အချစ်ရင့်ရင့်(တင်ညွန့်)

အချစ်ရင့်ရင့်

--------------

လူတွေက ကျွန်တော့်ကို “ဘယ်မှာနေသလဲ” ဟုမေးကြသည်။ ကျွန်တော်က

“ငြိမ်းချမ်းခြင်းနှင့် ပူလောင်ခြင်းကြားမှာနေသည်” ဟု ပြန်ပြောမိသည်။ သူတို့ နားလည်ချင်မှ နားလည်မည်။

ကျွန်တော့် ခြေရင်းဘက်အိမ်က ပူလောင်သည်။ လင်မယား အမြဲရန်ဖြစ်သည်။ ကလေးတွေကို အကြောင်းမရှိ အကြောင်းရှာ ရိုက်သည်။ မိုးလင်းမိုးချုပ် သူတို့အိပ်ချိန်မှ တိတ်သည်။ ရန်မဖြစ်လည်း ကက်ဆက်ကို အကျယ်ကြီး ဖွင့်တတ်သည်။

ကျွန်တော့် ခေါင်းရင်းအိမ်ကတော့ ခြေရင်းအိမ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ တိတ်ဆိတ်ငြိမ်းချမ်းလွန်းလှသည်။ ဘာသံမှ မကြားရသဖြင့် အသက်မှ ရှိသေးရဲ့လားဟု စိုးရိမ်စိတ် မကြာခဏဝင်ရသည်။

ခေါင်းရင်းအိမ်တွင် လင်မယားနှစ်ယောက်နေသည်။ သူတို့က အသက် ၆၀ လောက်ရောက်မှ အိမ်ထောင်ပြုခဲ့ ကြသူများဖြစ်သည်။ ယခု ဦးမိုးအောင်က အသက် ၈၄ နှစ်၊ ဒေါ်သူဇာက ၈၀ နှစ်ဖြစ်သည်။ သူတို့တွင် သမီးလေးတစ်ယောက်ရှိသည်။ မိန်းမဘက်က ပါလာသည့် သမီးဖြစ်သည်။ သမီးက တစ်နေရာတွင်နေသည်။ အိမ်ထောင်နှင့်ဖြစ်သည်။ နေ့တိုင်းတော့ လာပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးတတ်သည်။

ကျွန်တော်က ခြေရင်းအိမ်ဘက်ကို မျက်စိလည်းမကြည့်၊ နားလည်း မစွင့်မိအောင် သတိထားသည်။ စိတ်ညစ် လွန်းသောကြောင့်ဖြစ်သည်။ ခေါင်းရင်းအိမ်ဘက်ကိုတော့ ပက်လက်ကုလားထိုင်ပေါ်တွင် စာဖတ်ရင်းလည်း နားချိန်တွင် ကြည့်တတ်သည်။

ဒေါ်သူဇာက လမ်းကောင်းကောင်း မလျှောက်နိုင်။ ဦးမိုးအောင်က တွန်းလှည်းလေးကို တွန်းပြီး ခြံထဲတွင် သူတို့နှစ်ယောက် လမ်းလျှောက်လေ့ရှိသည်။

ဦးမိုးအောင်က ဒေါ်သူဇာကို ခြံထဲတွင် ထမင်းခွံ့သည်။ ငှက်ပျောသီး ကျွေးသည်။ ကျွန်တော် သူတို့ကိုကြည့်ပြီး ပီတိဖြစ်ရသည်။ အသက်တွေ ၈၀ ကျော်မှ သူတို့နှစ်ဦး၏ သံယောဇဉ်တွေက ပိုပြီး ခိုင်မာသည်။

ခြံထဲတွင် သူတို့လမ်းလျှောက်လျှင် ကျွန်တော့ကလည်း အပြင်ထွက်ပြီး စာဖတ်နေသည်ဆိုပါက ဦးမိုးအောင်က လက်လှမ်းပြသည်။ ကျွန်တော်ကလည်း လက်ပြန်ပြသည်။ သို့သော် သူတို့နှင့် စကားရင်းရင်းနှီးနှီး မပြောဖြစ်။ ကျွန်တော်က ဤနေရာကို ရောက်လာသည်ကလည်း မကြာသေး။

တစ်နေ့ ကျွန်တော့်အိမ် ခြံစည်းရိုးစပ်ကို အဘိုးတို့လင်မယား တွန်းလှည်းလေးနှင့် ရောက်လာသည်။

“စားပြီးပြီလား”

“ဟုတ်ကဲ့ခင်ဗျာ … နေကောင်းတယ်နော် အဘွား”

ကျွန်တော်ကလည်း သူတို့ကို ပြန်နှုတ်ဆက်လိုက်သည်။ အဘွားအိုက

“ကျွန်မတို့ ခြံထဲက သရက်ပင်မှာ သရက်သီးတွေ အများကြီးပဲ။ စားချင်ရင် လာခူးစားပါလား”

“နေပါစေခင်ဗျာ။ ကျွန်တော်က သရက်သီးစားရင် ဝမ်းပျက်တတ်လို့ပါ”

“ဟုတ်လား … ပျားရည်လေးဆောင်ထား။ ပျားရည်ရှိသလား။ အိမ်မှာရှိတယ်။ လာယူပါလား”

“ရပါတယ်ခင်ဗျာ”

“လိုရင်ပြောနော်”

အဘိုးတို့ လင်မယားနှင့် စတွေ့စဉ်ကဖြစ်သည်။ နောက်ပိုင်း ကျွန်တော်နှင့် သူတို့ အတော်လေး အပေးအယူ မျှကြသည်။

အသက်ကြီးသူတွေမှာ စကားပြောဖော်လိုသည်။ ကျွန်တော် သူတို့အိမ်ကို သွားလည်လျှင် စကားကို မထ နိုင်အောင် ဝိုင်းပြောသည်။ ကျွန်တော်ကလည်း ဇာတ်လမ်းကြိုက်၊ ရေးကွက်ရှာသူဖြစ်နေသဖြင့် သူတို့ကို စကား လေးတွေ လမ်းကြောင်းပေးမိသည်။ တစ်နည်းပြောရလျှင် သူတို့ကို ပြောခွင့်ပေးပြီး နားထောင်နိုင်ရန် ကြိုးစား သဖြင့် ကျွန်တော့်ကို အတော်လေး ခင်ကြသည်။

ဦးမိုးအောင်သည် အရွယ်နှင့် မလိုက်အောင် သန်မာသည်။ သွားလာလှုပ်ရှားနေရမှ ကျေနပ်သည်။ ထမင်း ဟင်း တွေလည်း ကိုယ်တိုင်ချက်သည်။ အဘွားကတော့ ကုတင်ပေါ်၊ ဆိုဖာပေါ်၊ တွန်းလှည်းပေါ်နေသည်ကများ သည်။

သူတို့က ကျွန်တော့်အိမ်ကို လာလေ့မရှိ။ ကျွန်တော့်အိမ်က အိမ်ခြေတံရှည်။ သူတို့လာလည်လည်း တက်ရန် အဆင်မပြေ။ ထို့ကြောင့် ကျွန်တော်က စိတ်ကူးပေါက်လျှင် သူတို့အိမ်ကို သွားလည်ပြီး စကားပြောသည်ကို နား ထောင်ပေးတတ်သည်။

ကျွန်တော်မလာသည့်အခါတွင်လည်း ခြံစည်းရိုးနားအထိ အဘိုးက ရောက်လာတတ်ပြီး

“ဆရာ … ဗျိုး ဆရာ … နေမှကောင်းရဲ့လား” ဟုလာအော်သည်။

အသက် ၈၀ ကျော်က ကျွန်တော့်ကို လာပြီးပူပန်နေခြင်းဖြစ်သည်။ ကျွန်တော်ကသိသည်။ သူတို့ စကားပြော ချင်နေပြီ။ ကျွန်တော်က ကမ္ဘာ့အကြောင်း သတင်းတွေပြောပြသည်။ သတင်းစာတွေထဲက သတင်းတွေ၊ ဆိုရှယ် မီဒီယာတွေထဲက သတင်းတွေ သူတို့ကို ပြောပြလျှင် အံ့အားသင့်နေတတ်သည်။

“ဆရာ … မကြာခဏလာလည်နော် … ဆရာလာရင် ကျွန်မတို့ အရမ်းပျော်တယ်။ နို့မို့ တီဗီပဲကြည့်နေရတာ”

တစ်ညတွင် ကျွန်တော် ညဉ့်နက်မှ အိပ်သည်။ မိုးလင်းအထိ အိပ်နေစဉ် လူနာတင်ယာဉ်အသံများကြားရသည်။ ဘာဖြစ်ပါလိမ့်ဟု ပြတင်းပေါက်က ထွက်ကြည့်လိုက်သည်။ ခေါင်းရင်းခြံထဲတွင် လူနာတင်ကား။

အဘွား ဒေါ်သူဇာ ဆေးရုံတက်ရသည်။ သူတို့တိုက်လေးကို ပိတ်သွားသည်။ ကျွန်တော်ကလည်း ဆေးရုံကို လိုက်လာပြီး လူနာမေးရတော့သည်။

ဆေးရုံထဲရှိ အထူးခန်းလေးထဲတွင် မြင်ရသည့် မြင်ကွင်းမှာ ရင်နင့်စရာ။ အဘိုးက အဘွားကုတင်ဘေးက ထိုင်ခုံ လေးတွင် ထိုင်ပြီး အဘွားလက်လေးတစ်ဖက်ကို ကိုင်ထားပေးသည်။ အဘွားကျန်လက်တစ်ဖက်က ပိုက်တွေ တပ်ထားသည်။ အဘိုးက လက်ကို မလွှတ် ကိုင်ထားသည်။ အဘွားက ပါးစပ်လေးဟပြီး အသက်ကို ခက်ခဲစွာ ရှူနေရပုံပေါ်သည်။

ကျွန်တော်က အခန်းထဲကို မဝင်။ အပြင်မှန်ပြတင်းပေါက်ကကြည့်နေသည်။

“ဩော် … ခြေရင်းခြံက ဆရာကြီးပဲ။ ဝင်သွားလေ ရပါတယ်”

အမျိုးသမီးကြီးတစ်ယောက်က ပြောခြင်းဖြစ်သည်။ အဘိုးအဘွားတို့ သမီးဖြစ်သည်။

“ရပါတယ် … လူနာလာမေးတာပါ”

“မေမေ့အခြေအနေကတော့ သိပ်မကောင်းဘူးဆရာ”

“ဟုတ်လား”

ထိုည ၁၀ နာရီခန့်တွင် ဒေါ်သူဇာ ကွယ်လွန်သွားကြောင်း ကြားသိရပါသည်။

ခေါင်းရင်းအိမ်သည် နာရေးအိမ်ဖြစ်သော်လည်း လူမရှိပါ။ အဘိုးတစ်ယောက်တည်း အိမ်ကို ပြန်ရောက်လာ သည်။ ကျွန်တော်က အဘိုးကို သွားပြီး အားပေးစကားပြောရန် တံခါးခေါက်လိုက်သည်။

“ဩော် … ဆရာ … ဆောရီးနော် … ကျွန်တော် စကားပြောချင်စိတ်မရှိလို့”

“ဟုတ်ကဲ့ … ဟုတ်ကဲ့”

ကျွန်တော်ပြန်လာခဲ့သည်။ ခြံတံခါးကိုလည်း ပိတ်ခဲ့သည်။ ကျွန်တော့်အိမ်ဘက်က လှမ်းကြည့်နေသည်။ မီးပိတ် လိုက်သည်။ သို့သော် အဘိုးက အိမ်ရှေ့ပေါ်တီကိုအောက်တွင် ကုလားထိုင်တစ်လုံးနှင့် ထိုင်နေသည်။ သူ့ ဘေးတွင် လက်တွန်းလှည်းလေးရှိနေသည်။ လရောင်ထဲတွင် အတိုင်းသား မြင်နေရသည်။

“အဘိုး လွမ်းနေပြီနဲ့တူတယ်”

ကျွန်တော် ကိုယ်ချင်းစာသည်။ သူတို့ အရမ်းချစ်ကြသည်။ မျက်စိအောက်က အပျောက်မခံနိုင်အောင်ဖြစ်သည်။ အဘွားက အဘိုးကို မတွေ့တာကြာလျှင်

“ကိုမိုး” ဟုလှမ်းအော်သည်

“ဒီမှာရှိတယ်” ဟုအဘိုးကပြန်အော်တတ်သည်။

အဘွားကတော့ အဘိုးထားရာနေရသည့်ဘဝဖြစ်သည်။ ကျွန်တော်က

“အဘွားရယ် … အဘိုးကို သိပ်ချစ်တာပဲလား” ဟုမေးကြည့်ဖူးသည်။

“ကျွန်မက ၅၀ ကျော်၊ သူက ၆၀ လောက်မှ လက်ထပ်ကြတာ။ ငယ်ချစ်ဦးတွေပေါ့။ အကြောင်းအမျိုးမျိုးကြောင့် မပေါင်းဖြစ်ခဲ့ကြပေမယ့် ကျွန်မတို့ ပြန်ပြီး လက်ထပ်ခဲ့ကြတယ်။ ကျွန်မသမီးကို သူ့သမီးလေးလိုပဲချစ်တယ်။ ကျွန်မသမီးကလည်း သူ့ကို အဖေရင်းထက်တောင် ပိုချစ်သေးတယ်”

“အဘွား ပထမအိမ်ထောင်က”

“အရက်သမားလေ … သူ့ဘဝကို အရက်ထဲမှာ ဇာတ်သိမ်းလိုက်တာ။ လူညံ့”

အဘိုးကတော့ သူ့ကို အတိတ်အကြောင်းတွေ မေးလျှင် ပြောရန် လမ်းလွှဲတတ်သည်။

“လူတိုင်း ရင်ထဲမှာ အတိတ်ဆိုတာ ရှိတာပဲ။ ဒါပေမဲ့ အတိတ်တိုင်းဟာ တူးဆွဖို့မကောင်းပါဘူး” ဟုပြောတတ် သည်။

မည်သို့ဆိုစေ အသက် ၈၀ ကျော်တို့၏ ချစ်ခြင်းတရားကိုတော့ ပြိုင်စံရှားသည့် ပထမဆုံး တွေ့ဖူးသော အိမ်ထောင်ဖက်များအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။

ကျွန်တော် ထိုညက ဝတ္ထုတစ်ပုဒ်ထိုင်ရေးသည်။ အဘွားပြောပြခဲ့သည့် ဇာတ်လမ်းကို အခြေခံပြီး ရေးနေမိခြင်း ဖြစ်သည်။

“သူက တစ်သက်လုံး အိမ်ထောင်မပြုဘူးဆိုပြီး နေခဲ့တာ။ အဘွားက သူ့ကိုခိုးပြေးရတာ … ဟီ … ဟီ” ဟု ရယ်မောပြီး ပြောပြခဲ့သည်။

“ဟုတ်ရဲ့လားအဘွားရယ်”

“မယုံရင် မေးကြည့်လေ”

အဘိုးက အိမ်ထဲမှ ကော်ဖီခွက်ကိုယူပြီး ထွက်လာသည်။

“အဘိုးဟုတ်လား”

“ဘာများလဲ ကျောင်းဆရာ”

“အဘွားက အဘိုးကို ခိုးပြေးခဲ့တာဆို”

“မသူဇာ ရှက်စရာကွယ် ဘာတွေ လျှောက်ပြောနေတာလဲ ဆရာ့ကို”

“မဟုတ်ဘူးလား”

“ဟုတ်တော့ ဟုတ်တာပေါ့ … ဒါပေမဲ့ မင်းဟာက ကလေးကလားနဲ့”

ကျွန်တော့်နားထဲတွင် လူနာတင်ယာဉ်၏ ဥဩသံများကို ကြားလိုက်ရပြန်သည်။

“ဘာဖြစ်တာလဲ”

ကျွန်တော်က အိမ်မှပြေးဆင်းပြီး ခေါင်းရင်းခြံထဲ ဝင်လိုက်သည်။

အဘိုးဦးမိုးအောင် ပက်လက်ကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာ အိပ်ပျော်နေသလိုပင်။ သူ့ဘေးက လက်တွန်း လှည်းလေးပေါ်တွင် စောင်လေးကို ခြုံထားသည်။ သူက ရင်ဘတ်ပေါ် လက်ကလေးအုပ်ရင်း ငြိမ်းချမ်းစွာဖြင့် သူချစ်သောသူနောက်ကို လိုက်သွားခဲ့ရှာသည်။

တင်ညွန့်

၁၅.၈.၂၀၁၈

Comments