်းများပါသည်။ ထိုစာအုပ်ကို ဖတ်နေသည့် အမျိုးသမီးတစ်ယောက်မှာ အလွန်အထင်ကြီးစရာ။
ကျွန်တော်ရှေ့တွင် လက်ကိုင်အိတ်တစ်လုံး ရှိနေသည်။ အနက်ရောင်လေးဖြစ်သည်။ ကျွန်တော်က ထိုလက်ကိုင်အိတ်လေးကို ထိလိုက်ပြီး
“ဒီအိတ်လေး ဖယ်လိုက်မယ်နော်၊ လက်ဖက်ရည်ပန်းကန်လာရင် မလွတ်မှာစိုးလို့”
“ဩော် … ဆောရီး ကျွန်မ ဖယ်ပေးမယ်”
“ရပါတယ် … ရော့ပါ”
ကျွန်တော်က အိတ်ကိုကိုင်ပြီး သူ့ကို ပေးလိုက်ချိန်တွင် ကြက်သီးမွေးညင်းတွေထသွားသည်။ ခေါင်းထဲတွင် မိုက်ခနဲဖြစ်သွားသည်။ ကျွန်တော့်မျက်စိထဲတွင် ကြိုးဆွဲချသေနေသည့် အမျိုးသမီးတစ်ယောက်ကိုမြင်လိုက် ရသည်။ ထိုအမျိုးသမီးမျက်နှာကို သဲသဲကွဲကွဲမမြင်ရ။ သို့သော် သူ့လက်ထဲက နာရီကိုတော့ ကောင်းကောင်း မြင်နေရသည်။ နာရီတွင် ပြထားသည့် အချိန်က ၆ နာရီ ၅၅ မိနစ်
ကျွန်တော် စိတ်ထဲတွင် တစ်ခုခုသိနေသည်။ ထို့ကြောင့် လာချပေးသည့် လက်ဖက်ရည်ကို နေရာချလိုက်ပြီး
“အဟမ်း”
သူက ကျွန်တော့်ကို စာအုပ်ကျော်ပြီးကြည့်လိုက်သည်
“တစ်ခုလောက် ပြောလို့ရမလား”
“ပြောကြည့်လေ”
“ကျွန်တော် အဲဒီ စာအုပ်ကို စိတ်ဝင်စားလို့။ ကြားဖူးတာကြာပြီ။ တစ်လောက Time ထဲမှာ ညွှန်းထားက တည်းက ဖတ်ချင်နေတာ။ ခုမှတွေ့ဖူးတော့တယ်”
“ဩော် … ဟုတ်လား … ကျွန်မလည်း ဒီစာအုပ်ကို ရထားတာမကြာသေးဘူး။ ကျွန်မဖတ်တာ ပြီးတော့မယ် လေ။ ငှားမယ်ဆိုရင်တော့ရပါတယ်။ ဒါပေမဲ့ ရှင့်ကို ကျွန်မမှ မသိတာ”
“ကျွန်တော်က ပဲခူးဆောင်ကပါ။ ကျွန်တော့် ကျောင်းသားကတ်ပေးထားမယ်ဆိုရင် ရမလား”
ကျွန်တော်က အိတ်ထဲက ကျောင်းသားကတ်ထုတ်ပြီး သူ့ရှေ့ကိုချပြလိုက်မိသည်။
“ရပါတယ်ရှင်ရယ် … ကျောင်းသားအချင်းချင်းပဲ ကူညီရမှာပေါ့”
“ကျေးဇူးပဲဗျာ … ကျွန်တော် ခဏလောက်ငှားပါရစေ။ အဆောင်ကပဲလား”
“ကျွန်မက လှည်းတန်းမှာနေတယ်။ ည ၇ နာရီလောက်ဆိုရင် လာယူလို့ရပြီ။ လာယူမလား”
“ဟုတ်ကဲ့ လာယူပါ့မယ်။ ဘယ်မှာ လာယူရမလဲ”
ကျွန်တော်က သူပြောသည့် လိပ်စာကို စာအုပ်လေးထုတ်ကာ မှတ်လိုက်သည်။
“ကျွန်တော် ဖတ်ချင်လို့ပါ … ကျေးဇူးတင်ပါတယ်”
အမှန်တော့ ကျွန်တော် ထိုစာအုပ်ကို ဖတ်ပြီးသားဖြစ်သည်။ ကျွန်တော် သူ့ဆီကို သွားချင်မိသည်မှာ စောစောက အမြင်ကြောင့်ဖြစ်သည်။ ကျွန်တော့် စိတ်ထဲတွင် ပစ္စည်းတစ်ခုခုကို ထိလိုက်မိပြီး ထူးခြားလျှင် ရုပ်ရှင်ကြည့်ရသလို ဖြတ်ခနဲ ပေါ်လာတတ်သည်။
ကျွန်တော် သိလိုက်သည်က ဤအမျိုးသမီး ကြိုးဆွဲချသေရန် သေချာနေသလောက်ဖြစ်သည်။ ၆ နာရီ ၅၅ မိနစ်တွင် သူသတ်သေရန် ကြိုးစားနိုင်သည်။ ကျွန်တော့်မှာ သူ့ကို ကယ်တင်ရန် အခွင့်အရေး တစ်ခု ရလို ရငြား ကြိုးစားကြည့်ရန်ဖြစ်သည်။
ကျွန်တော် အဆောင်ကိုပြန်ပြီးနားသည်။ ထမင်းစားသောက်ပြီး လှည်းတန်းဘက်ထွက်ခဲ့သည်။ အချိန်က တစ်နာရီခန့် လိုသေးသော်လည်း ကျွန်တော် ကြိုသွားချင်သည်။ လူတစ်ယောက်ကို အသက်ကယ်ရန် အရေး ကြီးသည်။ ကျွန်တော့် စိတ်ကူးထဲတွင် အရိပ်တစ်ခု ထင်လာလျှင် လွဲခဲသည်။ အမျိုးသမီး သူ့ကိုယ်သူ သတ်ကို သေလိမ့်မည်။ ၆ နာရီ ၅၅ မိနစ် မတိုင်မီ သူကြိုးစားမည်မှာ သေချာသည်။
ကျွန်တော်က သူနေသည့် တိုက်ခန်းများ အောက်ကို ရောက်နေပြီ။
၆ နာရီ ၃၀ မိနစ်
၆ နာရီ ၄၅ မိနစ်တွင် ကျွန်တော် သူ့တိုက်ခန်းရှေ့ လူခေါ်ခေါင်းလောင်းကို တီးလိုက်သည်။
“ကလင် … ကလင် …”
“ကျွီ”
တံခါးက သံရှည်ဆွဲပြီး ပွင့်သွားသည်။ တံခါးလာဖွင့်ပေးသူမှာ နေ့ခင်းက အမျိုးသမီးဖြစ်သည်။ ကျွန်တော်က
“ဟူး … တော်ပါသေးရဲ့” ဟု အသံထွက်သွားသည်။ သူက နားမလည်သလိုကြည့်ရင်း
“ထိုင်ပါဦးနော် … စာအုပ်ကပြီးနေပြီ။ အခန်းထဲ ဝင်ယူလိုက်ဦးမယ်”
သူက အခန်းထဲ ဝင်ပြီး စာအုပ်ကို ယူကာ ပြန်ထွက်လာသည်။ ကျွန်တော့်ကို စာအုပ်လှမ်းပေးရင်းက
“စောစောက တော်ပါသေးရဲ့ဆိုတာ ဘာပြောတာလဲဟင်”
“ကျွန်တော်ဗျာ တိုတိုပဲပြောပါရစေ … နေ့လယ်က ခင်ဗျားအိတ်ကို ကိုင်လိုက်ပြီး တစ်ခုခုကို တွေ့လိုက်ရတယ်။ ကြိုးဆွဲချသေသလိုမျိုးကိုတွေ့လိုက်လို့”
“အဲဒါ ကျွန်မအိတ်မဟုတ်ဘူး”
“ဟင် … အဲဒါဆိုရင် ဘယ်သူ့အိတ်လဲ”
“ကျွန်မသူငယ်ချင်းအိတ်။ သူက အပေါ်ထပ်မှာနေတာ”
“ဟာ … ခက်ကုန်ပြီနဲ့ တူတယ် ခင်ဗျား သူငယ်ချင်းကို သွားကြည့်သင့်တယ်”
“လာလေ”
ကျွန်တော်တို့ အပေါ်တစ်ထပ်ကို ပြေးတက်လာကြသည်။
“ဟန်နီ … ဟန်နီ … တံခါးဖွင့်စမ်း … ဟန်နီ”
အထဲက တံခါးပိတ်ထားသည်။ သူကစိုးရိမ်နေသည်။ ဘေးနားက အခန်းတွေက တံခါးဖွင့်ကြည့်ကြသည်။ အထဲက ဘာသံမှ မကြားရ။ မကြာမီ ဖုန်းဆက်သဖြင့် ရဲတွေ ရောက်လာသည်။ တံခါးကိုဖွင့်ကြည့်ကြသည်။
အထဲတွင် အမျိုးသမီးတစ်ယောက် ကြိုးဆွဲချသေနေသည်။
သူ့လက်တွင်ပတ်ထားသည့် နာရီက ကျွန်တော် မြင်လိုက်ရသည့် အဝိုင်းကြီး
သို့သော် နာရီလက်တံတွေက ပြနေသည်မှာ ၇ နာရီ ၁၅ မိနစ်။
(ဖတ်ဖူးသည့် Edwin Crowe ၏ ဝတ္ထုတစ်ပုဒ်ကို ပြန်လည်ခံစားရေးသားခြင်းဖြစ်ပါသည်။)
တင်ညွန့်
၃၀.၈.၂၀၁၈
Comments
Post a Comment