အကြံသမား(တင်ညွန့်)

အကြံသမား

-------------
ဒေါ်ငြိမ်းတစ်ယောက် အမောတကော ပြေးလာပုံရတယ်။ စကားကို ဆက်မပြောနိုင်သေးဘူး။ အသက်ကို ဝအောင်ရှူပြီးတော့မှ

“ဆရာ … ဆရာ့တပည့်တစ်ယောက် သောင်းကျန်းနေပြီဆရာ။ ထိန်းလို့ကိုမရတော့ဘူး။ တစ်ညလုံး သောင်းကျန်းနေတာ။ ဆရာ့တဲဘက်ရောက်ခဲ့သေးတယ်။ ဆရာတို့ ဘုန်းကြီးကျောင်းဘက်သွားတယ်ဆိုလို့ လိုက်လာတာ”

ကိုရွှေမိုးက တည်ငြိမ်စွာနဲ့

“အစ်မကြီး ဘယ်လို သောင်းကျန်းတာလဲ ဖြည်းဖြည်းပြောပါ”

“ဆရာပေးလိုက်တဲ့ ကွမ်းရွက်ကို သူမသိအောင် အိပ်ရာအောက်ထားလိုက်တယ်။ ည သန်းခေါင်လောက်မှာ ငုတ်တုတ်ကြီး ထထိုင်တယ်။ ပြီးတော့ ပါးစပ်က ဘာတွေမှန်းမသိဘူး ပြောတယ်။ အင်္ဂလိပ်လိုတွေလား မသိဘူးတော့။ မနက် အရုဏ်တက်ချိန်လောက်မှာ တစ်အိမ်လုံး ဗြောင်းဆန်အောင် ပစ္စည်းတွေ လွှင့်ပစ်တော့ တာပဲ။ ကျွန်မထွက်လာချိန်အထိ အော်နေတာ။ ဘာတွေ အော်နေမှန်းမသိဘူး။ လုပ်ပါဦးဆရာတို့”

ကျွန်တော်က ကိုရွှေမိုးကို

“ကိုရွှေမိုး ဘာတွေ ဖြစ်ကုန်ပြီလဲ။ အခြေအနေက စိုးရိမ်ရသလား”

“အောင်ပြီ အစ်မကြီးရေ … အောင်တော့မယ်။ ဒီကောင် သွေးရူးသွေးတန်းတွေဖြစ်ကုန်ပြီ။ မစိုးရိမ်နဲ့ဆရာ ကျွန်တော်တို့ ဒေါ်ငြိမ်းတဲကို လိုက်သွားရလိမ့်မယ်။ သတိတော့ထားရမယ်။ ၁၀ နှစ်လောက် ဒီကောင် မကျွတ်တာ ပေါ့သေးသေးနဲ့တော့ ထွက်ပြေးမှာ မဟုတ်ဘူး။ သတိတော့ထားရလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် တစ်ခုပြောမယ်။ ကျွန်တော်ပြောတဲ့အတိုင်း လိုက်လုပ်ပါ။ ဘာမှ မေးခွန်းပြန်မထုတ်ပါနဲ့။ ဆရာတို့ မေးခွန်းထုတ် တာကို ပြန်ပြောဖို့ ကျွန်တော့်မှာ အချိန်မရှိဘူး။ အစ်မကြီး ကံကောင်းရင် ဒီကောင့်ကို ကျွန်တော် ဒီနေ့ အပြီးထုတ်မယ်”

ဒေါ်ငြိမ်းက ကျွန်တော်တို့ထက်ခြေလှမ်းပိုသွက်နေတယ်။ ကျွန်တော်တို့ သူ့နောက်က အသော့လေး လိုက်ခဲ့ကြ တယ်။ ဒေါ်ငြိမ်းတို့တဲက ရွာအနောက် လယ်ကွင်းထဲမှာ။ စပါးတွေ ရိပ်ပြီးချိန်ဖြစ်လို့ လယ်ကွင်းထဲမှာ ရိုးပြတ် တွေ ငုတ်တိုလေးတွေရှိနေတယ်။ တဲအဝင်ရိုးလမ်းလေးထိပ်မှာ ကျွန်တော့်ကို ကိုရွှေမိုးက လက်ဆွဲထားလိုက် တယ်။

“ဒေါ်ငြိမ်း သွားနှင့်ပါ။ တဲထဲကို ဝင်သွားလိုက်။ ကျွန်တော်တို့ မဝင်သေးဘူး။ အခြေအနေ အကဲခတ်ချင် သေးတယ်”

ဒေါ်ငြိမ်းက တဲထဲကို ဝင်သွားတယ်။

“ဆရာ သိပ်မလောပါနဲ့ ဖြည်းဖြည်းမှ ဝင်တာပေါ့။ အနေအထားကို ကျွန်တော် သဘောမကျဘူး”

“ကိုရွှေမိုး ဘာတွေလဲ … စိုးရိမ်ရသလား”

“ဘာမှမဖြစ်ဘူးဆရာ … အလိုလေး နေဦး ဟိုမှာ ဘာတွေလဲ”

ကျွန်တော်တို့ ကြည့်နေစဉ်မှာပဲ ဒေါ်ငြိမ်းတို့တဲနောက်ကနေ မဲမဲအုံကြီးတစ်အုံ ရွေ့လာတာ တွေ့ရတယ်။

“ဆရာ … ပြေး … ပြေး … ပျားတွေ … ပျားတွေ … ပြေးပေတော့။ ဟိုမှာ ကောက်ရိုးပုံကြီး အဲဒီအထဲကို ဝင်ပြေး”

ကျွန်တော်လည်း သူပြေးခိုင်းတော့ အသေအလဲ ပြေးရတော့တာပေါ့။ ပျားအုပ်ကြီးရဲ့ အသံက ရဟတ်ယာဉ် ပျံလာသလို ထိုးလိုက်လာတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး ကောက်ရိုးပုံထဲ တိုးဝင်ပြီးတော့ တစ်ကိုယ်လုံး ကောက်ရိုးတွေလုံအောင် ဖုံးထားရတယ်။ ပျားအုပ်ကြီးက အပြင်မှာ ဝဲလှည့်နေတာ တော်တော်နဲ့ မထွက် သွားဘူး။ ကျွန်တော်ကလည်း ကြောက်လွန်းတော့ မလှုပ်ရဲဘူး။

“ဆရာထွက်လာတော့ … ဘာမှမရှိတော့ဘူး”

ကျွန်တော် ကောက်ရိုးပုံကြီးထဲက တိုးထွက်လိုက်တယ်။ ပျားတွေမရှိတော့ဘူး။

“ကျွန်တော်ထင်တဲ့အတိုင်းပဲဆရာ။ ဟိုမှာ ဒေါ်ငြိမ်းလက်ပြနေတယ်။ ဆရာ အရင်ဝင်သွားပါ။ ပြီးမှ ကျွန်တော် လိုက်ခဲ့မယ်”

ကျွန်တော်က တဲထဲကို ဝင်လိုက်ချိန်မှာ သီတာငြိမ်းက ကျွန်တော့်ကို စူးစူးရဲရဲကြည့်ပြီးတော့

“ဟေ့ကောင်” တဲ့

ဒေါ်ငြိမ်းက

“သမီး အဲဒါ သမီးဆရာကြီးလေ … အဲဒီလို မပြောနဲ့”

သီတာက လက်ညှိုးကြီးထိုးပြီး

“နင်လည်း ကြံရာပါ။ နင်တို့ ငါ့ကို သတ်ဖို့လာတာမဟုတ်လား”

“သမီး မဟုတ်ဘူး။ ဆရာတို့က သမီးကို နေကောင်းအောင် လုပ်ပေးမလို့”

“မလိုချင်ဘူး … ခုထွက်သွား … ငါ့တဲက ခုထွက်သွား”

အဲဒီအချိန်မှာ မမျှော်လင့်ဘဲ တဲနောက်ကနေ လူတစ်ယောက်ပြေးဝင်လာတာ တွေ့လိုက်ရတယ်။ သူ့လက်ထဲမှာ ကိုင်လာတဲ့ အဝတ်နဲ့ သီတာငြိမ်းကို နောက်ကနေ အုပ်လိုက်တယ်။

“ဟာ ကိုရွှေမိုး … ထဘီကြီးနဲ့”

“ဆရာ ချုပ်ထား … နိုင်အောင်ချုပ်ထား။ လုံးဝ အလွတ်မပေးနဲ့။ သူ့လက်တစ်ချက်လှုပ်လိုက်တာနဲ့ ကျွန်တော် ဒုက္ခဖြစ်သွားလိမ့်မယ်။ ဒေါ်ငြိမ်း ဖက်ထား … ဖက်ထား … မညှာနဲ့။ ဆရာ လက်တွေကိုဖမ်းထိန်း”

“သေခြင်းဆိုးတွေ … ကာလနာတွေ … နင်တို့ အသေဆိုးနဲ့ သေရစေ့မယ်”

ကိုရွှေမိုးက ကျွန်တော်တို့ဖမ်းချုပ်ထားတဲ့ သီတာငြိမ်းပေါ်က ခွထားလိုက်ပြီး သူ့လွယ်အိတ်ထဲက ကွမ်းအစ်ကို ထုတ်လိုက်တယ်။

“ခေါင်းကိုချုပ် … ခေါင်းကို မလှုပ်နိုင်အောင်လုပ်”

ကျွန်တော်က ခေါင်းကို ထိန်းပေးထားတယ်။ သီတာငြိမ်းမျက်လုံးတွေက မပြာတော့ဘူး။ နီရဲပြီး မီးဝင်းဝင်း တောက်နေသလိုဖြစ်နေတယ်။ အံကြိတ်သံတွေက တဂျစ်ဂျစ်နဲ့ ကြောက်စရာကောင်းလိုက်တာ။ ကိုရွှေအိုးက ပါးစပ်ကိုဖြဲပြီးတော့ လက်ကိုင်ပုဝါကို ထိုးထည့်လိုက်တယ်။ ပြီးတော့ ကွမ်းရွက်နှစ်ရွက်ကို မျက်လုံးမှာကပ် လိုက်တယ်။ သီတာငြိမ်းက ခေါင်းတွေခါနေတယ်.

“ဒေါ်ငြိမ်း တဘက်သွားယူ ဟိုမှာ ချိတ်ထားတဲ့ တဘက်ကို လှမ်းယူလိုက်”

ဒေါ်ငြိမ်းက တဘက်ကို လှမ်းပေးတော့ ကိုရွှေမိုးက သီတာငြိမ်းမျက်လုံးတွေကို တဘက်နဲ့စည်းလိုက်ပြီး

“ဆရာထိုင်ခိုင်း … ထိုင်အောင်လုပ်။ လက်တွေကို နောက်ကချုပ်။ ဒေါ်ငြိမ်း ခြေထောက်တွေကို ထိန်းထား … ဖိထားပါဗျ”

သီတာငြိမ်းက ဝူးဝူးဝါးဝါးနဲ့ ရုန်းနေတယ်။ ကျွန်တော်က တပည့်လေးကို နောက်ကနေ သိုင်းဖက်ပြီးတော့ မနည်း ထိန်းနေရတယ်။ ကိုရွှေမိုးက ခေါင်းကို သေသေချာချာထိန်းပြီးတော့ ပါးစပ်က တတွတ်တွတ်ရွတ်နေတယ်။ ပြီးတော့ လွယ်အိတ်ထဲက စုတ်တံကိုထုတ်ပြီးတော့ သီတာငြိမ်းခေါင်းကိုပေါက်တယ်။

၁၀ နှစ်သမီးလေးရဲ့ အင်အားက ကြောက်စရာတောင်ကောင်းတယ်။ ကျွန်တော်ကလည်း ဗလသေးသူ တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒေါ်ငြိမ်းနဲ့ ကျွန်တော် မနည်းကို ချုပ်နေရတယ်။

ကိုရွှေမိုးက သီတာငြိမ်းခေါင်းပေါ်ကို သူ့လက်နဲ့ အုပ်လိုက်ပြီးတော့ ဘာတွေမှန်းမသိ မပြတ်ရွတ်တယ်။ ၁၅ မိနစ်လောက်ကြာတော့ ငြိမ်သွားတယ်။ သီတာငြိမ်းတစ်ယောက် ဇက်ကျိုးကျသွားတယ်။

“ရပြီ … အစ်မကြီး လွှတ်လိုက်တော့။ ဆရာ ရပြီ လွှတ်လိုက် … သူ့ကို အိပ်ခိုင်းရမယ်။ မျက်နှာက တဘက်ကို မဖယ်လိုက်နဲ့”

ကိုရွှေမိုးက ဘုရားစင်ဆီကို ထသွားတယ်။ ကြေးစည်ကိုဖြုတ်ပြီးတော့ တီးလိုက်တယ်

“နောင် ဝေ ဝေ … နောင် ဝေ ဝေ”

“အောင်စေ … အောင်စေ … အောင်စေ”

“သွား … သွား … သွား … ဘယ်တော့မှမလာနဲ့ သွား …”

သူ့ရဲ့အောင်မြင်လှတဲ့ အသံကြီးနဲ့ အော်လိုက်ပြီး ကြေးစည်ကို တီးတယ်

“နောင် ဝေ ဝေ … နောင် ဝေ ဝေ”

“သွားဟေ့ … သွားတော့”

ဒေါ်ငြိမ်းက ခေါင်းအုံးယူလာတယ်။ သီတာငြိမ်းကို ခေါင်းအုံးပေါ် သိပ်လိုက်တယ်။

“အစ်မကြီး သူအိပ်နေပါစေ။ မနှိုးလိုက်နဲ့။ အိပ်ချင်သလောက် အိပ်ပါစေ။ သူနိုးလာရင်တော့ တဘက်ကို ဖယ်လိုက်ပါ။ အားလုံးကောင်းသွားပြီအစ်မကြီး။ ကျွန်တော် ဒီလောက်လွယ်မယ်တောင်မထင်ဘူး”

“ခင်ဗျားကသာ လွယ်တယ်ပြောတာ ဒီမှာ ကိုယ်တွေလက်တွေ ကိုင်ရိုက်ထားသလိုပဲ”

“ကဲ ပြန်ကြမယ်။ အစ်မကြီး သူနိုးလာလို့ ရေတောင်းရင် ဘုရားစင်ပေါ်က သောက်တော်ရေကို ပေးလိုက်ပါ”

“ဆရာတို့ရယ် ဘယ်လိုပြောရမှန်းတောင်မသိပါဘူး”

“စိတ်ချအစ်မကြီး ဟိုကောင် အစ်မကြီးသမီးကိုယ် ထဲမှာ မရှိတော့ဘူး။ တစ်ခုပြောခဲ့မယ်။ သူ့မျက်လုံး အရောင်တွေ ပြောင်းကောင်း ပြောင်းသွားနိုင်တယ်။ မစိုးရိမ်နဲ့။ ခုတော့ တဘက်ကို ဖွင့်မကြည့်နဲ့။ သူနိုးလာရင် သူ့ဘာသာဖွင့်လိမ့်မယ်”

ကျွန်တော်တို့ အပြန်လမ်းမှာ စကားမပြောမိဘူး။ ကျောင်းကုန်းပေါ်ရောက်တော့မှ ကျွန်တော်က

“ကိုရွှေမိုး ခင်ဗျားထဘီကြီးကိုင်ပြီးတော့ ဝင်လာတာ လန့်သွားတာပဲ”

“ကျွန်တော် တဲရှေ့ကဝင်လိုက်ရင် သူကဦးသွားနိုင်တယ်ဆရာ။ ဒါကြောင့် တဲနောက်ကနေလာပြီး လှမ်းထားတဲ့ ထဘီတစ်ထည်တွေ့တာက အတော်ဖြစ်သွားတယ်။ ကျွန်တော့်အစီအရင်အတိုင်း ဆရာတို့ လိုက်လုပ်ပေးလို့ အောင်မြင်တာ။ ဆရာတို့က သူ့ကို ညှာလိုက်ရင် ကျွန်တော်သေပြီ။ သူ့ဖနောင့်တစ်ချက်မိလိုက်လို့ကတော့ သွေးစိမ်းရှင်ရှင်ထွက်သွားနိုင်တယ်သိလား”

ဒီနေ့မနက်ကျောင်းတက်တော့ သီတာငြိမ်းမလာနိုင်ပါဘူး။ ကျွန်တော့်စိတ်ထဲမှာလည်း စိုးတထိတ်ထိတ်နဲ့။ မနက်က တဲကနေ ကျောင်းကိုထွက်လာတော့ ကိုရွှေမိုးက ပြောလိုက်သေးတယ်။

“စိတ်ချသွားပါဆရာ … ကျွန်တော့်ကို ယုံကြည်ပါတဲ့”

ညနေကျောင်းဆင်းခါနီးလောက်မှာ ကျောင်းပေါ်ကို ဒေါ်ငြိမ်းနဲ့ သီတာငြိမ်း တက်လာတယ်။ ကျွန်တော်က သီတာငြိမ်းကို ရုံးခန်းထဲ ခေါ်သွားပြီးတော့ သေသေချာချာကြည့်ရတယ်။ သူ့မျက်လုံးတွေက အရင်လို အရောင် မတောက်တော့ဘူး

“သမီး နေကောင်းတယ်နော်”

“ဟုတ်ကဲ့”

“ဘာတွေဖြစ်နေသေးလဲ”

“သမီး ဘာမှမဖြစ်ဘူး။ မနက်က ခေါင်းကိုက်လို့ အိပ်နေတာ။ အမေက ဆရာကြီးကို ခုမှ ခွင့်သွားတိုင်ရအောင် ဆိုလို့ လိုက်လာတာ”

“ခေါင်းကိုက်တာ ပျောက်သွားပြီလားသမီး”

“ပျောက်သွားပြီ”

“အေး ကျောင်းလွှတ်တော့မှာပဲ ပြန်တော့။ မနက်ဖြန်မှ လာတက်တော့”

“ဟုတ်ကဲ့ဆရာကြီး”

ကျွန်တော် တဲကိုပြန်ရောက်တော့ ကိုရွှေမိုးက တရားထိုင်နေတယ်။ တဲတစ်ခုလုံးလည်း အမွှေးတိုင်တွေ ထွန်းထားလို့ မီးခိုးတွေလွှမ်းနေတယ်။
ကျွန်တော်က သူ့ကို အနှောင့်အယှက်မပေးချင်လို့ အခန်းထဲဝင်၊ အဝတ်အစားတွေလဲပြီး မီးဖိုးချောင်ဘက်ထွက် ခဲ့တယ်။ ထမင်းအိုးတည်။ ဖရုံသီးဟင်းချက်ဖို့ပြင်နေတုန်း ကိုရွှေမိုးက ကျွန်တော့်အနား ရောက်လာပြီး

“ဘယ့်နှယ် ဆရာ့တပည့်လေး နေကောင်းသွားပြီလား”

“အေးဗျ ကောင်းသွားပြီး စောစောကပဲ လာနှုတ်ဆက်သွားတယ်။ ဘယ်လို ပြောရမှန်းတောင် မသိဘူး ကိုရွှေမိုး ခင်ဗျားကို ကျေးဇူးတင်တယ်။ သူဘာမှ မဖြစ်တော့ဘူးဆိုရင်ပေါ့”

“ဆရာ သံသယက လူကို ဒုက္ခပေးတတ်တယ်။ ဆရာ လူတစ်ယောက်အပေါ် သံသယနဲ့ ဆက်ဆံနေသမျှ ဆရာ ဘယ်တော့မှ မငြိမ်းချမ်းဘူးမှတ်”

“အင်း ပြောရခက်တယ်ဗျ။ ကျွန်တော့်မှာက အဖြစ်အပျက်အားလုံးအတွက် တာဝန်ရှိနေတာ။ တပည့်လေး တစ်ခုခုသာဖြစ်သွားလို့ကတော့ ကျွန်တော်မတွေးဝံ့ဘူး”

“ဆရာ ဒီည ညစာကို စောစောစားထားရအောင် … တစ်ခုခု ထူးမယ်ထင်တယ်”

“မထိတ်သာ မလန့်သာ ရှိလိုက်တာဗျာ”

“ကဲပါ ကျွန်တော် ချောင်းထဲကို ရေသွားချိုးလိုက်ဦးမယ်”

ကိုရွှေမိုးထွက်သွားပြီး ကျွန်တော်က ဟင်းချက်၊ ထမင်းဝိုင်းပြင်ပြီးတော့ ချောင်းထဲကို လိုက်ခဲ့တယ်။ ကျွန်တော် အရင် ရေချိုးမယ်ဆိုပြီး ထွက်သွားတဲ့ ကိုရွှေမိုးကို ချောင်းထဲမှာ မတွေ့ဘူး။ ကျွန်တော် ချောင်းထဲက ရေချိုးပြီး ပြန်တက်လာတော့ ကိုရွှေမိုးက တဲထဲရောက်နေပြီ

“ဟာ ခင်ဗျား ဘယ်လမ်းက တက်လာတာလဲ။ ကဲ ထမင်းစားရအောင် အသင့်ပဲ”

ကျွန်တော်တို့နှစ်ယောက် ထမင်းထိုင်စားနေတုန်း

“ကျောင်းဆရာ … ဟေး ကျောင်းဆရာ” ဆိုပြီး တဲရှေ့က အော်သံကြားလိုက်တယ်

“ဘယ်သူလဲ … လာလေ … ဒီမှာ ထမင်းစားနေလို့”

တဲထဲကို ဝင်လာသူက ကိုရင်ကြီး

“ကိုရင်ကြီးပါလား ဘာကိစ္စလဲဘုရား”

“ဆရာ လိုက်ခဲ့မှဖြစ်မယ်။ ဦးဇင်းနေမကောင်းဘူး။ သွေးတွေအန်နေတယ်။ အဲဒါ ဆရာတို့ကို သွားခေါ်ဆိုလို့ လာခေါ်တာ”

ကျွန်တော်က ကိုရွှေမိုးကိုကြည့်လိုက်မိတယ်။ သူကပြုံးပြလိုက်ပြီး

“တပည့်တော်တို့ လိုက်ခဲ့မယ်ဘုရား” လို့ပြောလိုက်တော့ ကိုရင်ကြီးက ပြန်ထွက်သွားတယ်။

“ကိုရွှေအိုး ဘယ်လိုဖြစ်ကုန်တာလဲ။ ဦးဇင်းသွေးအန်နေပြီ”

“ဆရာကလည်း ကျွန်တော့်ကိုကြည့်ပုံက လူသတ်သမားဆိုတဲ့ ပုံစံနဲ့ကြည့်နေသလိုပဲ”

“မဟုတ်ပါဘူးဗျာ … ကျွန်တော်က ဦးဇင်းနဲ့ ခင်ဗျားကို ပေးတွေ့ထားတာလေ”

“မစိုးရိမ်ပါနဲ့ … ဒီညတော့ ကျွန်တော်နဲ့ဆရာ ဘုန်းကြီးကျောင်းမှာ အိပ်ကြတာပေါ့”

“ဘာဖြစ်လို့လဲဗျ”

“သိပ်မမေးနဲ့ဆရာ။ မေးခွန်းတိုင်းမှာ အဖြေမရှိဘူး။ သွားကြရအောင်”

ကျွန်တော်တို့ ဘုန်းကြီးကျောင်းပေါ်ကိုရောက်တော့ ဦးဇင်းလေးက ကျွန်းကုလားထိုင်ကြီးပေါ်က ခေါင်းအုံးတွေ ကြားမှာ ခွေခွေလေးဖြစ်နေတယ်။ ဘေးမှာလည်း ထွေးခံကြီးတစ်လုံး သွေးတွေက နီရဲနေတယ်။

“လာ … လာ … ဒကာကြီးတို့။ နေ့ခင်းကတည်းက အန်လိုက်တာ ထွေးခံ နှစ်လုံးရှိနေပြီ။ အသက်များ ထွက်တော့ မလို ခံစားရတယ်”

“တင်ပါးက ဝေဒနာကို စပြောပါဘုရား”

“အေး … တင်ပါးက ထိုင်လို့ရနေပြီး လုံးဝမနာတော့ဘူး။ ဒါပေမဲ့ ရင်ထဲက အောင့်အောင့်ပြီး အန်နေတာ။ လေလို့ထင်တာ။ ခုတော့ သွေးတွေဖြစ်နေတယ်”

“အရင်ကရော ဒီလို သွေးအန်ဖူးလားဘုရား”

“မအန်ဖူးဘူး ဒကာ”

“တပည့်တော် တစ်ချက်ကြည့်မယ်”

ကိုရွှေမိုးက ဆရာတော်ရဲ့ မျက်လုံးကိုကြည့်တယ်။

“အရှင်ဘုရား ဆားနည်းနည်းလိုချင်တယ် ရနိုင်မလား”

“ဟဲ့ ကိုရင်ကြီး ဒကာကြီးကို ဆားသွားယူပေးလိုက်”

“အရှင်ဘုရား ရိုးရိုးသွေးအန်တာမဟုတ်ဘူးဘုရား။ နှလုံးထိခိုက်နေတယ်။ တပည့်တော် ဆေးစီရင်ရမယ်”

“လုပ်ပါ … ဒကာကြီး ကြိုက်သလိုလုပ်ပါ”

“ရိုးရိုးမရဘူးဘုရား … တပည့်တော် ဓာတ်လုံးနဲ့ စီရင်ရမယ်။ ဆရာတော်ကြီး အသုံးပြုသွားတဲ့ ဖိုခန်းကို ခေတ္တသုံးချင်ပါတယ်”

“မသုံးလို့ မဖြစ်ဘူးလား။ ဆရာတော်ကြီးက သူ့ဖိုခန်းကို ဘယ်သူမှ မသုံးစေနဲ့ မီးရှို့ပစ်ဖို့ မှာထားတာ။ ဦးဇင်းက မရှို့ရက်လို့။ ဆရာတော်ကြီးစကား မလိုက်နာရာကျနေမလားလို့”

“တပည့်တော် ဟောဒီလက်မှာ စွပ်ထားတဲ့ လက်စွပ်က အဆောင်ပါဘုရား။ ဒီ လက်စွပ်နဲ့ ဓာတ်ကျွေးပြီး အရှင်ဘုရားရောဂါကို ကုရမယ်ဘုရား။ တကယ်လို့ နှလုံးသွေးသွန်နေတာကို မကုဘူးဆိုရင် အရှင်ဘုရား သိပ်ပြီးတော့ ကြာကြာခံမယ် မထင်ဘူး”

“သေမျိုးတွေ သေမှာ မကြောက်ပါဘူး။ အိုခြင်း၊ နာခြင်း၊ သေခြင်းဘေးက ဘုရားတောင်ရှောင်နိုင်တာမှ မဟုတ်တာ။ ဒါပေမဲ့ ရွာကို ဒုက္ခမပေးချင်ဘူး။ ကဲ သုံးပါ။ ဒကာကြီး ဟိုတိုင်မှာ ချိတ်ထားတာ ဖိုခန်းသော့ပဲ”

ကိုရင်ကြီး ယူလာပေးတဲ့ ဆားခွက်ထဲက ဆားကို ကိုရွှေမိုးက ယူလိုက်ပြီး လွယ်အိတ်ကို လွယ်လိုက်တယ်။

“ကိုရင်ကြီး ပုလင်းတစ်ပုလင်းလောက် သန့်သန့်လေး”

ကိုရင်ကြီးက ငှက်ပျောဖူးတစ်ပုလင်းကို ယူလာပေးတယ်။ သောက်ရေအိုးထဲက ရေသွားခပ်ထည့် လိုက်ပြီး မပြည့်တပြည့် အနေအထားမှာ ဆားနည်းနည်း ပုလင်းထဲကို ထည့်လိုက်တယ်။ ရေတွေက ဆူပွက်ပြီး လျှံကျလာတယ်။

“ဆရာ … ခိုင်းတယ်တော့ မထင်ပါနဲ့ … ဒီပုလင်းကို ဘုရားစင်ပေါ် သွားတင်ထားပါ။ မနက် အရုဏ်တက်ချိန်ကျမှ ဒီပုလင်းထဲကရေကို ဦးဇင်းကို တစ်ဝက်တိုက်ပြီး ဆရာ တစ်ဝက်သောက်ရမယ်။ သောက် ဖြစ်အောင် သောက်နော်။ ကျွန်တော်ဖိုခန်းထဲ ဝင်သွားချိန်မှာ လာပြီးတော့ မနှောင့်ယှက်ပါနဲ့။ အရမ်းအရေးကြီး တယ်။ ဆရာ့ကို ကျွန်တော်ပြောထားတဲ့ကိစ္စတွေ စီရင်ရမယ်။ ဖိုခန်းထဲမှာ ဘာဖြစ်ဖြစ် လာပြီးတော့ မကြည့်ပါနဲ့။ ဆရာဒီည ဦးဇင်းကို စောင့်ပြီး အိပ်ပေးပါ။ မိုးလင်းရင် ကျွန်တော့်ကိစ္စပြီးပြီ။ အရှင်ဘုရား စိတ်ချပါဘုရား။ မနက်ဆိုရင် အားလုံးပျောက်သွားမှာပါဘုရား”

ကိုရွှေမိုးက ကျောင်းပေါ်ကဆင်းသွားတယ်။ ကိုရင်ကြီးက မီးလိုက်ပြပေးတယ်။ ကျွန်တော်က ကျောင်းပေါ် ကနေ စိတ်မချလို့လိုက်ကြည့်နေမိတယ်။ ဖိုခန်းထဲကို ကိုရွှေမိုး ဝင်သွားတယ်။ ဖယောင်းတိုင်အလင်းရောင်က တဲထရံတွေကိုဖောက်ထွက်နေတယ်။

ဦးဇင်းလေး သွေးအန်တာ ရပ်သွားတယ်။ ကျွန်တော်က ကျောင်းပေါ်က ဘုရားခန်းထဲမှာပဲ ကိုရင်ကြီး ပြင်ပေးထားတဲ့ အိပ်ရာပေါ် လှဲချလိုက်တယ်။ မနက်က သီတာငြိမ်းကို ချုပ်ထားရတာ ခုမှ တစ်ကိုယ်လုံး နာနေ တော့တယ်။ ကျွန်တော် အိပ်ရာပြောင်းရင် မအိပ်တတ်ဘူး လူးလွန့်နေရင်းက ကျောင်းအောက်က အုံးမောင်း ခေါက်သံကြားမှ လန့်နိုးလာတယ်။ ဦးဇင်းကချောင်းသံပေးတယ်

“အရှင်ဘုရား သက်သာရဲ့လား”

“သက်သာတယ် ဒကာကြီး … ဟိုဒကာပြောသွားတဲ့ ရေသောက်ရအောင်လေ”

ကျွန်တော်က ဘုရားစင်ပေါ်ကရေပုလင်းကိုယူပြီးတော့ ဦးဇင်းကို ခွက်ထဲထည့်ပြီး ကပ်လိုက်တယ်။ ကျွန်တော်လည်း ကိုရွှေအိုး မှာတဲ့အတိုင်း တစ်ခွက်သောက်လိုက်တယ်။

“ညက ဖိုခန်းထဲမှာ မီးတွေ ထတောက်တယ် ဒကာကြီး … အရောင်တွေမျိုးစုံပဲ။ ဒီလိုမျိုး ဆရာတော်ကြီးရှိစဉ်က တစ်ကြိမ်ဖြစ်ဖူးတယ်လို့ ပြောသံကြားတယ်။ ဒကာကြီးလူကို သွားကြည့်ပါဦး”

ကျွန်တော်က ကျောင်းပေါ်ကနေ လှမ်းကြည့်လိုက်တယ်။ တဲထဲမှာ ဖယောင်းတိုင်းအလင်းရှိနေသေးတယ်။ မနှောင့်ယှက်ပါနဲ့လို့ပြောထားတဲ့အတွက် ဘာမှမလုပ်ရဲဘူး။ ဒီလိုနဲ့ မိုးလင်းလာတယ်။ တဲထဲမှာ ဖယောင်းတိုင် အလင်းမရှိတော့ဘူး။ ရောင်နီလာပြီမို့ ကျွန်တော်က တဲနားကို ကိုရင်ကြီးနဲ့ ကပ်သွားပြီး

“ကိုရွှေမိုး … ကိုရွှေမိုး” လို့ ခေါ်လိုက်မိတယ်။ အထဲကဘာမှ အသံမကြားရဘူး

“ကိုရွှေမိုး”

ဘာသံမှ မကြားရဘူး

ကိုရင်ကြီးက တဲတံခါးကို တွန်းဖွင့်လိုက်တယ်။ အသာလေးပွင့်သွားတယ်။ အထဲမှာ ဘာမှ မရှိဘူး။ ကျွန်တော်တို့ တဲထဲကို ဝင်ကြည့်ကြတယ်။ အဲဒီအချိန်မှာပဲ ဦးဇင်းလေးကလည်း နောက်ကနေ လိုက်ဝင်လာတယ်။

“ဒကာကြီး ဧည့်သည် ဘယ်ရောက်သွားပြီလဲ”

“မသိဘူးဘုရား … ဒီအထဲလဲရှင်းနေတာပဲ”

“ဟဲ့ ကိုရင်ကြီးကြည့်စမ်း။ ဘာတွေ ပျောက်နေသလဲလို့”

“ဘာမှ ခြေရာလက်ရာပျက်တာ မတွေ့ဘူးဘုရား”

“ညကတော့ ဖိုထိုးသွားပုံရတယ်။ ဒီမှာ မီးတွေရှိနေသေးတယ်”

ကျွန်တော်တို့ တဲပတ်လည် လျှောက်ကြည့်တယ်။ ဘာမှမတွေ့ဘူး။

“ဒကာကြီး ထူးဆန်းတယ်။ ဒကာကြီးကို မနှိုးချင်တာနဲ့များ ရွာထဲ တစ်ယောက်တည်း ပြန်သွားသလား”

“တပည့်တော်ပြန်ဦးမယ်ဘုရား လိုက်ကြည့်ဦးမယ်”

ကျွန်တော်ကို ရွာထဲကို အသော့လေးပြေးရတော့တယ်။ ကိုရွှေမိုးအပေါ် စိုးရိမ်စိတ်တွေ ဝင်မိတယ်။ ဘာဖြစ်လို့ ကျွန်တော့်ကို နှုတ်မဆက်ဘဲ ပြန်သွားရသလဲ။ ကျွန်တော် အိပ်နေလို့ မနှိုးချင်တာကြောင့်များလား။
ကျွန်တော့်တဲမှာလည်း သူပြန်လာတဲ့ အရိပ်အယောင်များ မတွေ့ရဘူး။ ကျွန်တော့်စိတ်ထဲမှာ ဘာလိုလို ဖြစ်ကျန်နေခဲ့တာကတော့အမှန်။

ဒီလိုနဲ့ ကျွန်တော် နေ့တိုင်း ကိုရွှေမိုးကို မျှော်ရသူဖြစ်နေတယ်။ ညအိပ်လည်း ခြေသံတွေလိုလိုကြားပြီး ထကြည့်မိတယ်။ တစ်ရက်မှ တစ်လလောက်ကြာတော့ မြို့ကပြန်လာတဲ့ ထွန်စက်က စာကြုံယူလာတယ်

“ဆရာလေး … မြို့က ပေးလိုက်တဲ့စာ”

“ဘယ်သူပေးလိုက်တာလဲဗျ”

“သိဘူး … ရှမ်းဘောင်းဘီ ရှမ်းခမောက်ကြီးနဲ့ လူကြီးတစ်ယောက်ပဲ။ ဆရာ့လက်ထဲကို ထည့်ရမယ်တဲ့။ ကျွန်တော့်ကိုလည်း ပိုက်ဆံ ၁၀ ပေးသွားတယ်”

“အေး … ပေးခဲ့”

ဆရာခင်ဗျား

ကျွန်တော် ရွှေမိုဃ်းပါ။ ပထမဆုံး ဆရာ့ကို တောင်းပန်ချင်ပါတယ်။ ရိုးသားတဲ့ဆရာ့ကို ခုတုံးလုပ်ပြီး အသုံးချသွားခဲ့တာကိုပါ။

ကျွန်တော် ဆရာ့ဆီကို ရောက်လာတာ ဘုန်းကြီးကျောင်းကို ဝင်ခွင့်ရအောင်ပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော် ဘုန်းကြီးကျောင်းကို တစ်ခေါက်လာတယ်။ ဦးဇင်းလေးက ကျွန်တော့်ကို မောင်းထုတ်ခဲ့တယ်။ ကျွန်တော်က အမှန်အတိုင်း ပြောရရင် ဆရာတော်ကြီးရဲ့ ဖိုထိုးတဲ့အခန်းကို ဝင်ချင်လို့ အကြံနဲ့ လာသူပါဆရာ။
ဖိုခန်းထဲမှာ တန်ဖိုးရှိတာဘာတွေလဲ ဆရာမသိချင်ဘူးလား။ ဆရာတို့အတွက်တော့ တန်ဖိုး ရှိချင်မှာ ရှိပေမယ့် ကျွန်တော့်အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေရှိတယ်ဆရာ။ အဲဒါတွေကတော့ ဆရာတော်ကြီး အနှစ်နှစ် အလလ ကျင့်ကြံစုဆောင်းခဲတဲ့ ဓာတ်လုံးတွေပဲ။

ဆရာတော်ကြီး ပျံလွန်တော်မမူမီ ကျွန်တော်တို့ ကျင့်ကြံနေတဲ့ ဓာတ်စခန်းမှာ ပုံရိပ်လာပေါ်တယ်။ အဲဒီ ကွင်းဆက်ကို ကျွန်တော်လိုက်ခဲ့တာ ၅ နှစ်လောက်ကြာမှ ဆရာတို့ရွာကို ရောက်လာတယ်။ ဒါပေမဲ့ ကပ်လို့ မရနိုင်ခဲ့ပါဘူး။

နောက်ဆုံးတော့ ဆရာ့ကို အသုံးချမှဖြစ်မယ်ဆိုတာသိလို့ ကျွန်တော် ကြက်နက်သား စကျွေးကတည်းက ဆေးခပ်ခဲ့ပါတယ်။

ဆရာ့ကို တစ်ခုပြောရဦးမယ် ကျွန်တော် တန်ခိုးမရှိပါဘူး။ ဒါပေမဲ့ဆရာ ဆေးအရာတော့ ကျွမ်းကျင်ပါတယ်။ ဒါကြောင့်လည်း ခေါင်းမာတဲ့ဆရာ့ကို ဆေးခပ်ပြီး ကျွန်တော့်ကို မငြင်းနိုင်အောင် ချုပ်ကိုင်ခဲ့ပါတယ်။ ကျန်တဲ့ ဆရာ့တပည့်မလေးရယ်၊ ဦးဇင်းလေးရယ်၊ ဆရာ့မှာ ခံစားနေရတဲ့ ဝေဒနာတွေကို ကုပေးတာကတော့ အမှန်တကယ်ပါဆရာ။

ဦးဇင်းလေးကို သွေးအန်အောင်လုပ်တာလည်း ကျွန်တော်ပဲဆရာ။ ကျွန်တော့်အတွက် ဓာတ်ခန်းထဲဝင်ရဖို့ အရေးကြီးတယ်။ အဖိုးတန်တဲ့ ဓာတ်လုံးတွေကို ဘယ်မှာထားခဲ့တယ်ဆိုတာကတော့ ကျွန်တော် သိမ်ထဲမှာ ပေရွက်ကို ဝင်ရှာရင်း သိလိုက်တာပဲဆရာ။

နောက်တစ်ခုက ရေကန်ထဲမှာ ရွှေချောင်းသေတ္တာရှိတယ်ဆိုတာ ကျွန်တော် ဆရာ့ကို လုပ်ကြံပြီး ပြောတာပါ။ မဟုတ်ပါဆရာ။ လေယာဉ်က သူ့ဘာသာသူ ပေါက်ကွဲတာ ဖြစ်နိုင်ပါတယ်။ ဓာတ်ခန်းက အဖိုးတန်တဲ့ ဓာတ်လုံးကို ယူချင်တာကြောင့် ဆရာတို့ကို အာရုံလွဲခဲ့တာပါ။

ကျွန်တော်ရသွားတဲ့ ဓာတ်လုံးတန်ဖိုးက ဘယ်လောက်ကြီးမားတယ်ဆိုတာ ဆရာနားလည်အောင် ကျွန်တော် ပြောမပြနိုင်ပါဘူး။ ဒါပေမဲ့ ဆရာ့ကို လုပ်ပေးနိုင်တာ တစ်ခုရှိပါတယ်

လာမယ့် တပေါင်းလပြည့်နေ့ကျရင် ဒေးစွန်ပါဘုရားကို လာခဲ့ပါဆရာ။ အဲဒီမှ အဘသိဒ္ဓိဆိုသူကို တွေ့အောင် ရှာပါ။ အဘသိဒ္ဓိကိုတွေ့ရင် သူက ကျွန်တော် ဘယ်မှာရှိတယ်ဆိုတာကို လမ်းညွှန်ပါလိမ့်မယ်။ ဆရာ့ကို ကျွန်တော်တစ်သက် စားမကုန်အောင် ကြံဆောင်ပေးပါ့မယ်။

ခုချိန်လောက်ဆိုရင် ကျွန်တော် ဘုန်းကြီးကျောင်းမှာ ထားခဲ့တဲ့ ရေမန်းကို ဆရာရော ဦးဇင်းရော သောက်ပြီး လောက်ပြီ ထင်ပါတယ်။ ဘာမှ ဘေးမရှိတော့ပါ။

တပေါင်းလပြည့်နေ့ဆက်ဆက်လာခဲ့ပါ

ရွှေမိုဃ်း

ကျွန်တော်ကိုရွှေမိုးပေးတဲ့စာကို ဖတ်ပြီး ငိုင်နေမိတယ်။ စိတ်ထဲမှာလည်း သူ့အပေါ် မကျေနပ်သလိုလို ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော့်ရောဂါ၊ ဦးဇင်းလေးရောဂါနဲ့ တပည့်မလေး သီတာငြိမ်းတို့ အနေအထား အားလုံးကောင်းနေပြီမဟုတ်ပါလား။

ကျွန်တော့်စိတ်ထဲမှာ သူ့ကိုတွေ့ချင်စိတ်မရှိ။ ကျွန်တော့်ကို အသုံးချသွားတယ် ဆိုခြင်းကို စိတ်ထဲက တစ်မျိုးဖြစ်နေတယ်။

ကျွန်တော် သူချိန်းထားတဲ့ဘုရားကို ဘယ်တော့မှမသွား။ သူ့ကိုလည်း စိတ်ထဲကထုတ်ထားလိုက်တယ်။ ဒါပေမဲ့ကျွန်တော် ယနေ့တိုင် ကျန်းမာနေလို့ သူ့ကိုသတိရမိတိုင်း ကျေးဇူးတင်နေမိတာအမှန်။

တင်ညွန့်

၂၁.၆.၂၀၁၈

Comments