ဤခရီးနီးသလား (တင်ညွန့်)
ဤခရီးနီးသလား
--------------------ကျောင်းကို သီတာပြုံးဆိုသည့် ဆရာမလေးတစ်ယောက်ရောက်လာသည်။ မာစတာဘွဲ့အတွက် ဆက်တက်ရန် အဆင့်မီသူကို မူလတန်းပြ ယာယီ ခန့်လိုက်ခြင်းဖြစ်သည်။ မကြာမီ အလယ်တန်းပြရာထူး တိုးပေးမည်ဖြစ် ကြောင်းလည်း သိထားသဖြင့် ကျွန်တော်က သိပ်ပြီး မမျှော်လင့်။ ကျွန်တော့် ကျောင်းတွင် ယာယီလာခိုနေခြင်း သာဖြစ်သည်။
ပြီးတော့ သူက အထက်ကကျလာသူ
“ဆရာ … ကျွန်မ ကလေးတွေကို သိပ်မသင်တတ်ဘူး”
“ဆရာမရေ … မူလတန်းဆိုတာ ကလေးတွေချည်းပဲဗျ … သူတို့ကို သင်နိုင်အောင် ကြိုးစားပါဗျာ … သူတို့ကို ကောင်းကောင်း ကိုင်တွယ်တတ်ရင် ဘာမှ မခက်တော့ဘူး”
ပြောသာပြောရသည် စိတ်ကြီးဝင်နေသူ တစ်ယောက်ကို ချော့ပြီး ခိုင်းနေရသည်။ ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်သူကို ပြောရခက်သည်။ သင်ပြရမည်ကလည်း စိတ်ပါမှဖြစ်သည်။ ခေတ္တ ဝင်ခိုသလို ကျောင်းကို ရောက်လာသူတစ်ယောက်ကို ကျွန်တော်က ကလေးထိန်းအနေဖြင့် ကြည့်နေလိုက်ရသည်။
စာသင်ခြင်းကိုလည်း စိတ်မဝင်စား၊ အလှပြင်ပြီး ရွရွလေးနေချင်သည်။ တောမှာ ထိုအနေအထားက သိပ်ပြီး အလုပ်မဖြစ်။ သူနာပြုဆရာမလေး နော်သဲနှင့် အတူထားသော်လည်း သိပ်အဆင်မပြေဟု သိရသည်။ နော်သဲက တုံးတိုက်တိုက် ကျားကိုက်ကိုက် ကရင်မလေး။ အပြောပက်စက်သလို၊ အရယ်လည်း ဟက်ဟက် ပက်ပက်။
“ဆရာ … ဆရာ့ ဆရာမက ကျွန်မနဲ့ ထမင်းအတူ မစားနိုင်ဘူးတဲ့”
“နော်သဲရာနှစ်ယောက်တည်းရှိတာကို ပြဿနာပေါ်နေပြီလား”
“ကျွန်မက ပြဿနာ မဟုတ်ဘူးဆရာ … ရှိတာနဲ့စားတာ။ သူက ကျွန်မတို့စားတဲ့ ဆန်ကို မစားနိုင်ဘူး ဆိုပြီးတော့ အိုးခွဲချက်မယ်တဲ့။ အဲဒါ ပြဿနာ။ ကျွန်မမှာကလည်း ထမင်းအိုးက တစ်အိုးတည်း ရှိတာ။ သူက ငကျွဲဆန်မှ စားနိုင်တယ်တဲ့လေ”
“နော်သဲရယ် … ငါတစ်အိုးရှာပေးမယ် … သူ့ဘာသာသူ ချက်စားပါစေ … နင် ပူစရာ မလိုတော့ဘူးပေါ့”
“ထမင်းချက်တော့လည်း ထင်းနဲ့ မချက်တတ်ဘူးတဲ့ … မီးသွေးဖိုရှာပေးတဲ့ … ဆရာ့ ဆရာမကို ဆရာပဲ ရှာပေး … တောကို သူ့မြို့လိုများ မှတ်နေသလား မသိဘူး”
“နော်သဲရယ် … ယာယီပါ … သည်းခံလိုက်”
ကျောင်းရောက်သည့် အခါလည်း ပြဿနာ နည်းနည်းရှာချင်ပြန်သည်။ ကလေးတွေက ကျေးလက် တောင်သူ တောသားများ။ အနံ့ပေါင်းစုံရှိသည်။ ထိုအနံ့များကို ကျောင်းဆရာတွေက နှာခေါင်းယဉ်အောင် လုပ်ကြရသည်။ ကျွန်တော့်အဖို့ နှပ်ချေးနှင့် ဝဲက အကြောင်းမဟုတ်။ သူကတော့ ဝဲပေါက်သူနှင့် ညစ်ပတ်သူတွေကို အနောက်ဆုံးတန်း ပို့ချင်နေသည်။
“ဆရာမ ကလေးတွေကို ဉာဏ်ရည်အလိုက် … သင်ကြားမှု ခံယူနိုင်စွမ်းအလိုက် … အရပ်အမောင်း အလိုက် နေရာချထားတာကောင်းတယ် … အရပ်နိမ့်တဲ့သူတွေနဲ့ စာညံ့တဲ့သူတွေကို နောက်ဆုံး ပို့လိုက်ရင် ပိုဆိုးသွား မယ်ထင်တယ်”
“ဆရာရယ် … သူတို့ အနံ့အသက်တွေကို ကျွန်မ မခံနိုင်ဘူး … ပြီးတော့ လက်က ဝဲတွေနဲ့”
“ကျွန်တော်တို့ တောမှာ ဒါတွေကို ရှောင်လို့မရဘူး ဆရာမ”
စာသင်သည့် အခါလည်း သူ့အသံကို သတိထားမိသည်က အမိန့်ပေးသလို၊ စစ်ချီခိုင်းသလို ဖြစ်နေပြန်သည်
“လုပ်ခဲ့ … မလုပ်ခဲ့ရင် ရိုက်မယ်”
“နားလည်လား”
“ဘယ် နားလည်မှာလဲ သောက်သုံးမှ မကျတာကို”
မုန့်စားလွှတ်ချိန်တွင် ကျွန်တော်က
“ဆရာမ လေသံလေး နည်းနည်းလျှော့ပါလား … ကလေးတွေဆိုတာ ဟောက်ရင်ကြောက်သလို ဖြစ်ချင် ဖြစ်မယ် … ဒါပေမဲ့ သူတို့ မကြောက်ဘူးဗျ … သိလား … ဆရာမက ဟောက်လေ … သူတို့က ပါးစပ်က ထုတ်မပြပေမယ့် ရင်ထဲမှာ ရယ်နေလိမ့်မယ် … ကလေးတွေနော် … ဆရာမ ကိုင်ထားတဲ့ တုတ်ကို ကြောက် ကောင်းကြောက်မယ် … ဒါပေမဲ့ သူတို့ကို သင်နေတဲ့ ဆရာဟာ တုတ်အားကိုးသင်တဲ့ ဆရာလို့ သတ်မှတ် သွား ကြလိမ့်မယ်”
“ကျွန်မကို သူတို့မကြောက်ဘူး … တုတ်ကိုပဲကြောက်တာလို့ ဆရာက ပြောချင်တာလား”
“ဟုတ်တယ် … ကလေးဆိုတာ တုတ်ပဲကြောက်တယ် … ကျွန်တော်ဆိုရင် ကြိမ်လုံးကို စာထောက်ဆိုဖို့ပဲ ထားတယ် … သူတို့ကို ရိုက်စရာလို့ မသုံးခဲ့တော့ သူတို့က ကြိမ်ဆိုတာ ကြောက်စရာလို့ မမြင်ဘူးဗျ။ နောက်ပြီး ကျွန်တော် ပြောစရာ ရှိသေးတယ် … အချို့အခန်းလေးတွေမှာ ဆရာမသင်တာတွေက နည်းနည်း လွဲနေတယ် … ကျွန်တော်တို့ ပြန်ပြီး ညှိသင်ရင် ကောင်းမယ်ထင်တယ်”
“ကျွန်မက မာစတာပါဆရာ”
“ဟုတ်ကဲ့ … ပညာရေးမှာ ဘက်ချလာတွေ၊ မာစတာတွေ၊ ဒေါက်တာတွေ ဆိုတာထက် သင်ကြားနည်း method နဲ့ သင်ကြားတဲ့ စေတနာ အရေးကြီးတယ်ဗျ … စာသင်တဲ့နေရာမှာ အထာလေးတွေ ရှိပါတယ်။ ကလေးတွေကို သင်တဲ့အခါ ငါသင်နေတာ ဘာအတန်းလဲလို့ ပထမဆုံးသိထားစေချင်တယ်။ တက္ကသိုလ်မှာ တက်နေတဲ့ သူတွေနဲ့ မူလတန်းမှာ တက်နေတဲ့ ကလေးတွေ မတူဘူးဗျ။ မြို့ကျောင်းကြီးတွေမှာ တက်နေတဲ့ ကလေးတွေနဲ့ ဒီလိုတောကျောင်းတွေမှာ တက်နေတဲ့ ကလေးတွေလည်း မတူဘူး … တစ်တန်းစားတည်း သတ်မှတ် သင်လို့ မရဘူး”
“ကျွန်မသိပါတယ်”
အလွန်တော် အလွန်တတ် အလွန်သိနေသူဟူ၍ သူတို့ကိုယ် သူတို့ထင်နေသူများကို ပြောရသည်မှာ အတော်လေး လက်ပေါက်ကတ်သည်။
တစ်နေ့ သီတာပြုံး စာသင်နေသဖြင့် ကျွန်တော်က ကလေးများကို တိုးတိုးတိတ်တိတ်ဖြစ်စေရန် လေ့ကျင့်ခန်း ပေးထားသည်။
သီတာပြုံး စာသင်နေသည်။ သူသင်နေသည်မှာ
“ဤခရီးနီးသလား
ငါးနာရီလာရ၏
မီးရထား စီးလာပါ
အလကားမစီးရ”
သီတာပြုံးက စာတိုင်ပေးနေသည်
“ကကြီး ယပင့် ညသတ် အီ … ခရေခ … ရကောက်ရေး လုံးကြီးတင် ရှေ့နှစ်လုံးပေါက် ရီး … ဤခရီး … လိုက်ဆို”
ကိုင်း
သီတာပြုံး စာသင်တာကို နားထောင်ကြည့်ပါ
သူလည်း ဤချင်တိုင်း ဤလိုက်သည်။ ကလေးတွေက ရယ်သည်
“ဝါး ဟား ဟား”
“ဘာရယ်တာလဲ … သေချင်လို့လား”
အတန်းထဲတွင် ဘယ်သူ့မှ မကြောက်သည့် ဒူးမထောက်၊ လက်မမြှောက် လှဝင်းက
“ချာမ … ဆရာကြီးက အက္ခရာ အီလို့ သင်ပါတယ်”
“ငါသင်နေချိန်မှာ ငါသင်သလိုလိုက်ဆို လျှာမရှည်နဲ့”
ကိုယ့်ကိုယ်ကိုယ်တောင် ဤခရီးမှာ နီးသလား … ဝေးသလား အတွေးများဖြစ်ခဲ့ရသည်။
တင်ညွန့်
၂၈.၃.၂၀၁၉
Comments
Post a Comment