ပန်းသီသူများ(တင်ညွန့်)
ပန်းသီသူများ
-------------
ကျွန်တော် မနက်တိုင်း လမ်းလျှောက်ပြန်လာလျှင် ဘုရားရှေ့၌ ဦးဘခင်ကိုတွေ့သည်။ ဦးဘခင်က စံပယ်ပန်း တွေကို ကိုင်ထားပြီး ဘုရားလာသောသူများကို ရောင်းသည်။“ဆရာ ဒီနေ့ စောတယ်”
“ဆရာ ဒီနေ့နောက်ကျတယ်”
ကျွန်တော့်ကို တွေ့တိုင်း ဦးဘခင်နှုတ်ဆက်နေကျစကားဖြစ်သည်။ ကျွန်တော်ကလည်း
“ဦးဘခင် … နေကောင်းတယ်နော်” ဟုလောကွတ်လုပ်ပါသည်။
“ကောင်းအောင်နေပါတယ်”
ဤစကားများသည် ကျွန်တော်တို့ နေ့စဉ် တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုနေကြသည့် ပဋိသန္ဓာရ စကားများဖြစ်သည်။
ဦးဘခင်က ကျွန်တော့်ထက်အများကြီး အသက်ကြီးပါသည်။ သို့သော်သူက ကျွန်တော့်ထက် အများကြီး ကျန်းမာသည်။
သူအိမ်ဘေးတွင် ပေ ၁၀၀၊ ၈၀ မြေကွက်တစ်ကွက်ရှိသည်။ ထို မြေကွက်လွတ်ဘေးတွင် သူက တဲလေးဖြင့် နေသည်။ မြေကွက်ထဲတွင် မြောင်းပေါင်များဖြင့် စံပယ်ပန်းတွေကို စိုက်ထားသည်။ စံပယ်ရုံများက တန်းစီပြီး ရှိနေသည်။
မနက်တိုင်း ဦးဘခင်က ၂ နာရီ လောက်တွင် အိပ်ရာကထသည်။ စံပယ်ပန်းတွေခူးပြီး သီသည်။ မိုးလင်းသည်နှင့် ဘုရားရှေ့အရောက်လာပြီး ပန်းတွေရောင်းသည်။
သူက တစ်ကိုယ်တည်းသမားဖြစ်သည်။ သမီးတစ်ယောက်ရှိသော်လည်း တစ်ခါတလေမှ လာတတ်သည်။ နေ့ခင်းတွင်လည်း ဦးဘခင်သည် တောင်း၊ ဆန်ကော၊ ဆန်ခါများကိုရက်သည်။ သူ့ကိုကြည့်လျှင် အနားနေ သည်မရှိ။ အလုပ်နှင့်လက်မပြတ် လုပ်နေတတ်သည်။
ကျွန်တော်က နေ့ခင်းနေ့လယ်ပျင်းသဖြင့် သူ့ထံကို စကားသွားပြောလည်း လက်က ဝါးတွေကို သင်ပြီး ကျွန်တော့်ကို စကားပြောသည်။
“ဆရာ … ကျွန်တော်က ပညာမတတ်တော့ ဆရာ့ကို သိပ်အားကျတာပဲ”
“ဘာကို အားကျတာလဲဗျ”
“ဩော် … ပညာတတ်တော့ ဂုဏ်ရှိတာပေါ့။ စာလည်း ရေးသေးဆို။ တော်လိုက်တာ။ ကျွန်တော်ဖြင့် ဆရာ့လို ဖောင်တိန်လေး ချိတ်၊ လွယ်အိတ်လေးလွယ်၊ တိုက်ပုံလေးဝတ်၊ ထီးကောက်လေးဆောင်းပြီးတော့ သွားချင် တာဗျ။ ခုတော့ မိုးလင်းရင် စံပယ်ပန်းကုံးတွေကိုင်ပြီး ဘုရားရှေ့ရပ်၊ ညနေဆိုရင် တောင်းတွေကို ဈေးသွားပို့ မဟန်ပါဘူးဗျာ”
“အင်း … ဦးဘခင်ရေ ခင်ဗျားနဲ့ ကျွန်တော်နဲ့က ပြောင်းပြန်ပဲ။ ကျွန်တော်က ခင်ဗျားလို ပန်းပင်တွေရေလောင်း၊ တောင်းရက်၊ ပန်းရောင်းနေချင်တာဗျ”
“အဆန်းပဲ … ကျွန်တော့်လို နေချင်ရတယ်လို့”
“ဦးဘခင်က ကျန်းမာတယ်လေဗျာ”
“အဲဒါတော့ ဟုတ်တယ်။ ခုထိ မျက်မှန်မတတ်၊ ဆံပင်မဖြူ၊ သွားမကျိုး၊ ရေထမ်းနိုင်သေးသဗျ”
“အဲ … ခင်ဗျား ဘာဖြစ်လို့ နောက်အိမ်ထောင် မပြုသလဲ”
“တော်ပါပြီဆရာရယ် … အသက်တွေကြီးမှ ရန်မဖြစ်ချင်ဘူး။ မိန်းမဆိုတာ အရမ်းကို အလိုလိုက်ရသဗျ။ ကျုပ်က စိတ်မရှည်ဘူး။ အလုပ်ပဲ ကုန်းလုပ်လိုက်ချင်တာ။ ကျွန်တော့်သာပြောနေ ဆရာကရော”
“ကျွန်တော်ကတော့ဗျာ … ထားလိုက်ပါတော့”
ဦးဘခင်သည် အရွယ်နှင့်မလိုက်အောင် သန်မာသည်။ သို့သော် အရွယ်ကြောင့် ခါးတော့ ကိုင်းတိုင်းတိုင်း ဖြစ်နေပြီ။ သူ့ကို တစ်ရပ်ကွက်လုံးက သိသည်။ သူပန်းရောင်းထွက်လျှင် လမ်းထဲမှာပင် ထက်ဝက်ခန့်ကုန်သည်။ သူ့ကို သနားသဖြင့် ဝယ်ကြခြင်းဖြစ်သည်။
ဘုရားကို ရောက်လျှင်လည်း သူက စောင်းတန်းပေါ်မတက်ရ။ စောင်းတန်းထဲတွင် လိုင်စင်ရ ပန်းဆိုင်တွေက ရှိသည်။
“ကျုပ်ကို မိုးလေးရွာလို့ စောင်းတန်းထဲ ဝင်ခိုရင်တောင် မောင်းထုတ်ကြသဗျ။ ကျုပ်ပြန်မှ သူတို့ပန်းတွေ ရောင်းရတာကိုး” ဟု ဦးဘခင်ကပြောပြသည်။
“စေတနာ အကျိုးပေးပေါ့”
“ဆိုပါတော့ ဆရာရယ်။ ကျွန်တော်က အတင်းလည်း မရောင်းပါဘူး။ ၁၀ ကုံး ၁၀၀ ပဲရောင်းတယ်။ လူတွေက ၁၀၀ ဖိုး ၁၅ ကုံး လာဆစ်လည်း မရောင်းဘူး။ အချို့ကလည်း ၁၀ ကုံးယူပြီး ၂၀၀ ပေးကြတယ်။ အဲသည်လို ပေးလည်း ကျွန်တော်မယူဘူး။ လူကို သနားစရာ သတ္တဝါလို အထင်မခံနိုင်ဘူး။ တန်ရာတန်ကြေးရောင်းတယ်”
ကျွန်တော် ဦးဘခင်ကို သဘောကျသည်မှာ စိတ်ဓာတ်ဖြစ်သည်။ ပညာမတတ်။ သို့သော် မာနရှိသည်။ ဘာကိုမှ အလကားမယူ။
ကျွန်တော်က သူ့ကို လဖက်ခြောက်ထုပ် လက်ဆောင်ရသဖြင့် သွားပေးလျှင် ကျွန်တော့်ကို ခြံထဲက သင်္ဘောသီးတစ်လုံးဖြစ်ဖြစ် ပြန်ခူးပေးသည်။
သူက တစ်နေ့ ကျွန်တော့်အိမ်ကိုရောက်လာသည်။ မုန့်ဆန်းနယ် လာပေးခြင်းဖြစ်သည်။
ကျွန်တော့်အိမ်ထဲက စာအုပ်တွေကို ကြည့်ပြီး သူက
“အလိုလေး အံ့စရာပဲ။ များလိုက်တဲ့ စာအုပ်တွေ။ ဒါတွေ အကုန်ဖတ်ထားလား။ ဒါကြောင့်လည်း စာတွေ ရေးနိုင် တာပေါ့နော်။ အံ့တာပဲ” ဟုပြောသည်။
“အကုန် မဖတ်နိုင်ပါဘူး။ စာအုပ်တွေက ဝယ်သိမ်းရတာပဲ။ သိချင်ရင် ရှိနေအောင်ပေါ့”
“ကျွန်တော်တော့ အားကျလိုက်တာ။ ဆရာ့လိုပဲ စာတွေ ရေးတတ်ချင်လိုက်တာ”
“ဒီမနက် ကျွန်တော် လမ်းလျှောက်ပြန်တော့ ဦးဘခင်ကို ဘုရားရှေ့မှာ မတွေ့တော့ဘူး။ ဘာဖြစ်လို့လဲ။ ပန်း မထွက်ဘူးလား”
“ထွက်ပါသကောဆရာရေ … ပြောရဦးမယ်။ မနက်က ဘုရားရှေ့ရောက်တော့ ကျုပ်ဘေးကို ကားတစ်စီး ထိုးဆိုက်လာတယ်။ စံပယ်ပန်း ဘယ်လိုရောင်းသလဲတဲ့။ ကျုပ်ကလည်း ၁၀ ကုံး ၁၀၀ ပေါ့။ ကားပေါ်က ကောင်မလေးက သူ့အမေကို အဘိုးကြီး သနားစရာပါမေမေရယ်တဲ့။ အကုန်ဝယ်လိုက်ပါတဲ့။ ကျုပ်က အဲသည်လို ပြောရင် အရမ်းစိတ်ဆိုးတယ်။ ကျုပ်အလုပ် ကျုပ်လုပ်စားတာ သနားစရာလား”
“ဦးဘခင်ရယ် တကယ်သနားလို့ နေမှာပေါ့”
“ဆရာ … လူတိုင်းက သနားစရာ မဟုတ်ဘူးဗျ။ ကိုယ့်ထမင်း ကိုယ်ရှာစားနေကြတာ။ သမာအာဇီဝ လုပ်ကိုင် စားသောက်နေတာ။ သနားစရာလို့မြင်တာ စိတ်ထဲခံပြင်းစရာ”
“ဩော် ဦးဘခင်ရယ် … အရွယ်ကြောင့်ပါ။ သူများအဘိုးအိုတွေက ဒီအချိန်ဆိုရင် အိမ်ဦးခန်းမှာလေဗျာ။ နားလည်ပေးရမှာပေါ့။ ဆက်ပါဦး ဒါနဲ့ ဘာဖြစ်လို့ ပန်းတွေ အစောကြီး ကုန်သွားတာလဲ”
“ကျွန်တော်လည်း အမြင်ကပ်လို့ မရောင်းဘူးဆိုပြီး ကားနဲ့ ဝေးရာကို ထွက်သွားတာ။ ကောင်မလေးက ကားပေါ်က ဆင်းလာပြီး အဘိုးရယ် သမီး ပန်းတွေကို ဝယ်ပါရစေ။ ဒီနေ့ သမီးမွေးနေ့မို့ပါတဲ့။ အဲဒါနဲ့ ကျုပ် အားလုံးကို ရောင်းလိုက်တာ”
“အကုန်လုံး ဝယ်တယ်ဆိုပြီး ဈေးဆစ်သေးလား”
“မဆစ်ဘူးဗျ။ ကျသင့်ငွေထက်ပိုပေးနေလို့ သူတို့ကို အတင်းတောင် ပြန်အမ်းရသေးတယ်”
“ကောင်းလိုက်တာဗျာ။ ကောင်မလေးကို ကျေးဇူးတင်စရာပေါ့”
“တန်ရာတန်ကြေးကို တန်ရာတန်ကြေးရောင်းပြီး တန်ရာတန်ကြေး ပေးဝယ်သွားတာပဲဆရာရေ။ ကျေးဇူး တင်စရာတော့မဟုတ်ပါဘူး”
“အေးပါ ခင်ဗျားနဲ့ ပြိုင်ပြီး မပြောချင်တော့ပါဘူး”
ဦးဘခင်က မုန့်ဆန်း ပန်းကန်ကို ယူလိုက်သည်။ ကျွန်တော်က
“ဦးဘခင်ရေ ခဏ” ဟုပြောလိုက်သည်။ မနေ့က မြို့ထဲမှ ဝယ်လာသော ပန်းသီးတစ်လုံးကို ဆွမ်းတော်စွန့်ပြီး ဦးဘခင် ပန်းကန်ထဲထည့်ပေးလိုက်သည်။
“ဦးဘခင်ရေ”
“ဗျာ … ဆရာ”
“ခင်ဗျားနဲ့ ကျွန်တော်က ဘဝတူတွေပါ”
“ဘာများလဲဆရာ”
“ခင်ဗျားက စံပယ်ပန်းရောင်းတယ်။ ကျွန်တော်က စာအုပ်ရောင်းတယ်။ အင်္ဂါနံအတူတူပဲဗျ။ ကောင်းရောင်း ကောင်းဝယ်လုပ်ကြတာလည်း အတူတူပါပဲ။ ဘဝတူတွေပါဗျာ။ မထူးလှပါဘူး”
“ကျုပ်တော့ နားမလည်ဘူးဆရာ”
“နေရာတိုင်း နားလည်နေစရာ မလိုပါဘူးဗျာ”
ဦးဘခင်က ခါးလေး ကိုင်းတိုင်းတိုင်းနှင့် ထွက်သွားသည်။ ကျွန်တော်က စာရေးရန် စားပွဲဆက်ထိုင်သည်။
သူက စံပယ်ပန်းခူးမည်။ ပန်းသီမည်။
ကျွန်တော်က ဖောင်တိန်ကိုဖွင့်ကာ စာရွက်လွတ်ပေါ်တွင် စာသီမည်။
တင်ညွန့်
၁၃.၈.၂၀၁၈
Comments
Post a Comment