သွေးညှီနံ့လွှမ်းသောည(တင်ညွန့်)
သွေးညှီနံ့လွှမ်းသောည
-------------------------
ကျွန်တော် ဆိုက်ကားနင်းစဉ်ကဖြစ်သည်။သူများနားမှ ကိုယ်ကယူနင်းရသည့်ဘဝဖြစ်သောကြောင့် တစ်ညတွင် ည ၉ နာရီကျော်မှ ဆိုက်ကားရသည်။ မတတ်နိုင် ညဘက် ညဉ့်နက်သည်အထိ နင်းရပေတော့မည်။
အုံနာအိမ်က ဆိုက်ကားကို ယူပြီး ထွက်လာစဉ် ဗလတောင့်တောင့်၊ စစ်စွပ်ကျယ် ချိုင်းပြတ်နှင့် လူ တစ်ယောက်က တားသည်။
“တာဆုံကို သွားမယ်။ ဘယ်လောက်လဲ”
“၃ ကျပ်ပဲပေးပါ”
“သွားမယ်”
သူက သွားမယ်ပြောပြီး ဆိုက္ကားပေါ်မတက်။ လမ်းဘေးကို ဆင်းသွားသည်။ ကျွန်တော်က ဘာလဲဟု စိတ်ထဲတွင် ဇဝေဇဝါဖြစ်သွားသည်။
ကိုင်းတောကြီးထဲက စစ်အိတ်ရှည်ကြီးတစ်လုံးကို လွယ်ပြီး သူပြန်ထွက်လာသည်။ စစ်အိတ်လုံးရှည်ကြီးကို ဆိုက္ကားနောက်သို့ ပစ်တင်လိုက်သည်။ အထုပ်ကြီးက ပျော့အိအိဖြစ်သည်။ သူက အိတ်ကို မကျစေရန် လက် တစ်ဖက်နှင့် ကြိုးကိုဆွဲထားပြီး ရှေ့ကတက်ထိုင်လိုက်သည်။
“ဘာတွေလဲ”
“နင်းပါ”
“အထုပ်ပါရင် ငါးကျပ်ပဲ”
“ပေးမယ်”
သူက ကျွန်တော် မေးသည်ကို မကြိုက်လေဟန်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ ကျွန်တော်ကလည်း ဆိုက္ကားက ဈေးဦးပေါက် ဖြစ်နေသဖြင့် မငြင်းချင်။ လူရော အထုပ်ပါ ဆိုက္ကားပေါ်ရောက်နေပြီ မဟုတ်ပါလား။
တာဆုံကိုရောက်ရန် သင်္ချိုင်းရှေ့လမ်းက နင်းရမည်။ ဆိုက္ကားက အမှောင်ထဲတွင် နင်းရသလို ဖြစ်နေသည်။ လမ်းမီးတွေကလည်း မလာသည့်နေရာကမလာ။ ဆိုက္ကားမီးကလည်း ဒိုင်နမိုမီး ဖြစ်သောကြောင့် သွက်သွက် နင်းနိုင်မှ လင်းသည်။ သူ့ဝိတ်ရော အထုပ်ဝိတ်ပါ ရှိနေသဖြင့် ကျွန်တော်သိပ်ပြီး သွက်သွက်မနင်းနိုင်။
ဆိုက္ကားက ချိုင့်တစ်ခုထဲ ဘီးကျပြီး ယိမ်းသွားသည်။ နောက်ကတင်လာသည့် အထုပ်က ဘုတ်ခနဲ ပြုတ်ကျ သွားသည်။
“ရပ် … ရပ်”
သူက အော်လိုက်သည်။ ကျွန်တော်က ဆိုက္ကားရပ်လိုက်ပြီး ဆင်းကာ အထုပ်ကိုပြေးကောက်ရန် ပြင်လိုက် သည်။ သူကလည်း ဆိုက္ကားပေါ်က ခုန်ဆင်းပြီး အထုပ်ဆီပြေးလာသည်။ ကျွန်တော်က အထုပ်ဆီ ဦးစွာရောက် သောကြောင့် ကုန်းပြီးမလိုက်သည်။ အထုပ်က ပျော့အိအိဖြစ်သည်။ သူက ရောက်လာပြီး ကျွန်တော့်ကို တွန်းလိုက်ကာ ကျွန်တော့်လက်ထဲမှ အထုပ်ကို ယူလိုက်ပြီး ဆိုက္ကားဆီ ပြန်လျှောက်သွားသည်။ ကျွန်တော့် လက်တွင် ချွဲကျိကျိဖြစ်နေသဖြင့် ဓာတ်တိုင်မီးရောင်နှင့် ကြည့်လိုက်ရာ သွေးတွေ ဖြစ်နေသည်။
ကျွန်တော် စိုးရိမ်သွားသည်။ အထုပ်ထဲက ဘာတွေလဲ သံသယဖြစ်လာပြီ။ သူက အထုပ်ကို နောက်တွင် မထားတော့။ သူထိုင်နေသည့် ခြေထောက်နှစ်ချောင်းကြားတွင် ထားပြီး၊ ဆိုက္ကားခြေနင်းပေါ်တင်ကာ ညှပ်ထား သည်။
ကျွန်တော်က
“ဒီမယ် ဆရာကြီး သွေးတွေ”
သူက အိပ်လုံးရှည် ထိပ်ကို ဖွင့်လိုက်သည်။ သွေးညှီနံ့က ထောင်းခနဲ ထွက်လာသည်။ အထုပ်ကြီးထဲကို လက်နှိုက်လိုက်ပြီး ဆွဲထုတ်လိုက်သည်။ သွေးတွေ ပေနေသည့် ဓားကောက်ကြီးတစ်ချောင်းကို သူကိုင်ထား သည်။
“ခင်ဗျား ဆိုက္ကားကို နင်းမှာလား … မနင်းဘူးလား”
သူ့လေသံက အမိန့်ပေးသံ ဆိုခြင်းထက် ခြိမ်းခြောက်သလိုဖြစ်နေသည်။ ပြီးတော့ လက်ထဲတွင် သွေးတွေ ပေနေသည့် ဓားကို အဘယ်ကြောင့် ကိုင်ထားရသနည်း။ သူက စိတ်မထင်လျှင် ကျွန်တော့်ကို တစ်ခုခု လုပ်တော့မည် ပုံစံပေါက်နေသည်။
ကျွန်တော် ဖင်ထိုင်ခုံအောက်မှ အဝတ်စကို ဆွဲထုတ်လိုက်ပြီး လက်တွေကို သုတ်လိုက်သည်။ ထို့နောက် ဆိုက္ကားပေါ် တက်ကာ နင်းလိုက်သည်။ သူ့ကိုလည်း မမေးရဲတော့။ လူပုံက ကြောက်စရာ ကောင်းလောက် အောင် မျက်လုံးတွေကတောက်နေသည်။ အမှောင်ထဲမှာပင် သူ့မျက်လုံးအရောင်တွေကို တွေ့နေရသည်။
သေချာသည် သူ လူသတ်လာပြီး အိတ်ထဲထည့်လာခြင်းဖြစ်မည်။ ကျွန်တော် နေရင်းထိုင်ရင်း လူသတ်မှုတွင် ပါဝင်ပတ်သက်နေမိပြီ။ ကျွန်တော် မနင်းလျှင် ဤနေရာ၌ ဓားဖြင့် ထိုးသတ်ပြီး ပစ်သွားလည်း လူမသိနိုင်။ လူကပြတ်သည့် နေရာဖြစ်နေသည်။ သင်္ချိုင်းကျော်လျှင်တော့ တာဆုံတွင် လူတွေ ကားတွေ ရှိနိုင်သည်။ သင်္ချိုင်းအလွန်ဂိုဒေါင်တွင် ရဲကင်းတစ်ခုရှိသည်။ ရဲတွေ ရှိနေလျှင် ကျွန်တော် ပြေးပြီး အကူအညီတောင်းနိုင် သည်။
“နင်းလေ”
သူက ကျွန်တော့်ကို အော်လိုက်ခြင်းဖြစ်သည်။ ကျွန်တော် တုန်သွားသည်။
ဆိုက္ကားပေါ်တက်လိုက်ပြီး ကျွန်တော် နင်းခဲ့သည်။ သင်္ချိုင်းရှေ့လမ်းက ကုန်းဆင်းဖြစ်သည်။ ကုန်းဆင်း ရောက်ရန် ကုန်းတက်ကို ကျွန်တော်တက်ရမည်။ လူဝိတ်နှင့် အထုပ်ဝိတ်ကြောင့် ကျွန်တော် မနင်းနိုင်။ ကုန်းကလည်း မတ်သည်။ ထို့ကြောင့် ဆင်းပြီး ဆိုက္ကားကို တွန်းတင်ရသည်။
ကျွန်တော့်နှာခေါင်းထဲတွင် သွေးညှီနံ့တွေရနေသည်။ သူက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ကျွန်တော်က မောစိတ်ရော ကြောက်စိတ်ပါ စိတ်ထဲတွင် ရောပြီး ချွေးပြန်နေသည်။
ကုန်းထိပ်ကိုရောက်သည့် အခါ ကျွန်တော် ခေတ္တနားလိုက်သည်။ သင်္ချိုင်းထဲက ခွေးအူသံတွေကြားနေရသည်။
“နင်းတော့လေ”
“နေပါဦးဗျ … မောလို့ပါ”
ကျွန်တော်က ဆိုက္ကားပေါ်တက်ပြီး ကုန်းအဆင်းကို ဖရီးရိုက်လိုက်သည်။ လေကတိုးသဖြင့် အမောပြေသလိုဖြစ် နေသည်။ ကျွန်တော်က ရဲကင်းဘက်ကို လှမ်းကြည့်နေမိသည်။ တဲထဲတွင် လူတစ်ယောက်မှမတွေ့။
ကျွန်တော့် ဆိုက္ကားပေါ်တွင် လူသတ်သမားတစ်ယောက်။ သူ့လက်ထဲတွင်ဓား။ အထုပ်ထဲတွင် အလောင်း။ ကျွန်တော့် နှာခေါင်းထဲမှာ သွေးညှီနံ့တွေရနေသည်။ ကျွန်တော် ဘာဆက်လုပ်ရမှန်းမသိ။ အကူအညီတောင်း စရာကလည်းမရှိ။ ယခင် ရဲကင်းကတားလျှင် စိတ်ဆိုးသည်။ ယနေ့ ရဲကင်းက တားစေချင်သည်။ သို့သော် တစ်ယောက်မှ မရှိ။
သူက ဓားကို အိတ်ထဲ ပြန်ထိုးထည့်လိုက်သည်။ အိတ်ကိုလည်း သေသေချာချာပိတ်လိုက်သည်။ မကြာမီ တာဆုံကို ရောက်တော့မည်။ သူ့ကို တာဆုံတွင် ချပေးလိုက်လျှင် ကားတစ်စီးစီးပေါ် တက်သွားနိုင်သည်။
“ရပ် … ရပ်လိုက်”
ကျွန်တော် ဆိုက္ကားကို ရပ်လိုက်သည်။
“ဒီဘက်ကိုကွေ့ … ဒီဘက်ကို”
သူညွှန်ပြသည့် လမ်းက ကျောင်းကွေ့လမ်းဖြစ်သည်။ တာဆုံဘက်ကို ကျွန်တော် လှမ်းကြည့်လိုက်ရာ ရဲနှစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ရဲတွေရှိနေသဖြင့် သူက ကျွန်တော့်ကို ဘုန်းကြီးကျောင်း လမ်းဘက် ချိုးခိုင်းခြင်းဖြစ်သည်။ သေချာပြီ။ သည်လူ တစ်ခုခု မဟုတ်တာ လုပ်ထားပြီ။ ကျွန်တော်က ရှေ့ဆက် မနင်းရဲ။ သူက အိတ်ထဲကို လက်ထည့်နေသည်။
ကျွန်တော် ဆိုက္ကားကို ကွေ့ပြီး ကျောင်းလမ်းဘက်ချိုးလိုက်သည်။
“ရပ် … ရှေ့မှာ ရပ်လိုက်တော့”
သူက ဓာတ်တိုင်အောက်တွင် ကျွန်တော့်ကို ရပ်ခိုင်းလိုက်သည်။ ပြီးနောက် ပုဆိုး ခါးပုံစကိုဖြေလိုက်ပြီး ပိုက်ဆံ ငါးကျပ်တန်တစ်ရွက်ထုတ်ကာ ကျွန်တော့်ကို ပေးလိုက်သည်။ သူက စစ်အိတ်ကြီးကို အောက်ကိုချလိုက်ပြီး ဆိုက္ကားပေါ်က ဆင်းလိုက်သည်။
ဘုန်းကြီးကျောင်းထဲဝင်သွားပြီး ကျောင်းတစ်ဖက်က ထွက်လိုက်လျှင် ကားလမ်းပေါ် ပြန်ရောက်မည်။ သူ့အကြံကို ကျွန်တော် ကောင်းကောင်းသိသည်။ လူသတ်သမားက ဘုန်းကြီးကျောင်းထဲက ဖောက်ထွက်ပြီး ပြေးရန် စီစဉ်နေခြင်းဖြစ်သည်။
ကျွန်တော့်ကို လွှတ်ပေးလိုက်ခြင်းက ကံကောင်းသည်ဟု ဆိုရမည်။ ကျွန်တော်က ဆိုက္ကားကို ပြန်လှည့်ပြီး တာဆုံဆီကို အမြန်နင်းသွားသည်။ တာဆုံတွင် ရဲနှစ်ယောက်ရှိနေသေးသည်။
ကျွန်တော်က သူတို့ဘေးကို ဆိုက္ကားထိုးရပ်လိုက်ပြီး အမောတကော ပြောလိုက်သည်
“လူသတ်သမား … လူသတ်သမား … ကျွန်တော့် ဆိုက္ကားငှားစီးလာတယ်”
“ဘယ်မှာလဲ … ဘယ်မှာလဲ”
“ဟို ကျောင်းထဲမှာ ဆင်းသွားတယ်။ ကျောင်းထဲကနေ ဖောက်ထွက်လိမ့်မယ်”
“ခင်ဗျားက လူသတ်သမားမှန်း ဘယ်လိုသိသလဲ”
ကျွန်တော်က ဖင်ထိုင်ခုံအောက်မှ အဝတ်စုတ်ကို ထုတ်ပြလိုက်သည်
“ဒီမှာတွေ့လား သူ့အိတ်ထဲက သွေးတွေ။ ကျွန်တော့်ကိုလည်း ဓားနဲ့ ခြိမ်းခြောက်တယ်။ ဟိုး ကုန်းထိပ်ကနေ ဆိုက္ကားငှားလာကတည်းက မသင်္ကာတာ။ လိုက်ပါ … သူ ဟိုဘက်ကနေ ထွက်သွားလိမ့်မယ်”
“ခင်ဗျား ဆိုက္ကားနဲ့ သွားမယ်။ ခင်ဗျားပဲ သိတာလေ။ ကဲ … နင်း”
ရဲနှစ်ယောက်က ကျွန်တော့်ဆိုက္ကားပေါ်တက်လိုက်သည်။ ကျွန်တော်က ဆိုက္ကားကို အပြေးလေး နင်းပေးပြီး ကားလမ်းဘက်ကို ဘုန်းကြီးကျောင်းဘက်က ထွက်နိုင်သည့် နေရာသို့ ရဲတွေကို ပို့ပေးလိုက်သည်။
“ဟိုမှာ … ဟိုမှာ … ကားလမ်းဘေးက စစ်အိတ်နဲ့လူပဲ”
ရဲတွေက ဆိုက္ကားပေါ်မှ အပြေးလေးဆင်းသွားကြသည်။
“သူပဲ … သူပဲ”
ကျွန်တော်ကပြောလိုက်ရာ ရဲတွေက သူ့ဘေးကို ကပ်လိုက်ပြီး
“ဟေ့လူ … ဘာတွေလဲ … အိတ်ကိုဖွင့်ပြစမ်း”
“ဟာ ဆရာတို့ကလည်း ဘာမှ မဟုတ်ပါဘူး”
“သူ့အိတ်ထဲမှာ ဓားကောက်လည်း ပါတယ်။ မယုံရင် ဖွင့်ကြည့်လိုက်”
ကျွန်တော်ကဝင်ပြောလိုက်ခြင်းဖြစ်သည်။
ရဲတွေက အိတ်ထဲကို ဓာတ်မီးတွေနှင့်ထိုးကြည့်သည်။ ရဲတစ်ယောက်က
“မင်း ညိုကြီး မဟုတ်လား”
“ဟုတ်တယ်ဆရာ” ဟု လူသတ်သမားက ပြောလိုက်သည်။
ကျွန်တော်က တာဝန်သိပြည်သူတစ်ယောက်အနေဖြင့် လူသတ်သမားကို ဖမ်းပေးနိုင်ပြီဆိုကာ ပီတိဖြစ်နေ သည်။
“ဆိုက္ကားဆရာ”
“ဗျာ”
“ဒါတွေက အမဲသားတွေ”
“ခင်ဗျာ”
“ဟုတ်တယ် … သူက အမဲပေါ်တဲ့ ညိုကြီးပဲ … အထုပ်ထဲက အမဲသားတွေ”
“ဟာ”
ရဲတစ်ယောက်က ကျွန်တော့်နားကိုကပ်ပြီး တိုးတိုးလေးပြောသည်။
“ခင်ဗျားသွားတော့ ကျွန်တော်တို့ ရှင်းလိုက်မယ်။ အဲဒီကောင် ထောင်ကထွက်လာတာ မကြာသေးဘူး”
“ဟုတ် … ဟုတ် … ကျွန်တော် သွားတော့မယ်”
ကျွန်တော် နောက်ပိုင်း ထိုလမ်းက အုံနာထံမှ ဆိုက္ကားကို ယူမနင်းတော့။
ကျွန်တော်သည် သင်္ချိုင်းလမ်းကို ဖြတ်နင်းရသဖြင့် သရဲမကြောက်။ လူတော့ကြောက်သည်။ ထို့ကြောင့် နောက် အုံနာတစ်ယောက်ထံက ဆိုက္ကားကိုပြောင်းနင်းရသည်။ တာဆုံနှင့် ကုန်းထိပ်လမ်းကို ဆိုက္ကားခေါ်လည်း ကျွန်တော် မလိုက်တော့။
တင်ညွန့်
၁၄.၈.၂၀၁၈
Comments
Post a Comment