မီးလျှံနှင့်ရေ (၃) (တင်ညွန့်)

မီးလျှံနှင့်ရေ (၃)

----------------

ကျွန်တော်က ဆရာမကြီးထံမှ ပြန်လာပြီး အဆောင်ကို လာခဲ့သည်။ မိုးတွေကမည်း နေသည်။ လျှပ်တွေလည်း လက်နေသည်။

အဆောင်သို့ဝင်သည့် လမ်းဘေးအုတ်ခုံပေါ်တွင် အမျိုးသမီးတစ်ယောက်ထိုင်နေသည်။ လျှပ်စီး တွေ ဝင်းခနဲဖြစ်သွားသည့်ကြားတွင် သူ့ကို ကျွန်တော် တွေ့လိုက်ရသည်။

“ပြန်လာပြီလား”

“ပြန်လာလို့ တွေ့တာပေါ့”

“ဝင်နီ ရှင့်ကိုပြောစရာတွေ အများကြီးရှိတယ်။ ထိုင်ပါဦး”

ကျွန်တော်တို့ နှုတ်ဆိတ်နေမိကြသည်။ သူက ပြောစရာ စကားရှိသည်ဆိုပြီး စကားမဆက်။ ကျွန်တော်ကပဲ

“တို့ တစ်ယောက်အကြောင်း တစ်ယောက် သိပ်မပြောဖြစ်ကြဘူးနော်”

“အင်း … ဟုတ်တယ်နော် … သူ စိတ်မဝင်စားဘူးထင်လို့ မမေးဖြစ်တာ”

“မင်း အမျိုးသားအကြောင်း ပြောပြပါလား”

“ပြောပြရလောက်အောင် အကြောင်းထူး မရှိပါဘူး။ အမေရိကမှာ အလုပ် လုပ်နေတယ်။ ဒီလောက်ပါပဲ”

သူကျွန်တော့်ကို လိမ်နေဆဲဖြစ်သည်။

“ဟုတ်လား”

“ရှင့်အကြောင်းကရော”

“ကိုယ့်အကြောင်းလည်း ပြောစရာ သိပ်မရှိပါဘူး”

“မနက်ဖြန် ပြန်တော့မယ်ဆို”

“အင်း”

“ဝင်နီတို့ နိုင်ငံခြားကို အတူထွက်ရအောင်။ ဟိုမှာ ကျောင်းဆက်တက်ကြမယ်လေ”

“စိတ်မဝင်စားပါဘူး … မိုးတွေ ရွာလာပြီ … သွားတော့မယ်”

“ဝင်နီ ဟိုကိုရောက်ရင် ပြန်လာဖို့ မလွယ်ဘူး။ ဟိုမှာပဲ နေဖို့များတယ်။ အဲဒါ ရှင့်ကို အပြီး လာနှုတ်ဆက်တာ။ ဝင်နီကတော့ လိုက်ခဲ့စေချင်တယ်”

“သွားပါ … ဟိုမှာ မင်းကို စောင့်နေတဲ့သူရှိနေတာပဲ။ မင်းအတွက် အကူအညီမလိုတော့ပါဘူး”

“ဝင်နီ တစ်ခုလောက် ပြောပါရစေ”

သူက ပြောသင့် မပြောသင့် ချင့်ချိန်နေပုံရသည်။ မိုးက ဝေါခနဲ ရွာချလိုက်သည်။

“ကားထဲ သွားတော့လေ … ကိုယ်လည်း အဆောင်ထဲ ဝင်တော့မယ်”

“ခဏလေး”

သူက ကျွန်တော့်လက်ကိုဆွဲထားလိုက်ပြီး မိုးရေထဲ ဆက်ထိုင်နေသည်။

“ဝင်နီ မိုးရွာတာ သိပ်သဘောကျတယ် သိလား။ စိတ်ထဲမှာ ခံစားနေရတဲ့ တင်းကျပ်မှုတွေဟာ မိုးရေထဲ ထိုင်နေရင် စီးမျောသွားသလို ခံစားရတယ်”

“အင်း … မင်းတို့က အဲဒီလို ကြံဖန် သာယာနိုင်ပေမယ့် ကိုယ်ကတော့ မိုးမိပြီး ဖျားမှာ စိုးရိမ်လို့ သွားတော့မယ်။ ကိုယ်တို့မှာ အဲသည်လို စိတ်ကူးယဉ်ဖို့ အချိန်မရှိဘူး”

“စာတမ်းအတွက် ကျေးဇူးတင်ပါတယ်။ အဲဒါပြောချင်လို့ပါ”

“ကဲ … ပြောပြီးပြီပဲ ပြန်တော့”

ဝင်နီက ကျွန်တော့်ကို အတင်းဆွဲလိုက်သည်။

“ဟာ”

မိုးတွေကခြိမ်းပြီး လျှပ်တွေက လက်ခနဲ ဝင်းခနဲဖြစ်သွားသည်။

ဝင်နီက ကားဆီကို ပြေးသွားသည်။ ကားပေါ်တက်ပြီး မောင်းထွက်သွားသည်။ ယခုတော့ ငေးငိုင်ပြီး ကျန်ခဲ့ သူမှာ ကျွန်တော် ဖြစ်သွားသည်။

နှစ်တွေ ကြာသွားခဲ့ပါပြီ။

ကျွန်တော် မထင်မှတ်ဘဲ စာအုပ်တစ်အုပ်ကို ဆုချီးမြှင့်ခြင်း ခံလိုက်ရသည်။ အမှန်တော့ ထိုစာအုပ်သည် နှစ်ပေါင်း ၂၀ ကျော်မှ ရင်ထဲကအကြောင်းအရာတွေကို ပြန်လည်ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဝင်နီကွယ်လွန်ကြောင်း သတင်းရသည်။ ကျွန်တော်က “ဝင်နီ့အတွက် အမှတ်တရ” ဆိုသည့် စာသားလေးကို ထိုစာအုပ် အတွင်းပိုင်း ပထမဆုံး စာမျက်နှာတွင် ထည့်ရေးပေးလိုက်သည်။ သူ့ကို ကျွန်တော်အမှတ်ရပြီး သူနှင့် အတူ ရေးခဲ့သော စာတမ်းကို အကျဉ်းချုံ့ကာ စာအုပ်တစ်အုပ်ထုတ်လိုက်သည်။ ထိုစာအုပ်က ဆုရသည်။

ကျွန်တော်သည် ဆုတွေကို စိတ်ဝင်စားသူမဟုတ်။ သို့သော် ဝင်နီ့အတွက် ဆုတစ်ခုတော့ ယူပေးချင်နေမိသည်။ အဘယ်ကြောင့်ဆိုသော်

“ဝင်နီ့အတွက် အမှတ်တရ” ဟု ကျွန်တော် ရည်ညွှန်းခဲ့ခြင်းကြောင့်ဖြစ်သည်။

စာပေဆု ချီးမြှင့်ပွဲ ပြီးသည့်နောက်တွင် ကျွန်တော် အဆောက်အအုံကြီးထဲက ထွက်လာခဲ့သည်။

“ဆရာ”

ကျွန်တော့်ကို တစ်ယောက်ယောက်က နောက်ခေါ်လိုက်သည်။

အရပ်မြင့်မြင့် အသားဖြူဖြူ အနောက်တိုင်းဝတ်စုံနှင့် လူတစ်ယောက်။ ရုတ်တရက် ကြည့်လိုက်လျှင် နိုင်ငံခြားသားပုံစံ ပေါက်နေသော်လည်း မြန်မာစကားကို ပီသစွာပြောနိုင်သည်။

“ဟုတ်ကဲ့”

“ကျွန်တော် ဒေါ်သန္တာမြတ်ဆွေရဲ့သားပါ”

“ဘယ်သူပါလိမ့် … ဦး မမှတ်မိဘူးဖြစ်နေတယ်”

“ဩော် … ဝင်နီ ပါ … ဝင်နီဆိုရင် သိမယ်ထင်တယ်”

“ဝင်နီ့သား ဟုတ်လား”

“မေမေ ဆုံးသွားတာကိုတော့ ဆရာ သိပြီးပြီထင်တယ်”

“ကြားတယ်။ မင်း မေမေဆုံးသွားပြီဆိုတာ သတင်းစာထဲဖတ်လိုက်ရတယ်”

“ဆရာ ဆုရတဲ့သတင်း ကြားတယ်။ ဘာဖြစ်ဖြစ် ဒီပွဲကို ဆရာတက်မှာပဲဆိုပြီး ကျွန်တော် လာခဲ့တာ”

“အကြောင်းများရှိသလား”

“မေမေက ကျွန်တော့်ကို မြန်မာပြည်ပြန်ရောက်အောင်သွားပြီး ဒီအထုပ်လေးကို ဆရာ့လက်ထဲ ထည့်ဖြစ်အောင် ထည့်ပေးဖို့ မသေခင်မှာခဲ့တယ်။ ကျွန်တော့်မှာ အကြွေးတစ်ခုလို တင်နေတယ်။ ခုတော့ အခွင့်သင့်လိုက်တာ။ ဆရာ့ကိုလည်း တွေ့ဖူးသွားတယ်။ မေမေ့ဆန္ဒကိုလည်း ဖြည့်ပေးပြီးသားဖြစ်သွားတယ်”

သူက ပြောပြောဆိုဆိုဖြင့် ကျောပိုးအိတ်ထဲက အထုပ်တစ်ထုပ်ကို ထုတ်လိုက်သည်။ အထုပ်က အလှစက္ကူ များဖြင့်ပတ်ထားပြီး အပေါ်တွင် ဖဲကြိုးအဝါရောင်လေးကို ပတ်ထားသည်။ သူက ကျွန်တော့် လက်ထဲကို လက်နှစ်ဖက်နှင့် ရိုသေစွာ ကမ်းပြီး ပေးလိုက်သည်။

“ဘာများလဲ”

“ကျွန်တော်လည်း မသိဘူး။ မေမေကတော့ ပြောတယ်။ ဆရာ့ဆီက တစ်ခုခု ပြန်တောင်းခဲ့တဲ့။ ကျွန်တော့်ကို တစ်ခုခုများ ပေးစရာရှိမလား မသိဘူး”

ကျွန်တော်က ယောင်နနဖြစ်နေသည်။ ချက်ချင်းသတိရလိုက်ပြီး လွယ်အိတ်ထဲက စက္ကူဘူးနီနီလေးကို ထုတ် လိုက်သည်။ ကျွန်တော် ဆုပေးပွဲတွင် ရရှိခဲ့သည့် ဆုတံဆိပ်လေးဖြစ်သည်။

“ဒါလေးပဲ … ဒါလေးကို မင်း မေမေကို ပေးလိုက်ချင်တယ်”

ကျွန်တော်က သူ့ကို လှမ်းပေးလိုက်သည်။

“မေမေကတော့ ကွယ်လွန်သွားပြီပေါ့။ ဒါပေမဲ့ ကျွန်တော့်ကို မှာသွားပါတယ်။ ဆရာက တစ်ခုခုများ ပေးလိုက်ရင် သူ့အုတ်ဂူထဲမှာ ထည့်ပေးပါတဲ့”

“အင်း … ဟုတ်လား … အဲဒါလေးက သူကြိုက်မှာ … သူ့ကို ပေးလိုက်ပါ။ ဘယ်တော့လောက် ပြန်မလဲ”

“နောက်နှစ်ရက်နေဦးမယ်”

ကျွန်တော် စိတ်ကျေနပ်သွားသည်။ ယနေ့ သူ့အတွက်အထိမ်းအမှတ်ဆုကို သူ့ထံပြန်ပြီး ပေးလိုက်နိုင်သည်။

ကျွန်တော် အိမ်ပြန်ရောက်လာသည့်အခါတွင် စာကြည့်ခန်းထဲ တန်းသွားမိသည်။ စားပွဲထိုင်လိုက်ပြီး စက္ကူထုပ်လေးကို ဖွင့်လိုက်မိသည်။ အားလုံးကို မစုတ်မပြဲစေရန် ဂရုစိုက်မိသည်။ ဖဲကြိုးလေးတွေကိုဖြုတ်ပြီး ပြန်ခေါက်ထားသည်။ အလှစက္ကူလေးတွေကိုလည်း ပြန်ပြီးခေါက်ကာ ထပ်ထားလိုက်မိသည်။

အထဲတွင် သားရေဖုံးနှင့် စာအုပ်တစ်အုပ်။ စာအုပ်မျက်နှာဖုံးတွင် ရွှေရောင်စာလုံးနှင့် ရေးထိုးထားသည်က ကျွန်တော်နှင့် ဝင်နီအတူပူးတွဲရေးခဲ့သည့် စာတမ်းအမည်။

ကျွန်တော်က စာအုပ်ကို ဖွင့်လိုက်မိသည်။

ပထမဆုံး စာမျက်နှာတွင် ဖောင်တိန်ဖြင့်ရေးထားသည့် စာတန်းလေးတစ်ခု

“ …… အတွက် အမှတ်တရ”

အတွင်း၌ ဓာတ်ပုံလေးတစ်ပုံ။ ဝင်နီ ပါရဂူဘွဲ့တက်ယူစဉ်ကပုံဖြစ်သည်။
ဓာတ်ပုံနောက်တွင် ရေးထားသည်က

“No one believes a liar. Even when she's telling the truth.”

တင်ညွန့်

၁၂.၈.၂၀၁၈

Comments