မီးလျှံနှင့်ရေ(တင်ညွန့်)

မီးလျှံနှင့်ရေ

-------------

“ဟေ့ ကိုယ့်လူ … မင်းကို ပါမောက္ခက ဒီနေ့ ၁၁ နာရီမှာ ရုံးခန်းကို လာတွေ့ပါတဲ့”

“ဘာကိစ္စလဲမသိဘူး”

“မင်း ကျောင်းပြေးနေတာပဲ။ ခေါ်တွေ့တာနေမှာပေါ့”

ကျွန်တော်က ထမင်းစားဆောင်တွင် ထမင်းထိုင်စားနေစဉ် ကိုဝင်းမြက ပြောသွားခြင်းဖြစ်သည်။ ကျွန်တော်နှင့်အတူ ထမင်းထိုင်စားနေသည့် ကိုခင်ထွန်းက

“မင်း စာတမ်းအတွက် လူရွေးပြီးပြီလား”

“ဘာလဲဗျ … လူရွေးတယ်ဆိုတာ”

“အင်း ခက်တော့တာပဲ။ မင်းက ကျောင်းလည်းမတက်တော့။ နောက်ဆုံး စာတမ်းတင်တာကို နှစ်ယောက် တစ်ဖွဲ့ပြုစုရမှာလေ။ အားလုံး ပြီးသလောက်တောင် ဖြစ်နေပြီ။ ခေါင်းစဉ်တွေတောင် ရွေးပြီးနေပြီ။ မင်း ခုထိ ဘာမှ မလုပ်ရသေးဘူးပေါ့”

“ဟုတ်လား … သိဘူးလေ”

“ခက်တော့တာပဲ … ဒါကြောင့် မင်းကို ပါမောက္ခခေါ်တွေ့တာလားမသိဘူး။ ဟေ့ မင်း ဒီနေ့ သွားတော့ တွေ့လိုက်နော်။ ရွတ်တွတ်တွတ် မလုပ်နဲ့။ ပါမောက္ခက မင်းထက် ရွတ်တယ်။ ဘွားတော်ကို မင်းသွား မစမ်းနဲ့”

“ကြောက်ပါတယ်ဗျာ … ကျွန်တော် သွားတွေ့လိုက်ပါ့မယ်”

ကျွန်တော် ၁၁ နာရီ တိတိတွင် ပါမောက္ခ၏ ရုံးခန်းရှေ့ရောက်သည်။ ဆင်နားရွက်တံခါးလေးရှေ့တွင် ရပ်လိုက် ကတည်းက

“ဝင်ခဲ့” ဟု အထဲက အော်သံကြားလိုက်ရသည်။ ကျွန်တော် တံခါးရွက်လေးကို တွန်းပြီး ဝင်ခဲ့သည်။

“ထိုင်”

ပါမောက္ခက မျက်မှန်ကို တစ်ချက်ကျော်ပြီး ကျွန်တော့်ကို ကြည့်လိုက်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

“နံပါတ်တစ် … မင်း ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်းမပြည့်တာကစမယ် … ပြောစမ်းပါဦး သင်တန်း မှန်မှန် မတက်တဲ့ကိစ္စ”

“ကျွန်တော် ညာပြောရမှာလား … အမှန်ပြောရမှာလား ဆရာမကြီး”

“ကြိုက်သလိုပြော”

“စာကျက်ခိုင်းတဲ့စနစ်ကို မကြိုက်လို့ မတက်ဘူး။ ပြီးတော့ စာအုပ်ထဲကအတိုင်း အတိအကျ ပြန်ရေးမှ အမှတ် ပေးတဲ့ စနစ်ကို မကြိုက်လို့။ အဲဒီလို ပြန်ရေးမှ အမှတ်ပေးတာကို သင်တန်းထဲမှာ အချိန်ကုန်ခံပြီး လာတက် စရာ မလိုဘူးလို့ ထင်လို့”

“ကြိုက်တယ် … ဒါပေမဲ့ … မင်း ငါ့အချိန်တိုင်း ပုံမှန်လာတက်တာ ဘာဖြစ်လို့လဲ”

“စာမသင်လို့”

“ဟား … ဟား … ဟား”

ပါမောက္ခက အားရပါးရ အော်ရယ်လိုက်သည်။

“အတော်လာတဲ့ကောင်ပဲ … မင်း စာတမ်းအတွက် လူရွေးပြီးပြီလား”

“မရွေးရသေးဘူးဆရာမကြီး”

“မင်းကို နေ့တိုင်း စာကြည့်တိုက်ထဲမှာပဲ တွေ့နေလို့ မင်းကျောင်းပြေးတဲ့ကောင် မဟုတ်ဘူးဆိုတာ ငါလက်ခံ တယ်။ ဒါပေမဲ့ စည်းကမ်းအတိုင်း မင်းကို အရေးတော့ ယူရလိမ့်မယ်”

“ဟုတ်ကဲ့”

ဆရာမကြီးက အပြင်ကို လှမ်းကြည့်လိုက်ပြီး

“ဝင်ခဲ့ … ဝင်ခဲ့” ဟုအော်လိုက်သည်။

ဆင်နားရွက်တံခါးလေး လှုပ်သွားပြီး ကျွန်တော့်အနီးက ခုံကို ဆွဲသံကြားလိုက်ရသည်။ ရေမွှေးနံ့ကိုလည်း ရလိုက်သည်။

“ဝင်နီ … ဟောဒီမှာ နင်နဲ့ တွဲရမယ့် ဂျစ်တူး”

“ဟာ … မာမီ … အဲဒီလူနဲ့ သမီးမတွဲချင်ဘူး”

“ဘာကြောင့်လဲ ဝင်နီ”

“လူ့ခွစာ”

“သမီးတို့က သိလို့လား”

“သူ့ကိုလား … မသိပါဘူး။ တစ်တန်းလုံးက ခွစာလို့ခေါ်တယ်။ သမီးကလည်း ကြည့်မရဘူး”

“မင်းသူ့ကိုသိလား”

ဆရာမကြီးက ကျွန်တော့်ကို မေးလိုက်ခြင်းဖြစ်သည်။ တစ်တန်းလုံး ဝင်နီခေါ် သန္တာမြတ်ဆွေကို မသိသူမရှိ။ ခေတ်ဆန်ပြီး ကလက်လွန်းသည်။ အမှန်အတိုင်း ပြောရလျှင် သူ့ကိုလည်း ကျွန်တော်က ကြည့်ရသည် မဟုတ်။ သို့သော် ကျောင်းစာသင်ခန်းထဲတွင် သိပ်မရှိသဖြင့် ကျွန်တော့်အတွက် သူကလည်း ဘာမှမဟုတ်။

“သိပါတယ်”

“ဟုတ်ပြီ … ဒါဆိုရင် မိတ်ဆက်ပေးစရာ လိုဦးမလား”

“မလိုပါဘူး”

“ကိုင်း မင်းတို့ နှစ်ယောက်နားထောင်။ နှစ်ယောက်စလုံး ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း မပြည့်ဘူး။ မင်းတို့ကို ပြန်လွှတ်လိုက်လို့ရတယ်။ ဒါပေမဲ့ ငါမလွှတ်ဘူး။ မင်းတို့ကို အပြစ်ပေးမယ်”

“မာမီကလည်း … သမီးပြဿနာကို မာမီ့ကို ပြောထားတယ်လေ”

“မရဘူး ဝင်နီ။ ဒါသင်တန်း။ စည်းကမ်းအတိုင်းပဲ။ မင်းတို့နှစ်ယောက် ပြန်အပို့ မခံချင်ရင် ခိုင်းတာ လုပ်ရမယ် … ပြော … လုပ်မလား မလုပ်ဘူးလား”

“လုပ်ပါ့မယ်”

“ဟုတ်ကဲ့”

“မင်းတို့နှစ်ယောက် စာတမ်းကို ပူးတွဲရေးရမယ်။ ပြီးတော့ ခေါင်းစဉ်ကို မင်းတို့ မရွေးရဘူး။ ငါရွေးပေးတဲ့ ခေါင်းစဉ်ကို ရေးရမယ်။ ခေါင်းစဉ်က ဘယ်သူ့ကိုမှ မပေးဘူးတဲ့ ခေါင်းစဉ်။ အခက်ဆုံးပဲ။ အခက်ဆုံးကို အကောင်းဆုံး လုပ်နိုင်တယ်ဆိုတာနဲ့ ချေဖျက်ပြီး မင်းတို့အပြစ်တွေကို ပေးဆပ်ရမယ်။ တစ်တန်းလုံးမှာ မင်းတို့ နှစ်ယောက်ပဲ ကျန်တော့တယ်။ အေးတစ်ခုပြောထားမယ်။ ငါကျေနပ်လောက်အောင် လုပ်မပြနိုင်လို့ကတော့ ချပစ်မယ်။ ဝင်နီ ညည်းအရေးကြီးတယ်။ ဒီမှာ အစွမ်းပြနိုင်မှ ရှေ့ဆက်တက်ဖို့ အခွင့်အရေး ရနိုင်မယ်”

“မာမီ … မာမီ့လူက လုပ်မလား၊ မလုပ်ဘူးလား … မေးပါဦး … သမီးကရတယ်”

“ဟုတ်ကဲ့ ဆရာမကြီး … ကျွန်တော့်မှာ ရွေးချယ်စရာမှ မရှိတော့တာ”

“အောင်မယ် … သူကပဲ ပြောရတယ်ရှိသေး”

“တော် … ဝင်နီ … ဟောသည်မှာ စာတမ်းခေါင်းစဉ် … မှတ်သွားကြ”

ကျွန်တော်က တစ်ချက်ကြည့်လိုက်သည်။ ဝင်နီက စာအုပ်ထုတ်ပြီး လိုက်ရေးသည်။

“ဟေ့ … ယူ … မမှတ်ဘူးလား”

“လိုမှ မလိုတာ … ကိုယ်က ခေါင်းထဲထည့်လိုက်ပြီ”

“တွေ့လား မာမီ … အကြောကြီးနဲ့ အရမ်း မုန်းစရာကောင်းတယ်”

“ကိုင်း … ပြီးပြီ သွားကြတော့”

ကျွန်တော်နှင့် ဝင်နီတွေ့ကြပုံဖြစ်သည်။ အပြင်သို့ရောက်သည့်အခါ ကျွန်တော်က ကော်ရစ်ဒါလမ်းလေးအတိုင်း လမ်းမဘက်ကို ထွက်ရန်ပြင်သည်။ လက်ဖက်ရည်ဆိုင်ဆီသို့ဖြစ်သည်။

“ဟေ့ … ရှစ် … ရှစ်”

ကျွန်တော်လှည့်မကြည့်။ လက်ဖက်ရည်ဆိုင်က စားပွဲထိုးကို ခေါ်သလို ခေါ်ခြင်းမျိုးကို ကျွန်တော်မုန်းသည်။

“ရှစ် … ရှစ်”

ကျွန်တော် ဆက်လျှောက်လာသည်။ ကားလမ်းကို ကူးမည်အပြုတွင် ကျွန်တော့် လွယ်အိတ်ကြိုးကို တစ်ယောက်ကို ဆွဲထားလိုက်သည်။

“ဘာလဲ … ဘာကိစ္စလဲ”

“ခေါ်နေတာ မကြားဘူးလား”

“ဘယ်သူ့ကို ခေါ်တာလဲ”

“ရှင့်ကိုလေ”

“ဘယ်လိုခေါ်သလဲ … ကိုယ်က စားပွဲထိုးမဟုတ်ဘူး”

“ဒီမှာ ရှင့်ကို ခေါ်ချင်လွန်းလို့ မဟုတ်ဘူး။ မခေါ်မဖြစ်လို့။ ခေါင်းစဉ်ကျပြီလေ အတူတူတွဲလုပ်ရမှာ … ဘာလဲ ရှင်နဲ့ တိုင်ပင်တာတွေ ဘာတွေ မလုပ်ရတော့ဘူးလား”

“လိုလို့လား … မင်းခေါင်းစဉ်သိပြီ … ကိုယ်လည်း သိပြီ။ ဘယ်အပိုင်းကို မင်းတာဝန်ယူမလဲ … ကြိုက်တဲ့အပိုင်း ကိုပြော။ မင်းမရေးချင်တဲ့အပိုင်း ကိုယ်ရေးမယ်”

“အဲသည်လို မဟုတ်ဘူးလေ … ရှင်ပြောနေတာကိုက တစ်မျိုးကြီးပဲ။ ပြောရတာကို အဆင်မပြေဘူး”

“အဆင်မပြေလည်း မပြောနဲ့”

ကျွန်တော်က ကားလမ်းကိုဖြတ်ပြီး လက်ဖက်ရည်ဆိုင်ထဲ ဝင်ထိုင်လိုက်သည်။

“ပေါ့ကျ”

ကျွန်တော် ရေနွေးတစ်ပန်းကန်ကို ငှဲ့လိုက်ပြီး သောက်ရန် ပြင်လိုက်ချိန်တွင် နောက်မှ ကျွန်တော့် အကြမ်းပန်းကန်ကို ဆွဲယူခြင်း ခံလိုက်ရသည်။ ဝင်နီ

“ဘာလုပ်တာလဲ”

“ရှင်နဲ့ ကျွန်မ စကားပြောတာ မပြီးသေးဘူး”

“ကိုယ်ပြောစရာ မရှိဘူး။ မင်း ပြောစရာရှိရင်ပြော”

လက်ဖက်ရည် လာချသဖြင့် ကျွန်တော်က ပန်းကန်ပြားထဲ ငှဲ့လိုက်ကာ အအေးခံထားလိုက်သည်။ ဗာဒံပင်ပေါ်မှ အပွင့်လေးတွေက ပန်းကန်ထဲကျလာသဖြင့် ကောက်ဖယ်လိုက်သည်။ ဝင်နီက ကျွန်တော့် ရှေ့တွင် ထိုင်လိုက်သည်။

“ကျွန်မတို့ ကောင်းကောင်း ဆွေးနွေးကြမလား”

“မင်းကို ဘယ်သူက မကောင်းပြောနေလို့လဲ”

“ကဲ … ကဲ … ဝင်နီ အရှုံးပေးပြီ”

“အပေါစား အရှုံးပဲ” ကျွန်တော်က တိုးတိုးလေးပြောလိုက်ခြင်းဖြစ်သည်။

“ဘာပြောလိုက်တာလဲ”

ကျွန်တော်က ပန်းကန်ပြားထဲကျလာသည့် ယင်ကောင်ကို ကောက်ပစ်လိုက်ပြီး လက်ဖက်ရည်ကို မော့ချ လိုက်သည်။ ဝင်နီက မျက်နှာတစ်ချက်မဲ့သွားသည်။

“ကိုင်း ကျွန်မတို့ စကားကောင်းကောင်း ပြောလို့ရပြီလား”

“မင်းပြောချင်လို့ လိုက်လာပြီ မဟုတ်လား … ပြောလေ”

“စာတမ်းကိစ္စ ဘယ်လို လုပ်မလဲ။ ကျွန်မ အတန်းထဲမှာ အခက်ဆုံးခေါင်းစဉ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်တဲ့ အဖွဲ့ဆိုတာ ပြချင်တယ်”

“မင်း ပြချင်တာ မင်းလုပ်လေ။ မင်းက ခရက်ဒစ်ဖြစ်ချင်တာ မဟုတ်လား။ ကိုယ်က စိတ်မဝင်စားဘူး”

“ရှင် … မလွယ်ပါလား … ကျွန်မမှာ ရွေးစရာ လူမရှိလို့ပေါ့”

“မင်းကြိုက်တာလုပ်လေ … ကိုယ့်ကို ဘာမှ ပြောစရာ မလိုဘူး။ ကိုယ့်အနေနဲ့ အဲဒီ စာတမ်းဆိုတာကို စိတ်ကို မဝင်စားဘူး”

“ဒီမှာ ခုမှတော့ စိတ်မဝင်စားလို့ မရတော့ဘူး။ မာမီ့ရှေ့မှာ ရှင်ဘာလို့ အဲသည်လို မပြောခဲ့သလဲ။ ကျွန်မတို့ လက်ခံလာပြီးပြီ။ လုပ်မှကို ဖြစ်တော့မှာ”

“ဝင်နီ … မင်း ဘာလုပ်ချင်တယ် ဆိုတာလောက်ပဲ ပြောရင်ရပြီ။ အဲဒီ အပိုင်းကို လုပ်ပေးမယ်”

“မရဘူး … မနက်ဖြန်ကစပြီး စာတမ်းစရေးဖို့ ပြင်မယ်။ ရှင် ကျွန်မနဲ့အတူ စာတမ်းရေးမယ်။ မနက်ဖြန် ကျွန်မ စာကြည့်တိုက်က စောင့်မယ်။ ၉ နာရီကတည်းက စောင့်မယ်။ ဒါပဲ … ကျွန်မ သွားမယ်”

ဝင်နီက လွယ်အိတ်လေးကို ရမ်းပြီး ထွက်သွားသည်။ ကျွန်တော်က လက်ကျန် လက်ဖက်ရည်ကို ဖြတ်လိုက်သည်။

“ပိုက်ဆံလာယူ”

ပိုက်ဆံရှင်းပြီးနောက် ကျွန်တော် ပြည်လမ်းဖက်သို့ ထွက်ခဲ့သည်။ မြို့ထဲ သွားရဦးမည်။ မြို့ထဲတွင် ရုပ်ရှင်သွား ကြည့်မည်။ စာအုပ်တန်းလည်မည်။

ညမိုးချုပ်မှ အဆောင်ပြန်ရောက်သည်။ ကျွန်တော်နှင့် အခန်းဖော် ကိုခင်ထွန်းက

“ဟေ့ … မောင်ရင့်ကို ဝင်နီက စာတစ်စောင်ပေးသွားတယ်။ အံ့တယ်ကွာ … ဝင်နီနဲ့ ဘယ်လိုဖြစ်ပြီး တွဲမိသလဲ”

“ပါမောက္ခက တွဲပေးတာပဲ။ ကျွန်တော်တော့ စိတ်ပျက်မိတယ်။ တကယ့် ဆတ်စလူး”

“လိုက်သကွာ … ဂျစ်တူးနဲ့ ဆတ်စလူး အတွဲညီပါ့”

“ဟာဗျာ”

ကျွန်တော် စာဖွင့်ဖတ်လိုက်သည်

မနက်ဖြန် ၉ နာရီ စာကြည့်တိုက်ကို ဆက်ဆက်လာရန်

ဝင်နီ

“တောက်”

ကျွန်တော်က စာကို လုံးပြီး ပစ်လိုက်သည်။

“ဘာဖြစ်တာလဲကွ”

“ဒီကောင်မ အရမ်းကို လူပါးဝတယ်”

“ဟား … ဟား … ကောင်မလေးက မဆိုးပါဘူးကွ။ မင်းက ကျောင်းမှန်မှန် မတက်တော့ သူ့အကြောင်း ကောင်းကောင်း သိပုံမပေါ်ဘူး”

“သိစရာ မလိုပါဘူးဗျာ”

တင်ညွန့်

၉.၈.၂၀၁၈

Comments